Thursday, December 31, 2009

ပြက္ခဒိန်နဲ့ ပိုစတာ


ဒီဇင်ဘာလရဲ့ နောက်ဆုံးညမှာပေါ့ ......။
ပြက္ခဒိန်ထဲက မင်းသမီးက ပိုစတာထဲမှာ ပြုံးနေတဲ့ မင်းသမီးကို လှမ်း ပြောလိုက်တယ် ...။

“နင်တို့တွေကတော့ အသက်ရှည်လိုက်တာနော် .... ငါ့မှာတော့ မနက်ဖြန်ဆိုရင် အမှိုက်ပုံးထဲပဲ ရောက်မလား ... စက္ကူဝယ်တဲ့ ကုလားဆီပဲ ရောက်သွားတော့မလား .... မသိတော့ ပါဘူးဟာ ....”
ပိုစတာရဲ့ အပြုံးက မချိပြုံးလေး ဖြစ်သွားတယ် ....။ ပြီးတော့ ကြေကွဲသံလေးနဲ့ ပြက္ခဒိန်ကို ပြန်ပြောလိုက်တယ် ...။
“ငါကတော့ .. အသက်အရှည်ကြီးနေပြီး ... လူတွေကို ဘာမှ အကျိုးမပြုတဲ့ ပိုစတာတွေထက် ... တစ်နှစ်လေးပဲ အသက်ရှင်ခွင့်ရပြီး လူတွေအတွက် တစ်နှစ်လုံး အဓိပ္ပာယ်ရှိသွားတဲ့ ပြက္ခဒိန်ပဲ ဖြစ်ချင်တယ်ဟာ .....” ။ ။

Sunday, December 27, 2009

ငြင်းခုံခြင်းနှင့် အဖြေ


“အဲဒါ ‘ဆိတ်’ ပါကွာ ....”

“ဟာကွာ ... ‘သိုး’ ပါလို့ ပြောနေတာကို ...”

‘ဆိတ်’ နဲ့ ‘သိုး’ တောင် မခွဲတတ်သေးတဲ့ အရွယ်လေးတွေပါ။ ငြင်းရင်းခုန်ရင်းနဲ့ အသံကျယ်ကျယ်လာတယ်။ ငြင်းခုန်တာလို့ ရေးနေကျအတိုင်း ရေးတာမဟုတ်ပါဘူး။ ကလေးတွေဆိုတော့ ခုန်ခုန်ပြီးကို ငြင်းနေကြတာ။

လမ်းပေါ်က ဖြတ်လျှောက်သွားတဲ့ လူကြီးတစ်ယောက်ကိုပဲ မေးကြည့်ကြတယ်။

လူကြီးက ဖြေတယ် .....

“ဘယ်အကောင်လဲ ? .... သြော် ... ‘ဆိတ်သိုး’ ကြီးပါကွာ” .... တဲ့။

ကလေးနှစ်ယောက် စိတ်လေ သွားကြလေရဲ့ ။ ။

Thursday, December 24, 2009

ငါ့လက်ကခုန်ချထွက်ပြေးတဲ့ ၀တ်မှုန်


အပြောင်းအလဲဆိုတာ
တချိန်ချိန်တော့ ရှိမှာပါ ...
အနှေးနဲ့ အမြန်ပဲ ကွာမယ်။

ဝတ်မှုန်တွေကို
ကြိုးလို သီကုံးပြီး
လွှတ်တင်မိခဲ့တဲ့ စွန်ကလေး ...
ကမ္ဘာ တစ်ခြားမှာ
ပြတ်ကျသွားတယ်။

လက်ထဲက လွတ်သွားတယ်
အောက်ကျမသွားဘူး ...
မိုးပေါ်ကို မြင့်တက်သွားတယ် ...
ငါဆုပ်ကိုင်ထားမိတာ
မိုးပျံပူပေါင်းလေး တစ်လုံးပဲ။

ငေးကြည့်နေတယ် .....
မျက်စိတဆုံး ... ငါငေးကြည့်နေတယ် ...
ဝတ်မှုန်တွေ အိပ်တန်းပြန်သွားပေမယ့်
ငါ့ သီချင်းက မဆုံးခဲ့ဘူး။ ။

Monday, December 21, 2009

ပန်းမရှိတဲ့ကမ္ဘာထဲက လိပ်ပြာအိပ်မက်


မလှမပ ရက်ဖွဲ့ထားတဲ့
မိုးတိမ်စတွေကိုပဲ အပြစ်တင်ရမလား ...
တကယ်ဆို ငါ့ကောင်းကင်က
ဟိုးတုန်းကတည်းက မှိန်လွန်းပါတယ်။

မှုန်သီဝါးဝေနေတဲ့
ကြယ်တပွင့်တလေတောင်
ရင်ခွင်မှာ ချိတ်ဆွဲမနေဘူး ...
ကာရန်ပျက်နေတဲ့
ကဗျာနက်နက်တွေပဲ
ပန်းချီကားထဲ ခွေခေါက်တွန့်လိမ်လို့။

သေချာပါတယ် ...
ဒါပါပဲကွယ်လို့ မင်းမပြောသရွေ့
ဒါဟာ ပုံပြင်မဟုတ်သေးဘူး။

ရပါတယ် ...
ရင်ဘတ်တစ်ခြမ်းနဲ့တောင်
ငါ့ကို မလွမ်းပါနဲ့ ...
လူတစ်ယောက်ရဲ့ အိပ်မက်ဆိုပေမယ့်
တစ်ကမ္ဘာလုံးတောင် ပါလို့ရတာပဲလေ။

ဘယ်လောက်ဝေးမှာလဲ
ဘယ်လောက် အဝေးမှာလဲ
မီးကျိုးမောင်းပျက်ဇာတ်ခုံမှာ
ကန့်လန့်ကာချပြီး ထားသွားပေမယ့်
ညကနက်နေဆဲမို့
ငါ့ကို ဆက်အိပ်ခွင့်ပြုပါ။ ။

Monday, December 14, 2009

ကျွန်တော်နှင့် ခြေလှမ်းများ


ညီညာသော ခြေလှမ်းများနှင့် မညီညာသော ခြေလှမ်းများ

ညီညာသော ခြေလှမ်းများသည် လှပပေမယ့် ရက်စက်ခြင်းကို ကျွန်တော် ခံစားနေရသည်။ ထို့ကြောင့် မညီညာသော်လည်း ယုံကြည်ချက်တူသော ခြေလှမ်းများနောက်သို့သာ ကျွန်တော် လိုက်မည်။ ညီညာခြင်း မညီညာခြင်းထက် ယုံကြည်မှုကိုသာ ကျွန်တော် ပို၍ မြတ်နိုးသည်။


ပြိုင်ပွဲမှ ခြေလှမ်းများ

ပွဲတော်ရက် ဖြစ်သောကြောင့် တောင်ပေါ်သို့ သွားသော စောင်းတန်းလှေကားတွင် လူစည်ကားနေသည်။
ကျွန်တော်နှင့် သူငယ်ချင်းသည် တောင်ပေါ်စေတီသို့ အရင်ရောက်သူ အနိုင်ဟု သဘောတူ၍ ပြိုင်ခဲ့ကြသည်။
သူငယ်ချင်းက စောင်းတန်းလှေကားမှ အခြားသူများကို တွန်းထိုးဖယ်ရှား၍ အပြေးတက်သွားလေသည်။
ကျွန်တော်ကတော့ စောင်းတန်းဘေးရှိ မညီမညာ ကျောက်ခဲပေါများသောလမ်းကြမ်းမှ လှေကားမရှိ ခက်ခဲဖြည်းညင်းစွာ တရွေ့ရွေ့တက်ခဲ့သည်။
ပြိုင်ပွဲတွင် ကျွန်တော် ရှုံးနိမ့်သွားနိုင်လေသည်။ သို့သော် ကျွန်တော် အနိုင်ရဖို့ တစ်ခုတည်းနှင့်တော့ အခြားသူများကို မထိခိုက်စေလိုပါ။ အခြားလူများကို တွန်းထိုး ဖယ်ရှားပြီးမှ ရရှိသော အနိုင်ကို ကျွန်တော် မလိုချင်ပါ။
ပြိုင်ပွဲ၏ ခြေလှမ်းများသည် သန့်ရှင်း စင်ကြယ်နေဖို့ လိုအပ်ပါသည်။


အမှောင်ထဲမှခြေလှမ်းများနှင့် အလင်းထဲမှ ခြေလှမ်းများ

ပန်းတိုင်ကား တူလေသည်။
ကျွန်တော်နှင့် လူအချို့က အမှောင်ထဲ၌ စမ်းတ၀ါးဝါး လျှောက်လှမ်းနေကြသည်။ အချိန်မရွေး ဆူးညှောင့်ခလုတ်တို့နှင့် တွေ့နိုင်သည်။ မမြင်မစမ်းနှင့် အသူတရာ နက်သော ချောက်ထဲသို့လည်း ကျသွားနိုင်လေသည်။ သို့သော်ကား မကြောက်မရွံ့ လျှောက်မြဲ။
အလင်းထဲမှ လူများသည်လည်း ထိုပန်းတိုင်သို့ပင် လျှောက်လှမ်းနေကြ၏။ မြင်မြင်ထင်ထင်ရှိ၍ ထိုသူများသည် ခရီးတွင်လေသည်။
အမှောင်ထဲမှလူသည် အလင်းထဲရှိ လူကို မြင်နိုင်၏။ အလင်း၌ရှိသောသူကား အမှောင်ထဲသို့ မမြင်နိုင်ရာ။
အို .... အလင်းထဲတွင် လျှောက်လှမ်းနေကြသော ညီနောင်အပေါင်းတို့ ....။ သင်တို့ မမြင်နိုင်သော်လည်း အမှောင်ထဲတွင် သင်တို့ကဲ့သို့ လျှောက်လှမ်းနေသူများမှာ လျှောက်လှမ်းနေကြဆဲသာ...။
ပန်းတိုင်ကား တူလေသည်။
အမှောင်ထဲမှ ခြေလှမ်းများနှင့် အလင်းထဲမှ ခြေလှမ်းများ ထိုပန်းတိုင်တွင် ဆုံတွေ့ကြပေလိမ့်မည်။
ထိုအခါ အမှောင်လည်းမဟုတ် ... အလင်းလည်း မဟုတ်။
ရွှေရောင် အတိပြီးသော မြို့ပြက စောင့်ကြိုနေလိမ့်မည် တကား ။ ။



Friday, December 11, 2009

လမ်းတစ်ဝက်က ဇရပ်ပျက်

နှင်းခိုးတွေ ပြိုးပြက်ဝေနေတဲ့
တောရိုင်း ဇရပ်ပျက်ထဲမှာ
ငါတစ်ယောက်တည်း ကျန်ရစ်ခဲ့ ...။

စာအုပ်အဟောင်းတွေသာ
အမှိုက်လို ပုံသွားတယ် ...
ငါ ယုံတဲ့ အိပ်မက်ကမ်းက
ဘယ်ဆီမှန်း မသိ ....။

မြို့ရိုးအထပ်ထပ်ကို
ဖြတ်ကျော်တက်ဖို့
ငါ ... အားရှိပါရဲ့ ... (ဒါပေမယ့်)
တစ္ဆေတွေ ပူးကပ်နေတဲ့
ဝတ်ကျောင်းအိုထဲမှာ
ဆုတောင်းမှ ရမယ်ဆိုရင် ....။

နေပါစေလေ .........။

အပျက်တွေကြားမှာ
ဖိနပ်ပါမှ ဖြစ်မယ်ဆိုရင်လည်း
ခြေဗလာနဲ့ပဲ ........
....... ရပ်နေခဲ့ပါရစေတော့။ ။


(တချိန်က နာကျင်စွာ ကျောခိုင်းခဲ့သော ကျောင်းတော်ကြီးသို့ ...)

Wednesday, December 9, 2009

လောဘ

လူတစ်ယောက်သည် ကြယ်ကြွေသွားတာကို ကြည့်ရင်း တွေးတွေးဆဆနှင့် သူ့ဘေးမှ အဖော်အား စကား စ လိုက်သည်။

“တကယ်လို့ကွာ ... ကြယ်ကြွေတဲ့ အချိန်မှာ ... မင်းဆုတောင်းသမျှ ရမယ်ဆိုရင် ... မင်းဘာကို အရင် ဆုတောင်းမလဲ ?”

အဖော်လုပ်သူက စဉ်းစဉ်းစားစားနှင့် ပြန်ဖြေလိုက်သည်။

“အင်း ... တကယ်သာ ရမယ်ဆိုရင် ... ပထမဆုံး နောက်ထပ် ကြယ်အစင်း တစ်ရာလောက် တစ်ခုချင်း ကြွေပါစေလို့ ဆုတောင်းမှာပေါ့ကွ” ။ ။

Sunday, December 6, 2009

ရင်ခွင်အကန်းနဲ့ကောင်

လောကကြီးရေ ...
ကျေးဇူးပြုပြီး ငါ့ကို အပြစ်မတင်ပါနဲ့။

တချို့ကံကြမ္မာတွေက
ငါမသီကျူးရပဲနဲ့ကို
အလိုလို ဖူးပွင့်လာကြတဲ့
ရာသီအလိုက် ပန်းတွေလိုမျိုး
မိုးမစိုချင်ပဲနဲ့ကို ရွှဲခဲ့ရ ...။

သဘာဝတရားက
ငါ့ကို အရွဲ့တိုက်လိုက်ပုံများ ပြောပါတယ် ....။

လက်မတည့်တဲ့ လေးသည်တော်အတွက်
မတော်တဆ ထိမှန်ခြင်းလို့ပဲ
ပြောပါရစေတော့ ...။

ရိုးရိုးသားသား မှားမိမှ
ကံတရားက မျှတပါဦးမလား ?
ငါ .. လဲကျ ကျန်နေရစ်ဦးမှာလား .... ပြောပါ ? ။ ။

Saturday, October 10, 2009

စိတ်လိုလက်ရ အော်ဆိုဖြစ်သော သီချင်းများ

ရွာပြန်တော့မလို့ နှုတ်ဆက်စကားပြောဖို့ လာပါတယ် ဆိုမှ တက်ဂ်ထားတာနဲ့ တွေ့နေရတယ်။ ရွာပြန်မှာက ကြာမှာဆိုတော့ နှင်းဟေမာ ရဲ့ တက်ဂ်ကို ချက်ချင်းပဲ ရေးပေးရင်း တလက်စတည်း နှုတ်ဆက်လိုက်ပါတယ်။

ကျနော်က အဆိုတော်ရူးဆိုတော့ အားအားရှိ သီချင်းတွေပဲ အော်ဆိုနေတတ်ပါတယ်။ အဲဒီတော့ ဆိုဖြစ်တဲ့ သီချင်းတွေကတော့ အများကြီးပေါ့။ ပျင်းတဲ့အခါ အော်ဆိုတယ်။ သင်္ချာတွက်တဲ့ အခါ အော်ဆိုတယ်။ မူးတဲ့ အခါ အော်ဆိုတယ်။ ကြုံတုန်း ကျနော့် ရိုက်ပေါက် အကြောင်း ပြောပြဦးမယ်။ တခါက ကျနော့် သူငယ်ချင်း အဖေ ဆုံးလို့ အသုဘအိမ်မှာ ထုံးစံအတိုင်း သင်္ချာတွက်ကြပါတယ်။ ဖဲရိုက်တာကို ပြောတာနော် :-) သောက်လိုက် ရိုက်လိုက် မိုးအလင်းဆိုတော့ သန်းခေါင်ကျော်တော့ ကျနော် မှန်ပါပြီ။ ဖဲလေးနိုင်တော့ စိတ်ထိန်းမရတော့ပဲ ကျနော့်ဗီဇအတိုင်း အားလုံးကို မေ့ပြီး သီချင်းအော်ဆိုလိုက်ပါတော့တယ်။ ရှိသမျှလူ အကုန် အံ့သြတိတ်ဆိတ်သွားတယ်။ ဘေးက သူငယ်ချင်းက သတိပေးမှပဲ ကျနော် အသိပြန်ဝင်သွားတယ်။ အဲလိုကို ရူးတာ ... ရိုက်ပေါက် ... သူများ အသုဘ အိမ်မှာ သီချင်းအော်ဆိုတဲ့ကောင်။

ကျနော်က ရော့ခ် ခရေဇီဆိုတော့ ဆိုတတ်တဲ့ သီချင်းတွေကလည်း IC ရဲ့ သီချင်းတွေပဲ များပါတယ်။ အင်္ဂလိပ်သီချင်းတွေကိုတော့ နားပဲ ထောင်တတ်ပါတယ်။ မဆိုတတ်ပါဘူး။ ကျနော်စိတ်ထဲကပါပြီး အမြဲ အော်ဆိုနေတတ်တဲ့ သီချင်းကတော့ လေးဖြူရဲ့ ထွက်ပေါက် သီချင်းပါပဲ ....
ဆူးတောထဲ ရောက်သွားတဲ့ ငါ့ရဲ့ ညခရီး ရှေ့သို့ မတိုးနိုင်တဲ့ အထိ ...
ရှုံ့ချတဲ့ မျက်လုံးနဲ့ မင်းကို ကြည့်ချင်သလား အပြစ်တို့ မတွေ့နိုင်တဲ့ အဆုံး ....
ဘာကို ရှာရှာမရတယ် .... အားလုံးဟာ ပိတ်ဆို့ဆဲ ....
ထွက်ပေါက်များ ပိတ်ကာထားတယ် ... မိုးလင်းသွားလည်း ဘာထူးလဲ ...

