Monday, December 14, 2009

ကျွန်တော်နှင့် ခြေလှမ်းများ


ညီညာသော ခြေလှမ်းများနှင့် မညီညာသော ခြေလှမ်းများ

ညီညာသော ခြေလှမ်းများသည် လှပပေမယ့် ရက်စက်ခြင်းကို ကျွန်တော် ခံစားနေရသည်။ ထို့ကြောင့် မညီညာသော်လည်း ယုံကြည်ချက်တူသော ခြေလှမ်းများနောက်သို့သာ ကျွန်တော် လိုက်မည်။ ညီညာခြင်း မညီညာခြင်းထက် ယုံကြည်မှုကိုသာ ကျွန်တော် ပို၍ မြတ်နိုးသည်။


ပြိုင်ပွဲမှ ခြေလှမ်းများ

ပွဲတော်ရက် ဖြစ်သောကြောင့် တောင်ပေါ်သို့ သွားသော စောင်းတန်းလှေကားတွင် လူစည်ကားနေသည်။
ကျွန်တော်နှင့် သူငယ်ချင်းသည် တောင်ပေါ်စေတီသို့ အရင်ရောက်သူ အနိုင်ဟု သဘောတူ၍ ပြိုင်ခဲ့ကြသည်။
သူငယ်ချင်းက စောင်းတန်းလှေကားမှ အခြားသူများကို တွန်းထိုးဖယ်ရှား၍ အပြေးတက်သွားလေသည်။
ကျွန်တော်ကတော့ စောင်းတန်းဘေးရှိ မညီမညာ ကျောက်ခဲပေါများသောလမ်းကြမ်းမှ လှေကားမရှိ ခက်ခဲဖြည်းညင်းစွာ တရွေ့ရွေ့တက်ခဲ့သည်။
ပြိုင်ပွဲတွင် ကျွန်တော် ရှုံးနိမ့်သွားနိုင်လေသည်။ သို့သော် ကျွန်တော် အနိုင်ရဖို့ တစ်ခုတည်းနှင့်တော့ အခြားသူများကို မထိခိုက်စေလိုပါ။ အခြားလူများကို တွန်းထိုး ဖယ်ရှားပြီးမှ ရရှိသော အနိုင်ကို ကျွန်တော် မလိုချင်ပါ။
ပြိုင်ပွဲ၏ ခြေလှမ်းများသည် သန့်ရှင်း စင်ကြယ်နေဖို့ လိုအပ်ပါသည်။


အမှောင်ထဲမှခြေလှမ်းများနှင့် အလင်းထဲမှ ခြေလှမ်းများ

ပန်းတိုင်ကား တူလေသည်။
ကျွန်တော်နှင့် လူအချို့က အမှောင်ထဲ၌ စမ်းတ၀ါးဝါး လျှောက်လှမ်းနေကြသည်။ အချိန်မရွေး ဆူးညှောင့်ခလုတ်တို့နှင့် တွေ့နိုင်သည်။ မမြင်မစမ်းနှင့် အသူတရာ နက်သော ချောက်ထဲသို့လည်း ကျသွားနိုင်လေသည်။ သို့သော်ကား မကြောက်မရွံ့ လျှောက်မြဲ။
အလင်းထဲမှ လူများသည်လည်း ထိုပန်းတိုင်သို့ပင် လျှောက်လှမ်းနေကြ၏။ မြင်မြင်ထင်ထင်ရှိ၍ ထိုသူများသည် ခရီးတွင်လေသည်။
အမှောင်ထဲမှလူသည် အလင်းထဲရှိ လူကို မြင်နိုင်၏။ အလင်း၌ရှိသောသူကား အမှောင်ထဲသို့ မမြင်နိုင်ရာ။
အို .... အလင်းထဲတွင် လျှောက်လှမ်းနေကြသော ညီနောင်အပေါင်းတို့ ....။ သင်တို့ မမြင်နိုင်သော်လည်း အမှောင်ထဲတွင် သင်တို့ကဲ့သို့ လျှောက်လှမ်းနေသူများမှာ လျှောက်လှမ်းနေကြဆဲသာ...။
ပန်းတိုင်ကား တူလေသည်။
အမှောင်ထဲမှ ခြေလှမ်းများနှင့် အလင်းထဲမှ ခြေလှမ်းများ ထိုပန်းတိုင်တွင် ဆုံတွေ့ကြပေလိမ့်မည်။
ထိုအခါ အမှောင်လည်းမဟုတ် ... အလင်းလည်း မဟုတ်။
ရွှေရောင် အတိပြီးသော မြို့ပြက စောင့်ကြိုနေလိမ့်မည် တကား ။ ။



13 comments:

linn said...

