Thursday, December 31, 2009

ပြက္ခဒိန်နဲ့ ပိုစတာ


ဒီဇင်ဘာလရဲ့ နောက်ဆုံးညမှာပေါ့ ......။
ပြက္ခဒိန်ထဲက မင်းသမီးက ပိုစတာထဲမှာ ပြုံးနေတဲ့ မင်းသမီးကို လှမ်း ပြောလိုက်တယ် ...။

“နင်တို့တွေကတော့ အသက်ရှည်လိုက်တာနော် .... ငါ့မှာတော့ မနက်ဖြန်ဆိုရင် အမှိုက်ပုံးထဲပဲ ရောက်မလား ... စက္ကူဝယ်တဲ့ ကုလားဆီပဲ ရောက်သွားတော့မလား .... မသိတော့ ပါဘူးဟာ ....”
ပိုစတာရဲ့ အပြုံးက မချိပြုံးလေး ဖြစ်သွားတယ် ....။ ပြီးတော့ ကြေကွဲသံလေးနဲ့ ပြက္ခဒိန်ကို ပြန်ပြောလိုက်တယ် ...။
“ငါကတော့ .. အသက်အရှည်ကြီးနေပြီး ... လူတွေကို ဘာမှ အကျိုးမပြုတဲ့ ပိုစတာတွေထက် ... တစ်နှစ်လေးပဲ အသက်ရှင်ခွင့်ရပြီး လူတွေအတွက် တစ်နှစ်လုံး အဓိပ္ပာယ်ရှိသွားတဲ့ ပြက္ခဒိန်ပဲ ဖြစ်ချင်တယ်ဟာ .....” ။ ။

Sunday, December 27, 2009

ငြင်းခုံခြင်းနှင့် အဖြေ


“အဲဒါ ‘ဆိတ်’ ပါကွာ ....”

“ဟာကွာ ... ‘သိုး’ ပါလို့ ပြောနေတာကို ...”

‘ဆိတ်’ နဲ့ ‘သိုး’ တောင် မခွဲတတ်သေးတဲ့ အရွယ်လေးတွေပါ။ ငြင်းရင်းခုန်ရင်းနဲ့ အသံကျယ်ကျယ်လာတယ်။ ငြင်းခုန်တာလို့ ရေးနေကျအတိုင်း ရေးတာမဟုတ်ပါဘူး။ ကလေးတွေဆိုတော့ ခုန်ခုန်ပြီးကို ငြင်းနေကြတာ။

လမ်းပေါ်က ဖြတ်လျှောက်သွားတဲ့ လူကြီးတစ်ယောက်ကိုပဲ မေးကြည့်ကြတယ်။

လူကြီးက ဖြေတယ် .....

“ဘယ်အကောင်လဲ ? .... သြော် ... ‘ဆိတ်သိုး’ ကြီးပါကွာ” .... တဲ့။

ကလေးနှစ်ယောက် စိတ်လေ သွားကြလေရဲ့ ။ ။

Thursday, December 24, 2009

ငါ့လက်ကခုန်ချထွက်ပြေးတဲ့ ၀တ်မှုန်


အပြောင်းအလဲဆိုတာ
တချိန်ချိန်တော့ ရှိမှာပါ ...
အနှေးနဲ့ အမြန်ပဲ ကွာမယ်။

ဝတ်မှုန်တွေကို
ကြိုးလို သီကုံးပြီး
လွှတ်တင်မိခဲ့တဲ့ စွန်ကလေး ...
ကမ္ဘာ တစ်ခြားမှာ
ပြတ်ကျသွားတယ်။

လက်ထဲက လွတ်သွားတယ်
အောက်ကျမသွားဘူး ...
မိုးပေါ်ကို မြင့်တက်သွားတယ် ...
ငါဆုပ်ကိုင်ထားမိတာ
မိုးပျံပူပေါင်းလေး တစ်လုံးပဲ။

ငေးကြည့်နေတယ် .....
မျက်စိတဆုံး ... ငါငေးကြည့်နေတယ် ...
ဝတ်မှုန်တွေ အိပ်တန်းပြန်သွားပေမယ့်
ငါ့ သီချင်းက မဆုံးခဲ့ဘူး။ ။

Monday, December 21, 2009

ပန်းမရှိတဲ့ကမ္ဘာထဲက လိပ်ပြာအိပ်မက်


မလှမပ ရက်ဖွဲ့ထားတဲ့
မိုးတိမ်စတွေကိုပဲ အပြစ်တင်ရမလား ...
တကယ်ဆို ငါ့ကောင်းကင်က
ဟိုးတုန်းကတည်းက မှိန်လွန်းပါတယ်။

