Saturday, August 28, 2010

တခါတခါ အချစ်ဆိုတာ


တန်းစီထားတဲ့ လူတွေထဲ မကြည့်ပါနဲ့ ...
ဟိုး ... နောက်ဆုံးမှာတောင်
ကိုယ်က ရပ်ခွင့်မရှိတဲ့ ဘဝပါ ....။

စိုက်ကြည့်နေတဲ့ လူတွေထဲ မရှာပါနဲ့ ...
ဟိုး ... ချောင်ထဲကတောင်
ကိုယ်က မျှော်ခွင့်မရှိတဲ့ ဘဝပါ ....။

ကိုယ့်ဘဝ ကိုယ်သိလို့
မျက်လုံးစုံမှိတ်ပြီး
မင်းနဲ့ ဝေး ... ရာ ...... ထွက် ....... ပြေး .......
အား !!! ဘယ်လိုမှ မရပါဘူး ....။

ချစ်ခြင်းနတ်သမီးလေးရေ ....

ဖွင့်မပြောတဲ့ အချစ်ကလည်း
အချစ်တစ်ခုပဲ မဟုတ်လားကွယ် ....

သေချာပါတယ် .... တိတ်တိတ်လေးပေါ့ .......။ ။

Sunday, August 22, 2010



ကျွန်တော်ရေးထုတ်လိုက်တဲ့ စာအုပ်ကြောင့် အတော်လေး ပွက်လောရိုက်သွားပါတယ်။ ကဲ့ရဲ့သံတွေ၊ ရှုတ်ချမှုတွေ၊ တွေဝေမှု၊ အံ့သြမှု၊ နားမလည်နိုင်မှုတွေ ဆူညံသွားပါတယ် ...

“အဓိပ္ပာယ်မရှိဘူး ... ဒါ စာပေ ဒဿနကို အရောင်ဆိုးတာပဲ ...”

“ဘယ်လိုကြီးလဲဟ ... ဒီကောင် အရူးလား? ”

တချို့ကကျ ဘာပြောရမှန်း မသိအောင်ကို ဖြစ်သွားကြပါတယ် ...

“ ......... .......... ...........”

သွက်သွက်လက်လက်ရှိတဲ့ ဂျာနယ်လစ်တစ်ယောက်ကတော့ အတော်လေး သည်းညည်းခံထားရတဲ့ မျက်နှာထားနဲ့ ကျွန်တော့်ကို လာမေးပါတယ် ...

“ ဒီစာအုပ်ကို ဘာရည်ရွယ်ချက်၊ ဘယ်လို အကြောင်းကြောင့် ထုတ်လိုက်တယ်ဆိုတာ သိချင်ပါတယ်?”

ကျွန်တော် ခပ်တိုတိုပဲ ပြန်ဖြေခဲ့ပါတယ် ...

“ကျနော်တို့ နိုင်ငံမှာ အရမ်းလိုအပ်တဲ့ အရာတွေကို ရေးထုတ်လိုက်တာပါ ...”

ဂျာနယ်လစ်လည်း မှုန်ကုတ်ကုတ်နဲ့ ပြန်လှည့်ထွက်သွားတယ်။

ကျွန်တော့်ရဲ့ စာအုပ်ထဲမှာ ညီမျှခြင်းတွေက လွဲလို့ ဘာမှ ရေးမထားပါဘူး ။ ။

Monday, August 16, 2010

မီးပြတိုက်ရဲ့ အလွမ်းသီချင်း



လှိုင်းတွေ တသီတတန်းနဲ့ဆိုတော့
ငါ့ ရင်ခွင် အကန်းကလည်း
ကမ်းမမြင် လမ်းမမြင်ကို ငေးလို့ .....။

ငါက ဘယ်မှ မသွားခဲ့သလို
သူကလည်း ဘယ်မှ မသွားခဲ့ဘူး ...
အစကတည်းက ...
ငါ့တို့နှစ်ယောက်ကြား
ပင်လယ်တစ်ကမ်း ကောင်းကင်တစ်ခုစာ
ဝေးခဲ့ကြပြီးသားပါ။

ကောင်မလေးရေ ...
ငါက မုတ်သုံပြောင်းပြန်နဲ့ ကောင်ပါ
စိတ်တွေက လေနှင်ရာ လွှင့်လွန်းတယ် ...။

ခုတော့လည်း ...
ငါ့အိပ်မက်လေးကို လွတ်ချထားလိုက်ပြီ ...။

တေးမသီတော့တဲ့ ငှက်ကလေးလို ...
ဟိုး .... ခပ်ဝေးဝေးကို
ပျံ ... သန်း .... ရင်း .......
နေတတ်သလို နေဖို့ .......။ ။

Wednesday, August 11, 2010

သူငယ်ချင်းရေ .. ဘာရယ်မဟုတ်ဘူး


နိဒါန်း

ဟိုးရှေးရှေးတုန်းက .........