ပြီးတော့ ကြယ်စင်များရဲ့လမ်း ....
ရှင်သန်လာခဲ့ကြရ ... ရှည်ကြာတဲ့ ဂတိများကြား ...
နာကျင်စွာ ခြောက်လန့်ခဲ့တဲ့ ဒီညတွေရဲ့ကြား ......
နာကျင်စွာ ကျောခိုင်းခဲ့တယ် .... ကျောင်းတော်ကြီးရယ်
(အဲဒီနေရာရောက်ရင် ကျနော် နာနာကျင်ကျင် အော်ဆိုတတ်မြဲပါ)။

နောက်တစ်ပုဒ်က လေးဖြူရဲ့ ဧရာဝတီညများ ...
ဧရာဝတီရဲ့ စကားပြောသံ ... ရင်ခုန်နေတဲ့ သက်ရှိ မြစ်တစ်စင်း
နာကျင်စွာနဲ့ ညည်းတွားသံ ဒီအချိန်မှာ မင်းကြားသိနိုင်ပါစေ ...
အတိတ်တွေ မပျောက်ကွယ်ပါ ... အသက်ရှင် မြစ်ရေလိုစီး ...
ယုံကြည်မျှော်လင့်ခြင်း ... အနာခံ ပေးဆပ်ခြင်း .....
ဧရာဝတီညများ .... စီးဆင်း ......
(အဲဒီသီချင်းကို ကျနော် တင်ဖူးပါတယ်။ ဒီနေရာမှာ နားဆင်နိုင်ပါတယ်)။

ရေးရရင်တော့ ကုန်မှာ မဟုတ်ပါဘူး။ နောက် ဂစ်တာတီးရင်း ကျနော် မှန်လာပြီဆို ဘာကိုမှ ဂရုမစိုက်ပဲ အော်ဆိုတဲ့ သီချင်းတွေ ရှိပါသေးတယ်။ ထူးအိမ်သင်ရေးပြီး မွန်းအောင်ဆိုခဲ့တဲ့ ... အရေးကြီးပြီ ညီနောင် အပေါင်းတို့ ... သွေးစည်းကာ ညီစေ ညီကြစို့ ... ငါတို့ရဲ့ သမိုင်းတစ်ခေတ်ကို ငါတို့ သွေးနဲ့ ရေးခဲ့သည် ... သွေး သစ္စာနဲ့ ပြုခဲ့သည် ဆိုတဲ့ အဆုံးသတ်တိုက်ပွဲ သီချင်း။

နောက် ကျနော် ရွှတ်နောက်နောက် ရေးထားတဲ့ လူကြီးလာမည် ဆိုတဲ့ သီချင်း ...
လူကြီး လာပါမယ် ... ပန်းအိုးတွေ ထားထားပါ ...
လူကြီး လာပါမယ် ... အမှိုက်တွေ လှဲထားပါ ...
လမ်းဘေး ပလက်ဖောင်းများ .. ဆေးတွေ သုတ်ပြီးပလား ...
လမ်းဘေး ဈေးဆိုင်များ သိမ်းလေ ... သိမ်းကြပါ ...
လူကြီး မျက်စိနောက်မယ် ... လမ်းတွေ ရှင်းထားပါ ...
(အဲဒီသီချင်းကို နောက်ကြုံရင် ကျနော် အရင်ကလိုပဲ ခြင်ထောင်ချ အသံသွင်းပြီး တင်ပါ့မယ်)။

ဒီလောက်ပါပဲ။ ပြောရရင် ကျနော်အော်ဆိုတဲ့ သီချင်းတွေက ခံစားချက် ရှိရင် ရှိသလို ပြောင်းလဲတတ်ပါတယ်။ ကျနော်လည်း နှလုံသားရှိတဲ့ လူသားတစ်ယောက် ချစ်တတ်ပါတယ်။ အဲဒီအခါဆိုလည်း နူးညံ့တဲ့ အချစ်သီချင်းလေးတွေ ညည်းနေတတ်ပါတယ်။ အဲဒါတွေကိုတော့ မရေးတော့ပါဘူးဗျာ။ တော်ကြာ ဒီကောင် ရုပ်ကြမ်းကြီးနဲ့ နွဲ့ နေပြန်ပြီလို့ ပြောခံရမှာ ကြောက်လို့ပါ။ နှင်းဟေမာရေ ဒီလောက်ပဲနော်။ အချိန်မရလို့။ ကျေနပ်ပေးကြပါ။ မကျေနပ်လည်း ကျေနပ်ပေးကြပါ။ (ဒါတောင် အများကြီးဖြစ်သွားတယ်)။

ကဲ ခု .. ဒုတိယပိုင်း အစီအစဉ်ဖြစ်တဲ့ နှုတ်ဆက်ခြင်း အစီအစဉ်ပဲ ဖြစ်ပါတယ်။ ကျနော် ရွာပြန်တော့မှာကြောင့် အွန်လိုင်း လောကနဲ့ အဆက်အသွယ် ပြတ်ပါမယ်။ ဘလော့ဂ်ရေးခြင်း ဘလော့ဂ် လည်ခြင်းများကို ခေတ္တ ရပ်နားထားမှာ ဖြစ်ပါတယ်။ သူငယ်ချင်း ညီအစ်ကို မောင်နှမ အားလုံးကို နှုတ်ဆက်ပါတယ်။ ကျနော် ပြန်လာမှာပါ။ တစ်လကြာရင်ကြာမယ်။ တစ်သက်လုံးကြာချင်လည်း ကြာနိုင်ပါတယ်။ အပေါ်က Tag ပို့စ်နဲ့ လိုက်အောင် ရေးရရင် ဟေမာနေ၀င်း သီချင်းလိုပေါ့ဗျာ။
ဘယ်အချိန် သေမှာကို ကြိုမသိကြတဲ့ ဘ၀မှာ ...
ကြိုတင်ရေးထားတဲ့ နှုတ်ဆက်သီချင်း ....။
ခွဲခွာနေရတဲ့ အချိန်လေးအတွင်းမှာ ကျနော် သေချင်လည်း သေသွားနိုင်တယ်လေ။ အနိစ္စ အမြဲမရှိတဲ့။ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီပေါ့။ အဲဒါများ သေရင် နင်ဘယ်လို ပြန်လာမှာလဲလို့ မေးချင်တယ် မဟုတ်လား။ ကျနော်ပြန်လာမှာပါ။ သေရင်တောင် နောက်ဘ၀ကျ ရောက်အောင် ပြန်လာခဲ့ပါ့မယ်။ ဘလော့ဂ်လောကကြီးကို ချစ်ခင်လေးစားစွာဖြင့် ..........။ ။

Thursday, October 8, 2009

စစ်မှန်မှု


‘ပလုံ’

သော့ခလောက်တစ်ခုကို မြစ်ရေထဲ လွှင့်ပစ်လိုက်တယ်။

“ဟေ့လူ ... သော့ခလောက် အကောင်းကြီးဗျာ ... ဘာလို့ လွှင့်ပစ်ရတာလဲ ...?”

“သော့ပျောက်သွားလို့ပါ ...”

“ဟာ ... အဲဒါဆိုလည်း သော့တုလုပ်ပြီး သုံးလို့ ရတာပဲ .. နှမျှောစရာကြီး ...”

“ဟုတ်တယ် ... ဒါပေမယ့် ကျနော် သော့ခလောက်နေရာက ၀င်စဉ်းစားမိလို့ပါ ...”

“ဗျာ ... ဘယ်လို ..?”

“ကိုယ့်ကို သော့တုနဲ့ ဖွင့်ပြီး အသုံးချ ခံရတာထက် ရေထဲခုန်ချပြီး သတ်သေလိုက်တာက ပိုကောင်းတယ်ဗျ ...”

ပြောပြီး အပြုံးစစ်စစ်တစ်ခုနဲ့ သူ့ကို ပြုံးပြရင်း ကျွန်တော် လှည့်ထွက် လာခဲ့တယ်။ ။

Sunday, October 4, 2009

မူးနေတဲ့ မနက်

(က)
ဖြေဆေးမဲ့ အဆိပ်ကို
အလွယ်တကူတော့
မော့သောက်ခဲ့တာ မဟုတ်ရပါဘူး။

(ခ)
ဝေးကွာခြင်းတွေကို
ကဗျာလို ရေးရေးပြီး
ကြောင်တောင်တောင် နိုင်နေတဲ့ ကောင်အတွက်
အကြောင်းပြချက်က
လုံလောက်တန် ကောင်းပါရဲ့။

(ဂ)
မှတ်ထားစမ်းပါ ...
လောကမှာ မာယာမဲ့တဲ့ ကောင်မလေးကလည်း
အသည်း ခွဲတတ်သတဲ့ ... ။

(ဃ)
ပြောရရင်တော့ ...
ဘ၀ဆိုတာ .. အဆိပ်ကို
အချစ်နဲ့ ရောမြိုချပြီး
မျှော်လင့်ချက်တွေ ထားတတ်ဖို့ လိုတာပေါ့။

(င)
ဇာတ်သိမ်းမှ (လွမ်းပြနေမယ့်အစား)
တရားနဲ့သာ ဖြေပါတော့ကွယ်။ ။

Tuesday, September 29, 2009

ဆရာတော်နဲ့ ပြောဖြစ်တဲ့ ပရဟိတ


ကြယ်ကလေး အကူအညီ တောင်းလို့ ဒီတစ်ခေါက် ရွာပြန်တော့ အုန်းပေါက်ရွာကို ရောက်ဖြစ်ပါတယ်။ သူက အုန်းပေါက်ရွာ ဘုန်းတော်ကြီးသင် ပရဟိတ ကျောင်းကို အလှူငွေ လှူချင်ပါတယ် ဆိုလို့ ကြားကနေ ကူညီပေးဖို့ သွားဖြစ်တာပါ။ လှူတဲ့သူတွေ သံသယ မရှိအောင် ကြားက အလှူခံမပေးပဲနဲ့ ဘုန်းကြီးနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လှူတာ ပိုကောင်းမှာမို့ သွားပေးဖြစ်တာပါ။
ကျနော် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ရွာက ပရဟိတလုပ်ဖူးတဲ့ သူငယ်ချင်း သုံးယောက်လောက်နဲ့ သွားဖြစ်တာပါ။ အုန်းပေါက်ရောက်တော့ ကျောင်းအုပ်ဆရာတော် ဦးသီလာနန္ဒနဲ့ တွေ့ပြီး အကြောင်းစုံ ပြောပြတော့ ဘုန်းဘုန်းက တော်တော် ၀မ်းသာသွားပါတယ်။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အဲဒီရွာက ရွာခံ သူငယ်ချင်းတွေနဲ့လည်း တွေ့ရပါတယ်။ အဲဒီမှာ ဘုန်းဘုန်းက သူစိမ်းမဟုတ်ပဲ ရွာကသူငယ်ချင်းတွေနဲ့ ညီအစ်ကို ၀မ်းကွဲ တော်နေကြလို့ ကျနော်တို့ကို တော်တော် ခင်သွားပါတယ်။ ပြီးတော့ သူ့ကျောင်းမှာ ရှိတဲ့ အခက်အခဲတွေကို ပြောပြပါတယ်။
ကျနော်က ကျောင်းရဲ့ ကျောင်းသားစာရင်းနဲ့ ကြယ်ကလေး လုပ်ပေးမယ်ပြောတဲ့ ဆိုဒ် အတွက် ဆောင်းပါးလို ပုံစံမျိုးလေး ရေးပေးဖို့ တောင်းဆိုတော့ နောက်ရက်ကို ပြန်လာဖို့ ချိန်းလိုက်ပါတယ်။
နောက်ရက်သွားတော့ ဘုန်းဘုန်းနဲ့ ကျောင်းကိစ္စတွေအတွက် တော်တော် ဆွေးနွေးဖြစ်ပါတယ်။ ဆောင်းပါးတစ်ပုဒ်နဲ့ ကဗျာ နှစ်ပုဒ်ပေးလိုက်ပါတယ်။ သူကိုယ်တိုင် ရေးတာမဟုတ်ပဲ သူ့ကျောင်းက ဦးပဉ္ဖင်း ကျောင်းဆရာတွေနဲ့ လုပ်အားပေး ဆရာမတွေ ရေးတာ ဖြစ်ပေမယ့် အောက်က ကလောင်နာမည်ကို ဘယ်လို တပ်ရမလဲမေးတော့ အားလုံး ကျောင်းနာမည်ကိုပဲ တပ်ခိုင်းပါတယ်။
ကြယ်ကလေး လုပ်မယ့်ကိစ္စအတွက် ကူညီပေးးတာ ဖြစ်ပေမယ့် ကျနော်ကိုယ်တိုင်လည်း ဘုန်းဘုန်းကို တတ်နိုင်သမျှ ကူညီပေးမယ်လို့ ဂတိပေးခဲ့လို့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်။ အဲဒါကြောင့် ဘုန်းဘုန်းနဲ့ ပြောဖြစ်ပြီး ရေးထားတဲ့စာတွေထဲမှာ မပါတဲ့ အကြောင်းအရာတွေကို ပို့စ်လေးတစ်ခုအဖြစ် ရေးလိုက်ပါတယ်။
ကျေးလက်တောရွာတစ်ခုမှာ မိသားစု စားဝတ်နေရေးကိစ္စက အတော်လေးကို အခက်အခဲ ဖြစ်နေကြပါတယ်။ ဆင်းရဲသား လက်လုပ်လက်စား လူတန်းစားကို ပြောတာပါ။ အဲဒါဆို မပြောနဲ့တော့ ရွာတိုင်း အဲလိုတော့ ရှိကြမှာပဲလို့ ပြန်မပြောကြပါနဲ့။ ဟုတ်ပါတယ်။ ရွာတိုင်းရှိပါတယ်။ ဒါပေမယ့် ရွာတိုင်းတော့ ဦးသီလာနန္ဒတွေ မရှိပါဘူး။
ဒီပို့စ်လေးကို ဖတ်ဖြစ်တဲ့လူတွေက အဲလိုရွာသူငယ်ချင်းတွေကို ပြန်ပြောပြရင် ဒါမျိုးကျောင်းလေးတွေ ရှိလာဖို့ စိတ်ကူး ကြရင်ကို ကျနော်တို့အတွက် ကူညီရကြိုး နပ်ပါတယ်။
စားဝတ်နေရေးတောင် အနိုင်နိုင် ရုန်းကန်နေရတဲ့ မိသားစုတွေမှာ သားသမီးတွေအတွက် ပညာရေးဆိုတာ ဒုတိယ ဦးစားပေး အဆင့်မှာပဲ ရှိပါတယ်။ သူတို့ဟာ ပညာရဲ့ တန်ဖိုးကို မသိလို့ မဟုတ်ပါဘူး။ သားသမီးတွေကို ပညာတတ်အောင် သင်ပေးချင်တာ မိဘတိုင်းရဲ့ မေတ္တာတရားပါ။ ဒါပေမယ့်လည်း ဒီခေတ်ရဲ့ ပညာတန်ဖိုးကို သိလို့ပဲ သားသမီးတွေကို ပညာသင်မပေးနိုင်တဲ့ မိဘတွေ အများကြီး ရှိပါတယ်။ ရှုပ်သွားပြီလား။ ရှင်းပါ့မယ်။ အားလုံးသိကြတဲ့အတိုင်း ဒီခေတ်မှာ ကျောင်းဝင်ကြေး၊ စာရွက်စာတန်းကြေး၊ ဘာညာသာရကာတွေ အများကြီးရှိနေတော့ ဒီခေတ် ပညာရေးအတွက် တန်ဖိုးဟာ ကြီးသွားတော့တာပါပဲ။ မြို့နေလူတန်းစားကတော့ တွေးလိမ့်မယ်၊ ဒီလောက်များကွာလို့။ မထင်ပါနဲ့။ တောရွာမှာရှိတဲ့ ဆင်းရဲသား လူတန်းစားတွေအတွက်တော့ တစ်နေ့လုပ်မှ တစ်နေ့စားရမယ်။ ရာသီဥတုကြောင့် တစ်နေ့မလုပ်နိုင်ရင် တစ်နေ့ ငတ်ပါတယ်။အဲဒီလို အခြေအနေတွေမှာ သားသမီး ပညာရေးဆိုတာ အလှမ်းရခက်တဲ့ ခရီးကြမ်းတွေပါပဲ။ အဲဒီလို ပညာမသင်နိုင်တဲ့ ကလေးငယ်တွေအတွက် မြန်မာပြည်တ၀န်းမှာ ဘ.က လို့ ခေါ်တဲ့ ဘုန်းတော်ကြီးသင် ပညာပါရမီကျောင်း လေးတွေ ပေါ်ပေါက်လာတဲ့ အထဲမှာ ဆရာတော် ဦးသီလာနန္ဒရဲ့ ရေလည်ကျောင်းလေး အပါအ၀င်ပါပဲ။
ဆရာတော်က ဒီနှစ်မှ ကျောင်းလေး စတင်နို်င်တာပါ။ ၀ါးရိုးခေါင်တိုင်၊ ထရံကာ သက်ကယ်မိုးကျောင်းကလေးကို ပြရင်း အဲလို ကျောင်းဆောင်ကလေးဖြစ်ဖို့ ရွာသူရွာသားတွေ လုပ်အားပေးနေတဲ့ မှတ်တမ်းတင် ဓါတ်ပုံလေးတွေကို ကြည့်ခိုင်းနေတဲ့ ဘုန်းဘုန်းရဲ့ ပီတိဟာ ကျနော်တို့ သူငယ်ချင်းတစ်စုဆီ ကူးစက်လာပါတယ်။
ကျောင်းကလေး စမယ်ဆိုတော့ မတတ်နိုင်တဲ့ မိသားစုရဲ့ သားသမီးတွေကို စုတဲ့အချိန်မှာကို ရင်နာစရာ စကြုံရတာပါပဲ။ အစိုးရကျောင်းတွေမှာ နေလက်စ ကလေးတွေကို ဘ.က ကျောင်းပြောင်းဖို့အတွက် အစိုးရကျောင်းထွက်လက်မှတ် လိုပါတယ်။ အဲလို ထွက်ရင်လည်း ထွက်ချင်တိုင်း ထွက်လို့ မရပါဘူး။ ကျောင်းထွက်ကြေးဆိုတာမျိုး လိုပြန်ရော။ အဲဒီကလေးတွေမှာ အစကတည်းက မရှိပါဘူးဆို။ ကျောင်းထွက်ကြေးကို ဘယ်လို ပေးရမှန်း မသိပါဘူး။ အဲဒီအတွက် ဆရာတော်က အုန်းပေါက် အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးရဲ့ အကူအညီကိုယူပြီး တချို့အတွက် ဆရာတော်က ကျခံ၊ တချို့အတွက် ဆရာမကြီးက ကျခံ နဲ့ပဲ ကလေးတွေ ကျောင်းထွက်လက်မှတ် ရခဲ့ပါတယ်။
တချို့ကလေးတွေဆို ကြီးတဲ့အထိ ကျောင်းမနေဖူးပါဘူး။ အဲလို ကလေးတွေကိုလည်း ဆရာတော်က မိဘတွေကို မေတ္တာရပ်ခံပြီးတော့ ကျောင်းမှာ ပညာသင်ကြားစေခဲ့ပါတယ်။ အပေါ်ပုံထဲမှာ ပါတဲ့ အရပ်ရှည်ရှည်နဲ့ ကလေးဆို သူငယ်တန်းပါပဲ။ အရပ်ရှည်နေတာ မဟုတ်ပါဘူး။ အသက်လည်း ကြီးပါပြီ။ သူ့ခင်ဗျာ ဒီအသက်အရွယ်ရောက်မှ ဆရာတော်ရဲ့ ကျေးဇူးကြောင့် ပညာရေးဆိုတာ ဘာမှန်းသိရတဲ့ ကလေးပါ။
ကျနော်တို့အဖွဲ့လည်း ဆရာတော် လိုအပ်တာ ကူညီဖို့ ကတိပေးခဲ့ကြပါတယ်။ ငွေရေးကြေးရေးတော့လည်း အများကြီး မတတ်နိုင်ကြဘူးလေ။ အဲဒီအတွက် ဖြစ်နိုင်သမျှ အကြံဉာဏ် လှူခဲ့ကြပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို ကျောင်းအကြောင်း ပြောပြပြီး အလှူခံပေးဖို့အတွက် ပြောဖြစ်ခဲ့ပါတယ်။ ဆရာတော့်ဘက်ကလည်း လှူချင်တဲ့လူတွေ အတိအကျ လှူနိုင်အောင် ကျောင်းသားတစ်ယောက်အတွက် တစ်နှစ်စာ ကုန်ကျနိုင်မယ့် ပျမ်းမျှ အသုံးစားရိတ်၊ တစ်နှစ်စာ သို့မဟုတ် တစ်လစာ ကုန်ကျနိုင်မယ့် ဗလာစာအုပ် ခဲတံ အရေအတွက် အဲဒါတွေကို စာရင်းပြုစုထားဖို့ အကြံပေးခဲ့ကြပါတယ်။ ပြီးတော့ ဆရာတော်က ဗလာစာအုပ် လှူတဲ့လူတွေ ရှိကြောင်း၊ ရိုးရိုးဗလာစာအုပ်တွေချည်းပဲ လှူကြလို့ လေးကြောင်းမျဉ်း စာအုပ်တွေ လိုအပ်ကြောင်း မိန့်ပါတယ်။
ပြီးတော့ ဘေးကလှူမယ့် အလှူရှင်တွေကိုချည်း အားမကိုးပဲနဲ့ အမြဲတမ်း ကျောင်းရံပုံငွေ ရှိနေအောင် ကျောင်းကို စိတ်ဝင်စားတဲ့ တတ်နိုင်တဲ့ထဲက ရွာခံလူတွေ၊ မြို့ပေါ်ကလူတွေထဲကနေ တစ်အိမ်ထောင်ကို အများကြီးမဟုတ်ဘူး။ တစ်လကို တစ်ရာပဲ အလှူခံဦး အိမ်ထောင်စု တစ်ထောင်ဆို တစ်သိန်း လစဉ် အလှူငွေ ရနေမယ်ပေါ့။ အများအမြင်ရှင်းအောင် ကော်မတီလေး တစ်ခုလည်း ဖွဲ့ဖို့ လိုမယ့်အကြောင်း။ ရွာက လူကြီးတွေနဲ့ ဖွဲ့နိုင်ရင် ပိုကောင်းမယ့် အကြောင်း။ လစဉ် ၀င်ငွေ ထွက်ငွေ စာရင်းကိုလည်း အတိအကျလုပ်ပြီး အလှူရှင်တွေ ကော်မတီလူကြီးတွေကို တင်ပြနိုင်ရင် ပိုကောင်းမယ့် အကြောင်းတွေ ဆရာတော်ကို ဆရာ ပြန်လုပ်ခဲ့ကြပါတယ် ဟဲဟဲ။
ဆရာတော်ကလည်း ကျောင်းရံပုံငွေ ကိစ္စအတွက် ဒီနှစ်ကထိန်မှာ ဆိုင်ကယ် မဲဖောက်ပြီး ကံစမ်းမဲ ရောင်းဖို့ အစီအစဉ် ရှိကြောင်းကို ပြန်မိန့်ပါတယ်။ ကျနော်တို့ သူငယ်ချင်းတွေကလည်း အရမ်းကောင်းတဲ့ အကြံဖြစ်ကြောင်း၊ ကူရောင်းပေးမယ့် အကြာင်းတွေ ပြောခဲ့ကြပါတယ်။
ဆရာတော် မိန့်ခဲ့တဲ့အထဲက ကျနော် ပြန်ပြောချင်တာကတော့ ပရဟိတသမားဟာ နိုင်ငံရေးနဲ့ ကင်းရှင်းသင့်တယ် ဆိုတာပါပဲ။ တကယ် မှတ်သားသင့်တဲ့ စကားပါ။ ကျနော်ကတော့ ကိုယ့်အတွေးနဲ့ကိုယ် ရောမသွားဖို့ပဲလို့ မှတ်သားလိုက်ပါတယ်။
ပြောရင်းနဲ့ ဆရာမ တစ်ယောက်ပြန်ပြောတာကို သတိရမိလို့ ပြောပါဦးမယ်။ တစ်ခါကဆို ကျောင်းသားလေးတွေ ထမင်းစားကျောင်းဆင်းလို့ စားဖို့ ထမင်းထုပ်လေးဖွင့်လိုက်တော့ ထမင်းတွေက သိုးနေပါသတဲ့။ အဲဒါ ဘယ်နှစ်ရက်အဲလိုပဲ စားနေလဲ မသိဘူး။ အဲဒီနေ့ကမှ ဆရာမက ယူကြည့်မိတော့ ထမင်းသိုးတွေ မစားရဘူးလို့ ပြောပြီး ကျောင်းမှာရှိတဲ့ ထမင်း ကျွေးလိုက်ရပါသတဲ့။ ဖြစ်နိုင်တာကတော့ သူ့မိဘတွေက မနက်အစောကြီး အလုပ်သွားရမှာမို့ အဲဒီထမင်းတွေကို ညကတည်းက ဒါမှမဟုတ် မနက်အစောကြီးထပြီး ချက်ထားတာ ဖြစ်ပါလိမ့်မယ်။ အညာနေဆိုတာလည်း သိတဲ့အတိုင်း ခဏနဲ့ ထမင်းတွေ ဟင်းတွေ သိုးကုန်လောက်အောင် ပူတာလေ။ အဲလိုကို ကလေးတွေရဲ့ မိသားစုအခြေအနေက တော်တော်လေးကို ဆိုးနေတာပါ။ ဆရာတော်သာ အလင်းမပေးနိုင်ရင် အဲဒီကလေးတွေရဲ့ အနာဂတ်ဟာ အမှောင်ထဲကကို ထွက်နိုင်မှာ မဟုတ်ပါဘူး။
ရေးကောင်းကောင်းနဲ့ ရေးလိုက်တာ တော်တော်တောင် ရှည်သွားပြီ။ ဒါတောင် သတိရသမျှပဲ ရေးထားသေးတာ။ နောက်သတိရတာတွေရှိရင် သတိရသလို ရေးပါဦးမယ်။
ပညာပါရမီ အုန်းပေါက်ရွာ ရေလည်ဘုန်းတော်ကြီးသင် မူလတန်းကျောင်းကို လှူချင်တဲ့လူများရှိရင် အုန်းပေါက်ရွာက ကံစောထွန်း ၀၉ ၂၀၃၄၆၈၉ ကနေတစ်ဆင့် ဆရာတော့်ကို တိုက်ရိုက်ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။ ကျနော်ကနေ တဆင့် လှူချင်တယ်ဆိုလည်း စိတ်ရောကိုယ်ပါ ကူညီဖို့အသင့်ပါ။ ဒါမှမဟုတ် ကြယ်ကလေးနဲ့လည်း ဆက်သွယ်ပြီး လှူလို့ ရပါလိမ့်မယ်။
ပြည်ပက လှူချင်သူများအတွက်တော့ နောက် ရက်အနည်းငယ်မှ ဆရာတော်ရဲ့ ဂျီမေးလ်နဲ့ ဆရာတော့်ရဲ့ ဘဏ်အကောင့်ကို ပြောပါ့မယ်။ ကျနော်နဲ့လည်း ဆရာတော်က အွန်လိုင်းမှာ မတွေ့ဖြစ်သေးပါဘူး။ ဆရာတော်က ရွာမှာဆိုတော့ မန္တလေး ရောက်မှ အွန်လိုင်း တက်ဖြစ်လို့ပါ။
ဒီပို့စ်လေးနဲ့ ကျနော် ကုသိုလ် ယူလိုက်ပါတယ်။ ဒီဘ၀မှာ ကျနော်ဟာ ပညာပါရမီ နည်းခဲ့တဲ့အတွက် ငွေရေးကြေးရေး မတတ်နိုင်ပေမယ့် တတ်စွမ်းသမျှလေးနဲ့ ပညာပါရမီ ဖြည့်လိုက်ပါတယ်။ အားလုံးကိုလည်း မွန်မြတ်တဲ့ ပရဟိတ စိတ်ထား ကုသိုလ်ပွားများကြဖို့ နိဗ္ဗာန်အကျိုးမျှော် နိုးဆော်လိုက်ရပါတယ် ခင်ဗျား။ ။

