Monday, October 27, 2008

မျက်လှည့်ဆရာ


ခပ်ညံ့ညံ့မြေခွေးတစ်ကောင်ဟာ စင်ပေါ်မှာ မျက်လှည့်ပြဖို့ ကြိုးစားနေတယ်။ သူ့ရဲ့ အဓိကလှုပ်ရှားမယ့်လက်ကို မသိမသာ ငြိမ်ထားပြီး ကျန်တဲ့လက်တစ်ဖက်ဆီ ပရိတ်သတ်တွေ အာရုံပြောင်းအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားနေတယ်။
ဒါပေမယ့် ပရိတ်သတ်ကတော့ အစကတည်းက မြေခွေးအကြောင်း သိပြီးသားပဲလေ။ ဘယ်သူကမှ သူ့ကို အယုံအကြည် မရှိဘူး။
မျက်လှည့်ဆရာ မြေခွေးကတော့ ပရိတ်သတ်ကို လှည့်စားပြီး ဒီဘက်အိတ်ကပ်ထဲကနေ ဟိုဘက်အိတ်ကပ်ထဲကို ပြောင်းဖို့ အတင်းကြိုးစားနေလေရဲ့။ ။

Sunday, October 26, 2008

ချီတက်ပွဲ

မြို့ပျက်ကြီးထဲမှာ
ဆာလောင်နေရုံနဲ့တော့
အောက်ဆီဂျင်ကုန်ခမ်းတဲ့အထိ
ပင်လယ်ဆီမရောက်နိုင်ဘူး။

ကျောက်ချထားတဲ့စိတ်တွေ
ရွက် .. လွှင့် .. လိုက် ..။

ညမီးခိုး တိမ်တိုက်တွေ
မောင်း .. ထုတ် .. လိုက် ..။

ကမ်းခြေအသစ် ...
ကောင်းကင်အသစ် ဆီသွားကြမယ်။

ဖြန့်ကျက်ထားတဲ့အတောင်ပံ
...... လေဆန်ကို ပျံဖို့ဖြစ်တယ်
...... လေဆန်ကို ပျံဖို့ဖြစ်တယ် ...။

ဒဏ်ရာတွေပေးတဲ့ ကမ္ဘာဖျက်မာရ်နတ်
အာဇာနည် ရဲ့ ဓါးအတွက်
လက်စားချေ တေးသံတွေ
ပြိုးပြက်တီးခတ်ဖို့
....... ငါတို့ လာနေပြီ
....... ငါတို့ လာနေပြီ .... ။ ။

Friday, October 24, 2008

ပစ္စုပ္ပန်အတု


ကျွန်တော့်ရဲ့ ပို့စ်အသစ်လေးတွေကိုဖတ်ပြီး ကိုthinker က ဝေဖန်ပါတယ်။
ကိုthinker ။ ။ "ခင်ဗျားကလည်း အတုတွေများလှပါလား"
ကျွန်ုပ်။ ။ "အတုတွေများမှာပေါ့ဗျာ။ ကျွန်တော်တို့နေတဲ့ နိုင်ငံမှာကိုက လူတွေတော်တော်များများ အတုတွေနဲ့ နေသားကျနေကြတာပဲ"
ကိုthinker ။ ။ "ဟ ဟေ့လူရ အဲလောက်တော့ မဟုတ်ဘူးထင်တယ် အစစ်အမှန်သုံးတဲ့သူလည်း တော်တော်များပါတယ်"
ကျွန်ုပ်။ ။ "ကျွန်တော် ပြောတာက အသုံးအဆောင် ပစ္စည်းအတုကို ပြောတာမဟုတ်ပါဘူး။ ဆန္ဒအတုကိုပြောတာ။ ပြည်သူလူထုက သူတို့ရဲ့ဆန္ဒ အစစ်အမှန်ကို ဖော်ထုတ်ပြတော့လည်း ဖမ်းတယ်၊ ဆီးတယ်၊ ရိုက်တယ်၊ ပစ်တယ်။ ပြည်သူအများစုဟာ စစ်အစိုးရကို အလိုမရှိတဲ့ ဆန္ဒအစစ်တွေကို ချိုးနှိမ်မြိုသိပ်ပြီး ဆန္ဒအတုတွေနဲ့ နေထိုင်နေကြရတာဗျ။ သေချာတာကတော့ ပြည်သူလူထုက ပစ္စုပ္ပန်ကို စိတ်ပျက်လက်ပျက်နဲ့ လက်ခံရှင်သန်နေကြရတာပါဗျာ"။
ပြောပြီး ကျွန်တော်သက်ပြင်းချမိပါတယ်။ ။

