Friday, February 19, 2010

ကောင်းကင်မရှိတဲ့ ငှက်တစ်ကောင်အတွက် အရိပ်


ငါ့ကိုငါ တားဆီးခဲ့တယ် ...
အကြိမ်ကြိမ်ပါပဲ ....။

လမိုက်ညလို ဘဝထဲကို
ပျိုးမကြဲပါနဲ့လို့ (မင်းကို)
ငြင်းဆန်ခဲ့တာလည်း တစ်ခါမက။

ဒီပန်းကို မလိုချင်လို့
မော့မကြည့်တာ မဟုတ်ပါဘူး
လမ်းတွေက ဆူးအပြည့်နဲ့မို့
ခေါင်းမမော့မိတာကို ကြာပါပြီ။

ကောင်းကင်ရဲ့ မိုးရေစက်တွေက
အေးမြမယ်မှန်း သိရက်နဲ့
ခဏခဏ မိုးခိုနေတဲ့ကောင်ပါ။

ငါ့ရဲ့ ဆန့်ကျင်ဘက်လေးရေ ....။

ငါဟာ ကျောက်ရုပ်မဟုတ်ဘူးကွဲ့
မင်းအတွက် အလံဖြူတွေကို
ရင်ခွင်နဲ့ အပြည့် သိမ်းထားသူပါ။

တစ်နေ့တော့ ...
နှင်းဆီအနီတွေကို
မင်းအိပ်မက် လိပ်စာတပ်ပြီး
အရောက်ပို့လိုက်ပါ့မယ်။ ။

Monday, February 15, 2010

ရုက္ခစိုးမိုက်


လမ်းဘေးမှာ ဆောင့်ကြောင့်ထိုင် ငိုနေတဲ့ ရုက္ခစိုးတစ်ပါးကို တွေ့လို့ ကျနော် စပ်စုဖို့ ပြင်လိုက်တယ်။ လက်အုပ်လေး ချီရင်း …

“အရှင် ရုက္ခစိုး နတ်မင်းကြီး ကျနော့်သားလေးကို ဗွေမယူပါနဲ့ … အယ် မှားကုန်ပြီ … အရှင် ရုက္ခစိုးနတ်မင်းကြီး … ဘာလို့ ငိုနေတာလဲဗျ”

ရုက္ခစိုးကြီးက “အောင်မာ အောင်မာ ဘယ်သူလဲဟေ့” လို့ ပြန်မပြောပါဘူး။ တရှုံ့ရှုံ့ ငိုရင်း နှပ်ချေးအရွှဲသားနဲ့ သူ့အဖြစ်ကို ဒီလို ပြန်ပြောပါတယ်...

“ဟိုတစ်နေ့က ငါ့ဆီကို လူတစ်ယောက် .. အဲ .. ဝိဉာဉ်တစ်ခု ရောက်လာတယ် … သူ့ကို နတ်ပြည်ရော ငရဲပြည်ကပါ လက်မခံလို့တဲ့ .. အဲဒါ ငါ့သစ်ပင်မှာ ခဏ ခိုနေပါရစေ ဆိုလို့ ငါလည်း သနားတတ်တော့ ခွင့်ပြုလိုက်တယ် … ပြီးမှ .. မဟုတ်သေးပါဘူး … သူ့အတွက် ပြောပေးလို့ရရင် ပြောပေးဦးမယ် ဆိုပြီး .. ငါ ငရဲပြည်နဲ့ နတ်ပြည်ကို စုံစမ်းဖို့ ထွက်ခဲ့တယ်…”

“ဟုတ်လား … အဲတော့ ငရဲပြည်နဲ့ နတ်ပြည်က .. ဘာပြန်ပြောလဲ?”

“နတ်ပြည်တောင် မရောက်လိုက်ပါဘူးကွာ .. ငရဲပြည်ရောက်တော့ ယမမင်းက ပြောတယ် … ဟဲ့ လူမိုက် … အဲ .. ရုက္ခစိုးမိုက် .. နင်မို့ သူ့ကို လက်ခံထားရဲတယ် .. ငါတောင် မထားရဲဘူး … ငါ့မှာ ယမမင်းစည်းစိမ်တောင် အားရအောင် မခံစားရသေးဘူး .. အဲဒီကောင်ကို လက်ခံထား … မကြာခင် နင် ဘုံ ပျောက်လိမ့်မယ် သိလား ..တဲ့ … အဲဒါနဲ့ ငါလည်း စိုးရိမ်ပြီး ငါ့သစ်ပင်လေးဆီ ပြန်ပြေးလာတာကွာ .. ဒီရောက်တော့ နောက်ကျသွားပြီ ဟင့် …”

“ဗျာ .. ဘယ် .. ဘယ်လို … နောက်ကျသွားတယ် ဟုတ်လား?”

