Friday, November 28, 2008

အသံတစုံတရာ

ဆောင်းဦးညတွေဟာ
ဟိုအရင်နှစ်တွေအတိုင်းပဲ
အလွမ်းဖွဲ့သံစဉ်တွေကို
ရှိုက်ငိုသီဆိုရင်း
ပြတင်းပေါက်ကို လာခေါက်နေကြပြီ။
ကြားခွင့်မရှိတော့တဲ့
အသံတစုံတရာများ
နှင်းစက်တွေကြားမှာ ပုန်းခိုနေတာလား။
မဖြစ်နိုင်ပါဘူးလေ...
အသံတစုံတရာဟာ
ဘယ်တုန်းကများ ရှိုက်ငိုဖူးလို့လဲ ...
ငါသာ... အကြိမ်ကြိမ်အခါခါ
ကြေကွဲပြခဲ့ဖူးတာ ...
ငါပါ ......။
ဘာပဲဖြစ်ဖြစ်
ပြတင်းပေါက်ကိုဖွင့်လိုက်တယ်
ပြီးတော့ အလွမ်းတွေနဲ့အတူ
ငါ ကခုန်ပစ်လိုက်တယ်။
ဆောင်း ... ည .... တွေ
အရည်ဖျော်ပစ်တာတောင်
ပူလောင်ပြင်းပြတုန်း....။
အသံတစုံတရာရေ.....။
ဟယ်လို ... ကြားရလား
အသံတစုံတရာရေ.........။
ပြန်လာခဲ့ပါ
ဟိုး ......... အတိတ်တွေထဲကနေ
..... ပြန်လာခဲ့ပါ။
အရင်လို တိတ်ဆိတ်နေတဲ့အခါ...
ငါ့ သက်ပြင်းချသံ တိုးတိုးလေး
နင်ပြန်ကြားယောင်တဲ့အခါ...။ ။


Wednesday, November 26, 2008

Ten Things I Hate About Myself

အစ်မ ယမင်း က Tag ထားတော့လည်း ရေးရတော့မှာပေါ့လေ။ တော်ကြာ သွား... ခင်စရာလည်း မကောင်းဘူးဆိုပြီး အပေါင်းအသင်း မလုပ်တော့ရင် မိတ်ဆွေလျော့သွားဦးမယ်... နော။
Ten Things ဆိုပေမယ့် တကယ်စဉ်းစားကြည့်ရင် ကျွန်တော့်မှာ မကောင်းဘူးထင်ရတဲ့ အကျင့်က ဆယ်ခုမကဘူးဗျ။ ဒါပေမယ့် အခုတော့ စဉ်းစားရသမျှ ရေးကြည့်လိုက်ပါတယ်။
၁။နေ့နဲ့ညမှားနေတာ (မိုးလင်းခါနီးမှအိပ်ပြီး ၁၂၊ ၁ လောက်မှထတယ်)
၂။ဆရာကြီးလုပ်တတ်တာ(နားရွက်တော့ပါပါတယ်)
၃။မီးမလာရင် မနေတတ်တော့တာ
၎။ဂိမ်းဆော့ရင်၅နှစ်အရွယ်တူလေးကိုတောင်အရှုံးမပေးချင်တာ
၅။မူးရင်စကားတအားများတာ(ရှေ့နောက်မကြည့်ဘူး)
၆။ဖဲရိုက်ရင်ရှုံးမှာကြောက်ပြီးပုံမအောရဲတာ
၇။အတိတ်ကိုပြန်တမ်းတနေတတ်တာ
၈။လူစည်တဲ့နေရာတွေကိုရှောင်တာ (ပွဲလမ်းသဘင်မျိုးတွေ)
၉။ကိုယ့်ကိုကိုယ်အထင်ကြီးတာ(တကယ်က ဘာမှအသုံးမကျဘူး)
၁၀။အဆောင်ရှေ့ဂစ်တာတီးရင်တစ်ယောက်တည်းဆိုချင်တာ (အသံကဖြင့်မကောင်းပဲနဲ့)
အား... တကယ်တော့ စဉ်းစားရတာ အတော်ခက်တယ်။ ပြောပါတယ်... ကိုယ့်ကိုကိုယ် အထင်ကြီးပါတယ်လို့။ မကောင်းဘူးထင်ရပေမယ့် ကိုယ့်ကိုယ်ကို အပြစ်တင်နေရတာ တကယ်ခက်ပါတယ်။
လူဆိုတာ ကိုယ့်ကိုယ်ကို ပြန်မမြင်ဆုံးပဲလေ။ အဲဒီတော့ ကျွန်တော်လည်း ဒီလောက်ပဲရေးတတ်ပါတယ်...။