Thursday, October 23, 2008

ဇာတ်လမ်းအတု


အဝေးကြီးသွားပြောစမ်းပါ...
ဘေးရန်ဆီးကာ .. တဲ့
ကျုပ်တို့ကို ထိုးကျွေးပြီး
ခင်ဗျားက ကင်း လုပ်တယ်။

ဘာမှပြန်မပြောချင်တော့ ...။
ခေါင်းမရှိတဲ့ လူဟာ
နားရှိဖို့လည်း မသေချာဘူးလေ...။

ဒါနဲ့ လူကော ဟုတ်ရဲ့လား?
အဲဒါလည်း မသေချာဘူး
သူ့မှာ နှလုံးသားမှ မရှိတာ...။

ဘာမှ မစဉ်းစားတတ်တဲ့
ခင်ဗျားအတွက်တော့ လွယ်တယ်
ကျုပ်တို့မှာသာ ...
နာရီတွေထဲ .. ကျွမ်းထိုးမှောက်ခုံ။ ။

Wednesday, October 22, 2008

မာရ်နတ်ရဲ့နွား



မာရ်နတ်ဟာ ကမ္ဘာကိုဖျက်တဲ့နေရာမှာ အသုံးပြုခိုင်းစေရအောင် နွားတချို့မွေးပြီး နဖားကြိုးထိုးတယ်။ တချို့နွားတွေက သူတို့ရဲ့သခင်ဟာ ကမ္ဘာဖျက်မယ့်မာရ်နတ်ဆိုတာ မသိရှာပဲ ဘုမသိဘမသိနဲ့ ကြိုးဆွဲရာ ကကြရှာတယ်။ တချို့နွားတွေကတော့ သိရက်နဲ့အလိုတူအလိုပါ။
မာရ်နတ်က ဒါနဲ့အားမရသေးတော့ တချို့နွားတွေကို သူ့ရဲ့မိတ်ဆွေတွေဆီပို့ပြီး ကမ္ဘာဖျက်နည်းတွေသင်ခိုင်းတယ်။ မာရ်နတ်ရဲ့မိတ်ဆွေတွေက အဲဒီနွားတွေကို လည်ပတ်ပါ ပတ်ပေးလိုက်တယ်။ အဲဒီနွားတွေက ပိုပြီးသနားစရာကောင်းတယ်၊ နဖားကြိုးအပြင် လည်ပတ်ပါ ပါတော့ မာရ်နတ်က ပိုခိုင်းလို့ကောင်းတာပေါ့။ ဒီလိုနဲ့ပဲ ကမ္ဘာဖျက်မာရ်နတ်ရဲ့ နွားတွေ... နွားတွေ... များလာ။ ကမ္ဘာကြီးလည်း ပျက်သထက် ပိုပိုပျက်လာတော့တာပဲ။ သြော် ... အနိစ္စ .. ဒုက္ခ .. အနတ္တ ...။ ။

Friday, October 17, 2008

“တပည့်မကောင်းဆရာ့ခေါင်း”နှင့် ပတ်သက်၍

အမှားကို ထောက်ပြပေးသူတွေကိုရော၊ ဝေဖန်အကြံပြုပေးသူတွေရော၊ မေတ္တာပို့ကြသူတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဟုတ်ကဲ့ ... ကျွန်တော်ကတော့ဘာမှပြန်ပြောမှာမဟုတ်ပါဘူး။ ပြောကြသလို နာမည်ကြီးချင်လို့လည်းမဟုတ်ဘူး။ ဘယ်သူ့ကိုမှမထိခိုက်စေချင်ပါဘူး။ ကံချွန်လို ကြားဖူးနားဝ ဟာသပုံပြင်လေးပြောကြည့်တာပါ။ သိကြသူတွေ သိသလိုတွေးပြီး သိကြပါစေ။ မသိသူတွေ မသိသလိုနေကြမှာပါ။ သိရက်နဲ့မသိချင်ယောင်ဆောင်နေသူတွေကိုတော့ ဘာမှမပြောချင်ပါဘူး။ ကျေးဇူးတင်ပါတယ်။