Monday, September 14, 2009

ရင်ကွဲ ကက်ဆက်


ကက်ဆက်ထဲက ရေတွေ ပန်းထွက်လာတာကြောင့် ကျွန်တော် အလန့်တကြား အော်လိုက်မိတယ် ... ...

!!! ... ... !!!

“ဟေ့ကောင် ... မအော်ပါနဲ့ကွာ ... ရေတွေမဟုတ်ပါဘူး ... မျက်ရည်တွေပါ ... မင်းက အလွမ်းသီချင်းတွေချည်း ဖွင့်နေတော့ ငါလည်း ငိုချင်လာလို့ပါ ...”

“မင်းငိုလည်း မတတ်နိုင်ဘူး ... ငါ့ကောင်မလေးကြောင့် ငါကတော့ အလွမ်းသီချင်းတွေချည်း ဆက်ဖွင့်ရမှာပဲ ...”

ပြောရင်းဆိုရင်းပင် အလွမ်းခလုတ်ကို ကျွန်တော် နှိပ်ချလိုက်သည် ...

အား !!

ကက်ဆက်ကြီး အလယ်က အက်၍ ကွဲထွက်သွားသည်။

အသည်းကွဲ၍ ရင်ကွဲနာကျ သေသွားခြင်း ဖြစ်သည်။ ။

ပုံလေးကို ဒီနေရာက ယူပါတယ်။

Saturday, September 12, 2009

အဓိပ္ပာယ်မရှိသေးတဲ့ ကဗျာ

အဲဒီရနံ့တွေနဲ့ ...
ငါ့ကို လာမမျှားနဲ့ ... ...။

ငါက မိုးမရွာလည်း
ပွင့်တတ်တဲ့ ပန်းမျိုးပါ ...။

တစ်ပွင့်တစ်လေတော့
အဖိတ်အစင် ရှိတာပေါ့ ... ...
ဒါပေမယ့် စိတ်ချပါ
ငါ့ ဆူးက ငါ့ကို ပြန်မစူးဘူး ...။

အိပ်ချင်ယောင်ဆောင်ပါများလို့
အနှိုးရခက်တာက လွဲရင် ...
ငါ လူကောင်းပါကွယ် ... ...။

မိုးလင်းသွားရင်တော့ ... ... ...။

... ... ပြန်ဆုံကြသေးတာပေါ့ ...
မင်းအိပ်မက်တွေကို ... ခဏ ...
... ... ပြန်သိမ်းထားလိုက် ။ ။

Wednesday, September 9, 2009

ဈေးသည်ကြီး ဆန်ရွှေ

(တစ်ခန်းရပ် ပြဇာတ်)

ပါဝင်သူများ ... ... ...
- ဈေးသည်ကြီး ဦးဆန်ရွှေ
- အင်တာဗျူးဆရာတစ်ယောက်
- ဈေးဝယ်သူ တရုတ် ကုလား လူမျိုးခြားများ
- စုတ်စုတ် ပြတ်ပြတ် ၀တ်ဆင်ထားသော ဆင်းရဲသား လုပ်သားပြည်သူများ

- (ဈေးဆိုင်အိမ်ပုံ ပန်းချီကားကို နောက်ခံထား၍ ဈေးသည်ကြီး ဆန်ရွှေမှ အော်ဟစ် ဈေးရောင်းနေစေ)
- (ဆင်းရဲသား လုပ်သားပြည်သူများက ပေါက်ပြား ဂေါ်ပြား အစရှိသော ကိရိယာ တန်ဆာပလာများ ကိုင်ဆောင်၍ ဖြတ်သွားဖြတ်လာ ပြုလုပ်နေစေ)

ရွှေ ။ ။ “လာနော် လာနော် ... ဟောဒီမှာ သဘာဝဓါတ်ငွေ့တွေ... ကျောက်စိမ်းတွေ... သစ်တောထွက် ပစ္စည်းတွေ ဈေးပေါပေါနဲ့ ရောင်းပေးနေပြီ... နောက်ရက်ကစပြီး ကျုပ်မရောင်းတော့ဘူး... အဲဒါကြောင့် လျှော့ပေးနေတာ ... ၀ယ်ထားကြပါ ၀ယ်ထားကြပါ ”

- (တရုတ် ကုလား လူမျိုးခြားများက တိုးဝှေ့ ဈေးဝယ်ဟန် ပြုစေ)

ရွှေ ။ ။ “သိပ်မတိုးကြပါနဲ့ ... အားလုံးကို ရောင်းပေးမှာပါ... ရှိသမျှ ဘာမှ မကျန်အောင် ရောင်းပေးမှာပါ... စိတ်ချပါ... သိပ်မတိုးကြပါနဲ့”

- (ထိုအချိန်တွင် အင်တာဗျူးဆရာက ဈေးဝယ်များကြားမှ တိုးဝှေ့ကာ ဈေးသည်ကြီး ဆန်ရွှေကို အင်တာဗျူးစေ)

ဗျူး ။ ။ “ဈေးသည်ကြီး ဦးဆန်ရွှေခင်ဗျား ... နောက်ရက်ကစပြီး မရောင်းတော့ဘူးဆိုတော့ ဆိုင်ပိတ်တော့ မလို့လား?”

ရွှေ ။ ။ “ဘယ့်နှယ့် ပိတ်ရမှာလဲဗျ ... သဘာဝဓါတ်ငွေ့တွေ ... ကျောက်စိမ်းတွေ ထွက်နေသရွေ့ ရောင်းနေဦးမှာပါ ... ကျုပ်မရောင်းတော့ဘူး ဆိုတာက ကျုပ်က အသက်ကြီးပြီလေ ... ကိုယ်တိုင် မရောင်းတော့ပဲ ဟန်ပြ ဈေးရောင်းတစ်ယောက်လောက်ခန့်ပြီး ကျုပ်က နောက်ကနေ ကြိုးကိုင်မလို့ စဉ်းစားထားတယ်ဗျ”


ဗျူး ။ ။ “ဟုတ်ကဲ့ပါ ... ဈေူးသည်ကြီး ဦးဆန်ရွှေ အနေနဲ့ အခုလို ကြိုးစားပမ်းစား ရောင်းဝယ်နေတာ ဘယ်သူ့အတွက်လည်း သိချင်ပါတယ် ခင်ဗျ”

ရွှေ ။ ။ “မေးမှ မေးရက်ပလေဗျာ ... ဘယ်သူ့အတွက် ရှိရဦးမလဲ ... ပြည်သူတွေ အတွက်ပေါ့ဗျ”

ဗျူး ။ ။ “ အော် ... ကျေးဇူးကြီးပါပေတယ်ဗျာ ... ဒါနဲ့ နောက်ဆုံးမေးခွန်း မေးပါဦးမယ် ... မြန်မာပြည်မှာ ပြည်သူလူဦးရေ ဘယ်လောက်ရှိသလဲ သိပါသလား ခင်ဗျာ”

ရွှေ ။ ။ “လုပ်ပြန်ပြီ ... ဒါမေးစရာလား ... ဒီလောက်တော့ သိတာပေါ့ဗျာ ... နေဦး ... အင်း (စဉ်းစားဟန်ဖြင့်) ... ကျုပ်မိန်းမရယ် ... ကျုပ်သမီးတွေရယ် ... သမက်တွေ မြေးတွေရယ် ... ဆွေမျိုးတွေရယ် ... စုစုပေါင်း ငါးဆယ် တစ်ရာလောက်တော့ ရှိတာပေါ့ဗျာ ...”

- (အင်တာဗျူးဆရာ ပက်လက်လန်သွားစေ)
- (ဖြတ်သွားဖြတ်လာ ဆင်းရဲသား ပြည်သူလူထု လမ်းလျှောက်နေရာမှ ရပ်တန့်၍ ‘မှတ်သားလောက်ပါတယ်ရှင့် မှတ်သားလောက်ပါတယ်ခင်ဗျ’ ဟု သံပြိုင်အော်ဆိုရင်း ကန့်လန့်ကာ ချစေ)။ ။

Sunday, September 6, 2009

အကြိုက်နှစ်သက်ဆုံး ဘလော့ဂ် ၅ ခု

ခေါင်းစဉ်က မိမိ အကြိုက်နှစ်သက်ဆုံး သွားလည်နေကျ ဘလော့ဂ် ၅ ခုနှင့် ဘာကြောင့် ထိုဘလော့ဂ်များအား ကြိုက်နှစ်သက်ရသလဲ တဲ့။ ၀က်ဝံလေး ရှို့တာ အဲ တဂ် တာလေ။ ပြောရရင်တော့ အစပြု ရှို့သူ သက်တန့်ချို နှင့် ထပ်၍ ပင့်ပေးသူ ၀က်ဝံလေး လို့ သိရပါတယ်။ ရပါတယ် .. ကျွန်တော်ကလည်း မီးဘေးရှောင် မလောင်ခင်တား သီချင်းလေး ညည်ရင်း ရေးပေးလိုက်ပါတယ်။
ဘလော့ဂ်တော်တော်များများကို ကျွန်တော် ရောက်ဖူးသလို ရောက်သမျှ ဘလော့ဂ်တိုင်းကိုလည်း ကြိုက်ပါတယ်။ မကြိုက်ဘူး၊ မကောင်းဘူးဆိုတဲ့ ဘလော့ဂ် မရှိပါဘူး။ ရှိလည်း မပြောပါဘူး ( ဟဲ ဟဲ နောက်တာ ... တကယ် really ဂယ် ရှိဘူး )။ အကြောင်းကတော့ ကျွန်တော်ကိုယ်တိုင်က ဘာမှ မဟုတ်လို့ ဘယ် ဘလော့ဂ်ဂါကိုမှ အထင် မသေးရဲပါဘူး။ ထားပါလေ ... မဖြစ်မနေ ရေးရတော့မယ် ဆိုမှတော့ အဲဒီထဲကမှ အကြိုက်ဆုံးလို့ ထင်ရတဲ့ ဘလော့ဂ် ၅ခု ကို ပြောရမယ် ဆိုရင် ... ...

(၁) http://taryarminwaimemorial.blogspot.com ပါ။ အသစ် သိပ်ပြီး မတင်ပေမယ့် ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ပြန်ဖတ်ဖတ် ရိုးမသွားတဲ့ စာတွေ ရှိနေတဲ့ ဘလော့ဂ်ပေါ့။

(၂) http://aungway.blogspot.com ပါ။ ကျွန်တော်တို့ရဲ့ ရဲရဲတောက် ကဗျာဆရာကြီး အောင်ဝေးပါ။ သူရဲ့ ကဗျာ ဝေဖန်ရေးစာအုပ်တွေကိုလည်း ကျွန်တော် ၀ယ်သိမ်းပါတယ်။ လေဆန်မှာ မြှားတန်းလန်းနဲ့ ပျံသန်းရဲတဲ့ ငှက်သာ မနက်ဖြန်အတွက် ဖြစ်တယ် ဆိုတဲ့၊ ကဗျာဆရာဆိုတာ စင်ပြိုင် အစိုးရတစ်ရပ်ဖြစ်တယ် ဆိုတဲ့ ကဗျာဆရာကြီး အောင်ဝေး ပါ။

(၃) http://manorhary.blogspot.com ပါ။ တော်တော်များများ ကြိုက်ကြမယ့် ဘလော့ဂ်ပါ။ အစ်မ မနော်ဟရီ ရဲ့ ဘလော့ဂ်ကိုတော့ ဘာကြောင့် ကြိုက်ရလဲဆိုတာကို ထွေထွေထူးထူး ညွှန်းစရာ လိုမယ် မထင်ပါဘူး။

(၄) http://chaweimahn.myanmarbloggers.info ပါ။ ချောအိမာန်(မန္တလေး) ဆိုတာ လက်ရှိ Mandalay Icon မဂ္ဂဇင်းရဲ့ အယ်ဒီတာပါ။ အရေးအသား ကောင်းတဲ့ စာရေးသူတစ်ယောက်ဖြစ်တာရော၊ မန္တလေးဆိုတဲ့ သံယောဇဉ်နဲ့ပါ အမြဲ ရောက်ဖြစ်တဲ့ ဘလော့ဂ်ပါ။

(၅) http://ahuntphonemyat.wordpress.com ကလည်း တကယ် သွားကြည့်သင့်တဲ့ ဘလော့ဂ် တစ်ခုပါ။ သူလုပ်နေတဲ့ DVB က အင်တာနက် စာမျက်နှာ အစီအစဉ်မှာများ ကျနော့် ဘလော့ဂ်လေးကို ညွှန်းမလား ဆိုပြီး သွားသွား မျက်နှာ ပြရတာလေ (ဟီးဟီး ပေါရဲလိုက်တာနော် ... ဒီလောက် ချာတူးလန်နေတဲ့ ဘလော့ဂ်ကိုများ DVB က ညွှန်းရဦးမတဲ့)။

