Friday, January 30, 2009

ပြဇာတ်

ကျွန်တော် ငယ်ငယ်က အမေတို့နဲ့ ဇာတ်ပွဲလိုက်ကြည့်ဖူးပါတယ်။ နောက်ပိုင်း ပြဇာတ်ကနေတဲ့ အချိန်ကိုရောက်လာတော့ ကျွန်တော် အရမ်း အိပ်ချင်နေပြီ။ လူတွေ ကြပ်ကြပ်နဲ့ လှဲအိပ်လို့မရတော့ အမေ့ကို ပူဆာမိတယ် ...
“အမေ ... ပြန်ကြပါစို့ ... အိပ်ချင်လှပြီ”
ဇာတ်ပွဲကြိုက်တတ်တဲ့ အမေက မပြန်ချင်သေးလို့ ကျွန်တော့်ကို ချော့ပါတယ် ...
“ခဏလေးပါသားရယ် ... မိုးတောင်လင်းတော့မယ် ... မိုးလင်းရင် ပြန်တာပေါ့ ... အဲဒီတော့မှ သားစိတ်ကြိုက် အိပ်ရမှာပေါ့ ...”
စင်ပေါ်မှာ ပြဇာတ်ကနေတဲ့ သရုပ်ဆောင်တွေကလည်း သူတို့ဇာတ်တိုက်ထားတဲ့အတိုင်း ကပြ သရုပ်ဆောင်နေတုန်း။ ကျွန်တော် အမေ့ကို ထပ်မေးလိုက်တယ် ...
“မိုးက ဘယ်တော့ လင်းမှာလဲ???”
“ဒီပြဇာတ် ဇာတ်သိမ်းရင် လင်းမှာပေါ့ ...”
သူတို့ကနေတဲ့ဇာတ်ဆိုတာ သူတို့ဇာတ်သိမ်းမှ ပြီးမှာပေါ့။ ကျွန်တော်မယုံပါဘူး။ မိုးက တကယ်လင်းပါ့မလား။ ကျွန်တော်ကတော့ အိပ်ချင်လှပါပြီ။ ။

Tuesday, January 27, 2009

ခေတ်မီ အသီးတစ်ရာ အညှာတစ်ခု

တန့်နှယ် ... တန်နှယ် ... တန့်နှယ် ... တန့် တန် တန့် တန်နှယ် ... တန့်နှယ် (တီးလုံးသံ)

Bell song သံ တညံညံ ပေး .... ရွာ School က Remember နေတယ် My Friend ရေ .... တို့များ Small Small တုန်းက ... Village ၀င်ရာ Street ဆီကနေ ... Hand ချင်းယှက်ကာ Run ကာ Jump ကာ ... School တက်လာကြတာတွေလေ ....... Forget မှာလား .... You တို့ I တို့ Small Small တုန်းကလေ .....

တော့် တော် တော် ... တော့် တော် တော် ... တော် တော်... တော် တော် ... တော် (တီးလုံးသံ)

ကြည်းရေလေ တပ်မတော်သားနဲ့ လုံထိန်းတွေ ... ရဲရဲတောက် ဒိုင်းကြီး ကာ ခါလေ ... ဆန္ဒပြသူများ မကြောက်ငြား ... နအဖ အတွက် ပြည်သူပစ်သတ်နေ ... မင်းတို့ အတွက် ရင်နာရတယ်လေ ...

တော့် တော် တော် ... တော့် တော် တော် ... တော် တော်... တော် တော် ... တော် (တီးလုံးသံ)