Friday, November 21, 2008

ဧရာဝတီညများ

ကျွန်တော်ကြားဖူးတာပါ။ ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့ မမြင်ခဲ့ရပေမယ့် အစ်ကိုတော် နောင်တော်များ ပြောပြကြလို့ သိရတဲ့ အကြောင်းလေးပါ။
ရှစ်ဆယ့်ရှစ်တုန်းက ဆန္ဒပြကျောင်းသားတွေ ပြည်သူတွေကို စစ်တပ်က ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်ဖြိုခွင်းပြီး သေတဲ့အလောင်းတွေကို ညတွေမှာ ဧရာဝတီမြစ်ထဲ ပစ်ချမျှောခဲ့သတဲ့။
အဲဒီအချိန်က ငယ်သေးလို့ သေချာမသိခဲ့ပေမယ့် အခုချိန်မှာတော့ ကျွန်တော် ခံစားတတ်ပြီ။ နာကြည်းတတ်ပါပြီ။ စစ်အစိုးရရဲ့ ရက်စက်မှုကိုလည်း မျက်ဝါးထင်ထင် မြင်ခဲ့ဖူးပြီ။ ထားလိုက်ပါတော့...။
ကျွန်တော်ပြောချင်တာက ဆရာမြင့်မိုးအောင်ရေးပြီး ကိုလေးဖြူဆိုခဲ့တဲ့ ဧရာဝတီညများ သီချင်းအကြောင်းပါ။ ဇာတ်ဝင်သီချင်းမို့ ဇာတ်ကားနဲ့လိုက်ဖက်အောင် ရေးသားသီဆိုထားတယ်ဆိုပေမယ့် ကျွန်တော် နားထောင်လိုက်ရတဲ့ အချိန်မှာတော့ ဒီထက်မက ပိုခံစားမိပါတယ်။
ဧရာဝတီညများကို နားထောင်ရင်း အပေါ်မှာရေးခဲ့သလို ကျွန်တော်ကြားဖူးထားတဲ့ အကြောင်းတွေ မြင်ယောင်လာမိတယ်။ ကိုလေးဖြူရဲ့ နာနာကြည်းကြည်း ကြေကြေကွဲကွဲနဲ့ ဆိုလိုက်တဲ့ အသံတွေကိုက တကယ့်ဖြစ်ရပ်တွေကို ပြန်ပြောပြနေတဲ့ အတိုင်းပဲ။ ပြီးတော့ သီချင်းသံကြားက သေနတ်သံတွေ၊ ကိုလွင်မိုးရဲ့ ငိုသံတွေက ကျွန်တော့် ခံစားချက်ကို ပိုမြင့်သွားစေတယ်။
ဧရာဝတီဟာ တကယ်ပဲ နာကျင်စွာ ညည်းတွားခဲ့တာလား? ယုံကြည်မျှော်လင့်ခြင်း၊ အနာခံပေးဆပ်ခြင်း။ ကျွန်တော်တို့ရဲ့ နောင်တော် သူရဲကောင်းတွေ အနာခံ ပေးဆပ်ခဲ့ကြတယ်။ အတိတ်တွေ မပျောက်ကွယ်ပါ၊ အသက်ရှင် မြစ်ရေလိုစီး .... ။
ကဲ ... မိတ်ဆွေတို့ရော ... ကျွန်တော့လို ခံစားလို့ရသလား? သီချင်းလေးကို နားထောင်ကြည့်လိုက်ပါဦး။ ။


Discover undefined!