ကဲ ရေးပြီးပါပြီ။ ဘာကြောင့် ကြိုက်ရလဲ ဆိုတော့ သူတို့တွေက အင်တာနက်ဆိုတာ ဘာမှန်းမသိခင်ကတည်းက ကျွန်တော် ဖတ်ဖူး ကြိုက်ဖူးတဲ့ စာရေးဆရာတွေ မို့လို့ပါပဲ။
ဝက်ဝံလေးရေ ... ကိုနွေဆူးကြီးက အကြည်တော်ရေးတဲ့ လူလည်ကြီးများ ရွာကလားလို့ လာမအော်နဲ့နော်။ ဆရာသော်တာဆွေ ဘာသာပြန်တဲ့ ဘော့ပရစ်တီးလောက်လည်း လူလည် မကျတတ်ပါဘူး။ (အဲဒီစာအုပ် ဖတ်ဖူးလား၊ ရှာဖတ်ကြည့်ကြပါ၊ အရမ်းကောင်းပြီး ရယ်ရတယ်။ ဤကား- ကြေငြာချပ်။ ။) ဆင်ဝှေ့ရန်ရှောင်တဲ့။ အဓိပ္ပါယ် ဘာမှန်း မသိပေမယ့် ကျွန်တော်ကတော့ ပြဿနာဆင်ကြီး အဝှေ့မခံရအောင် ဝေါင်ဝေါင်ရှေး ဝေးဝေးက ရှောင်ပါ၏။
တကယ့် သက်ရှိ ဆင်ကိုသာ အဝှေ့ခံလိုက် ချင်ပါတယ်။ မတော်တဆ တစ်ခုခု အရေးမှားသွားရင် မရှိမဲ့ ရှိမဲ့ သူငယ်ချင်းတွေ အမြင်မကြည် ဖြစ်သွားမှ ဘယ်သူမှ မလာတဲ့ ဘလော့ဂ်ဘ၀နဲ့ ငုတ်တုပ်ကြီး ရှင်နေရမှာ ကြောက်ပါတယ်။ ။

Wednesday, August 26, 2009

မကောင်းဆိုးဝါး

လောက က မှောင်ရတဲ့ အထဲ ...
အနံ့အသက် မကောင်းတဲ့
အဲဒီအပုပ်ကောင်တွေ ....
ငါတို့ကို ချောက်ထဲတွန်းချနေတာ ...
ကြာတော့ ...
ကျလို့ကို မဆုံးတော့ဘူး ....။ ။


ရွာထဲက ထန်းရည်ဝိုင်း


စစ်ပွဲတွေကြားထဲက
အနာဂတ်ကမ္ဘာဟာ
စိုးရိမ်စရာအခြေအနေနဲ့
ရစရာမရှိအောင်ကိုမှောင်တယ်။
အနိုင်အရှုံးဆိုတာကို
လိုချင်သလိုရနေသူတွေနဲ့
မသေချင်ပဲသေနေရသူတွေ
ရှိနေကြဦးမှာပဲလေ။
သန်းခေါင်ကျော်လာရင်တော့
ရွှေရောင်လွှမ်းတဲ့မနက်ခင်းတစ်ခုကို
အရောက်သွားနိုင်ကြလိမ့်မယ်လို့
ရူးကြောင်မူးကြောင်နဲ့ပြောနေကြလေရဲ့။
မောင်တို့ရွာထန်းရည်ဝိုင်းမှာ
အေးအေးလူလူဆူဆူညံညံနဲ့ပဲ
ငမိုက်သားကာလသားတစ်စု
မူးနေတာတောင်မိုက်ကောင်းတုန်း။
ဒီလိုညနေမျိုးဆို
မိုနိုသံစဉ်ကျေးလက်သီချင်းတွေ
ကဒေါင်ကဒင်တီးပြတတ်တဲ့
ရေဘင်အတုနဲ့မယ်ဒလင်သမားကဇာတ်လိုက်။
စီကနဲဆိုချက်ကြီးပါတယ်
ရထားတဲ့လူမိုက်ဘွဲ့နဲ့
ရှိနေတဲ့အရည်အချင်းကအံကိုက်
ရေးထားတဲ့အကြွေးစာရင်းကိုဂရုမစိုက်။
ဒို့ရွာထန်းတောမှာလူစုံရင်
အရည်မရအဖတ်မရတွေပြောရင်း
ရေးကြီးခွင်ကျယ်ကမ္ဘာနဲ့ကိုချီလို့။ ။

(ဆရာစောဝေကိုလေးစားလို့ သူ့လိုကြိုးစားရေးကြည့်တာပါ
ဆရာအမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။)
(ကဗျာလေးကိုဖတ်ပြီးရင် အစဆုံး စာလုံးလေးတွေချည်း
တစ်ခေါက်ပြန်ဖတ်လိုက်ပါဦး)

Tuesday, August 25, 2009

ဉာဏ်စမ်း (အဖြေ)

လာဖြေကြတဲ့သူတွေကိုရော မဖြေတောင် ဖတ်ပေးသွားတဲ့ သူတွေကိုပါ ကျေးဇူးအများကြီးတင်ပါတယ်။ မေးခွန်းလေးတွေက သိပ်မခက်ပေမယ့် ကျွန်တော်စိုးရိမ်တာက ဘာမေးချင်တာလဲ နားမလည်မှာကိုပါ။ ခုတော့ မေးခွန်းကို နားလည်တဲ့ အပြင် မမေသူက တစ်ခုမှန်ပြီး ကိုကိုမောင် ပညာရှိကြီးက နှစ်ခုတောင် မှန်အောင် ဖြေလိုက်လို့ ငါ မေးခွန်းထုတ်တတ်ပြီကွ ဆိုပြီး ၀မ်းသာရပါတယ်။ ( စာမေးပွဲရာသီကျရင် စပေါ့ရိုက်ပြီး လုပ်စားရမယ် ... ငှဲ .. ငှဲ ...)

နံပါတ်(၁) အဖြေကတော့ ...
ဧရာဝတီမြစ်ကြီးအနားမှာ ရှိတဲ့ မြစ်ကြီးနားမြို့နဲ့ တောင်ကြီးပေါ်မှာ ရှိတဲ့ တောင်ကြီးမြို့ပါ။
မမေသူက မြစ်ကြီးနားမှန်ပြီး ကိုကိုမောင်က နှစ်ခုလုံးမှန်ပါတယ်။ မမေသူဖြေတဲ့ အင်းလေးက မြို့ မဟုတ်ပါဘူး။ အင်းနာမည်ပါ။ အဲဒီမှာ ရှိတဲ့ မြို့နာမည်ကလည်း ရွှေညောင်ပါ။ (ရွှေညောင်လား ညောင်ရွှေလား မကွဲပါ။ သိသူဖြေပေးခဲ့ပါ။) နောက် ကိုကိုမောင်ပြောတဲ့ ရေနံချောင်းကိုလည်း စဉ်းစားမိပါတယ်၊ ဒါပေမယ့် ရေနံတွေက မြေကြီးအောက်မှာ ရှိနေလို့ မျက်စိနဲ့ အလွယ်တကူ မမြင်ရတဲ့အတွက် ချန်ထားခဲ့တာပါ။

နံပါတ်(၂)အဖြေကလည်း ကိုကိုမောင် မှန်ပါတယ်။ ကျွန်တော်က ‘က’ငယ်လို့ စဉ်းစားပြီး သူက ‘က’လေးလို့ ဖြေပါတယ်။ သူဖြေသလိုပါပဲ .... ဂငယ်ရှိသလို ဃကြီး ရှိပါတယ်။ နငယ်ရှိသလို ဏကြီး ရှိပါတယ်။ လ ရှိသလို ဠကြီး ရှိပါတယ်။ ကကြီးကတော့ ညီပျောက်နေတဲ့ အစ်ကိုလို မျက်နှာငယ်နေသလို ကျွန်တော် ခံစားရပါတယ်။

နံပါတ်(၃) ကတော့ ကိုကိုမောင် ဖြေထားတာနဲ့ ကျွန်တော် စဉ်းစားထားတာ နည်းနည်း လွဲသွားပါတယ်။
အဖြေကတော့ ရိုးရိုးလေးပါပဲ ... မြ၀တီမင်းကြီး ဦးစဆီမှာ နာရီရှိနေလို့ပါပဲ။ နာရီရှိကြောင်း ပြောချင်တဲ့အတွက် လုပ်ကြံဇာတ်လမ်းလေး ဖန်တီးပြီး မေးခွန်းထုတ်လိုက်ရတာပါ။ ကျွန်တော့်ဇာတ်လမ်းကိုက အဖြစ်မှန်မဟုတ်တဲ့အတွက် ကိုကိုမောင့်အဖြေကို မှားတယ်လို့ သတ်မှတ်လို့ မရပါဘူး။ သူစဉ်းစားတာလဲ ကောင်းပါတယ်။
မြ၀တီမင်းကြီး ဦးစဆီမှာ နာရီရှိကြောင်း အထောက်အထား ပြစရာကတော့ ၁၈၃၆ ခုနှစ်ထဲမှာ ခရစ်ယာန်သာသနာရေး ကိစ္စကို စုံစမ်းဖို့ အင်းဝမှာ တစ်လကြာ နေထိုင်သွားတဲ့ အမေရိကန် နှစ်ခြင်း သာသနာပြုဆရာ မယ်လကွန် ( Malcom) ရေးသားခဲ့တဲ့ စာထဲမှာ မြ၀တီမင်းကြီး ဦးစအကြောင်း ခုလိုပါ ပါတယ်။
“သူသည် ရွှေပိန်းချအစ်တစ်ခုကို ယူ၍ သူရထားသော အင်္ဂလိပ်လုပ် ပစ္စည်းများကို ပြပါ၏။ ထိုအထဲတွင် မင်းကြီး မဟာဗန္ဓုလ မကျဆုံးမီက သူ့ထံပို့သော နာရီတစ်လုံး ပါလေသည်။”

အဖြေတွေကို ပြီးအောင် စိတ်ရှည်ရှည်ဖတ်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ။

Sunday, August 23, 2009

ဉာဏ်စမ်း

ငှက်ငယ်လေး Tag ထားလို့ ရေးစရာရှိနေတဲ့ ဉာဏ်စမ်းကို မေးလိုက်ပါဦးမယ်။ ပျော်စရာ မေးခွန်းလေးတွေပါ။ ခေါင်းကြီးသုံးပြီး အတင်း မစဉ်းစားကြပါနဲ့။ အိုင်ကျူတက်စ် မေးခွန်းကြီးတွေ မေးတတ်လောက်အောင် ကျွန်တော် မတော်ပါဘူး။ ငယ်ငယ်က ဖတ်ဖူးတဲ့ မီးငယ် ဉာဏ်စမ်းပဟေဠိလို ခပ်နောက်နောက် မေးခွန်းလေးတွေပါ။

(၁)
မြန်မာနိုင်ငံမှာရှိတဲ့ မြို့ကြီးတွေထဲမှာ နာမည်နဲ့ အရမ်းလိုက်တဲ့ မြို့ကြီးနှစ်မြို့ ရှိပါတယ်။ ကျွန်တော်စဉ်းစားရသလောက်ပေါ့။ ဒီထက်လည်း ပိုချင်ပိုမှာပါ။ ကျွန်တော်စဉ်းစားထားတဲ့ အဖြေနဲ့ မတူရင်လည်း မှန်နေတယ်ဆိုရင် မှန်တယ်လို့ သတ်မှတ်ပါတယ်။ ကဲ ဘာမြို့တွေလဲ?

(၂)
မြန်မာအက္ခရာ ဗျည်း ၃၃ လုံးထဲမှာ ပျောက်နေတယ်ထင်ရတဲ့ အက္ခရာတစ်လုံးရှိပါတယ်။ အမှန်ကတော့ ပါကိုမပါတာပါ။ တီထွင်တဲ့ ပညာရှိတွေ မေ့ကျန်ရစ်တာလား၊ သေချာမထည့်ခဲ့တာလားတော့ မသိဘူးဗျ။ ဟီးဟီး ။ အဲဒီအက္ခရာမပါတော့ ရှိနေတဲ့ အက္ခရာလေးတစ်လုံးဟာ မျက်နှာငယ်နေတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ကဲ ဘယ်အက္ခရာ ဖြစ်မလဲ?

(၃)
အင်းဝနေပြည်တော်မှာ ဘကြီးတော်ဘုရားလက်ထက်က မြ၀တီမင်းကြီး ဦးစ ရှိပါတယ်။ တစ်ရက်မှာ နာရီမောင်းတီးတဲ့သူဟာ အချိန်နဲနဲလွဲသွားပါတယ်။ အဲဒီခေတ်က အချိန်သိနည်းက ရေဖလားကြီးထဲမှာ ရေဖလားအသေးလေးတစ်လုံးကို အပေါက်ဖောက်ပြီး ထည့်ထားပါတယ်။ ဖလားအသေးလေးထဲကို ရေအပြည့်ဝင်ပြီး နစ်သွားရင် နာရီမောင်းတစ်ချက်တီးရပါတယ်။ အကြမ်းဖျင်း တစ်နာရီလောက်ရှိမယ်လို့ ကျွန်တော့်ဟာ ကျွန်တော် သတ်မှတ်ပါတယ်။ မှတ်ကရော ... ဟီးဟီး။ အဲလို အချိန်နဲနဲ လွဲသွားတာကို မြ၀တီမင်းကြီး ဦးစ သိသွားလို့ အဲဒီမင်းချင်း အဆဲခံရပါတယ်တဲ့။ ကဲ ကျွန်တော်သိချင်တာ မြ၀တီမင်းကြီး ဦးစဟာ ဘယ်လိုများ အချိန်လွဲတာ သိသွားပါလိမ့်?
သမိုင်းစာအုပ်တွေ လှန်မရှာကြနဲ့ဦးနော်။ ဘယ်ထဲမှာမှ မပါဘူး။ ကျွန်တော့်ဟာကျွန်တော် လျှောက်တွေးထားတာ။ တကယ့်အဖြစ်အပျက်လည်း မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်အဖြေပေးရင်တော့ သမိုင်းကို အခြေခံပြီး ပေးပါ့မယ်။ ယုတ္တိရှိရှိလေးပေါ့ ... ဟီးဟီး။

ကဲ ငှက်ငယ်လေးရေ ... ကျေနပ်တယ်နော်။ လာတဲ့သူ အပေါင်း ကျွန်တော်ရူးကြောင်ကြောင် စဉ်းစားထားသမျှကို ကူပြီး အုန်းစားပေးကြပါဦး။

Wednesday, August 19, 2009

တောမီးလောင်ခြင်း ဒဿန

“မီးဗျို့ ! မီး ... မီး ...!!!”
ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ခြေဦးတည့်ရာ ပြေးလွှားနေတဲ့ တိရစ္ဆာန်တွေရဲ့ အသံနဲ့အတူ တောမီးမလောင်တာကြာလို့ ပျင်းရိနေတဲ့ တောကြောင်တစ်ကောင် လန့်နိုးလာတယ်။
အားရ၀မ်းသာပဲ လက်ခမောင်းခတ်ဖို့ ပြင်ဆင်လိုက်တယ်။
အဲဒီအချိန်မှာပဲ .....
‘ ၀ုန်း ! ... ’
“အား !!!”
တောမီးက သူ့ကိုပါ ၀ါးမျိုသွားတယ်။
မီးလောင်နေတာက သူနဲ့ နီးနီးလေး ...။ ကိုယ့်ပတ်ဝန်းကျင်ကိုမှ မစူးစမ်း မလေ့လာသေးပဲ တောမီးလောင်တိုင်း လက်ခမောင်းခတ်ချင်နေတဲ့ တောကြောင် ... မီးလောင်ခံရတာတောင် နည်းသေး။ ။

ဒီဝတ္တုတိုလေးနဲ့ အတူ ဘလော့စလုပ်လုပ်ချင်း တင်ခဲ့ဖူးတဲ့ ၀တ္တုတိုလေးတစ်ပုဒ်ပါ ပြန်တင်ပေးလိုက်ပါတယ်။ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည်ပေါ့ဗျာ။

ကိုယ်ကျိုး

ကယ်တင်ချင်ယောင်ဆောင်ထားသောမာရ်နတ်ကပြောလိုက်သည်...
"ခင်ဗျားတို့မြို့ကိုအလင်းရောင်တွေပေးဖို့ ကျွန်တော်လာခဲ့တာ..."
မြို့သူမြို့သားများကလည်း အထင်တကြီးနှင့် ယုံကြည်ကိုး ကွယ်မိကြလေသည်။
မာရ်နတ်က မီးပုံကြီးတစ်ခု ဖန်ဆင်းလိုက်၏။
" ဟုန်း !!!"
လင်းတော့လင်းပါသည်။ သို့သော် မာရ်နတ်နှင့် ပတ်ဝန်းကျင်အနည်းငယ်သာအလင်းရောင်ရကြ၍ ကျန်သောမြို့သူမြို့သားများမှာ အလင်းစအနည်းအကျဉ်းနှင့် မှုန်ပျပျမျှသာ။ ။

... ... ...

Sunday, August 16, 2009

စာမေးပွဲ ကျတဲ့နေ့

အဲဒီနေ့က ...
သုညတွေ မွန်းကျပ်နေကြတယ် ...။

မျက်လုံးပေါင်းများစွာ ၀မ်းသာ ၀မ်းနည်း
ကြေကွဲ ဆွေးမြေ့ ပျော်ရွှင် ကြည်နူး
ငါ့အိပ်မက်တွေ ရေဖြစ်တဲ့နေ့ ...
ငါ့ကျိန်စာတွေ သီချင်းလုပ်ဆိုတဲ့နေ့ ...။

အမှိုက်အိတ်ကြီးလို ခံစားရတယ် ...
အသုံးမကျတဲ့ အရာတွေ အထည့်ခံရပြီး
နောက်ဆုံးကျ ကိုယ်တိုင် အမှိုက်ဖြစ်ရတာပဲလေ။

ငါက ဖိနပ်တစ်ဖက်လား? ဖျာတစ်ချပ်လား?
ဓါးတစ်ချောင်းလား? ဂစ်တာတစ်လက်လား?
မိုးတိမ်တစ်စလား? ကြယ်တစ်စင်းလား?
အဲဒီနေ့က ငါ့စိတ်တွေ မရေမရာနဲ့
ရေရေရာရာပဲ အောက်ဆုံးကို လွှင့်မျှောပြုတ်ကျ ...။

ငါဘာမှားလို့လဲလို့
ကိုယ့်ကိုကိုယ် ပြန်မေးလို့ မရလောက်အောင်
ကံကြမ္မာက ကျယ်လွန်းတယ်။

ဘုရားသခင်က ကြွေအံ မကစားပေမယ့်
အဲဒီနေ့က နတ်ဆိုးတွေ နိုင်သွားကြတာ သေချာပါတယ်။ ။

Tuesday, August 11, 2009

သူငယ်ချင်း ၀တ္တုတိုလေးများ


နိဒါန်း
သတိပေးချက် ။ ။ ဤအရာသည် ၀တ္တုတစ်ပုဒ် ဖြစ်ပါသည်။ ထို့ကြောင့် သင်တို့၏ သိပ္ပံနည်းကျ အတွေးအခေါ်များအား အပြင်ဘက်၌ ခတ္တခဏ ချွတ်ထားခဲ့ကြပါကုန်။

(၁)
ဆေးစက်ရောင်စုံ စွန်းထင်းနေတဲ့ ခပ်ညစ်ညစ် ပန်းချီကားလေးတစ်ချပ်နဲ့ အဖြူရောင်သက်သက် ရှင်းသန့် စင်ကြယ်တဲ့ ပန်းချီကားလေးတစ်ချပ်တို့ သူငယ်ချင်း ဖြစ်သွားကြတယ်။
“ငါနဲ့ ဝေးဝေးနေပါလားကွာ ... ခပ်ညစ်ညစ်ဆေးစက်တွေ နင်ရဲ့ အဖြူရောင်ထဲကို စွန်းပေသွားမှာ မကြောက်ဘူးလား ....”
“ဖြစ်နိုင်ရင် .... နင့်ရဲ့ ဆေးစက်တွေကိုတောင် ငါ ဝေမျှ ယူချင်ပါတယ် ....”