မှုန်သီဝါးဝေနေတဲ့
ကြယ်တပွင့်တလေတောင်
ရင်ခွင်မှာ ချိတ်ဆွဲမနေဘူး ...
ကာရန်ပျက်နေတဲ့
ကဗျာနက်နက်တွေပဲ
ပန်းချီကားထဲ ခွေခေါက်တွန့်လိမ်လို့။

သေချာပါတယ် ...
ဒါပါပဲကွယ်လို့ မင်းမပြောသရွေ့
ဒါဟာ ပုံပြင်မဟုတ်သေးဘူး။

ရပါတယ် ...
ရင်ဘတ်တစ်ခြမ်းနဲ့တောင်
ငါ့ကို မလွမ်းပါနဲ့ ...
လူတစ်ယောက်ရဲ့ အိပ်မက်ဆိုပေမယ့်
တစ်ကမ္ဘာလုံးတောင် ပါလို့ရတာပဲလေ။

ဘယ်လောက်ဝေးမှာလဲ
ဘယ်လောက် အဝေးမှာလဲ
မီးကျိုးမောင်းပျက်ဇာတ်ခုံမှာ
ကန့်လန့်ကာချပြီး ထားသွားပေမယ့်
ညကနက်နေဆဲမို့
ငါ့ကို ဆက်အိပ်ခွင့်ပြုပါ။ ။

Monday, December 14, 2009

ကျွန်တော်နှင့် ခြေလှမ်းများ


ညီညာသော ခြေလှမ်းများနှင့် မညီညာသော ခြေလှမ်းများ

ညီညာသော ခြေလှမ်းများသည် လှပပေမယ့် ရက်စက်ခြင်းကို ကျွန်တော် ခံစားနေရသည်။ ထို့ကြောင့် မညီညာသော်လည်း ယုံကြည်ချက်တူသော ခြေလှမ်းများနောက်သို့သာ ကျွန်တော် လိုက်မည်။ ညီညာခြင်း မညီညာခြင်းထက် ယုံကြည်မှုကိုသာ ကျွန်တော် ပို၍ မြတ်နိုးသည်။


ပြိုင်ပွဲမှ ခြေလှမ်းများ

ပွဲတော်ရက် ဖြစ်သောကြောင့် တောင်ပေါ်သို့ သွားသော စောင်းတန်းလှေကားတွင် လူစည်ကားနေသည်။
ကျွန်တော်နှင့် သူငယ်ချင်းသည် တောင်ပေါ်စေတီသို့ အရင်ရောက်သူ အနိုင်ဟု သဘောတူ၍ ပြိုင်ခဲ့ကြသည်။
သူငယ်ချင်းက စောင်းတန်းလှေကားမှ အခြားသူများကို တွန်းထိုးဖယ်ရှား၍ အပြေးတက်သွားလေသည်။
ကျွန်တော်ကတော့ စောင်းတန်းဘေးရှိ မညီမညာ ကျောက်ခဲပေါများသောလမ်းကြမ်းမှ လှေကားမရှိ ခက်ခဲဖြည်းညင်းစွာ တရွေ့ရွေ့တက်ခဲ့သည်။
ပြိုင်ပွဲတွင် ကျွန်တော် ရှုံးနိမ့်သွားနိုင်လေသည်။ သို့သော် ကျွန်တော် အနိုင်ရဖို့ တစ်ခုတည်းနှင့်တော့ အခြားသူများကို မထိခိုက်စေလိုပါ။ အခြားလူများကို တွန်းထိုး ဖယ်ရှားပြီးမှ ရရှိသော အနိုင်ကို ကျွန်တော် မလိုချင်ပါ။
ပြိုင်ပွဲ၏ ခြေလှမ်းများသည် သန့်ရှင်း စင်ကြယ်နေဖို့ လိုအပ်ပါသည်။