ဒီမှာလည်း download လုပ်လို့ရပါတယ်။RECO0001.MP3

Wednesday, November 19, 2008

ကလေးစစ်သားများရှိရခြင်းအကြောင်း

နအဖအစိုးရက မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးစစ်သားတွေ မရှိပါဘူးလို့ ဗြောင်လိမ်နေပေမယ့် တော်တော်များများ တွေ့နေမြင်နေကြရတာ အားလုံးအသိပါ။ လေ့ကျင့်ရေးတပ်တွေမှာ ပိုပြီးတွေ့နိုင်ပါတယ်။ ဒါပေမယ့် သူတို့လေးတွေကို ကြိုက်တဲ့အချိန်သွားမေးကြည့်၊ မင်းအသက်ဘယ်လောက်ရှိပြီလဲဆိုရင် (၁၈) နှစ်လို့ပဲ ဖြေလိမ့်မယ်။
ကြားဖူးတဲ့ စစ်ချီသီချင်းတစ်ပုဒ်ရှိတယ်။ ‘‘မင်းရဲကျော်စွာ တပင်ရွှေထီးပုံတည်’’ ဆိုတဲ့ သီချင်းပါ။ အင်းဝဘုရင်မင်းခေါင်ရဲ့ သားတော် မင်းရဲကျော်စွာဟာ ရခိုင်ကို စစ်ချီတုန်းက သက်တော် (၁၃)နှစ်ပဲ ရှိသေးတယ်။ မွန်ဘုရင် ရာဇဓိရာဇ်နဲ့တိုက်တော့ သက်တော်(၁၇)နှစ်ပဲ ရှိပါသေးတယ်။
အဲဒီလိုပဲ တပင်ရွှေထီးဟာလည်း သက်တော်(၁၇)နှစ် အရွယ်မှာ ရန်သူ့နယ်မြေဖြစ်တဲ့ ရွှေမော်ဓေါဘုရားပေါ်မှာ ရဲရဲဝံ့ဝံ့နဲ့ နားထွင်းတော်မူခဲ့တယ်။
ပြောရရင်တော့ စစ်ချီသီချင်းမှာပါတဲ့ မင်းရဲကျော်စွာနဲ့ တပင်ရွှေထီးတို့ဟာ အသက်(၁၈)နှစ် မပြည့်ခင်မှာပဲ သူတို့ရဲ့ စွမ်းရည်သတ္တိကို အပြည့်အ၀ တွေ့မြင်ကြရပါတယ်။
ကဲ ... နအဖစစ်တပ်မှာ ကလေးစစ်သားတွေရှိနေတာကို မပြောကြပါနဲ့။ တွေ့ခဲ့မြင်ခဲ့ရင်လည်း ‘‘မင်းရဲကျော်စွာ တပင်ရွှေထီးပုံတည် ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့သည်’’ ဆိုပြီး အကျယ်ကြီး သီချင်းအော်ဆိုလိုက်ကြပါတော့ခင်ဗျား။ ။

(ပုံလေးက Google Image Search ကနေ ရှာထားတာပါ။)

Monday, November 17, 2008

အကြောက်တရားအားငြင်းဆန်ခြင်း



မှောင်မည်းနေတဲ့ တောနက်ကြီးတစ်ခုထဲမှာ ခရီးသွားတစ်စု လမ်းပျောက်နေကြတယ်။ စမ်းတ၀ါးဝါးနဲ့ ဟိုဘက်သွားရမလို ဒီဘက်သွားရမလိုနဲ့ပဲ ညလည်းနက်ခဲ့ပြီ။
အဲဒီအချိန်မှာပဲ တောမှီရဟန်းတစ်ပါးနဲ့ တွေ့ဆုံကြတယ်။ ခရီးသွားတစ်စု လမ်းပျောက်နေမှန်းသိတဲ့ ရဟန်းက လမ်းညွှန်ပြတယ်။
"ဟိုးမှာ မြင်ရလား ... အလင်းရောင်ပျပျနဲ့ မြင်ရတဲ့မြို့ ဟာ ဒကာတို့သွားမယ့် လမ်းမှန်ရောက်တဲ့ မြို့ ပဲ"
ရဟန်းညွှန်ပြရာကို လှမ်းကြည့်လိုက်တော့ မြူနှင်းမြူခိုးတွေ ပိန်းပိတ်နေလို့ ဘာမှမမြင်ကြရဘူး။
"အရှင်ဘုရား ... မြူခိုးမြူနှင်းတွေနဲ့ ပိတ်နေလို့ အရှင်ဘုရားပြတဲ့ မြို့ ကို မမြင်ကြရပါဘူးဘုရား"
ခရီးသွားတစ်စုလျှောက်တော့ ရဟန်းက မိန့်တယ်.....
"ရဟန်းက အဲဒီပိန်းပိတ်နေတဲ့ မြူခိုးတွေကို ဖောက်ပြီးကြည့်လို့ အလင်းရောင်ရှိတဲ့မြို့ ကို ညွှန်ပြနိုင်တာပါ ... အဲဒီကို ဒကာတို့ရောက်ချင်ရင်တော့ ပိတ်ကာနေတဲ့ မြူခိုးမြူနှင်းတွေကို ရဲရဲဝံ့ဝံ့ ဖောက်ထွက်ကြရလိမ့်မယ် ... ကဲ .. အချိန်တွေလင့်တော့မယ် ... သွားကြပေတော့ ဒကာတို့ ...."
ခရီးသွားတစ်စုလည်း ရဟန်းညွှန်ပြတဲ့လမ်းအတိုင်း အလင်းရောင်ရှိတဲ့မြို့ ကိုရောက်ဖို့ မြူခိုးမြူနှင်းတွေကို ဖယ်ရှားတိုးဝင်ပြီး တရွေ့ ရွေ့  နဲ့ ခရီးဆက်နေကြလေရဲ့ ။
ပိတ်ကာနေတဲ့ မြူခိုးတွေကို ထွင်းဖောက်ကြည့်နိုင်သူတိုင်း အလင်းရောင်တောက်ပတဲ့ မြို့  ပြကို မြင်ကြရမှာပါပဲ။ ။