“ငါ့သစ်ပင်လေးကို ဒီကောင် အပိုင်သိမ်းသွားပြီလေ ..”

ကျနော် သိလိုက်ပါပြီ။ အဲဒါနဲ့ …

“ဟဲဟဲ … သူ့နာမည်က ရွှေရွှေ မဟုတ်လား ရုက္ခစိုးကြီး”

ရုက္ခစိုးမင်း အံအားသင့်သွားပြီး …

“ဟင် .. ဟုတ်တယ် .. ဟုတ်တယ် .. မင်း ဘယ်လိုလုပ် သိတာလဲ?”

သူ့အမေးကို ကျနော် ပြန်မဖြေတော့ပါဘူး။ သူ့ကို ယမမင်းပြောသလို ပြောပြီး ထွက်ခဲ့လိုက်တယ် …

“လူမိုက် … အဲ .. ရုက္ခစိုးမိုက် … မိုက်ချက်ကတော့ ကမ်းကုန် ရုက္ခစိုး”။ ။

Wednesday, February 10, 2010

အိပ်မက် (၂)


“မင်းက စကားအရမ်း များတာပဲ ...”

ကျနော့် အိပ်မက်က ကျနော့်ကို ပြောပါတယ်။

“ငါ့ ပါးစပ်နဲ့ ငါ ပြောတာ ... ဘာဖြစ်လဲကွာ ... ကိုယ့်နေရာကိုယ် နေစမ်း ... နေရာတကာ ဝင်မပါနဲ့ ...”

ကျနော် ပြန်ဟောက်လိုက်တော့ အိပ်မက် ငြိမ်သွားပါတယ်။

အိပ်မက်ထဲမှာ ကျနော် စကားတွေ အများကြီး ထပ်ပြောပစ်တယ်။

“.... ....... ........... ................ ..... ...........”

“သားရေ .. ဘယ်အချိန်ရှိပြီလဲ ထတော့လေ ..”

အမေလာနှိုးလို့ ကျနော့် အိပ်မက် ရပ်သွားတယ်။

“သွား ... မျက်နှာသစ် ... အောက်မှာ အမေ မနက်စာ ပြင်ထားတယ်”

အိပ်ရာနိုးစ ကြည်လင်တဲ့ အပြုံးနဲ့ အမေ့ကို ပြုံးပြပြီး ခေါင်းငြိမ့်ရင်း ကျနော် ပြန်ပြောလိုက်တယ် ....

“အား ဘား ဘား ... အာ ဘား ဘား ... အ ဘား ဘား ...”။ ။



ဒီဝတ္တုလေး ရေးပြီး ကျနော် စဉ်းစားမိတယ်။ မွေးရာပါ မျက်စိမမြင်တဲ့သူတွေ အိပ်မက် မက်ရင် ဘာတွေ မက်ကြသလဲ လို့လေ။ သူတို့ အိပ်မက်တွေကို ကျနော် မြင်ကြည့်ချင်လိုက်တာ။ ကံနည်းတဲ့ မွေးရာပါ အလင်းမဲ့လေးတွေကို အတွေးနဲ့တင် အရမ်းကိုယ်ချင်းစာမိပါတယ်။ ဘာတွေ မက်သလဲ ဆိုတာ သိတဲ့သူများရှိရင် ကျေးဇူးပြုပြီး ပြောပြပေးသွားကြပါ။

Saturday, February 6, 2010

ဘလော့ဂ်အကယ်ဒမီဆု ရှင်းတမ်း

ကြွရောက်လာကြသော သဘာပတိကြီးနှင့်တကွ ... အဲ ဟုတ်သေးဘူးနော် ... ကြွရောက်ဖတ်ရှုလာကြသော မိတ်ဆွေ ညီအစ်ကို မောင်နှမများခင်ဗျား .... ယခု နာမည်ကြီးနေသော ဘလော့ဂ် အကယ်ဆုကြီးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချင်ပါသဖြင့် ဤစာကို အတင်းရေးလိုက်ပါပြီ ခင်ဗျား။