စာကိုယ်

ကိုယ်စောင့်နတ်ကလေး ခါရာ နေမထိ ထိုင်မသာ ဖြစ်နေလေသည်။ အကြောင်းကတော့ သူ့သခင် နွေဆူးလင်္ကာ အပျင်းကြီး၍ ဘာစာ ဘာကဗျာမှ မရေးသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် ကိုယ်စောင့်နတ်ကလေး ခါရာ ရေရွတ်လိုက်သည် .....

“တောက် ! ဒီလူ အပျင်းကြီးပြီး ဘာစာမှ မရေးပဲနဲ့ အဟောင်းကြီးကို အသစ်လိုလိုနဲ့ ပြန်တင်ထားတာ သူမရှက်ပေမယ့် ... ငါ ရှက်တယ်” (မှတ်ချက်။ ။ တစ်ခါတည်းပါ။ အရင်တင်ထားတဲ့ ကံကြမ္မာအတုက အဟောင်းကြီးဗျ။ ဘာမန့်မှ မရလို့ အသစ်လိုလို ပြန်တင်ထားတာ ... ဟီး ဟီး)

ထိုစဉ် ....
ဖောက်ကနဲ အသံနှင့်အတူ ခါရာ့ဘေးသို့ နတ်တစ်ပါး ပေါ်လာလေသည်။

“ ..... ..... ..... ..... ”

ခါရာ။ ။ “ဟင် ... နင် ... နင် ဘယ်လို ရောက်လာတာလဲ? သူ သူ .. မြန်မာပြည် ပြန်ရောက်လာပြီလား?”

ထို ကိုယ်စောင့်နတ်မလေး၏ အမည်မှာ ဗာဒေ ဖြစ်ပါသည်။ ခါရာ့သခင် နွေဆူးလင်္ကာ၏ သူငယ်ချင်းမလေးတစ်ယောက်ကို စောင့်ရသော ကိုယ်စောင့်နတ်မလေးဖြစ်ပါသည်။

ဗာဒေ။ ။ “ဘာတွေ လျှောက်ပြောနေတာလဲ? မရောက်ပါဘူးဟာ”

ခါရာ။ ။ “ဟင် ... ဒါဆို ... နင်က ဘယ်လိုရောက်လာတာလဲ? လေယာဉ်နဲ့လား?”

ဗာဒေ။ ။ “ဟဲ့ ... နတ်ဟဲ့ နတ် ... ဘယ်က လေယာဉ်စီးစရာ လိုမှာလဲ”

ခါရာ။ ။ “အေး ... ဟုတ်သားပဲ ... ထားတော့ဟာ နင်လာတာ ဘာကိစ္စလဲ?”

ဗာဒေ။ ။ “အောင်မယ် ... နင့်ဆီကို ငါက ကိစ္စမရှိပဲ လာရမှာလား?”

ခါရာ။ ။ “အေး ... အဲဒါတော့ ဟုတ်တယ် ... ဒါဆို ဘာကိစ္စလဲ?”

ဗာဒေ။ ။ “ငါ့သခင်မရဲ့ မွေးနေ့ နီးပြီလေ ... အဲဒါ နင့်သခင် မွေးနေ့လက်ဆောင် တစ်ခုခု ရေးရအောင် လာသတိပေးတာ”

ခါရာ။ ။ “အဲဒါ ငါသိတယ် ... သတိလည်း ရတယ် ... ခက်တာက နင့်သခင်မက ငါ့သခင်ကို စကားမပြောဘူးဟ ... အဲဒါကြောင့် ငါ့သခင်က ရေးရခက်နေတယ် ”

ဗာဒေ။ ။ “အေး ... ဟုတ်တယ် ... ဒါပေမယ့် ... မရေးလို့ မရဘူး ... ရေးကို ရေးရမယ် ... အဲဒါ နင့်မှာ ဘာအကြံရှိလဲ?”

ခါရာ။ ။ “ဒီလိုလုပ် ... အရင်ဆုံး နင့်သခင်မက ငါ့သခင်ကို စကားပြောအောင် လုပ်မယ် အဲဒါမှ ငါ့သခင်က နင့်သခင်မကို မွေးနေ့လက်ဆောင်ပေးဖို့ တစ်ခုခု ရေးလာလိမ့်မယ်”

ဗာဒေ။ ။ “အေးဟ ... အဲလိုပဲ ကြိုးစားကြည့်တာပေါ့”

ထို့နောက် ခါရာနှင့် ဗာဒေတို့သည် အိပ်မက်နတ်သမီးထံ သွားရောက်၍ ဗာဒေ၏သခင်မအား အိပ်မက်တစ်ခုခု ပေးရန် စီစဉ်ကြလေသည်။

အိပ်မက်နတ်သမီး။ ။ “ဘယ်လို အိပ်မက်မျိုး ပေးစေချင်လဲ?”

ဗာဒေ။ ။ “နွေဆူးလင်္ကာနဲ့ ပတ်သက်တာ တစ်ခုခုပေါ့”

အိပ်မက်နတ်သမီး။ ။ “အင်း အင်း ... ဟုတ်ပြီ ... ဒီနေ့ည ပေးလိုက်မယ်”

(ဘယ်လို အိပ်မက်လည်းတော့ ကျနော်လည်း မသိဘူး။ သူကလည်း ပြောမပြဘူး သတ်ချင်သတ်ပစ်လိုက်လို့ ပြန်ပြောတယ်ဗျ :-)

ဤသို့ဖြင့် နောက်တစ်နေ့တွင် ........