Monday, October 13, 2008

သရုပ်ဆောင်

"ကဲမင်းအလှည့်ရောက်ပြီ... ဝင်တော့"
ဇာတ်ဆရာရဲ့အော်သံအဆုံးမှာ ကျွန်တော်ဇာတ်စင်ပေါ်ကိုအလိုလိုရောက်သွားခဲ့တယ်။ ဒီအချိန်မှာ အလှည့်ရောက်တာအကောင်းဆုံးပဲ ကျွန်တော့်ရင်ထဲမှာ စကားလုံးတွေအပြည့်အသိပ်နဲ့ ပေါက်ကွဲထွက်လာတဲ့ ခံစားချက်တွေနဲ့ ကျွန်တော်ပြောချလိုက်တယ်။
".... ...... ..... ....... ...."
ထူးဆန်းစွာနဲ့ပဲကျွန်တော့်ပါးစပ်က ဘာအသံမှထွက်မလာခဲ့ဘူး။ ကျွန်တော် အံ့ဩသွားတယ်။ ချက်ချင်းပဲ ဇာတ်ဆရာကို လှည့်ကြည့်ပြီးကျွန်တော်သိလိုက်ပါရဲ့။ ကျွန်တော်သရုပ်ဆောင်နေရတာက အ အ ခန်းလေ။ မွန်းကျပ်မှုတွေနဲ့ ကျွန်တော်မောလာတယ်။
"နောက်တစ်ခန်းအတွက်အသင့်ပြင်ထား" ဆိုတဲ့ ဇာတ်ဆရာရဲ့အသံနဲ့အတူ ကျွန်တော် ဇာတ်စင်နောက်ကို ရောက်ခဲ့တယ်။ နာကျည်းလိုက်တာ။ နောက်အခန်းတွေဘယ်လောက်များများ ကျွန်တော် အ ချင်ယောင်ဆောင်နေရဦးမှာလဲ???။ ။

Sunday, October 12, 2008

တပည့်မကောင်းဆရာ့ခေါင်း

တဆင့်စကားတဆင့်နားနဲ့ ကြားသိရတဲ့ဖြစ်ရပ်မှန်လေးပါ။
တခါက မန္တလေးနည်းပညာတက္ကသိုလ်က ၀ါရင့်ဆရာကြီးတစ်ယောက် DSTA လို့ခေါ်တဲ့ တပ်မတော်နည်းပညာတက္ကသိုလ်ကို တာဝန်ကျလို့ပြောင်းသွားရသတဲ့။ ဒီလိုနဲ့သင်ရင်းပြရင်း စာမေးပွဲတွေပြီးရောဆိုပါတော့။ အဲဒီမှာ ဆရာကြီးစစ်ရတဲ့အဖြေလွှာတွေက အောင်မှတ်ရတာ တစ်ယောက်မှမရှိဘူးဆိုပဲ။ ဆရာကြီးကလည်းဝါရင့်ဆိုတော့ ဘာရမလဲ အကုန်ချပစ်တာပေါ့။ တော်လိုက်တဲ့ DSTA ကျောင်းသားတွေနော်။
အဲဒီအကြောင်း ကျောင်းအုပ်ကြီးကြားသွားတော့ ဆရာ့ကိုခေါ်ပြောသတဲ့။ ကျောင်းသားတွေစာမေးပွဲကျတဲ့ ကိစ္စမှာ အကြောင်းရင်းနှစ်ခုရှိတယ်တဲ့၊ တစ်ခုက ကျောင်းသားတွေညံ့လို့၊ နောက်တစ်ခုက သင်တဲ့ဆရာညံ့လို့၊ DSTA ကျောင်းသားတွေကတော့ selection ရွေးထားလို့ ညံ့စရာအကြောင်းမရှိဘူးဆိုပဲ။ ဒါနဲ့ ၀ါရင့်ဆရာကြီးလည်း စိတ်ညစ်ညစ်နဲ့ ကျောင်းက ထွက်စာတင်ခဲ့သတဲ့ဗျာ။
တော်လိုက်တဲ့ DSTA ကျောင်းသားတွေနော်။ MTU က တကယ့် ၀ါရင့်ဆရာကြီး စိတ်ညစ်သွားအောင်ကို တော်ကြပုံများပြောပါတယ် .... တကယ်။ ။