Friday, November 14, 2008

အားလုံးအတွက်ဆုတောင်း

အာရုံထဲက ရည်မှန်းကာ
ပေးဝေ မေတ္တာ ကရုဏာ
ရူးသွပ် လောဘ ဒေါသမီး
ကင်းဝေးပါစေ ကမ္ဘာမြေကြီး
သန်းပေါင်းများစွာ ရကြစေ
မျှော်လင့်တောင့်တ ငွေနဲ့ရွှေ
သေဆုံးနေတဲ့ အိပ်မက်ကမ္ဘာ
ပြန်ရှင်သန်ဖို့ ကြိုးစားပါ ...
စေလိုရာစေ အိပ်မက်များ
အမြန်ဆုံးနဲ့ ရောက်စေသား။ ။

(အားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်လို့ကောင်းအောင် ကလေးကဗျာတွေလို ကာရန်လေးနဲ့ ကြိုးစားရေးထားပါတယ်။ ကျိန်ဆဲချင်ရင်တော့ တစ်ကြောင်း ပြီး တစ်ကြောင်း အစ အဆုံး ဖတ်ကြည့်လိုက်ပါ။)

Monday, November 10, 2008

မာလိန်မှူး


ကန်လယ်မှာ လှေတစ်စင်း ရုန်းရင်းဆန်ခပ် ဖြစ်နေတယ် ...
ကလေးတွေ ကစားရင်း မာလိန်မှူး သူလုပ်မယ် ငါလုပ်မယ်နဲ့ ငြင်းခုံ ရန်ဖြစ်နေကြတာပါ...။
ကန်ကလည်းငယ်ပါတယ်၊ လှေကလည်း သေးပါတယ်။
လှေက ကလေးတွေနဲ့တင် ပြည့်ကျပ်နေပြီ။
အဲဒီအချိန်မှာ ရေကူးနေတဲ့ ကလေးစိတ်မကုန်သေးတဲ့ လူကြီးတစ်ယောက် လှေပေါ်တက်လာပါတယ်...။
“ကလေးတွေ ... လှော်တက်ငါ့ကိုပေး ၊ မင်းတို့ မာလိန်မှူး ရွေးလို့ပြီးရင် ပြန်ပေးမယ်... ”
ပြောပြောဆိုဆိုနဲ့ လှော်တက်ကိုအတင်းလုပြီး လှော်နေတော့တယ်။ လူကြီးဆိုတော့လည်း ဘာမှမပြောရဲကြဘူး။
လှေကလေးကဖြင့် သူတက်လိုက်လို့ ရေတွေစိမ့်ဝင်ပြီး တဖြည်းဖြည်းနဲ့ နစ်တော့မယ်။ လူကြီးကတော့ လှော်ကောင်းတုန်း။ ။

Friday, November 7, 2008

မိုးကိုမျှော်တဲ့လူငယ်တွေ

လိမ်ဆင်ကြီးမှန်းသိရက်နဲ့တော့
ဘ၀ကိုပုံလောင်းရလောက်အောင်ထိ
ငါတို့တွေမိုက်ရူးရဲမဆန်ဘူး။