(အားလုံး ကြားဖူးမယ် ထင်ပါတယ်။ တွံတေးသိန်းတန်ရဲ့ အသီးတစ်ရာ အညှာတစ်ခုလေ။ ပထမတစ်ပိုဒ်ကတော့ ကျွန်တော် ငယ်ငယ်ထဲက ပျင်းရင် အဲလိုပဲ ဆိုနေကျပါ။ ဒုတိယ အပိုဒ်ကိုတော့ ခုမှ အဲလို ဆိုချင်စိတ် ပေါက်လာလို့ပါ။)
(ဒီပို့စ်နဲ့ ပတ်သက်ပြီး အနူးအညွတ် ပြောလိုတာကတော့ မြန်မာ ဂန္တ၀င် သီချင်းတစ်ပုဒ်ကို ဖျက်လို ဖျက်ဆီး လုပ်လိုတဲ့စိတ် ကျွန်တော့်မှာ မရှိဘူးဆိုတာပါပဲ။ အားလုံး ပျော်ရအောင် ပျော်စေပျက်စေ သဘောလေးပါပဲ။ ကျွန်တော့် ချစ်သူ စိတ်ကောက်နေတဲ့ အခါ အဲဒီသီချင်း ဆိုပြလိုက်ရင် စိတ်မကောက်နိုင်တော့ပဲ ထ ရယ် တော့တာပဲ။ မယုံမရှိနဲ့ ... တကယ် ...။ မိတ်ဆွေတို့လည်း ကိုယ့်ချစ်သူ စိတ်ကောက်နေတဲ့အခါ ဆိုပြကြည့်ပါလား။ ဟဲ .. ဟဲ ...။ ။)

Thursday, January 22, 2009

ရယ်သံများ

နေ့လည်ခင်းထဲမှာ ငါဟာ
မျက်လုံးဖွင့်ရက် အိပ်ပျော်နေခဲ့ ...။

အိုစမာဘင်လာဒင် ဆိုတာ
ကုလားမင်းသားသစ်လား ?
..... ငါမသိလို့ပါကွာ။

အယ်နီညို ပြန်လာပြီဆို
တံခါးဖွင့်ပေးလိုက်လေ ....
..... ငါမသိလို့ပါကွာ။

ယောက္ခမကား ၀င်ငွေ မနည်းဆိုပဲ
ဆိုက်ကားနင်းတဲ့ ငါ့ ယောက္ခမတော့ မွဲလိုက်တာချာလို့ ...
..... ငါမသိလို့ပါကွာ။

ပြင်သစ်တွေ ဒီတစ်ခါတော့ သိက္ခာကျပြီတဲ့
အီဖယ်မျှော်စင်ကြီး ပြိုကျလို့လား ?
..... ငါမသိလို့ပါကွာ။

ဒီလိုပါပဲ လူတွေနဲ့ ဝေးဝေးလာလိုက်တာ ...
ငါ အိပ်ပျော်နေတာ နေ့လည်ခင်းမှတ်လို့ ...
တကယ်တော့
မသိခြင်းတွေထဲမှာ ငါအိပ်ပျော်နေတာပဲ။

သိခြင်းတွေထဲမှာ အိပ်ချင်ယောင်ဆောင်ရင်းနဲ့
မသိခြင်းထဲမှာ ငါတကယ် အိပ်ပျော်သွားတာပါ။ ။

(၂၀၀၂ က ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ အခုချိန်မှာတော့ ဘာတွေရေးထားမှန်း မသိနိုင်တော့တဲ့ ကဗျာတစ်ပုဒ်ပေါ့။ ကျွန်တော့်ကဗျာတွေထဲမှာ သက်တမ်းအတိုဆုံး ကဗျာပေါ့။ အဲဒီတုန်းက လတ်တလော ခံစားချက်နဲ့ ရေးခဲ့ဖူးတဲ့ ကဗျာပါ။ ပြန်ဖတ်ပြီး စဉ်းစားကြည့်စေချင်ပါတယ်။ ဘာတွေရေးထားတယ် ဆိုတာကိုပေါ့။)