အမှောင်ထဲမှခြေလှမ်းများနှင့် အလင်းထဲမှ ခြေလှမ်းများ

ပန်းတိုင်ကား တူလေသည်။
ကျွန်တော်နှင့် လူအချို့က အမှောင်ထဲ၌ စမ်းတ၀ါးဝါး လျှောက်လှမ်းနေကြသည်။ အချိန်မရွေး ဆူးညှောင့်ခလုတ်တို့နှင့် တွေ့နိုင်သည်။ မမြင်မစမ်းနှင့် အသူတရာ နက်သော ချောက်ထဲသို့လည်း ကျသွားနိုင်လေသည်။ သို့သော်ကား မကြောက်မရွံ့ လျှောက်မြဲ။
အလင်းထဲမှ လူများသည်လည်း ထိုပန်းတိုင်သို့ပင် လျှောက်လှမ်းနေကြ၏။ မြင်မြင်ထင်ထင်ရှိ၍ ထိုသူများသည် ခရီးတွင်လေသည်။
အမှောင်ထဲမှလူသည် အလင်းထဲရှိ လူကို မြင်နိုင်၏။ အလင်း၌ရှိသောသူကား အမှောင်ထဲသို့ မမြင်နိုင်ရာ။
အို .... အလင်းထဲတွင် လျှောက်လှမ်းနေကြသော ညီနောင်အပေါင်းတို့ ....။ သင်တို့ မမြင်နိုင်သော်လည်း အမှောင်ထဲတွင် သင်တို့ကဲ့သို့ လျှောက်လှမ်းနေသူများမှာ လျှောက်လှမ်းနေကြဆဲသာ...။
ပန်းတိုင်ကား တူလေသည်။
အမှောင်ထဲမှ ခြေလှမ်းများနှင့် အလင်းထဲမှ ခြေလှမ်းများ ထိုပန်းတိုင်တွင် ဆုံတွေ့ကြပေလိမ့်မည်။
ထိုအခါ အမှောင်လည်းမဟုတ် ... အလင်းလည်း မဟုတ်။
ရွှေရောင် အတိပြီးသော မြို့ပြက စောင့်ကြိုနေလိမ့်မည် တကား ။ ။



Friday, December 11, 2009

လမ်းတစ်ဝက်က ဇရပ်ပျက်

နှင်းခိုးတွေ ပြိုးပြက်ဝေနေတဲ့
တောရိုင်း ဇရပ်ပျက်ထဲမှာ
ငါတစ်ယောက်တည်း ကျန်ရစ်ခဲ့ ...။

စာအုပ်အဟောင်းတွေသာ
အမှိုက်လို ပုံသွားတယ် ...
ငါ ယုံတဲ့ အိပ်မက်ကမ်းက
ဘယ်ဆီမှန်း မသိ ....။

မြို့ရိုးအထပ်ထပ်ကို
ဖြတ်ကျော်တက်ဖို့
ငါ ... အားရှိပါရဲ့ ... (ဒါပေမယ့်)
တစ္ဆေတွေ ပူးကပ်နေတဲ့
ဝတ်ကျောင်းအိုထဲမှာ
ဆုတောင်းမှ ရမယ်ဆိုရင် ....။

နေပါစေလေ .........။

အပျက်တွေကြားမှာ
ဖိနပ်ပါမှ ဖြစ်မယ်ဆိုရင်လည်း
ခြေဗလာနဲ့ပဲ ........
....... ရပ်နေခဲ့ပါရစေတော့။ ။


(တချိန်က နာကျင်စွာ ကျောခိုင်းခဲ့သော ကျောင်းတော်ကြီးသို့ ...)

Wednesday, December 9, 2009

လောဘ

လူတစ်ယောက်သည် ကြယ်ကြွေသွားတာကို ကြည့်ရင်း တွေးတွေးဆဆနှင့် သူ့ဘေးမှ အဖော်အား စကား စ လိုက်သည်။

“တကယ်လို့ကွာ ... ကြယ်ကြွေတဲ့ အချိန်မှာ ... မင်းဆုတောင်းသမျှ ရမယ်ဆိုရင် ... မင်းဘာကို အရင် ဆုတောင်းမလဲ ?”

အဖော်လုပ်သူက စဉ်းစဉ်းစားစားနှင့် ပြန်ဖြေလိုက်သည်။

“အင်း ... တကယ်သာ ရမယ်ဆိုရင် ... ပထမဆုံး နောက်ထပ် ကြယ်အစင်း တစ်ရာလောက် တစ်ခုချင်း ကြွေပါစေလို့ ဆုတောင်းမှာပေါ့ကွ” ။ ။

Sunday, December 6, 2009

ရင်ခွင်အကန်းနဲ့ကောင်

လောကကြီးရေ ...
ကျေးဇူးပြုပြီး ငါ့ကို အပြစ်မတင်ပါနဲ့။

တချို့ကံကြမ္မာတွေက
ငါမသီကျူးရပဲနဲ့ကို
အလိုလို ဖူးပွင့်လာကြတဲ့
ရာသီအလိုက် ပန်းတွေလိုမျိုး
မိုးမစိုချင်ပဲနဲ့ကို ရွှဲခဲ့ရ ...။

သဘာဝတရားက
ငါ့ကို အရွဲ့တိုက်လိုက်ပုံများ ပြောပါတယ် ....။

လက်မတည့်တဲ့ လေးသည်တော်အတွက်
မတော်တဆ ထိမှန်ခြင်းလို့ပဲ
ပြောပါရစေတော့ ...။

ရိုးရိုးသားသား မှားမိမှ
ကံတရားက မျှတပါဦးမလား ?
ငါ .. လဲကျ ကျန်နေရစ်ဦးမှာလား .... ပြောပါ ? ။ ။