ဒီ ၀တ္ထုတိုက နဲနဲ ရှည်လို့ ကိုယ်နားလည်သလို ဘာသာပြန်ပြီး ဖတ်သွားတယ်...
ပြိုင်ပွဲ၏ ခြေလှမ်းများသည် သန့်ရှင်း စင်ကြယ်နေဖို့ လိုအပ်ပါသည်။ (အဲဒါလေးတော့ သဘောကျတယ် ....)

ကူးလွေ့ said...

လမ်းတစ်ဝက် ဇရပ်ပျက်လေးမှာ အေးအေးလူလူထိုင်ရင်း ပြိုင်ပွဲကို ခံစား ကြည့်ရှု သွားပါတယ်ခင်ဗျာ။ ရွှင်လန်းချမ်းမြေ့ပါစေ။

မင်းဒင် said...

ထိုအခါ အမှောင်လည်းမဟုတ် ... အလင်းလည်း မဟုတ်။
ရွှေရောင် အတိပြီးသော မြို့ပြက စောင့်ကြိုနေလိမ့်မည် တကား ။ ။
................
ငယ်ငယ်တုန်းက ဖတ်ဘူးခဲ့တဲ့ တက္ကသိုလ်တင်ထွန်းအောင်ရဲ့အရှုံး၊ အနိုင် နဲ့အောင်ပွဲဆိုတဲ့ စာအုပ်ကို ပြန်သတိရမိပါတယ် ။

ခင်မင်လျက်
မင်းဒင်

may kyaw said...

တွန်းထိုးပြီး သွားရမယ့်လမ်းတော့ မသွားချင်ဘူး... :)

အိမ် said...

စာဖတ်ပြီး တွေးစရာ တခုတော့ ရတယ်ဗျာ၊ ခြေလှမ်းတွေ၊ ခြေလှမ်းတွေ၊ ..... ဘယ်ဆီလှမ်းလို့၊ ဘယ်တွေရောက်ကြမလဲ၊ တွေးစရာတွေပါပဲဗျာ..။

Younggun said...

ကျနော်တခါ မန့်ဖူးသလို ဆရာတာရာမင်းဝေရဲ့ အရေးအသားအငွေ့အသက်နဲ့ အကို့ရဲ့ အတွေးအခေါ်တွေကို ဒီပို့စ်မှာ တွေ့ရပါတယ်။ လေးစားပါတယ်။

little brook said...

မညီညာသော်လည်း မရက်စက်တတ်သည့် ခြေလှမ်းများကို ကျွန်တော်လည်း သဘောကျပါသည်။

အနမ်း said...

"ညီညာခြင်း မညီညာခြင်းထက် ယုံကြည်မှုကိုသာ ကျွန်တော် ပို၍မြတ်နိုးသည်။" ဆိုတဲ့သဘောထားလေး မှန်ကန်ပါတယ်။
လျှောက်တဲ့ခြေလှမ်းတိုင်း ပိုင်ပိုင်နိုင်နိုင်ရှိပါစေ။

Moe Cho Thinn said...

ဒီအက်ဆေးလေး ကြိုက်တယ်။
အမှောင်ထဲက လျှောက်နေသူများ အမြန်ဆုံး ပန်းတိုင် ရောက်ဖို့ ဆုတောင်းပါတယ်။

ညီမလေး said...

ခြေလှမ်းတွေ .... ခြေလှမ်းတွေ ...
လှမ်းရင်း လှမ်းရင်း ခြေကုန်လက်ပန်းကျတဲ့ အခါလဲ ရှိရဲ့နော် ..........

လုံမလေး said...

အမြန်ဆုံးပန်းတိုင်ရောက်မဲ့ ခြေလှမ်းတွေဖြစ်ပါစေ

ချမ်းလင်းနေ said...

မှောင်သောလမ်း စမ်းတဝါးဝါးနဲ့
ခြေလှမ်းမှန်မှန်နဲ့ လျောက်လှမ်းနေဆဲ အကိုရေ။

ဆောင်း said...

လာဖတ်သွားပါတယ်