(၂)
ထိုကောင်လေးနှင့် ကောင်မလေးသည် သူငယ်ချင်းများ ဖြစ်ကြ၏။
ကောင်လေး ။ ။ “ဟိတ် ... နင်သိလား”
ကောင်မလေး ။ ။ “ဘာလဲ?”
ကောင်လေး ။ ။ “ပင်လယ်ကြီးနဲ့ ကောင်းကင်က သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေတဲ့ဟ”
ကောင်မလေး ။ ။ “ဟုတ်လား! ဘယ်တုန်းက သူငယ်ချင်း ဖြစ်သွားတာလဲ?”
ကောင်လေး ။ ။ “ကြာပြီဟ ... ကမ္ဘာဦးအစကတည်းကပဲ”
ကောင်မလေး ။ ။ “နင်က ဘယ်လို သိတာလဲ?”
ကောင်လေး ။ ။ “သူတို့က အင်္ကျီ ဆင်တူလည်းဝတ်တယ် ... ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် မျက်စိအောက်က အပျောက်မခံကြဘူးလေ ...”

(၃)
ထိုကောင်လေးနှင့် ကောင်မလေးသည် သူငယ်ချင်းများ ဖြစ်ကြ၏။
ကောင်လေး ။ ။ “ဟိတ် ... နင်သိလား”
ကောင်မလေး ။ ။ “ဘာလဲ?”
ကောင်လေး ။ ။ “နေ့အလင်းနဲ့ ညအမှောင်ကလည်း သိပ်ချစ်တဲ့ သူငယ်ချင်းတွေပဲတဲ့”
ကောင်မလေး ။ ။ “ ဟုတ်လို့လားဟာ ... နင်ကလည်း ... အလင်းနဲ့ အမှောင်က ဘယ်တုန်းကများ မျက်နှာချင်းဆိုင်လို့ ရလို့လဲ ...”
ကောင်လေး ။ ။ “ငါပြောတာက အလင်းနဲ့ အမှောင်မဟုတ်ဘူး ... နေ့ရဲ့ အလင်းနဲ့ ညရဲ့ အမှောင်ကို ပြောတာ ...”
ကောင်မလေး ။ ။ “ ထားပါတော့ ... ဘယ်တုန်းက ဖြစ်သွားတာလဲ?”
ကောင်လေး ။ ။ “အဲဒါလည်း ကမ္ဘာဦးအစကတည်းကပဲတဲ့ဟ”
ကောင်မလေး ။ ။ “လုပ်ပြန်ပြီ ... နင်က ဘယ်လို သိတာလဲ?”
ကောင်လေး ။ ။ “နင်ကြည့်ပါလား ... ညတစ်ခုကုန်လို့ နေ့တစ်နေ့ကို ရောက်တော့မယ်ဆိုရင် အလင်းရောင်က ၀ုန်းကနဲ ရောက်မလာဘူးလေ ... တဖြည်းဖြည်း မှောင်ရာကနေ လင်းလာတယ် ... အဲဒီလိုပဲ ညအမှောင်ကလည်း ညရောက်တော့မယ်ဆိုရင် တဖြည်းဖြည်းပဲ လင်းရာက မှောင်သွားတယ် မဟုတ်လား ...”
ကောင်မလေး ။ ။ “ ဟုတ်သားပဲ ... အဲဒါနဲ့ သူတို့က သူငယ်ချင်း ဖြစ်ရောလား ...”
ကောင်လေး ။ ။ “ ဒီလိုဟ ... သူတို့က သူငယ်ချင်းတွေဆိုပေမယ့် အတူယှဉ်တွဲပြီး နေလို့မရဘူးလေ ... တစ်ယောက်ရောက်လာရင် တစ်ယောက်က ထွက်သွားရမှာ မဟုတ်လား ... အဲဒါနဲ့ တစ်ယောက်ကို တစ်ယောက် ငဲ့ညှာပြီး နေ့အလင်း လာရင်လည်း ဖြည်းဖြည်းလေးလာတယ် ... အဲဒါမှ ညအမှောင်ကလည်း ဖြည်ဖြည်းလေး ထွက်သွားရမယ်လေ ... ညရောက်တော့မယ် ဆိုရင်လည်း ဒီလိုပဲလေ ... သူတို့ နှစ်ယောက်က အရမ်းခင်ကြတော့ အဲဒီလို မျက်နှာချင်း ဆိုင်လို့ရတုန်းလေးခဏမှာ စကားတွေ အများကြီး ပြောကြတယ်တဲ့ ...”

(၄)
ထိုကောင်လေးနှင့် ကောင်မလေးသည် သူငယ်ချင်းများ ဖြစ်ကြ၏။
ကောင်လေး ။ ။ “ဟိတ် ...”
ကောင်မလေး ။ ။ “ဘာလဲ?”
ကောင်လေး ။ ။ “ဒီနေ့ နင့်မွေးနေ့မဟုတ်လား”
ကောင်မလေး ။ ။ “ဟုတ်တယ်လေ ...”
ကောင်လေး ။ ။ “ရော့ ... နင့်အတွက် မွေးနေ့လက်ဆောင်”
ကောင်မလေး ။ ။ “ ပေး .....”
ထိုကောင်မလေးသည် ကောင်လေးပေးသော မွေးနေ့လက်ဆောင်ကို ယူ၍ ဖွင့်ကြည့်လိုက်လေသည် .....။

(၅)
ကောင်မလေး မွေးနေ့အတွက် သူ့သူငယ်ချင်း ကောင်လေး ပေးသော မွေးနေ့လက်ဆောင်မှာ ..... ..... ..... ..... .....
သင်လည်း ဖတ်ပြီးပါပြီ။

နိဂုံး
ဤတွင် ၀တ္တုပြီး၏။ သင်တို့၏ သိပ္ပံနည်းကျ အတွေးအခေါ်များအား မမှားအောင် သေချာဂရုတစိုက်စီး၍ ပြန်ကြပါကုန်။ ။


Wednesday, August 5, 2009

တာရာမင်းဝေ =

သူဟာ လမ်းပြသူသက်သက်မဟုတ်ဘူး
..... ..... လမ်းဖောက်သူဖြစ်တယ် .....။
သူဟာ နောက်လိုက်တစ်ယောက်မဟုတ်ဘူး
..... ..... ဦးဆောင်သူဖြစ်တယ် .....။

ပလေတိုရဲ့ မှန်ကွဲစတွေပေါ်
နင်းကျော် ဖြတ်လျှောက်ရင်း
ရှေ့ဆုံးက သွားနှင့်သူ .....
ကြယ်မြင် လမြင် လောကဓံကို
ဟားတိုက်ရယ်မောရင်း
ကျောက်သားပေါ် ထွင်းထုခဲ့တဲ့
လူငယ်တစ်ယောက်ရဲ့ ရာဇ၀င် .....။

သူဟာ ပန်းတစ်ပွင့်မဟုတ်လို့
နောက်တစ်ကြိမ် ပြန်ပွင့်ခွင့် မရပေမယ့်
ထာဝရ မွှေးပျံ့နေမယ့် ရနံ့တွေကို
ကမ္ဘာမြေအတွက် ချန်သွားခဲ့သူ .....။

သူပြောခဲ့တဲ့ စကားအတိုင်း
သူဟာ အနုပညာသမား မဟုတ်
သူကိုယ်တိုင်က အနုပညာ ဖြစ်တယ် ....။

တာရာမင်းဝေ = အနုပညာ
အနုပညာ = ထာဝရ ရှင်သန်ခြင်း
တာရာမင်းဝေ = ထာဝရ ရှင်သန်ခြင်း ။ ။

(ဆရာတာရာမင်းဝေ ကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အမှတ်တရ)

ဒီကဗျာလေးနဲ့အတူ ဟိုးတုန်းက ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ အလွမ်းပြေ တင်ပေးလိုက်ပါတယ်။ အဲဒီကဗျာလေးကတော့ ကိုအောင်ဒင် စီစဉ်တဲ့ တာရာမင်းဝေ အမှတ်တရ စာစုများ စာအုပ်ထဲမှာ ပါတဲ့ ကဗျာလေးပါ။

ထာဝရလင်းမယ့် တာရာသို့

ဆိုင်းသံဗုံသံမပါပဲနဲ့
ခင်ဗျားထွက်သွားတဲ့နေ့က
မိုးတွေညို့နေလိုက်တာ...။

တာဝန်ကျေခဲ့ပါတယ်ဆိုတာထက်
ပိုပြီးတန်ဖိုးရှိအောင်
ခင်ဗျားနေထိုင်ခဲ့တာပါ။

လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေ
မိုးလိုခေါင်နေတဲ့ခေတ်မှာ
ခင်ဗျားတီးပြခဲ့တဲ့ဗုံသံတွေက
အားမာန်အစစ်ဖြစ်စေခဲ့တယ်။

အလံမထူခဲ့တဲ့လက်တွေနဲ့
ဘယ်လက်ထဲမှာဝှက်ထားတဲ့ပုံပြင်တွေကို
မပြောနိုင်တော့ပေမယ့်
မနက်ဖြန်မှာထားခဲ့တဲ့
ခင်ဗျားရဲ့မျက်နှာကို
အဆုံးမရှိအနာဂတ်များစွာတိုင်
လူနံပါတ် ၁၃ အဖြစ်နဲ့
မြင်ယောင်နေကြဦးမှာပါ...။

ခင်ဗျားရေးခဲ့တဲ့
သံသရာတေးသွားထဲကလို
ယမမင်းဆီမှာ နီကိုရဲနဲ့တွေ့ရဲ့လား?
ဒါပေမယ့်သေချာပါတယ်
ခင်ဗျားက ဘယ်သူ့ရဲ့ထိုင်ခုံကိုမှ
အတင်းအဓ္ဓမ မလုခဲ့ဘူးဆိုတော့
ကောင်းရာမွန်ရာကိုပဲရောက်ရမှာပေါ့...။

ခင်ဗျားထားခဲ့တဲ့
ကျနော်တို့နေတဲ့နိုင်ငံက
ခင်ဗျားမမြင်လိုက်ရတဲ့
ရွှေဝါရောင်တော်လှန်ရေးအကြောင်း
ခင်ဗျားကိုပြောပြချင်လိုက်တာ။

အာဏာရူးဖက်ဆစ်လက်သစ်တွေရဲ့
ရက်စက်မှုတွေ ... ရိုင်းပျမှုတွေ ...
အို...အစ်ကိုရွှေဘုန်းလူ
ကြုံတဲ့အခါခင်ဗျားရဲ့အိပ်မက်တွေနဲ့
မြင်းစီးထွက်ပြီးကြည့်လှည့်ပါဦး။ ။

(ဆရာ တာရာမင်းဝေ သို့ အမှတ်တရ)



Thursday, July 30, 2009

ဖုန်းသရဲ

(၁)
(အဲဒီမှာ တယ်လီဖုန်း တစ်လုံး ရှိတယ် ...။)
ကျောင်းပိတ်ခါနီး ဂီတသံတွေက ခွဲခွာခြင်းရဲ့ ပြယုဂ်တချို့လည်းဖြစ်ရဲ့။ အလွမ်းတိမ်တိုက်မဲမဲတွေ ကျွန်တော့်ရင်ဘတ်ရဲ့ အနောက်တောင်ထောင့်ဆီကနေ ထစ်ချုန်းသံမပေးပဲ တိတ်တိတ်လေး ၀င်ရောက်လာနေပြီလေ။ ဟုတ်တယ် ... မကြာခင်မှာ နှလုံးသားရှိသူတိုင်းရဲ့ ရင်ဘတ်ဆီ အလွမ်းမိုးရေစက်တွေ တဖွဲဖွဲ ရွာသွန်းလာလိမ့်မယ်။
"ကျောင်းက တစ်လပဲပိတ်မှာပါ ... ကျောင်းပြန်ဖွင့်ရင် ပြန်တွေ့ကြရမှာပဲ"
ကျွန်တော့်အတွက်တော့ ကျောင်းပိတ်ချိန်တစ်လဟာ တစ်ကမ္ဘာလောက်ကြာတယ်ထင်ရတဲ့အကြောင်း သူသိသင့်ပါတယ်။ အဲဒီလိုပါပဲ။ ကျွန်တော့်ရဲ့ သစ်သီးချိုလေးက အရာတိုင်းကို ခပ်ပေါ့ပေါ့နေတတ်တယ်။
ကျွန်တော် စက္ကန့်တိုင်း သူ့ကို လွမ်းနေမယ့်အကြောင်း ပြောပါတယ်။ ကောင်မလေးရဲ့မျက်ဝန်းတွေ ဟက်ဟက်ပက်ပက် ရယ်မောတယ်။ ကျွန်တော် ငေးကြည့်နေရင်းနဲ့ ဇူလိုင်လမှာ စက္ကန့်ပေါင်း နှစ်သန်းခြောက်သိန်း ခုနှစ်သောင်းရှစ်ထောင့်လေးရာ ရှိကြောင်းကို မပြောလိုက်မိဘူး။
အဲဒီကာလက နာရီတွေ ဆိုးခဲ့ကြတယ်...။ သူငယ်ချင်းလည်းမက ချစ်သူလည်းမကျတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ခွဲခွာချိန်ဟာ အေးစက်စက်နဲ့။ ကျွန်တော့်ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားတယ်။ မရက်စက်လိုက်ပါနဲ့ ကံကြမ္မာရယ် ...။ အလွမ်းတွေ မီးလောင်ရင် ဘယ်ဆောင်းမှ နှင်းကျတော့မှာ မဟုတ်ဘူး။

(၂)
"ငါ သတိရရင် ဖုန်းဆက်မှာပေါ့ဟာ ... နင်သာ ဘယ်မှမသွားနဲ့"
(အဲဒီမှာ တယ်လီဖုန်းတစ်လုံးရှိတယ်...။ အဲဒီ တယ်လီဖုန်းဘေးမှာ မိုးရေတွေ ရွှဲနေတဲ့ ကောင်လေးတစ်ယောက် ငုတ်တုပ်ထိုင်နေတယ်။)
ဖုန်းဘေးမှာ စောင့်နေရင်း ကျောင်းပိတ်ခါနီး ဂီတသံတွေ ပြန်မြင်နေမိတယ်။ ကျွန်တော့်ဘ၀မှာ အချိုမြိန်ဆုံး သစ်သီးလေးတစ်လုံးရဲ့ စကားသံ ချိုချိုလေးကို ပြန်လည်စားသုံးမိတယ်။ စိတ်ကူးထဲမှာပေမယ့် အရသာက သိပ်မကွာလှပါဘူး။
အဲဒီစကားလေးတွေနဲ့ပဲ ကျွန်တော့်မှာ ပီတိတွေဖြစ်လို့။ နယ်မြို့လေးဆိုတော့လည်း ဟန်းဖုန်းတွေ ဘာတွေလည်း မရှိ။ အိမ်က တယ်လီဖုန်းလေး နေကောင်းပါစေလို့ ဆုတောင်းတတ်တဲ့ ကျွန်တော့်ကို သူငယ်ချင်းတွေက 'ငကြောင်' တဲ့။ မင်းနဲ့ ပတ်သက်ရင် ငါဟာ ကြောင်ရုံတင်မကဘူး၊ အတော်လေးကို ရူးသွပ်နေသူပါ သစ်သီးချိုလေးရယ်။
လွမ်းလိုက်တာ ကောင်မလေးရေ ...။ ဖုန်းလာရင်တော့ အလွမ်းရဲ့ ခါးသီးမှုတွေကို စကားသံချိုလေးတွေက အနိုင်ယူသွားကြလိမ့်မယ် ထင်တယ်။
[အိပ်မက် = "မင်းကိုကြည့်ရတာ သနားလိုက်တာကွာ ... ထမင်းလည်းမစား၊ ရေလည်းမသောက်ပဲ ငါ့ဘေးမှာချည်း ထိုင်စောင့်နေတယ်။ သွားပါ ... အေးအေးဆေးဆေးနေပါကွာ ... အရင်ကလည်း ဖုန်းလာရင် ငါလှမ်းအော်နေကျပဲ"
ဖုန်းဘေးမှာ အမြဲထိုင်စောင့်နေတတ်တဲ့ ကျွန်တော့်ကို သနားသွားလို့ထင်တယ်။ ဘေးက တယ်လီဖုန်းက ကရုဏာအပြည့်နဲ့ ကျွန်တော့်ကို ပြောတယ်။
"အခုလာမယ့်ဖုန်းက ငါ့ဘ၀ရဲ့ အရမ်းအရေးကြီးတဲ့ ဖုန်းကွ၊ ဘယ်သူဘာပြောပြော ငါကတော့ ဆက်စောင့်ရမှာပဲ ... ဘာမှ လာသနားမနေနဲ့"
ရုတ်တရက် ဒေါသထွက်သွားတဲ့ တယ်လီဖုန်းက ကျွန်တော့်ကို ပြန်ပြောလိုက်တယ် ...
"နေပေါ့ကွာ ... ငါက စေတနာနဲ့ပြောတာကို၊ ဒီပုံအတိုင်းသာ မင်းဆက်စောင့်ရင် မင်းသေလိမ့်မယ်"
"ဟား ဟား ငါမသေခင် ငါ့သစ်သီးချိုလေးဆီက ဖုန်းလာမှာပါကွ ... မင်း စောင့်ကြည့်"]
ဒီလိုပါပဲ ... ကျွန်တော်ဆိုတဲ့ကောင်က အိပ်မက်ထဲအထိ တယ်လီဖုန်း စောင့်နေတာပါ။ သူသတိရတဲ့အခါ ဖုန်းလာလိမ့်မယ် ထင်တာပဲ။ သစ်သီးချိုကောင်မလေးရေ ...။ ငါကိုက ယုံကြည့်လွန်းပါတယ်ကွယ်။

(၃)
အလွမ်းတွေကလည်း အုံ့မှိုင်းနေတာ ကြာပါပြီကော။ နေမင်းကြီးလည်း အရှေ့ကနေ အနောက်ကို လျှောက်နေလိုက်တာ ခဏခဏပဲ။ အင်္ကျီအနီလေးတောင် အလွမ်းတွေနဲ့ စိုရွှဲလို့။ ဒီလိုနဲ့ ကျွန်တော့်မှာ ညမရှိတာ ကြာခဲ့ပါပြီ။
ကောင်မလေးရေ ...။ ငါ့နှင်းဆီခင်းတွေ ခြောက်သွေ့ကွဲအက်တော့မယ်ကွဲ့။ ယုံကြည်မှုတွေ တစစ ပြိုကျ။ ငါ့နှလုံးသားဟာ ရိုးပြတ်တွေထဲမှာ ကန်ခံရတဲ့ ဘော်လုံးတစ်လုံးလို နာကျင်ကြေမွလို့။ ငါရင်ခုန်ရတာ ခါးလွန်းတယ်ကွယ်။
မျှော်လင့်ချက် နဲနဲလေးတွေနဲ့ပဲ တစ်ရက်ပြီးတစ်ရက်။ လမင်းကြီးလည်း ကမ္ဘာကို တစ်ပတ်ပြည့်အောင်ပတ်ဖို့ အရှိန်ယူကောင်းတုန်း။ မိုးတွေကလည်း ထစ်ချုန်းသံ ပေးတလှည့် မပေးတလှည့်နဲ့ သည်းသည်းမည်းမည်း။ ကျွန်တော်ကတော့ ဖုန်းဆက်စောင့်တုန်းပေါ့။ ဖုန်း ... ဆက် ... စောင့် ... တုန်း .... ။ ။
(ဇာတ်လမ်းကလေးကတော့ ဒါပါပဲ။ ဇာတ်လမ်းမဆုံးလိုက်ဘူး မထင်ပါနဲ့။ ဇာတ်သိမ်းသွားပါတယ်။ ဇာတ်ပေါင်းတော့ ... သစ်သီးချိုလေးဆီက ဖုန်းမလာပါဘူး။ အဲဒီမှာ တယ်လီဖုန်းကြီးပြောတဲ့အတိုင်း အဲဒီဇာတ်လိုက်ဟာ ဖုန်းစောင့်ရင်း အညောင်းမိပြီး အစာအိမ်မှိုတက် သေသွားပါသတဲ့ ...။
သြော် ... ပြောရဦးမယ် ...
အဲဒီမှာ တယ်လီဖုန်းတစ်လုံးရှိတယ်။ အဲဒီ တယ်လီဖုန်းက မကြာခဏ ကလင် ကလင် နဲ့ ထ ထ မြည်နေတတ်လေရဲ့ ...။)

