Monday, December 21, 2009

ပန်းမရှိတဲ့ကမ္ဘာထဲက လိပ်ပြာအိပ်မက်


မလှမပ ရက်ဖွဲ့ထားတဲ့
မိုးတိမ်စတွေကိုပဲ အပြစ်တင်ရမလား ...
တကယ်ဆို ငါ့ကောင်းကင်က
ဟိုးတုန်းကတည်းက မှိန်လွန်းပါတယ်။

မှုန်သီဝါးဝေနေတဲ့
ကြယ်တပွင့်တလေတောင်
ရင်ခွင်မှာ ချိတ်ဆွဲမနေဘူး ...
ကာရန်ပျက်နေတဲ့
ကဗျာနက်နက်တွေပဲ
ပန်းချီကားထဲ ခွေခေါက်တွန့်လိမ်လို့။

သေချာပါတယ် ...
ဒါပါပဲကွယ်လို့ မင်းမပြောသရွေ့
ဒါဟာ ပုံပြင်မဟုတ်သေးဘူး။

ရပါတယ် ...
ရင်ဘတ်တစ်ခြမ်းနဲ့တောင်
ငါ့ကို မလွမ်းပါနဲ့ ...
လူတစ်ယောက်ရဲ့ အိပ်မက်ဆိုပေမယ့်
တစ်ကမ္ဘာလုံးတောင် ပါလို့ရတာပဲလေ။

ဘယ်လောက်ဝေးမှာလဲ
ဘယ်လောက် အဝေးမှာလဲ
မီးကျိုးမောင်းပျက်ဇာတ်ခုံမှာ
ကန့်လန့်ကာချပြီး ထားသွားပေမယ့်
ညကနက်နေဆဲမို့
ငါ့ကို ဆက်အိပ်ခွင့်ပြုပါ။ ။

13 comments:

မင်းဒင် said...

ညကနက်နေဆဲမို့
ငါ့ကို ဆက်အိပ်ခွင့်ပြုပါ။ ။
...............
ဟုတ်ကဲ့ ဟုတ်ကဲ့ ဆက်သာအိပ်ဗျာ။ စားချိန်ကျမှ နှိုးလိုက်ပါ့မယ်။

မင်းဒင်

ဝေလင်း said...

တကယ်ဆို ငါ့ကောင်းကင်က
ဟိုးတုန်းကတည်းက မှိန်လွန်းပါတယ်။

သိပ်ကောင်းတဲ့ စာသားပဲ။ ခံစားချက်ချင်းလာတိုက်ဆိုင်နေတယ်။

ကြယ်ပြာ said...

ကဗျာလေးကိုနှစ်သက်စွာခံစားသွားပါတယ် ...

မောင်သုံည said...

ကဗျာတွေခံစားရတယ်ဗျာ

မနန်း said...

ဘယ်လောက်ဝေးမှာလဲ
ဘယ်လောက် အဝေးမှာလဲ
မီးကျိုးမောင်းပျက်ဇာတ်ခုံမှာ
ကန့်လန့်ကာချပြီး ထားသွားပေမယ့်
ညကနက်နေဆဲမို့
ငါ့ကို ဆက်အိပ်ခွင့်ပြုပါ။ ။

ရင်ဘတ်ထဲအထိရောက်တယ်

ချမ်းလင်းနေ said...

မီးကျိုးမောင်းပျက်ဇာတ်ခုံကြီးက အောပါရာဇာတ်ခုံဖြစ်လာမယ့်တနေ့
မျော်တလင့်လင့် ရင်တွင်းငံလင့်နေတယ်ဗျာ။ လာဗျာ..ကိုနွေဆူးရေ
ဆက်အိပ်နေရင်းစောင့်ကြရအောင်ဗျာ။

လုံမလေး said...

ကဲကဲ ဆက်အိပ်စေ
:P

စိုင်းလောဝ်ပိန်း said...

လူတစ်ယောက်ရဲ့ အိပ်မက်ဆိုပေမယ့်
တစ်ကမ္ဘာလုံးတောင် ပါလို့ရတာပဲလေ။

ဟုတ်တယ်ဗျို့ ...ဆက်အိပ် :D

ညီမလေး said...

အိပ်စေဗျား မဝမချင်းးD

Craton said...

ကောင်းပါ၏ ကဗျာလေး

ကိုလူထွေး said...

တရေးနိုးထရေးတဲ့ ကဗျာကိုး...

းဝ)

SHWE ZIN U said...

ကဗျာ လေးကိုတော့ စွဲလန်း သွားပြီ ကျေးဇူးဘဲဗျာ

win latt said...

“အဆုံးသတ်မှာပါလေ“
လှိုင်းခပ်တဲ့ရေပြင်
ဘယ်လိုပင် ပြင်းပြင်း
တည်ငြိမ်ခြင်း တနေရာ
အဆုံးသတ်မှာပါလေ.....။
လျှောက်လှမ်းဆဲ ခြေရာ
ဘယ်နေရာ ဘယ်လောက်ဝေးဝေး
တစ်ထောက်နားမှတ်တိုင်မှာ
အဆုံးသတ်မှာပါလေ...။
အပြော ဘယ်လိုပင်ကောင်းကောင်း
အချိန်တွေ ရှည်ကြာငြောင်း
ပါးစပ်ညောင်းရင်ဖြင့်
အဆုံးသတ်မှာပါလေ...။
ညတာတွေ ဘယ်လိုရှည်ရှည်
အလင်းရောင် နေခြည်ပေါက်ရင်တော့
အမှောင်ကမ္ဘာကို ရုန်းထွက်လို့
အဆုံးသတ်မှာပါလေ...။
မလှမပ ရက်ဖွဲ့ထားတဲ့
မိုးတိမ်စတွေ.....
မှုန်သီဝေဝါးဝါး
ကြယ်စင်များတွေ...
ကာရန်ပျက် ကဗျာနက်နဲ့
ဆေးပျက်တဲ့ ပန်းချီကားတွေ
(ပြီးတော့)
ရီစရာ ပုံပြင်များကို
မင်းရင်ဘတ်ထဲက ဖွင့်ဟဆိုလဲ
အပိုစကားဖြစ် ကျန်ရစ်မှာမို့
လွမ်းလို့ကျန်ရစ်မဲ့နေ့
အဲဒါတွေ အဆုံးသတ်မှာပါလေ....။
...............“ရောက်ပါတယ်”လောက်ပဲ ပြောတတ်တဲ့ ကိုအဟွာ(နွေဆူးလင်္ကာ) ကို တစ်ဖွဲ့တစ်နွဲ့ အမြဲပြောခဲ့ပါတယ်နော်...။(ခနဲ့တာမဟုတ်ပါ)ခင်မင်တတ်တဲ့စိတ်ချင်း ကွာခြားကြောင်း သိစေချင်တာသက်သက်ပါ။ကျေးဇူးတင်ပါတယ်။