ပြောင်းပြန်ဇောက်ထိုး

ကျွန်တော့်သူငယ်ချင်းတစ်ယောက်လုပ်ပုံကြည့်ဦး ...
"ဟေ့ကောင် မင်းသတင်းစာက ဇောက်ထိုးကြီးဖြစ်နေတယ်လေ ... ဘယ်လိုလုပ်ဖတ်လို့ရမှာလဲ?"
သူငယ်ချင်းကပြန်ပြောတယ်...
"မင်းဘာသိလို့လဲ? ငါဖတ်နေတာ အစိုးရသတင်းစာဟ .. ဇောက်ထိုးဖတ်မှ အမှန်အတိုင်းတွေသိရတာ"
နောက်တစ်ယောက်လည်းကြည့် ... ခုံပေါ်မှာဇောက်ထိုးကြီး TV ကြည့်နေတယ်။ သူကလည်းပြောတယ် ...
"တပ်မတော်နေ့ဂုဏ်ပြုဇာတ်ကားကြည့်နေတာကွ" တဲ့ ... ကောင်းရော။ ။

Thursday, October 9, 2008

သန်းခေါင်ယံ

ကပြောင်းကပြန်အိပ်မက်နဲ့
လမ်းမရှိတဲ့လမ်းကို
မြေပုံညွှန်းအတိုင်းတဲ့ ...
သွားနေကြ.... ။

ဘယ်တော့မှ ... ရောက် .. မှာ .. လဲ?

ကိုယ်ကျိုးစွန့်ထားသတဲ့
ကိုယ်ကျင့်တရားတွေပုပ်အဲ့
စမ်းတ၀ါးဝါးနဲ့
အဲဒီမျက်ကန်းတွေက
တစ္ဆေတော့ကြောက်တယ်...။

အယောင်ဆောင်မျက်နှာဖုံးနဲ့
ကျိန်စာအတုတွေရွတ်ဆို...
အဲဒီလိုနဲ့
ငါတို့ကမ္ဘာကြီး
ခရီးတစ်ပိုင်းတစ်စ
သုညက စဖို့တောင်
အမှောင်မှာ အိပ်ပျော်ကြတုန်းပေါ့။ ။

လင်္ကာကြီးချော

မိတ်ဆွေကသူ၏ ကိုယ်တိုင်ရေး ဆိုသော လင်္ကာတစ်ပုဒ်လာပြ၏။
"........ ........ ........"
"ဟင် ... ခင်ဗျားဟာကလည်း တချို့အချက်တွေက မဖြစ်နိုင်ဘူးထင်တယ်ဗျ..."
ကျွန်တော်က စိတ်ထဲရှိသည့်အတိုင်းဝေဖန်မိသောအခါ ထိုမိတ်ဆွေကပြန်ပြောသည်။
"ဟဲ ဟဲ.. ဒီလောက်တော့ရှိမှာပေါ့ဗျာမုသား မပါလင်္ကာမချောတဲ့ဗျ..."
"ဪ ဒီလိုလား ... အင်း အင်း ဟုတ်ပြီ"
နောက်တစ်နေ့ကျ ကျွန်တော်၏ကိုယ်တိုင်ရေးလင်္ကာကို သူ့အားပြလိုက်သည်...။
"... ..... .... ..... ...."
ထိုမိတ်ဆွေကဒေါသတကြီးနှင့် ...
"ဘာတွေလဲဗျာ ခင်ဗျားဟာက မဖြစ်နိုင်တာတွေချည်းပဲ...."
"ဟင်... ခင်ဗျားပဲမုသားမပါလင်္ကာမချောဆိုဗျ ... အဲဒါကြောင့် အချောတကာ့အချောဆုံးလင်္ကာကြီး ဖြစ်သွားအောင် မုသား တွေချည်းရေးထည့်လိုက်တာပေါ့ဗျ.. ဟဲ... ဟဲ"
ရှူးသိုးသိုးနှင့် ထိုမိတ်ဆွေလှည့်ပြန်သွားသောအခါသူကြားအောင် ကျွန်တော်အော်ပြောလိုက်သည်...
"ကျွန်တော် စကားပုံကို ပြင်ထားတယ်ဗျ မုသားချည်းပါလင်္ကာကြီးချော လို့မကောင်းဘူးလား"။ ။