Friday, July 24, 2009

ပန်းဝင်စား

ငါဟာ ရနံ့တွေကို
လျှို့ဝှက်မထားတတ်ခဲ့လို့
ရင်ကွဲသေဆုံးခဲ့ရတဲ့
ခပ်ညံ့ညံ့ ပန်းတစ်ပွင့်ရယ်ပါ ...။

ရိုးရိုးလေးပါပဲ ...
မာယာကင်းလွန်းတဲ့
နင့် အပြုံးရင်ခွင်ထက်ကို
ကြွေကျ သက်ဆင်းမိတာပါပဲ ...။

ဖြစ်နိုင်ချေနည်းလွန်းတဲ့
မျှော်လင့်ချက် အပိုင်းအစလေးတွေကိုတောင်
ပြန်လည် ယူဆောင်သွားတဲ့
ငါ့ရဲ့ ... အဖြူရောင် လေ(ပြည်) လှိုင်း ရေ .....။

နင် မနမ်းရှိုက်ချင်ခဲ့တဲ့
တစ်ခြမ်းပဲ့ ရနံ့လေးတွေကို
ရင်ခွင်ရဲ့ ဟိုးအနက်ရှိုင်းဆုံးမှာ
သိုဝှက် သိမ်းဆည်းပြီး
နောက်ဘ၀ထိအောင် သယ်ဆောင်ခဲ့ပါ့မယ်...။

အဲဒီအခါ ...
ကမ္ဘာမှာ အာဒံနဲ့ ဧ၀မတွေ့ခင်
နင်နဲ့ငါ အရင်တွေ့ကြမယ် ... ။ ။

Saturday, July 18, 2009

နောက်ကျနေတဲ့ ကဗျာ


တကယ်ပါ ...
ငါ့မှာ ၀င်ခင်းစရာ
ဖျာလည်း မရှိဘူး
စိတ်လည်း မကူးခဲ့ပါဘူး ... ။

တခါတရံလေးတွေမှာ
လင်းလက်ခဲ့တာက လွဲရင်
ငါက ... အမှောင်မှာ
ကျင့်သားရနေတဲ့
လူစုန်းတစ်ကောင်ပါ ... ။

ရိုးသားခဲ့ပါတယ်လို့တော့
ကိုယ့်ကိုကိုယ်တောင် မညာချင်ပါဘူး။

သေချာတာကတော့
ငါက လေတိုက်တိုင်းမယိမ်းသလို
မိုးရွာလို့လည်း ရေခံဖို့ မေ့နေသူပါ။

အဲဒီမှာ ...
တိမ်လိုက်စီးချင်တဲ့ ကောင် ...
သက်တန့်ခုံးပေါ်မှာ
ယိုင်နဲ့စွာ ရပ်လို့ ... ။ ။

Monday, July 13, 2009

The Voice Weekly ဂျာနယ်မှ ကောက်နှုတ်ဖော်ပြချက်

The Voice Weekly ဂျာနယ်တွင် ဖော်ပြခဲ့သော နိုင်ငံရေးဆောင်းပါးများနှင့် ပတ်သက်၍ စွပ်စွဲချက်ပေါင်းများစွာကို စာရေးသူတို့ ရရှိခဲ့ပါသည်။ “နိုင်ငံရေးဆိုတာ ပြည်သူလူထုမပါလို့ မရဘူး။ ပြည်သူလူထုမကြိုက်တဲ့ အယူအဆကို ပြောနေတဲ့ နိုင်ငံရေးဟာ ဘယ်မှ မရောက်ဘူး။”ဟု ပြောဆိုမှုများ ရှိပါသည်။
အမှန်အားဖြင့် The Voice Weekly တွင်ဖော်ပြနေသော နိုင်ငံရေးဆောင်းပါးအားလုံး၏ ပထမဦးစားပေးရည်ရွယ်ချက်မှာ Rule of the game ကို ရှင်းပြရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး ရေခံမြေခံ ပေးထားချက်ကို ကြည့်လျှင် Rule of the game ကို ပြည်သူလူထုက ပြဋ္ဌာန်းခြင်းမဟုတ်ပဲ Guardian ဖြစ်သူ တပ်မတော်က ပြဋ္ဌာန်းနေခြင်း ဖြစ်ပါသည်။ နိုင်ငံရေးတို့၏ထုံးစံအတိုင်း Game Plan ကို ရှင်းရှင်းလင်းလင်း မမြင်သာသည်ဖြစ်ရာ စာရေးသူတို့က မည်သို့သော Rule of the game ဖြစ်သည်၊ မည်သို့သော Game Plan ဖြစ်လိမ့်မည်ဟု ရှင်းလင်းတင်ပြနေခြင်း ဖြစ်ပါသည်။ လက်ရှိ Game Plan သည် ‘စနစ်ပြောင်း၊ အုပ်ချုပ်သူမပြောင်း’ ဖြစ်ကြောင်း ‘စာဖတ်သူများသို့’ ဟု အမည်ပေးထားသော ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါသည်။ (ရှင်းလင်းတင်ပြခွင့် ရနေသေးသည်ကိုပင် ကျေးဇူးတင်ပါသည်။)
ပို၍ရှင်းအောင်ပြောရလျှင် စာရေးသူတို့၏ရည်ရွယ်ချက်မှာ လက်ရှိဖြစ်ပေါ်လာသော အခြေအနေကို ပေးထားချက်အဖြစ် ကောက်ယူ၍ ပြည်သူများ ဤ Rule of the game အတိုင်း ကစားရလိမ့်မည်။ မည်သို့သော Game Plan ရှိနေသည် ဆိုသည်များကို အခြေအနေပေးသရွေ့ ရှင်းလင်းတင်ပြနေခြင်း ဖြစ်ပါသည်။ ဤ Rule of the game ကောင်း၏၊ ဆိုး၏၊ တရားဝင်၏၊ မ၀င်၏၊ ပြန်လည်၍ Review လုပ်သင့်၊ မလုပ်သင့် Justify(အဆုံးအဖြတ်ပေးနေခြင်း) လုပ်နေခြင်းမဟုတ်ပါ။
စာရေးသူတို့တွင် Justify လုပ်ရန် အခြေအနေမရှိသကဲ့သို့ လက်တွေ့ကျသည်ဟုလည်း မထင်မိပေ။ တစ်နည်းအားဖြင့် ပြောရလျှင် စာရေးသူတို့သည် ဘာသာပြန်ဆရာများသာ ဖြစ်ပြီး ဝေဖန်ရေးစာရေးဆရာနေရာကို ယူနေခြင်းမဟုတ်ပေ။ ဝေဖန်ရေးဆရာအချို့က စာရေးသူတို့ကို ဝေဖန်ရေးဆရာအမှတ်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်ပါသည်။
ပြည်သူလူထုမပါသော နိုင်ငံရေးဖြစ်သွားလျှင် ပဋိပက္ခများ နောက်ထပ် ဆယ်စုနှစ်တစ်ခုစာ ရှည်ကြာသွားနိုင်သောကြောင့် Rule of the game အကြောင်း ပြည်သူလူထုကို ရှင်းလင်းတင်ပြရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။ အမျိုးသားညီလာခံကိစ္စကို ဥပမာအဖြစ် စဉ်းစားလျှင် စာရေးသူတို့ နောက်ထပ် ဆယ်စုနှစ်တစ်ခုစာ နိုင်ငံရေးတည်ဆောက်ရေးအချိန်များကို ဖြုန်းပစ်လိုက်ရန် မသင့်တော်ကြောင်း သင်ခန်းစာ ယူသင့်ပါသည်။ ယခု အခြေခံဥပဒေကို စာရေးသူတို့ ၁၉၉၅ ခုနှစ်က ရရှိခဲ့လျှင် ယနေ့ Rule of the game သည် ယခုထက်ပို၍ စိတ်ဝင်စားစရာ ကောင်းပါလိမ့်မည်။

ယခုတစ်ပါတ် The Voice Weekly ဂျာနယ် Vol.5/No.36 ပါ ဆရာအောင်ထွဋ်ရေးသားသော ဘာသာပြန်ဆရာနှင့် ဝေဖန်ရေးဆရာ အမည်ရှိ ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြချက် ဖြစ်ပါတယ်။ ကျွန်တော် ဖတ်မိသမျှထဲက သူငယ်ချင်းတွေကို ဝေမျှပေးချင်တဲ့ စေတနာနဲ့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီအတွက် ဆရာအောင်ထွဋ်ကို အသိမပေးပဲနဲ့ (ဘယ်လို ဆက်သွယ် အသိပေးရမလဲ မသိတဲ့ အတွက်) ဆရာနားလည် ခွင့်လွတ်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အပြည့်အစုံ ဖတ်ချင်ရင်တော့ ဂျာနယ်ကို ရှာဖတ်စေချင်ပါတယ်။

Tuesday, June 23, 2009

ပြန်လွတ်ပေးကြပါ(သီချင်း)

ခြင်ထောင်ချပြီး အသံသွင်းထားတဲ့သီချင်းကို တင်ပေးလိုက်ပါတယ်။ အောက်က သီချင်းစာသားနဲ့ တွဲဖက်ခံစားနိုင်အောင်လို့ပါ ... မလုပ်တတ် လုပ်တတ်မို့ နားထောင်လို့ အဆင်မပြေရင် တောင်းပန်ပါတယ်။


pyanlootpay.mp3 -

Friday, June 19, 2009

ပြန်လွတ်ပေးကြပါ

ပြန်လွတ်ပေးကြပါ


တေးရေး - နွေဆူးလင်္ကာ
Key - C
Intro : C Am F G_ _ o

.............................. C .......................................... Am
verse 1 : ကြည်လင်တဲ့မိုးသားကောင်းကင်ထက်မှာ ဟိုတချိန်ကပျော်မြူးခဲ့ကြတာ
.............. F .................................... G
.............. ငှက်ကလေးပေါင်းများစွာ တေးသံချိုသာ
..................... C .................................. Am
............... ဒီလိုနဲ့ဆိုးဝါးလွန်းတဲ့ တစ်နေ့မှာ လေထန်မုန်တိုင်းကြီးကျလာ
.............. F .................................... G
.............. ငှက်ကလေးများလည်း သွေးပျက်ခြောက်ခြား
..................... Am .......... Em .............. F .............. C
.............. ဒီအချိန်မှာ ချိုးဖြူငှက်ကလေးတစ်ကောင် လမ်းပြခေါ်ဆောင်ကာ
....................... F ............. G ......... C .......... Go
............... လုံခြုံအေးချမ်းလှတဲ့ သစ်ပင်ကြီးဆီရောက်လာ

verse 2: ကယ်တင်ရှင်ချိုးငှက်ကလေးကဦးဆောင်ညီညာတဲ့ငှက်ကလေးများဟာ
............. လွတ်လပ်စွာ ပျော်ရွှင်လှုပ်ရှား
............. ဒီလိုနဲ့ဆိုးဝါးလွန်းတဲ့ တစ်နေ့မှာ လူမဆန်တဲ့မုဆိုးကြီးများဟာ
............. ပိုက်ကွန်များနဲ့ ပစ်ခတ်ကာ အဖမ်းမှာ
............. ဒီအချိန်မှာ ချိုးဖြူငှက်ကလေးဟာ အားလုံးရဲ့ အနစ်နာခံကာ
............. ခိုင်မာကြီးမားလှတဲ့ ပိုက်ကွန်ထဲကို တိုးဝင်

........................ C ..................................... Am
Chorus : ကျွန်တော်တို့ ချိုးငှက်ကလေးကို ပြန်လွတ်ပေးကြပါ
........................ F .................... G
............. ကျွန်တော်တို့ ဘ၀ရဲ့ လမ်းပြကြယ်လေးပါ
............. Am ...... Em .......... Am ......... Em
............. အမှောင်တွေ လာတုန်းက မုန်တိုင်းကြမ်းတုန်းက
...................... F ............ G ............. C ... Go
............. ကျွန်တော်တို့ အားကိုးရတဲ့ မီးအိမ်ရှင်လေးပါ

................ C ............. G ... Am ....... Em ....... F .......... G ... C G
preCho: တချို့ငှက်ကလေးများ အဝေးကိုပြေးသွား တချို့လည်း ပိုက်ကွန်ထဲမှာ မိကြရှာ
................ C .......... G ...... Am ...... Em ....... F ........ G ... C Go
...... ဒါပေမယ့် အားလုံးရဲ့နှုတ်က အမြဲတမ်း တမ်းတ တချိန်မှာ လွတ်လပ်ခြင်းကို ရကြမှာ

..... ....... ........ .......... ........ ..........

သီချင်းစာသားပဲတင်ပေးလိုက်ပါတယ်။ ရေးထားတာကတော့ group song အဖြစ်ရေးထားတာပါ။ သံစဉ်သိချင်ရင်တော့ ကျွန်တော့်အသံဆိုးကြီးနဲ့ တစ်ယောက်တည်းဆိုထားတဲ့ အကြမ်းသီချင်းသံပဲ ရှိပါတယ်။ သိတယ်မဟုတ်လား .. ရွာမှာဆိုတော့ studio လည်းမရှိဘူး။ အကြည်တော် ၀တ္တုထဲကလို ခြင်ထောင်ချပြီး အသံဖမ်းထားတာ။ အခုတခါတည်းတင်မထားတာက လာတည်တဲ့သူတွေ ဖွင့်နားထောင်မိရင် ကျွန်တော့်အသံကြီးကြားပြီး ဒီတစ်သက် ဒီဘလော့ဂ်နဲ့ အပြတ်ပဲ ဖြစ်သွားမှာစိုးလို့ပါ:-) ကိုယ့်ကိုကိုယ် ခံနိုင်ရည်ရှိတယ်ထင်သူတွေကတော့ နားထောင်ရဲရင် cbox မှာဖြစ်ဖြစ် ၊ comment မှာဖြစ်ဖြစ်၊ ကျွန်တော့်ကို တိုက်ရိုက်ဆက်သွယ်လို့ပဲ ဖြစ်ဖြစ် တောင်းယူနားဆင်နိုင်ပါကြောင်း၊ နားထောင်ပြီး ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေအတွက် တာဝန်မယူပါကြောင်း ...... ။ ။

Friday, June 12, 2009

သတင်းစာ ရှင်းလင်းပွဲ

မုသားတွေနဲ့ အသားကျနေတဲ့ မြို့ပျက်ကြီးထဲမှာ ပါးစပ်ကြီးတွေ ထင်ရာစိုင်းနေကြတယ်...။
အဲဒီထဲမှာမှ မုသားအများဆုံး ငုံထားတဲ့ ပါးစပ်ကြီး နှစ်ခု သုံးခုက သတင်းစာ ရှင်းလင်းပွဲလုပ်သတဲ့ ...။
သူတို့ရဲ့ ဆရာကြီးတွေက သူတို့အတွက် ကျင့်ကြံ လုပ်ဆောင်စရာ ဆောင်ပုဒ်တွေရေးပြီး လည်ပင်းမှာ ချိတ်ဆွဲ ... ခေါင်းထဲကို ရိုက်ထည့်ပေးလိုက်ကြတယ်။ သတင်းစာရှင်းလင်းပွဲမှာ မျက်စိကြီးတွေ မှိတ်ပြီး သူတို့ ပြောတာက ...
“ခင်ဗျားတို့က ... မေးချင်တာ မေး ...
ကျုပ်တို့က ဖြေချင်မှ ဖြေမယ် ...။”
“ခင်ဗျားတို့က ... မေးသင့်တာ မေး ...
ကျုပ်တို့က ဖြေချင်သလို ဖြေမယ် ...။”
“ခင်ဗျာတို့ကို မေးခိုင်းထားတာ မေး ...
ကျုပ်တို့က အားရပါးရကြီးကို ဖြေပစ်လိုက်ဦးမယ် ...။”

ဒီဝတ္တုတိုလေးနဲ့အတူ ၁၀.၉.၂၀၀၈ တုန်းက တင်ခဲ့တဲ့ ၀တ္တုတိုအဟောင်းလေးကို ပြန်တင်လိုက်ပါတယ်။

“လင်္ကာကြီးချော”

မိတ်ဆွေကသူ၏ ကိုယ်တိုင်ရေး ဆိုသော လင်္ကာတစ်ပုဒ်လာပြ၏။
"........ ........ ........"
"ဟင် ... ခင်ဗျားဟာကလည်း တချို့အချက်တွေက မဖြစ်နိုင်ဘူးထင်တယ်ဗျ..."
ကျွန်တော်က စိတ်ထဲရှိသည့်အတိုင်းဝေဖန်မိသောအခါ ထိုမိတ်ဆွေကပြန်ပြောသည်။
"ဟဲ ဟဲ.. ဒီလောက်တော့ရှိမှာပေါ့ဗျာမုသား မပါလင်္ကာမချောတဲ့ဗျ..."
"ဪ ဒီလိုလား ... အင်း အင်း ဟုတ်ပြီ"
နောက်တစ်နေ့ကျ ကျွန်တော်၏ကိုယ်တိုင်ရေးလင်္ကာကို သူ့အားပြလိုက်သည်...။
"... ..... .... ..... ...."
ထိုမိတ်ဆွေကဒေါသတကြီးနှင့် ...
"ဘာတွေလဲဗျာ ခင်ဗျားဟာက မဖြစ်နိုင်တာတွေချည်းပဲ...."
"ဟင်... ခင်ဗျားပဲမုသားမပါလင်္ကာမချောဆိုဗျ ... အဲဒါကြောင့် အချောတကာ့အချောဆုံးလင်္ကာကြီး ဖြစ်သွားအောင် မုသား တွေချည်းရေးထည့်လိုက်တာပေါ့ဗျ.. ဟဲ... ဟဲ"
ရှူးသိုးသိုးနှင့် ထိုမိတ်ဆွေလှည့်ပြန်သွားသောအခါသူကြားအောင် ကျွန်တော်အော်ပြောလိုက်သည်...
"ကျွန်တော် စကားပုံကို ပြင်ထားတယ်ဗျ မုသားချည်းပါလင်္ကာကြီးချော လို့မကောင်းဘူးလား"။ ။