ပထမဆုံး ရှင်းပြချင်တာကတော့ ဘလော့ဂ်အကယ်ဒမီဆုကြီးဆိုတာ ကိုယ်နဲ့ ဘယ်လိုမှ မပတ်သက်နိုင်မှန်း သိလို့ ဝေးဝေးရှောင်နေခဲ့တာပါ။ မဲပိတ်ချိန်နီးမှ သွားပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ လူတွေကို မဲပေး .... ပြီးမှ ခပ်တည်တည်နဲ့ ကွန်ဂရက်ကျူလေးရှင်း လုပ်ပြီး ကျနော်ထင်လို့ကို မဲပေးခဲ့တာလေ လုပ်မလို့ပါ။ ခုတော့ .....

မရွှေဇင်ဦးရဲ့ အကယ်ဒမီ အပိုင်း ၃ ကို ဖတ်ပြီးမှ ကျနော်လည်း အခြေအနေလေး ဝင်လေ့လာဦးမှဆိုပြီး အဲဒီကို ပထမဦးဆုံးအကြိမ် သွားလိုက်မိပါတယ်။ လား လား အဲတော့မှ မျက်လုံးပြူးတော့တာပဲ .... အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှု စာစုများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျနော့်နာမည်ကြီး ဘွားကနဲ တွေ့လိုက်ရတော့တာပါပဲ။ ဘလော့ဂ်အစုတ်လေးကို စာရင်းသွားပေးဖို့ စဉ်းကို မစဉ်းစားခဲ့ပါဘူးဗျာ။ ဟို ကော်လံပေါ်ကနှုတ်ခမ်းနီ သီချင်းထဲကလို တရားခံဘယ်သူလဲဟေ့ လို့ အော်ဆိုရမလို ဖြစ်နေပြီ။

ဒါက စာရင်းသွားမပေးကြောင်း ရှင်းတမ်းပေါ့ဗျာ။ တော်ကြာ မသိတဲ့ လူတွေက ဒီကောင် ဘာကြောင်တာလဲ .. သူ့ဘလော့ဂ်အစုတ်ကိုများ အရှက်မရှိ စာရင်းသွားပေးထားတယ်လို့ ကောလဟာလတွေ ထွက်ကုန်မှာ စိုးလို့ပါ။

ထားပါ။ ဒါနဲ့ မရွှေစင်ဦးတော့ မဲလေးမဲ ရနေပြီတဲ့ (အဲတုန်းက) ငါလည်း ကြည့်ဦးမှ ဆိုပြီး ကြည့်ပါတယ်။ ဟီးဟီး အားရစရာကြီးဗျ ... မဲတစ်မဲ ကြီးတောင် ရနေပါတယ်(ငါကွ)။ နောက်တော့ အဖြူရောင်နတ်သမီးက သူပေးတာလို့ ပြောတာနဲ့ ကျနော်လည်း အားနာလို့ သူ့ကို မဲပြန်ပေးခဲ့ပါတယ်။ (ခု မရွှေစင်ဦး အပိုင်း ၄ ကို ဖတ်မိမှ သူလည်း အဲဒီဗျူဟာ သုံးတာလား မသိဘူးလို့ ပြန်တွေးမိပါတယ် ... ဟီးဟီး ဂျီးတော်ရေ .. ဟုတ်ဘူးမို့လား)။

ဒါနဲ့ပဲ ရချင်လွန်းလို့ မဟုတ်ပေမယ့် ကျနော်လည်း အများနည်းတူ မဲဆွယ်ရပါတော့တယ်။ မဲမရရင်လည်း ကောင်းတယ် ဒီကောင် အရှက်မရှိ စာရင်းပေးပြီး ဘယ်သူမှ မဲမပေးဘူး မဟုတ်လား မှတ်ကရောလို့ ပြောကြမှာလည်း ကြောက်သေးတယ်ခင်ဗျ။

ကျနော့် မဲဆွယ်နည်းကတော့ အွန်လိုင်းပေါ်တက်လာသမျှ သူငယ်ချင်းတွေကို အားအား မအားအား ချက်ချင်း သွားပေးခိုင်းတာပဲ :-) အဲဒီအထဲမှာ ဘလော့ဂ်ဂါသူငယ်ချင်းတွေတော့ မပါဘူးခင်ဗျ .. ရှက်လို့ ခွိခွိ။ (ဒီပို့စ်ဖတ်ပြီးရင် အလိုက်သိကြမယ် ထင်ပါတယ် ဘလော့ဂ်ဂါ သူငယ်ချင်းများ ခင်ဗျား ဟီးဟီး) နောက် မေးလ်ပို့ပြီး မဲဆွယ်ပါတယ်။