သူငယ်ချင်း။ ။ “ .............. ............ ”

နွေဆူးလင်္ကာ။ ။ “ ............... ............ .........”

သူတို့ အရင်အတိုင်း သူငယ်ချင်း အစစ်များ ပြန်ဖြစ်သွားကြလေသည် ...။

ထို့ကြောင့် နွေဆူးလင်္ကာက ထိုသူယ်ချင်းမလေးအတွက် ဤဝတ္တုအား မွေးနေ့လက်ဆောင်အဖြစ် ရေးပေးလိုက်လေသည်။

နိဂုံး

ပြီးပါပြီ ..................
ဒန် တန့် တန် ...........။ ။

(မှတ်ချက်။ ။ ဆရာနီကိုရဲ၏ နတ်ငယ်အား အခြေခံပါသည်။)


Friday, August 6, 2010

ကံကြမ္မာ အတု



ညတစ်ည ... ကွင်းပြင်ကျယ်ထဲမှာ မိုးပေါ်ကို ခဲနဲ့လှမ်းလှမ်းပစ်နေတဲ့ ကောင်လေးတစ်ယောက်ကို အဘိုးအိုက နားမလည်နိုင်စွာ မေးလိုက်တယ်။

"လူကလေးရယ်... ဘာအကျိုးရှိမှာမို့ မိုးပေါ်ကို ခဲနဲ့ လှမ်းပစ်နေရတာလဲ?"

ကောင်လေးကလည်း ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့လေသံနဲ့ ပြန်ဖြေပါတယ်။

"ကျွန်တော်က ယောက်ျားတံခွန် လူရည်ချွန်ဆိုတာမျိုးလေ ... အဲဒါ ကြယ်ကိုလှမ်းဆွတ်နေတာပေါ့ ... ရမှာပါ ..."

တိုက်တိုက်ဆိုင်ဆိုင်ပင် ခဲတစ်လုံးပစ်အပြီး မကြာမီ ကြယ်တစ်စင်း ကြွေကျသွားသည်။ ကောင်လေးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် အဘိုးအိုကို လှည့်ကြည့်ကာ ...

"မြင်လား အဘိုး ... ၊ အဘိုးက ကျွန်တော့်ကို တော်တော်အထင်သေးတာပဲ .. အင်းလေ... အဘိုးတို့ငယ်ငယ်က ကျွန်တော့်လို မတော်ကြတော့ ကျွန်တော် တော်တာကို အဘိုးတို့ ဘယ်ယုံကြည်နိုင်ပါ့မလဲ..."

ပြောပြီး ကောင်လေးလှည့်ထွက်သွားသည်။ အဘိုးအို ဆက်ပြောသော စကားကိုတော့ ကြားမသွားပါချေ။

"အင်း ... ကံကြမ္မာဆိုတဲ့ နားကန်းကောင်ကလည်း လူမိုက်ကို မြှောက်ထိုးပင့်ကော် လုပ်ပေးတတ်ပါလား"။ ။

Sunday, August 1, 2010

ကဗျာ မဆန်တဲ့ ကဗျာ


ငါ့ရဲ့ ကစားပွဲတိုင်း အရှုံးတွေချည်း ထပ်ခဲ့
ဒါပေမယ့် .... အခွင့်သင့်ရင်
ဝှက်ထားတဲ့ စပိတ်တစ်ကို ထုတ်အသုံးချချင်တယ် ...
လှည့်ဖြားတတ်တဲ့ ကံကြမ္မာကို
တခါတလေတော့ ပြန်ပြီး ကောက်ကျစ်သင့်တယ်လေ။

ဒီလိုနဲ့ ... လဲကျနေတဲ့အထိ
ကံဇာတာက တက်မလာဘူး .....
အတိတ်တစ်ခုလုံးလည်း မှောင်လှပြီ။

နောင်တတွေနဲ့ မွန်းကျပ်ဖူးပါရဲ့ ....
အဲဒီလွတ်လပ်မှုတွေကိုပဲ အပြစ်တင်ရင်း
မဖြေချင်တဲ့ မေးခွန်းကို
ထပ်ခါတလဲလဲ ဖြေနေရ .....။

တကယ်ဆို ဒီနေရာက ထွက်သွားသင့်ပြီ
ငါဘာကို ကြောက်နေတာလဲ?
လောကမှာ ဘာကို ကြောက်လို့ ကြောက်ရမှန်းမသိတာ
ကြောက်စရာ အကောင်းဆုံးပဲ။

အတ္တကြီးလွန်းတဲ့ လူတွေကို ငါမုန်းတယ်။

မှန်အမြဲကြည့်နေတဲ့ လူတွေကို ငါမုန်းတယ်။

ကယ်တင်ရှင်ယောင် ဆောင်တဲ့ လူတွေကို ငါမုန်းတယ်။

သေချာတာကတော့ ...
လူမဆန်တဲ့ လူတွေကို ငါ မုန်း တယ်။ ။