Tuesday, June 2, 2009

ကျွန်တော်နှင့်ကြိမ်လုံး

(၁)
ကျွန်တော်တို့အတွက် ကံဆိုးသည့် နှစ်တစ်နှစ် ဖြစ်ပါသည်။ မနှစ်က ခြောက်တန်းနှစ်အထိ ကစားလိုက်၊ နားလိုက်၊ စာသင်လိုက်ဖြင့် လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းခဲ့ကြပါသည်။
နှစ်စဉ် ကြုံတွေ့ခဲ့ရသော အတန်းပိုင်ဆရာမများကလည်း လွန်စွာ သဘောကောင်းကြပါသည်။ ကလေးများကို ခြောက်လန့်ရန် ဝါးခြမ်းပြား ခပ်ငယ်ငယ် တစ်ချောင်းကိုသာ ဟန်ပြ ကိုင်တတ်ကြပါသည်။ အပြစ် အရမ်းကြီးနေမှသာ မလွှဲသာ၍ အလွန်ဆုံး တစ်ချက်နှစ်ချက်သာ ရိုက်တတ်ကြပါသည်။
ယခုနှစ်တွင်တော့ ထိုသို့မဟုတ်တော့ပါ။ ကျွန်တော်တို့အတန်းပိုင်က အလွန်မျက်နှာခက်ထန်သော ဆရာတစ်ယောက်ဖြစ်ပါသည်။ သူနှင့်အတူ ကျွန်တော်တို့အရွယ်နှင့်စာလျှင် အလွန်ကြီးမားသော ကြိမ်လုံးကြီးတစ်ချောင်းလည်း ပါလာပါသည်။
ဆရာ၏ ခန္ဓာကိုယ်အရွယ်အစားက ပုညက်ညက်၊ ပိန်ညောင်ညောင်လေးမို့ လူနှင့်စာလျှင် ကြိမ်လုံးက ပိုထည်နေပါသည်။ အစကတော့ သူ့ကို ကျောင်းသူကျောင်းသားတွေ မလေးစားကြမှာစိုး၍ ကြိမ်လုံးကြီးကို ဟန်ပြကိုင်ထားသည်ဟု ထင်နေကြပါသည်။
သို့သော် ကျွန်တော်တို့ သူငယ်ချင်းတစ်စုမှာ ဆရာ့ကို နာမည်တောင် မသိရသေးခင် ထိုကြိမ်လုံး၏ အရသာကို အရင် မြည်းခဲ့ကြရပါသည်။

(၂)
ထိုနေ့က ကျောင်းစဖွင့်ဖွင့်ချင်းနေ့ ဖြစ်ပါသည်။ လူလည်းမစုံသေး၍ မည်သည့်အတန်းမျှ စာမသင်ကြသေးပါ။ ကျွန်တော်တို့ သူငယ်ချင်းငါးယောက်မှာ နွေရာသီကျောင်းပိတ်ရက် အရှိန်မသေသေး၍ ဘော်လုံးကန် ကောင်းနေကြပါသေးသည်။ ကျောင်းတက်ခေါင်းလောင်းသံ ကြားသော်လည်း ဆရာဝင်ဦးမည်မဟုတ်ဟုထင်ကာ ဆက်ကန်နေကြပါသည်။
“ဟေ့ကောင်တွေ... မင်းတို့ကို အတန်းပိုင်ဆရာကြီးခေါ်နေတယ်”
အတန်းထဲက ကျောင်းသားတစ်ယောက် လာခေါ်နေသောအခါမှ ကျွန်တော်တို့လည်း ဘော်လုံးပွဲကိုရပ်၍ လိုက်ခဲ့ကြပါသည်။ ကြောက်စိတ်တော့ မရှိသေးပါ။ ကျောင်းစဖွင့်သည့်နေ့ ဖြစ်သည့်အပြင် အခြားအတန်းမှ ကလေးများလည်း ဆော့ကစား၍ ကောင်းတုန်းပင် ရှိသေးသောကြောင့် ဖြစ်ပါသည်။
အတန်းထဲကို ဝင်လိုက်သောအခါ ဆရာက ကြိမ်လုံးကြီးကိုင်၍ စောင့်နေပါသည်။
“ဒီကို လာစမ်း ... တန်းစီ ... လက်ပိုက်ထားကြ...!”
ဆရာ့အသံက ညောင်နာနာနှင့် ဩဇာသံမပေါက်ပါ။ ကြိမ်လုံးကတော့ တော်တော်ကြီးပါသည်။ ကျွန်တော်တို့ ဆရာ့ရှေ့တွင် လက်ပိုက်၍ ရပ်လိုက်သောအခါ... ဆရာက...
“ကျောင်းတက်ချိန်မှာ အတန်းထဲမှာမနေပဲ ... မင်းတို့ ဘယ်သွားနေကြတာလ?ဲ တစ်ယောက်ချင်း စတိတ်ပေါ်တက်ပြီး ရှေ့လှည့်စမ်း... !”
“မဟုတ်ဘူး ဆရာ... ဟို... ဟို”
“တိတ်စမ်း ...! ကဲ မင်းအရင်တက်... ဟိုဘက်လှည့် ...”
ကျွန်တော် ရှင်းပြဖို့ ကြိုးစားပါသေးသည်။ ဆရာက စကားဆုံးအောင်ပင် နားမထောင်ပဲ အတင်း စတိတ်ပေါ်တက်ရပ်ခိုင်းကာ တင်ပါးကို ကြိမ်လုံးနှင့် တွယ်ပါတော့သည်။
“ဝှစ်... ဖြောင်း ... !”
“ဝှစ်... ဖြောင်း ...!”
“ဝှစ်... ဖြောင်း ...!”
တစ်ယောက် သုံးချက်စီ တွယ်ခံလိုက်ရပါသည်။ ဖင်လည်း နာပါသည်။ ရင်လည်း နာပါသည်။ ထိုအချိန်ကစ၍ ဆရာ့ကို ရွံကြောက်ကြီး ဖြစ်ခဲ့ရပါသည်။

(၃)
“အားလုံးမှတ်ထားကြ... ငါက... အခုလက်ရှိ မင်းတို့ အတန်းပိုင်ဆရာပဲ... ဒီအတန်းကို တရားဝင် ကိုင်ရမယ့် ဆရာမက သင်တန်းသွားနေလို့ ငါက ခဏ ဝင်ကိုင်နေရတာ... သူပြန်လာရင် ပြန်ပေးလိုက်မယ်... ငါက အတန်းပိုင်တွေ ဘာတွေ လုပ်ချင်တာ မဟုတ်ဘူး... ခေါင်းရှုပ်လို့ ... အေး အထူးသဖြင့် မင်းတို့အတန်း... စာတော့ တော်ပါရဲ့ ... ပညာလေးမှ စုံအောင်တတ်မယ် မကြံသေးဘူး... ဟိုဆရာ့ ပုန်ကန်ချင်... ဒီဆရာ့ မကောင်းပြောချင်နဲ့... ကြပ်ကြပ်သတိထားကြ... ဘယ်လိုပဲဖြစ်ဖြစ်... အခုချိန်မှာတော့ မင်းတို့အတန်းပိုင်ဆရာက ငါပဲ... အဲဒီတော့ ငါထုတ်ထားတဲ့ စည်းကမ်းက မင်းတို့အတွက် စည်းကမ်းပဲ... ဂရုတစိုက် လိုက်နာကြ... တခြားအတန်းတွေ ဘယ်လိုပဲနေနေ မင်းတို့ကတော့ ငါပြောသလို နေရမယ်... ငါ့စည်းကမ်းကို မလိုက်နာတဲ့ကောင်တော့ ကြိမ်လုံးကြည့်ထား...”
အတန်းထဲက ကျောင်းသား ကျောင်းသူတွေ တုတ်တုတ်မျှ မလှုပ်ရဲကြ။ အကြည့်တွေကတော့ ကြိမ်လုံးကြီးဆီပဲ စုပြုံနေကြလေသည်။
စကားတွေ အများကြီး ပြောလိုက်ရ၍ ဆရာ မောသွားဟန် တူပါသည်။ အတန်းထောင့်က ကျွန်တော်တို့ သောက်ရမည့် ရေအိုးထဲက ရေတွေကို ဂလု ဂလုနှင့် တော်တော်များများ သောက်ချလိုက်သည်။
ထို့နောက် ဆရာက စာစသင်ရန် ပြင်လိုက်သည်...
“မင်းတို့ကို ငါသင်ရမယ့်ဘာသာက သမိုင်းပဲ... သမိုင်းမှာ မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်းဆိုပြီး နှစ်ဘာသာရှိတာ မင်းတို့သိပြီး ဖြစ်တယ်... ငါကတော့ မင်းတို့ကို မြန်မာ့သမိုင်းပဲ သင်မယ်... ကမ္ဘာ့သမိုင်းကိုတော့ တခြားဆရာတစ်ယောက် သင်လိမ့်မယ်... ကဲ... စာအုပ်ထုတ်ကြ...”
သမိုင်း သင်မည်ဆို၍ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ပျော်သွားကြသည်။ အကြောင်းမှာ နွေကျောင်းပိတ်ရက် သင်္ကြန်ပြီးကတည်းက မြို့ထဲရှိ ကျူရှင်တစ်ခုသို့ အိမ်က လိုက်အပ်ပေးခဲ့သည်။ ကျူရှင်ဆရာက အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦး ဖြစ်ပါသည်။ ကျွန်တော်တို့ကို မြန်မာစာကလွဲ၍ ဘာသာစုံ သင်ပေးပါသည်။ မြန်မာ့သမိုင်းကိုလည်း ကျူရှင်က သင်ပေးထားသဖြင့် ရှေ့ပိုင်း တော်တော်များများ အလွတ်ရပြီး ဖြစ်သည်။ ထို့ကြောင့် အတန်းပိုင်ဆရာက စာမေးလျှင် အလွယ်တကူ ဖြေဆိုနိုင်မည် ဖြစ်သောကြောင့် ကြိမ်လုံးရန် အနည်းငယ် အေးသွားမည် ဖြစ်သည်။

(၄)
ကျောင်းဖွင့်ပြီး တစ်ပတ်ခန့်အကြာ...
ဆရာက စာတစ်ပုဒ်သင်ပေး၍ အတန်းထဲ၌ပင် အလွတ်ရအောင် ကျက်ခိုင်းထားသည်။ ကျွန်တော်တို့က ထိုအပုဒ်ကို ရပြီးဖြစ်၍ ဟန်ပြသာ ကျက်နေကြပါသည်။
ဘေးက သူငယ်ချင်းက ကျွန်တော့်ကို တိုးတိုးလေး စကား စ ပြောသည်...
“ဟေ့ကောင်... ငါတို့ အတန်းပြောင်းရအောင်ကွာ... ငါတို့ အတန်းပိုင်ဆရာက အုပ်ချုပ်ပုံက ညံ့သေး... အသင်အပြလည်း မကောင်းဘူး... ဒီကြားထဲ အရိုက်လည်း ကြမ်းသေးတယ်”
“အတန်းက ကိုယ်ပြောင်ချင်တိုင်း ပြောင်းလို့ရတာ မဟုတ်ဘူးကွ... အဲဒီကိစ္စကလည်း သူ့လက်ထဲမှာပဲ ရှိတာ... ပြီးတော့ ဒီဆရာက ခဏပါပဲ... သင်တန်းသွားတက်တဲ့ ဆရာမ ပြန်လာရင် အတန်းပိုင် ပြောင်းသွားမှာပဲ... ဒီအတောအတွင်းတော့ အောင့်အီးပြီး နေကြတာပေါ့”
ကျွန်တော့် သူငယ်ချင်း၏ မျက်လုံးတွေ ဖျက်ကနဲ အရောင် တောက်သွားကာ...
“အေးကွနော်... ဒါနဲ့ မင်းသိပြီးပြီလား? အဲဒီဆရာမက ငါတို့ ကျူရှင်ဆရာကြီးရဲ့ သမီးတဲ့ကွ... ကျူရှင်မှာလည်း မြန်မာစာကို အဲဒီဆရာမ သင်မှာပဲတဲ့... အရမ်းလည်း သဘောကောင်းတယ် ပြောတယ်”
အဲဒီအကြောင်းကို ကျွန်တော် မသိရသေးပါ။ ရုတ်တရက် ကျွန်တော်လည်း အံ့ဩ ဝမ်းသာ သွားသည်
“ဟုတ်လား အဲဒါဆို ပျော်စရာကြီးပေါ့... ဆရာမကလည်း ဘယ်တော့ ပြန်လာမလဲ မသိပါဘူးကွာ... သင်တန်း မြန်မြန်ပြီး ပြီး မြန်မြန် ပြန်လာပါစေလို့ ဆုတောင်းရမှာပဲ”
အဲဒီအချိန်မှာပဲ အတန်းပိုင်ဆရာ ကျွန်တော်တို့ ခုံနား ရောက်လာသည်။ ကြိမ်လုံးကြီး တကိုင်ကိုင်နှင့်ပင်...
“မင်းတို့ စာရပြီလား?”
ကျွန်တော်တို့ သူငယ်ချင်း ငါးယောက်စလုံး ခုံတန်းတစ်ခုတည်းမှာပင် အတူထိုင်ကြခြင်း ဖြစ်သည်။
“ရပါပြီ ဆရာ...!”
ပြိုင်တူ ဖြေလိုက်ကြပါသည်။ ထို့နောက် ဆရာက တစ်ယောက်ချင်း စာပြန်ခိုင်းပါသည်။
“အေး ဟုတ်ပြီ... မင်းတို့ကြည့်ရတာ ဉာဏ်ကောင်းမယ့်ပုံပဲ...”
မပြောစဖူး ဆရာက ချီးမွမ်းလိုက်သဖြင့် ကျွန်တော်တို့ ဝမ်းသာ သွားကြသည်။ သို့သော် ဆရာက ဆက်ပြောသည်...
“မနက်ဖြန် မနက် ခြောက်နာရီ အိမ်ကို လာခဲ့ကြ... ငါ့ ကျူရှင်လာတက်... မင်းတို့ ဒီထက် ပိုတော်သွားစေရမယ်...”
“ကျွန်တော်တို့ ... ကျူရှင် .. ရှိ.. . ပြီးသား...”
ဘေးက သူငယ်ချင်းက လွတ်ခနဲ ပြောမိသွားသည်။ ကျွန်တော် အချိန်မီ သူ့ခြေထောက်ကို နင်း၍ သတိပေးရသည်
သို့သော် ဆရာ ကြားသွားပါသည်။ မျက်နှာလည်း တော်တော် တင်းသွားသည်။
“အေး မင်းတို့ ဘယ်မှာ တက်တက်ပါ... ရတယ် ကိစ္စမရှိဘူး... ဒါပေမယ့် ကြိုပြောထားမယ်နော်... ငါသင်တဲ့ သမိုင်းက ငါ့သမိုင်းပဲ... စာမေးပွဲမှာလည်း ငါပဲ မေးခွန်းထုတ်မှာ... ငါသင်ထားတဲ့ ငါ့သမိုင်းအတိုင်း မဖြေလို့ကတော့... ငါ့အဆိုးမဆိုနဲ့”
မှုန်သိုးသိုးနှင့် ဆရာလှည့်ထွက်သွားသည်။
နောက်မနက်ကျ ဆရာ့ကျူရှင်ကို ပြေးတက်ကြရပါသည်။ ဆရာကိုင်ထားသော ကြိမ်လုံးကြီးကိုလည်း ကြောက်ရပါသည်။ ဆရာသင်သော သမိုင်းကိုလည်း ၏ သည် မရွေးကျက်၍ ကျူရှင်၌ အရင်သိခဲ့သော သမိုင်းကို မေ့ပစ်ရပါသည်။ ကျောင်းသားများ ဖြစ်သောကြောင့် ကျွန်တော်တို့လည်း စာမေးပွဲ အောင်ချင်ပါသည်။

(၅)
ထိုသို့ဖြင့်ပင် အချိန်တွေတဖြည်ဖြည်း ကုန်သွားသည်။ ကျွန်တော်တို့ မြန်မာစာ ဆရာမလည်း သင်တန်းပြီး၍ ပြန်ရောက်နေပါပြီ။ သို့သော် ဘာကြောင့်မှန်းတော့ မသိပါ။ ကြိမ်လုံးကြီးနှင့် ဆရာကသာ ကျွန်တော်တို့ အတန်းပိုင် ဆက်လုပ်နေပါသေးသည်။
“မင်းတို့ ဆရာမက... သင်တန်းမှာ အရမ်း ပင်ပန်းလို့တဲ့... ငါ့ကို ခဏလောက် ဆက်ပြီး ကိုင်ထားပေးပါဦးလို့ ပြောတယ်”
ဆရာကတော့ ထိုကဲ့သို့ ပြောပါသည်။
ကျူရှင်မှာ မြန်မာစာ သင်နေတာ တစ်လလောက် ရှိပါပြီ။ ကျွန်တော်တို့လည်း မဝံ့မရဲနှင့် အားမလိုအားမရဖြစ်ကာ ဆရာမကို မေးကြည့်ကြသည်
“ဆရာမ... ကျွန်တော်တို့ အတန်းကို လွှဲမကိုင်သေးဘူးလား? ဆရာကပြောတော့ ... ဆရာမ ပင်ပန်းနေလို့ သူ့ကိုပဲ ဆက်ကိုင်ခိုင်းထားတာဆို...”
ဆရာမက ပြုံးပြုံးလေး ပြန်ဖြေပါသည်
“အေးကွယ်... သင်တန်းက ပင်တော့ ပင်ပန်းတာပေါ့” ... တဲ့။
မေးလိုက်တိုင်း ထိုသို့ပင် ပြုံး၍ ပြန်ဖြေသည်။ ဆရာမ အပြုံးက အရမ်း အေးချမ်းပါသည်။ ကြားထားသကဲ့သို့ပင် သဘောလည်း အလွန်ကောင်းပါသည်။ ကျွန်တော်တို့ ဆန္ဒကတော့ အတန်းကို မြန်မြန် လွှဲယူစေချင်ပါသည်။ ဆရာ့ ကြိမ်လုံးဒဏ်လည်း ခံရတာ များလှပါပြီ။

(၆)
အပြန်လမ်းမှာ ကျွန်တော့် သူငယ်ချင်းနှင့် ကလေးအတွေးများ တွေး၍ ကလေးစကားများ ပြောဖြစ်ကြသည်...
“မင်း ဘယ်လိုထင်လဲ? ငါတို့ အတန်းပိုင်ဆရာက ဘာလို့ ...ဆရာမကို အခုချိန်ထိ အတန်းလွှဲ မပေးသေးတာလ?”
ကျွန်တော်ကမေးတော့ သူငယ်ချင်းက ပြန်ပြောသည်...
“မသိပါဘူးကွာ... တခြား ဆရာ ဆရာမတွေ ပြောသံကြားတာတော့... ငါတို့ အတန်းက... သူဌေးသားသမီးတွေ များလို့ ဆရာက ပြန်မပေးချင်တာတဲ့... သူ့အတွက် အရမ်း အဆင်ပြေလို့တဲ့ကွာ”
“ဘာဆိုင်လို့လည်း မသိဘူး... ငါတို့လည်း နားမလည်ပါဘူးကွာ... ဒါနဲ့များ အစက သူပြောတော့ ... သူက အတန်းပိုင်တွေဘာတွေ လုပ်ချင်တာ မဟုတ်ဘူးဆို...”
“အေး... အခုမှ လုပ်ဖူးတော့... အတန်းပိုင်ဆရာ ဘဝကို ... သူသဘောကျနေတာ ဖြစ်မှာပေါ့ကွ... ဆရာမကို ပြန်တောင် ပေးပါဦးမလား မသိဘူး...”
“အေးကွာ... စိတ်ညစ်ပါတယ်... ဟိုးအရင်နှစ်တွေက အတန်းပိုင်တွေနဲ့ လုံးဝ မတူဘူးကွာ... သူ့ကျမှ ကြိမ်လုံးကြီး တရမ်းရမ်းနဲ့ ... အာဏာတွေ အရမ်းပြတာပဲကွာ...”
သက်ပြင်းချသံ ကြားရသည်။ ကျွန်တော်ကပဲ သက်ပြင်းချမိတာလား၊ ကျွန်တော့် သူငယ်ချင်းဆီကလားတော့ မသိပါ။ သေချာတာကတော့ ကျွန်တော်တို့ တစ်တန်းလုံး ပစ္စုပ္ပန်ကို စိတ်ပျက်လက်ပျက်နှင့်ပင် လက်ခံထားကြရပါသည်။

(၇)
ထိုနေ့ညက ကျွန်တော် အိပ်မက် မက်ပါသည်။
ကျွန်တော်တို့ အတန်းပိုင်ဆရာမက မြန်မာစာ သင်နေပါသည်။
ကျောင်းသား ကျောင်းသူတွေ အားလုံး ရွှင်လန်း တက်ကြွလို့ ။
“ဒေါင်...!”
အချိန်ပြောင်း ခေါင်းလောင်းသံ ကြားရသည်။
“နောက်အချိန်က ဘယ်သူ့အချိန်လဲ?”
ဆရာမက မေးလိုက်တော့ အားလုံး မျက်စိပျက် မျက်နှာပျက်နှင့် ပြန်ဖြေကြသည်...
“မြန်မာ့သမိုင်း...!”
ကျွန်တော် ကြောက်လွန်း၍ ယောင်ရမ်း အော်မိသည်...
“အား ... !!!”