ဒီလိုနဲ့ပဲ ...
အချိန်တွေအကြာကြီး
ငါတို့တွေမှောင်ခဲ့ရဖူးပြီ။

တွင်းဆုံးကျနေတဲ့
ဘ၀တွေအားလုံးအတွက်
ထွက်ပေါက်တစ်ခုကို
ကူရှာပေးရုံလေးပါ။

မိုးခေါင်နေတာကို
လွန်ဆွဲနေရုံနဲ့တော့
မရွာနိုင်မှန်း သိခဲ့ကြပြီ။

ထောင်ချောက်တွေကြားမှာ
ကိုယ့်အမှန်တရားနဲ့ကိုယ်
ပျော်မွေ့ရှင်သန်နေကြတဲ့
လူငယ်တွေလေ ...
အားမတန်ပေမယ့်
ဘယ်တော့မှ မာန်မလျှော့ဘူး။ ။

Tuesday, November 4, 2008

မြစ်ကျိုးအင်း


ကျွန်တော်တစ်ယောက်တည်း ခရီးထွက်ခဲ့တုန်းက ကျွန်တော့်လိုပဲ အထီးကျန်လှတဲ့ မြစ်ကျိုးအင်းကြီး တစ်ခုနဲ့ တွေ့ခဲ့တယ်။ ကျွန်တော် စကားသွားပြော ကြည့်တော့ ကြေကြေကွဲကွဲနဲ့ ကျွန်တော့်ကို ရင်ဖွင့်နေလေရဲ့ .....
" ကွေ့ကောက်ကြတုန်းက အတူတူကွေ့ကောက်ခဲ့ကြပြီးတော့ အခုမှ သူတို့က ဖြောင့်ချင်ယောင်ဆောင်ပြီး ကျွန်တော့်ကို ထားသွားကြတယ်ဗျာ ...."
မြစ်ကျိုးအင်းကြီးခမျာ ငေးငေးမှိုင်မှိုင်နဲ့ သနားစရာကြီးကို ဖြစ်လို့။ ။

အကြီးအကျယ်သေဆုံးခြင်း


နှင်းဆီပင်တစ်ပင်မှာ ဖြစ်ခဲ့တဲ့အကြောင်းလေးပါ။
နှင်းဆီပွင့်တွေအပြိုင်းအရိုင်းပွင့်နေတဲ့အချိန်ပေါ့။ အဲဒီမှာ ဒီဝတ္တုရဲ့ ဇာတ်လိုက်နှင်းဆီပွင့်က တွေးတယ်....
" အင်း ... ငါဒီလို ပုံမှန်အတိုင်း ပွင့်နေလို့ကတော့ ဘာမှ ထူးခြားမှာ မဟုတ်ဘူး။ လူတွေ ဂရုစိုက်လာအောင် ငါ့ကိုယ်ငါ ကြီးကြီးကျယ်ကျယ်ကို ပွင့်ပစ်လိုက်စမ်းမယ်.... "
အတွေးအဆုံးမှာပဲ သူ့ကိုယ်သူ ၀ုန်းကနဲ ဖန်ဆင်းပစ်လိုက်တယ်....။
"!!! !!! !!!"
ရုတ်တရက် ကြီးမားလာတဲ့ နှင်းဆီပွင့်ရဲ့ အလေးချိန်ကို ပင်စည်က မခံနိုင်ဘူး။ တဖြည်းဖြည်း ကွေးညွှတ် အိ ကျ ...။
" ဟာ ... ဘယ်လိုဖြစ်တာလဲ? "
" သေကုန်တော့မှာပဲ လုပ်ပါဦး "
" ........ ....... ........ "
အဲဒီမှာ တခြားနှင်းဆီပွင့်တွေက (ထိတ်လန့်တကြား) ကြောက်လန့်တကြား အော်ဟစ်ကြ။ ဆူညံ ပွက်လောထသွားတယ်။
ပြီးတော့ အခြေအနေအရတဲ့ အပင်ကနေ ၀ိုင်းပြီး ဖြုတ်ချ ခြွေပစ်လိုက်ကြတယ်။
လောကကြီးမှာ ကြီးကြီးကျယ်ကျယ် ပွင့်ချင်တဲ့ ကျွန်တော့်ရဲ့ ဇာတ်လိုက်နှင်းဆီကြီးဟာ ခဏတာပဲ ကြီးကျယ်လိုက်ပြီး အကြီးအကျယ် သေဆုံးသွားရတော့တယ်။
တခြားနှင်းဆီပွင့်တွေကတော့ ပြန်လည်ထောင်မတ်လာတဲ့ ပင်စည်ကြီးမှာ ဝေေ၀ဆာဆာ ပြုံးပြုံးရွှင်ရွှင် ကြီးတွေနဲ့ပေါ့။ ။