သူငယ်ချင်းတွေထဲမှာ ဘလော့ဂ်ဆိုတာ ဘာမှန်းမသိတဲ့ လူတွေ ပါနေတော့ သေသေချာချာကို မဲသွားပေးနည်း လမ်းညွှန်နဲ့ တကွ မေးလ်ပို့လိုက်တယ်။ ဒါနဲ့ပဲ ခုထိတော့ မဲဆယ်မဲ ရနေပါပြီ။ သေချာတာကတော့ ကျနော် ဘယ်လိုမှ မရနိုင်ဘူးဆိုတာကို အားရဝမ်းသာစွာနဲ့ ကိုယ့်အခြေအနေကို သိလိုက်ရတာပါပဲ။ တော်ကြာ ရနေရင် ဟိုအကယ်ဒမီလို ဟိုလူလာနမ်း ဒီလူလာနမ်းနဲ့ ဆို ရှက်စရာကြီးလေ :-)

ကဲ ရှင်းတမ်း ပြီးပါပြီ။ ဒီကောင် မရနိုင်တော့လို့ အရှက်ပြေ ရေးထားတာလို့ ပြောရင်လည်း ခံရုံပေါ့ဗျာ။ ဘာတတ်နိုင်မှာလဲ။ ကိုယ်ကိုက စပ်စပ်ဆော့ဆော့ ဘလော့ဂ်ဂင်းချင်တာကိုး။ ဒါပေမယ့် စိတ်ချပါခင်ဗျ။ ကျနော်က မဲမနိုင်ရင် နိုင်ရာမဲတတ်တဲ့ တစ်ယောက်တော့ မဟုတ်ပါဘူးခင်ဗျာ။

ဘလော့ဂါအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
ဘလော့ဂါအချင်းချင်း အပုပ်ချခြင်း ကင်းရှင်းကြပါစေ။
ဘလော့ဂါအချင်းချင်း သွေးထိုးခြင်း ကင်းရှင်းကြပါစေ။

Wednesday, February 3, 2010

ရေးပေးပါ


မေအိရဲ့ တက်ဂ် လေးပါ။ ကလေးပြန်လုပ်ကြမလား ဆိုလို့ ကျနော် ကလေးလည်း ပြန်လုပ်ထားတယ်။ လူကြီးလိုလဲ ရေးလိုက်ပါတယ်။ အပေါ်က ငါးတန်းကလေးလို တွေးပြီး အောက်က အခုအရွယ်ကို ရေးထားတာပါ။

(၁) ကိုယ့်ကို ဒီလို ခေါ်ကြတယ် …
- ဟေ့ကောင်
- ဂေါက်ကြောင်

(၂) အဝတ်အစားအပေါ် ကိုယ့် သတ်မှတ်ချက်က …
- အဖြူအစိမ်းကလွဲပြီး အကုန် ဝတ်ချင်တယ်
- လူဖြစ်နေလို့ ဝတ်ရတာ (တချို့ ခွေးလေးတွေ ကြောင်လေးတွေကို အဝတ် ဝတ်ပေးထားရင် အားကြီး အညင်ကပ်တယ်)

(၃) အကြိုက်ဆုံး စားစရာနဲ့ သောက်စရာ …
- ရေခဲမုန့် နဲ့ စတော်ဘယ်ရီလက်ဖျော်
- ကောက်ညှင်းပေါင်းနဲ့ အကြော် သောက်စရာကတော့ ဟဲဟဲ

(၄) အကြိုက်ဆုံးပစ္စည်း …
- ဘော်လုံးကန်ဖိနပ် ကောင်းကောင်း
- ဘော်လုံးကန်ဖိနပ် ကောင်းကောင်း (ခုထိ မပိုင်သေးဘူး)

(၅) လိုချင်တဲ့ လက်ဆောင် …
- ကြိုးမဲ့ ကွန်ထရိုးကား
- အမေရိကန်သမ္မတရာထူး (အိုဘားမားကများ စိတ်ရူးပေါက်ပြီး လာပေးရင် ကောင်းမှာပဲ)