(၈)
အိပ်မက်က လန့်နိုးလာသည်။ နာရီကြည့်လိုက်တော့ မနက် ငါးနာရီခွဲ...။
ကျွန်တော် ထနေကျ အချိန်ဖြစ်သည်။
အတန်းပိုင်ဆရာ၏ သမိုင်းကျူရှင်ကို ပြေးရဦးမည်။
ဆရာ၏ ကြိမ်လုံးကြီးကိုလည်း ကြောက်လှပါသည်။ ။

Thursday, May 21, 2009

နာရီလူသား

အရမ်း အပျင်းထူတတ်တဲ့ ကျွန်တော့်ကို အဖေက ဆုံးမပါတယ် ...။
“လောကကြီးမှာ နာရီလို နေစမ်းပါ သားရယ်...”
ပညာရှိစကားလိုလို ... ပညာရှိလေသံလိုလို နဲ့ပါ...။
ကျွန်တော်ကလည်း သိပ်မခေတဲ့ကောင်ဆိုတော့ သူ့ ပညာရှိလိုလို လေသံစကားကို နားလည်ပါတယ်။ နာရီတွေက အချိန်တိုင်း မရပ်မနား အလုပ်လုပ်တယ်လို့ ပြောချင်တာပါ ...။
ဒါပေမယ့် ကျွန်တော် ပြောခဲ့သလို ကျွန်တော်ကလည်း သိပ်မခေတဲ့ကောင်ဆိုတော့ ဘယ်ရမလဲ ... ပြန်ပြောလိုက်တယ် ...
“ဟာ ... နာရီလိုတော့ မနေချင်ပါဘူး အဖေရာ ... ဆယ့်နှစ်နာရီပြည့်တိုင်း အစကနေ ပြန်ပြန် စ နေရမှာပေါ့ ...”
ကျွန်တော့်အဖေ ပညာရှိကြီး မျက်မှောင်ကုတ်သွားပါတော့တယ်။ ။

Friday, May 15, 2009

အထီးကျန် မွေးနေ့

(၁)

ပြက္ခဒိန်တွေရဲ့ အလိုအရတော့
ဒီလ ဒီရက် ဟာ ...
ငါ့ မွေးနေ့ဆိုပဲ။

(၁)
ဘယ်နှစ် နှစ်ပြည့်တာလဲလို့
ငါ့ကို လာမမေးနဲ့
ငါဖြေနိုင်တာကတော့
ကမ္ဘာမြေကြီးနဲ့ ငါနဲ့
အသက်အတူတူပဲ ထင်တယ်။

(၁)
ဖယောင်းတိုင်မီးကို မှုတ်ငြိမ်းပြီး
ကိတ်မုန့်ကို ဓားနဲ့ လှီးလိုက်တယ်
ဖြောင်း .. ဖြောင်း ...... ဖြောင်း .. ဖြောင်း ...။

(၁)
ဟတ်ပီး ဘတ်ဒေး ... ဟတ်ပီး ဘတ်ဒေး ...
စန္ဒရားတီးသံနဲ့အတူ
သီချင်းသံတွေ ကြားရတယ်
ဖြောင်း .. ဖြောင်း ...... ဖြောင်း .. ဖြောင်း ...။

(၁)
အားလုံးကို ပြောမယ် ...
ဘ၀မှာ ဒီနှစ်မွေးနေ့က
ပျော်စရာ အကောင်းဆုံးပဲ ...
ဖြောင်း .. ဖြောင်း ...... ဖြောင်း .. ဖြောင်း ...။

(၁)
..... ..... ..... ..... ..... ..... ..... ။

(၁)
ဖြောင်း .. ဖြောင်း ...... ဖြောင်း .. ဖြောင်း ...။
လက်ခုပ် ဘယ်သူတီးတာလဲ?

(၁)
ငါ့ဘေးမှာ ဘယ်သူမှ မရှိဘူး။ ။

Friday, April 3, 2009

သံလိုက်အိမ်မြှောင်ကျပျောက်ခဲ့တဲ့ကဗျာ

ပုံစံခွက်ထဲ မနေချင်လို့
စည်းအပြင်ထွက်မိကာမှ
ပုံမကျ ပန်းမကျ နဲ့
ဘာပုံပေါက်သွားမှန်းမသိတော့ဘူး။

ဟိုမရောက် ဒီမရောက်လို့
ပြောရအောင်ကလည်း
ဘယ်က စ လို့ ဘယ်ကို သွားရမှန်း မသိ။

လမ်းကြမ်းလို့ ခရီးမတွင်တာတော့
ဟုတ်မယ် မထင်ဘူး
လမ်းက ချောလွန်းတော့
စလစ် ဖြစ်ပြီး ဘီးတွေ မရွေ့တော့တာ။

အမှန်တရားကို ရှာဖို့
အမှားတစ်ရံကို စီးပြီး ထွက်ခဲ့တယ် ...
ဘယ် .. ညာ .. ဘယ် .. ညာ ...။

ဘာလုပ်ဖို့လဲ?
တိုက်ပွဲဝင်ဖို့ !
ဘယ်သူ့အတွက်လဲ?
ငါ့အတွက် ... ငါ့အတွက် ... !

ကြုံးဝါးရင်း ခရီးဆက်
တစ်နေ့တစ်လံ တစ်နေ့တစ်လံ နဲ့
ပုဂံကတော့ ဘယ်မှ မရွေ့ဘူးပေါ့ ...
သူ့နောက်ကျောမှာ ဝေးကျန်ရင်း ...
..... ..... ဝေးကျန်ရင်း ..... ...... ။ ။

မပြန်ခင်လေး ဖတ်ဖို့ တင်ပေးခဲ့ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ မကြာခင် ကျွန်တော် ပြန်လာပါ့မယ်။

Thursday, April 2, 2009

ရွာပြန်ပြီး ဦးပဉ္ဖင်း ၀တ်လိုက်ဦးမယ်

သင်္ကြန်လည်း ကျတော့မယ်ဗျ။ ကျွန်တော်လည်း ရွာပြန်ပြီး ဦးပဉ္ဖင်း ၀တ်လိုက်ဦးမယ်။ တစ်နှစ်ခြား နှစ်နှစ်ခြားတော့ ၀တ်ဖြစ်ပါတယ်။ သံသရာအတွက် တစ်နှစ်တစ်ခါ ကောင်းတာလေးတွေ လုပ်ပါဦးမယ်။ ဒီအတိုင်းနေရင် ငါးပါးသီလတောင် လုံအောင် မနည်းထိန်းနေရတာ။ မလုံမိတာ များပါတယ်။ အများအားဖြင့်တော့ သူရာမေရိယပေါ့ ဟား ဟား။
ဒုလဘ္ဘ ၀တ်ဖြစ်ရင်တော့ ကျွန်တော် တကယ် တရားလုပ်ဖြစ်ပါတယ်။ ကျွန်တော် ၀တ်နေကျကျောင်းမှာ တရားစခန်းရှိတယ်။ အဲဒီမှာ နေ့ဆွမ်းစားပြီးရင် တရားသွားထိုင်ပါတယ်။ ည တရားစခန်း ပြီးတဲ့ အထိပေါ့။
လာလည်ကြတဲ့ မိတ်ဆွေ အပေါင်းအသင်းများကို သာဓုခေါ်နိုင်ကြစေဖို့ အသိပေးရင်း ခဏ နှုတ်ဆက်ပါတယ်။
ဒီနှစ် သင်္ကြန်မှာ
အားလုံး အေးချမ်းကြပါစေဗျာ။ ။

Tuesday, March 31, 2009

ရောဂါဆန်း

လည်ချောင်းထဲမှာ တစ်ခုခု နင်နေပုံရတဲ့ လူနာတစ်ယောက် ရောက်လာပါတယ် ...
“တစ်ခုခု နင်နေတာပဲ ... ဘာစားမိလို့လဲ?”
လူနာက စကားမပြောနိုင်ပါဘူး။ သူနဲ့ ပါလာတဲ့ အဖော်လူနာရှင်ကပဲ ပြန်ဖြေပါတယ် ...
“ဘာမှမစားပါဘူးခင်ဗျာ ... ဒီလိုထင်ပါရဲ့ ... ပါးစပ်နဲ့ မဆန့်တဲ့ စကားလုံးတွေ ပြောမိလို့ ထင်ပါတယ် ဒေါက်တာ ...”
“ဗျာ! ... ဘာ .. ဘာတွေများ ပြောမိလို့လဲ?”
အဲဒီလူနာရှင်ကပဲ ပြန်ဖြေပါတယ် ...

က .. ခ .. ဂ .. ဃ .. င .. တဲ့ ..... A .. B .. C .. တဲ့ ..... + .. - .. x .. တဲ့ ..... X .. Y .. Z .. တဲ့ ..... ဋ .. ဌ .. ဍ .. တဲ့ ..... အဲ ... တဲ့ .. အဲ့ အဲ့ .. အု .. ၀ု .. ”

ပြောရင်း ပြောရင်း နဲ့ အဲဒီလူလည်း လည်ချောင်းနင်သွားပါတော့တယ်။ ။

ဒီဝတ္တုတိုလေးနဲ့အတူ ၄.၉.၂၀၀၈ တုန်းက တင်ခဲ့တဲ့ ၀တ္တုတိုအဟောင်းလေးကို ပြန်တင်လိုက်ပါတယ်။

ပါးစပ်

“၀ုန်း !!!”
အရှိန်နဲ့ပြေးလာပြီး ကျွန်တော့်ကို အသားလွတ်ဝင်တိုက်တယ်။
သူရော ကျွန်တော်ပါ လဲကျ။ ဒေါသတကြီးနဲ့ ကျွန်တော်ဆဲမလို့ ကြည့်လိုက်တော့... ကျွန်တော်အံ့ဩသွားတယ်။ ကျွန်တော့်ကိုဝင်တိုက်တာ လူမဟုတ်ပဲ ပါးစပ်ကြီးတစ်ခု ဖြစ်နေတယ်။
“ဆောရီးဗျာ... နောက်က ကျွန်တော့်သခင်လိုက်လာလို့ ထွက်ပြေးနေတာပါ ...”
ကြည့်လိုက်တော့ ဟိုးခပ်ဝေးဝေးမှာ ဒီဘက်ကိုပြေးလာနေတဲ့ လူတစ်ယောက်ကိုတွေ့ရတယ်။ အဲ... ဟုတ်တယ်ဗျ ...သူ့မှာ ပါးစပ်မပါဘူး။
“နေပါဦး... မင်းကဘာလို့ လူပေါ်မှာမနေပဲ ထွက်ပြေးနေ ရတာလဲ ?”
ကျွန်တော်မနေနိုင်လို့ မေးမိတော့ ပါးစပ်ကြီးက ပြန်ဖြေပါတယ် ...
“အို... အဲဒီလူပေါ်မှာ မနေချင်တော့ပါဘူးဗျာ ... ဘယ့်နှယ် ... လူကဖြင့် အဖြစ်မရှိပဲနဲ့ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတာ.. ကြာတော့ သူမရှက်ပေမယ့်... ကျွန်တော်ရှက် လာပြီဗျ”
ပြောပြောဆိုဆိုနဲ့ပဲ ပါးစပ်ကြီး ထွက်ပြေးသွားတယ်။ ။

Friday, March 27, 2009

လမ်းမှားတဲ့ငှက်

“ကယ်ကြပါဦးဗျို့ !!!”
ငှက်တစ်ကောင်ရဲ့ ကြောက်လန့်တကြား စူးစူးဝါးဝါး အော်လိုက်သံပါ။
“ဘာဖြစ်လို့လဲ ? ငါ ဘာ ကူညီရမလဲ ??”
ကယ်တင်ရှင် တွေ့ပြီဆိုပြီး ငှက်ကလည်း ၀မ်းသာ အားရနဲ့ ...
“ကမ္ဘာကြီးပေါ်မှာ လေတွေ နည်းသွားပြီဗျ ... လုပ်ပါဦး ... ကျွန်တော်တို့ ပျံရတာ သိပ်အားမပါဘူး ဖြစ်နေတယ် ...”
“အင်း ... ဟုတ်ပြီ ... ငါက လိုတရ နတ်မင်းကြီးပဲ ... ကဲ ... အဲဒီတော့ မင်းဘာဖြစ်ချင်လဲ?”
“လေတွေ အများကြီး ဖန်ဆင်းပေးပါ အရှင်!”
“ဖြစ်ပါတယ် ... !!”
“၀ုန်း !!!”
“အား !!!”
အမှန်ကတော့ လိုတရနတ်မင်းကြီးဆိုပြီး ဟန်ဆောင်ထားတဲ့ မာရ်နတ်ပါ ...။ လေတွေအများကြီး လိုချင်ပါတယ်ဆိုပြီး မာရ်နတ်ကို ကိုးကွယ်မိတဲ့ ငှက်ကတော့ ....
လေမုန်တိုင်းထဲမှာ ဒလိမ့်ကောက်ကွေး မျှောပါသွားလေရဲ့ ....။ ။

Monday, March 23, 2009

ဝင်္ကဘာလမ်း

ငါ့အဖြစ်က ဇာတ်သိမ်းပြဖို့ကို
စာမျက်နှာပျောက်နေခဲ့တယ်။
ညတိုင်း ငါ့စိတ်ရိုင်းတွေကို
အဲဒီ စားကျက်မှာ သွားကျောင်းရတာ အမော။
နွေကို ပူလွန်းလို့ ရှောင်ပြေးခဲ့တယ်
ခိုလှုံမိတဲ့ အခန်းက ငရဲဖြစ်နေပေါ့ ...။
ဖြတ်ခဲ့ရတဲ့လမ်းက ခါးတယ် ...။
ပျောက်နေတဲ့ စာမျက်နှာမှာ
ငါ့အတွက် အဖြေတွေ ရှိနေလိမ့်မယ် ...။
လမ်းဆုံရောက်ရင် ဘယ်သွားရမလဲ ?
ဝင်္ကဘာတစ်ခုဆုံးရင် နောက်ဝင်္ကဘာတစ်ခု
ရောက်ရောက်လာတတ်တာ ငါ့ဘ၀ပေါ့ ...။
တကယ်ဆို နွေက ဒီလောက်မဟုတ်ပါဘူး
ခြေလှမ်း စ မယ်ပြင်တိုင်း ဇာတ်သိမ်းကို ကြိုတွေးမိရင်း
........... မောတယ် .........။ ။

Wednesday, March 18, 2009

သူခိုးများ


ပထမသူခိုး ။ ။ “တောက် ! မနေ့ညက ငါထွက်ခိုးနေတုန်း ငါ့အိမ်သူခိုးဝင်သွားတယ် ... ခိုးထားတာလေးတွေ ပြောင်ရော ...”
ဒုတိယသူခိုး ။ ။ “တောက် ! မနေ့ညက ငါထွက်ခိုးနေတုန်း ငါ့အိမ်သူခိုးဝင်သွားတယ် ... ခိုးထားတာလေးတွေ ပြောင်ရော ...”
တတိယသူခိုး ။ ။ “ တောက် ! ........ ...... ။ ..... ..... ။ ..... ..... ။ ..... ..... ။ ..... ..... ။ ..... ...... ။ ..... ..... ”
စတုတ္ထသူခိုး ။ ။ “ တောက် ! ........ ...... ။ ..... ..... ။ ..... ..... ။ ..... ..... ။ ..... ..... ။ ..... ...... ။ ..... ..... ”
ပဉ္စမသူခိုး ။ ။ “ တောက် ! ..... ..... ..... ။ ..... ..... ..... ”
ဆဌမသူခိုး ။ ။ “ တောက် ! ..... ..... ..... ။ ..... ..... ..... ”
မနက်မိုးအလင်းမှာ ကြားရတဲ့ မကျေမနပ် ရေရွတ်သံ တချို့ပါ။ ဘယ်သူခိုးအိမ်ကို ဘယ်သူခိုးဝင်ခိုးလည်းတော့ မသိဘူး။ ကိုယ်တောင် ကိုယ့်အကြံနဲ့ကိုယ် ရှုပ်လို့ ........
“ ဒီနေ့ည ဘယ်အိမ် ၀င်ခိုးရရင် ကောင်းမလဲ??? ” ။ ။

(ပုံလေးက aliyasking.wordpress.com ကပါ။)

Thursday, March 12, 2009

Pause နှိပ်ထားတဲ့ ပြဇာတ်


အခုချိန်ထိ
မိုးကခေါင်နေတုန်းပဲ မေမေ...
ဒီလိုနဲ့ပဲ ငါးတစ်ကောင်
လေနစ်နေတာကြာပေါ့...။

ကိုယ့်ကိုကိုယ် ဆေးရောင်ခြယ်ပါဆိုမှ
အလင်းရောင်ကိုမှ
ဝတ်ဆင်ချင်ခဲ့တဲ့ကောင်ပါ
ဧည့်ခန်းက ပန်းချီကားထဲမှာ
ကွက်လပ်လေး ဖြစ် ကျန်ရစ်တယ်။

နာရီလေးပဲ လွဲတာပါ ...
ရက် လ လေးပဲ လွဲတာပါ ...
ဒီလိုနဲ့ သားရဲ့သက္ကရာဇ်တွေ
တစ်ခုပြီးတစ်ခု ပုပ်သိုးသွားခဲ့ပြန်ပြီ မေမေ...။

ပန်းတိုင်တွေသာ ပြောင်းပြောင်းသွားတယ်
လမ်းဟောင်းထဲကကို မရွေ့နိုင်သေးဘူး။

အစက ပြန် က ခွင့်ရရင်တောင်
ဇာတ်လိုက်နေရာက မနေချင်တော့ဘူး
ကံကြမ္မာနေရာက နေမယ် ...
ပြီးတော့ ...
ဇာတ်သိမ်းခန်းက စ ပလိုက်ချင်တော့တယ်... ။ ။

Friday, March 6, 2009

ဝေးကွာခြင်း


တောဘုရင်ခြင်္သေ့ကြီးက တောင်ကုန်းထိပ်ကနေ အော်လိုက်တယ် ...
“ငါ့တောအုပ်ထဲက သားရဲတိရစ္ဆာန်များ အဆင်ပြေကြရဲ့လား ?”

“ပြေပါတယ် !!!”


သားရဲတိရစ္ဆာန်တွေရဲ့ ပြိုင်တူဖြေလိုက်သံနဲ့အတူ တောဘုရင် ခြင်္သေ့ကြီး ကျေနပ်သွားတယ်။
“အဆင်မပြေပါဘူး . . . ကယ်ပါဦး !”
“အရှင်ကယ်ပါ . . . ဒုက္ခရောက်လွန်းလို့ပါ !”
တိရစ္ဆာန်ကြီးတွေရဲ့အောက်က ပုရွက်ဆိတ်လေးတွေက အားကိုးတကြီး အော်ပြောကြတယ်။ အကောင်သေးတော့လည်း အသံမကျယ်နိုင်ဘူးပေါ့ ...။
တောင်ထိပ်ပေါ်က တောဘုရင်ကြီးကတော့ မကြားဘူး ...။ မြင်လည်းမမြင်ဘူး။ ခေါင်းတငြိမ့်ငြိမ့်နဲ့ သူ့တောအုပ်သူ ကျေနပ်နေလေရဲ့။ ။