(၆) အကြိုက်ဆုံး ဇာတ်ကား …
- ပါဝါရိန်းဂျား
- Johnny English

(၇) အကြိုက်ဆုံး ဟာသဇာတ်ကောင် …
- ကြွက် ဂျယ်ရီ
- တာယာပွကြီး

(၈) အကြိုက်ဆုံး စာရေးဆရာ …
- ဘိုဘို (မင်းဇော်)
- ဆုမြတ်မွန်မွန် (တစ်အုပ်မှ မဖတ်ဖူးဘူး ဒါပေမယ့် ဟဲဟဲ)

(၉) အခိုက်ဆုံး စာအုပ် …
- မင်းလူ (ဦးမင်းလူ ကောင်းမှု ကဗျာစာအုပ်)
- မောင်သာရ (ကျဉ်တုပ်ခံဝံ့ မခံဝံ့)

(၁၀) အချစ်ဆုံးသူ ရှိရင် …
- (……) ပေါ့
- တားတားက ငယ်သေးတယ်လေ အဲဒါတွေ စဉ်းစားသေးဘူး (ပြောင်းပြန်ရေးမိတာ မဟုတ်ဘူးနော်)

(၁၁) ရင်အခုန်ဆုံး အချိန် …
- ဆရာမက တစ်ယောက်ချင်း စာမေးမယ် ဆိုတဲ့ အချိန်
- အောထားတဲ့ ဘော်လုံးပွဲကို ထိုင်ကြည့်နေတဲ့ အချိန်

(၁၂) ဘဝဆိုတာ …
- Life
- သင်ရိုးညွှန်းတမ်းတွေနဲ့ ဘွဲ့ရပြီးတဲ့အခါ Unseen တွေချည်း ဖြေဆိုရတဲ့ စာမေးပွဲပေါ့

(၁၃) စိတ်တိုရင် ဘာလုပ် …
- သီချင်း အကျယ်ကြီး ဖွင့်ပစ်တယ်
- အဲဒီနေ့က နဲနဲ များသွားတယ်

(၁၄) အကြိုက်ဆုံးသီချင်း …
- မျှော်လင့်ခြင်းလေး (လေးဖြူ)
- မီးဘေးရှောင်လို့ မလောင်ခင် တားကြပါ

(၁၅) ဝါသနာ …
- ဘော်လုံးကန်တာ
- တစ် နှစ် သုံး အလုံးများ

(၁၆) မီးခွက်စောင့် ဘီလူးနဲ့ တွေ့ရင် တောင်းမယ့်ဆု …
- ဘယ်တော့မှ အရိုက်မခံရပါစေနဲ့
- လောင်းတိုင်းအောင်၊ ထိုးတိုင်းပေါက်၊ တွက်သမျှကွက်တိ ဖြစ်ပါစေသား

(၁၇) လက်ဆွဲဆောင်ပုဒ် …
- ရိုးရိုးကျင့် မြင့်မြင့်ကြံ
- နေရာတိုင်းလည်း မရိုးသားနဲ့၊ အများကြီး မျှော်လင့်ရင်လည်း အများကြီး ဆုံးရှုံးနိုင်တယ်

(၁၈) အိပ်ရေးပျက်ရတဲ့ အကြောင်းရင်းက …
- အိမ်စာတွေ မပြီးလို့
- ချန်ပီယံလိဂ်တွေ ညနက်တယ်လေ

(၁၉) ချစ်သူကို ဆိုပြချင်တဲ့ သီချင်း …
- အသံမကောင်းဘူး ပြောမှာ ကြောက်တယ်
- တိတ်စမ်းပါဟာ နင့်အသံဆိုးကြီးနဲ့

(၂၀) ပြောပြချင်တဲ့ ဟာသတိုလေး …
- ၂၀၁၀ လောက်ကျ လက်ဖက်ရည်တစ်ခွက် သုံးရာလောက် ဖြစ်မယ်တဲ့
- လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က လက်ဖက်ရည်တစ်ခွက် ၅ ကျပ်ကွဲ့ သားရို့ သမီးရို့ ရဲ့ (သုမောင် ရေးနည်းလေ)

မေအိက လူလည်လုပ်ပါတယ်။ သူများတွေကျ ကလေးပြန်လုပ်ခိုင်းပြီး သူကျ ငါးတန်းကလေးတွေ ရေးတဲ့ဟာတွေနဲ့ ပြီးသွားပါတယ်။ သူ့ကိုလည်း ကလေးပြန်လုပ်ခိုင်းပါမယ်။ ရေးပေတော့ မေအိရေ။ ။