Friday, January 16, 2009

ကျွန်တော်နှင့် အရူးဒဿန

ကျွန်တော်တို့ မြို့လေးရှိ ဈေးပတ်ဝန်းကျင်တွင် အမြဲ ရှိတတ်သော အရူးတစ်ယောက်နှင့် ကျွန်တော် ခင်ပါသည်။ ထိုသို့ပြောသောကြောင့် ကျွန်တော်သည်လည်း အရူးတစ်ယောက်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ထိုအရူးနှင့် တွေ့ရသည့်အခါများ၌ သနားသဖြင့် ပိုက်ဆံလေး၊ မုန့်လေးများ ပေးတတ်သောကြောင့် အရူးက ကျွန်တော့်ကို မှတ်မိနေခြင်း ဖြစ်ပါသည်။
ထိုအရူးသည် ယခင်ကတော့ ရိုးရိုးအရူးဖြစ်ပါသည်။ ယခုနောက်ပိုင်းတွင်တော့ ပို၍ ရူးသွားသည်ဟု ပြောရမလား၊ ရှယ်ရူးသွားသည်ဟု ပြောရမလားမသိ။ ယခုအခါ ထိုအရူးသည် စစ်ဗိုလ်ရူး ရူးနေပါတော့သည်။
တနေ့တ၌ ထိုအရူးထိုင်နေသော ပလက်ဖောင်းရှေ့ကလမ်းတွင် စစ်ဗိုလ်တစ်ယောက် လမ်းလျှောက်လာပါသည်။ ထိုစစ်ဗိုလ်သည် လမ်းဘေး၌ ဗိုက်ဆာ၍ အိပ်နေသော ခွေးပိန်မလေးတစ်ကောင်အား အကြောင်းမဲ့ ကန်ကျောက်သွားရာ ခွေးပိန်မလေးခင်မျာ တဂိန်ဂိန်အော်၍ ပြေးထွက်သွားပါသည်။ ထိုအခြင်းအရာကို မြင်လိုက်သော အရူးမှာ စစ်ဗိုလ်အား အာဂ သတ္တိခဲကြီးဟူ၍ အထင်တွေ စွတ်ကြီးသွားပါတော့သည်။ ထိုအချိန်မှ စ၍ ထိုအရူးသည် စစ်ဗိုလ်ရူး ရူးပါတော့သည်။
တစ်နေ့က ထိုအရူးနှင့် ကျွန်တော်တွေ့ပါသည်။ မည်သူပေးသွားသည်မသိ။ အရူးလက်ထဲမှာ ကလေးကစားစရာ သေနတ်တစ်လက် ရောက်နေပါသည်။ စစ်ဗိုလ်ရူးလက်ထဲ သေနတ်ရောက်နေသဖြင့် မဲမဲမြင်ရာ ဒိုင်းညှောင့် ဒိုင်းညှောင့်နှင့် လိုက်ပစ်နေပါတော့သည်။
ကျွန်တော့်ကိုမြင်တော့ အပစ်ရပ်ပြီး ပြုံးပြနေပါသည်။ အရူးပေမယ့် သူ့ကို မုန့်ကျွေးသူကိုတော့ မှတ်မိနေပါသည်။ ကျွန်တော် ထိုအရူးကို စချင်လာသောကြောင့် ပြောလိုက်သည်....
“ဟာ ဗိုလ်ကြီး ... သေနတ်တွေ ဘာတွေနဲ့ပါလား၊ ကျွန်တော် ခဏ ကိုင်ကြည့်ချင်လို့ ပေးစမ်းပါဦးဗျ”
အရူးသည် သေနတ်ကို ကျောနောက်သို့ ၀ှက်လိုက်ရင်း ကျန်လက်တစ်ဖက်ဖြင့် လက်ကာပြကာ ....
“နိုး နိုး ... လူကလေး ... ဒါတော့ မပေးနိုင်ဘူးကွ၊ ငါ့သေနတ်က နှယ်နှယ်ရရ မဟုတ်ဘူး၊ သန်းပေါင်းများစွာတန်တဲ့ ရွှေနဲ့လုပ်ထားတဲ့ သေနတ်ကွ”
ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေသော အရူးကို ကြည့်ကာ ကျွန်တော် ရယ်ချင်သွားပါသည်။
“ဟုတ်လား ... ဒါဆို ဗိုလ်ကြီးသေနတ်က သန်းရွှေသေနတ်ပေါ့”
“အေး ဟုတ်တယ်ကွ၊ သန်းပေါင်းများစွာတန်တဲ့ ရွှေနဲ့လုပ်ထားတဲ့ သေနတ်ဆိုတော့ မင်းပြောသလို သန်းရွှေသေနတ်လို့ပဲ အလွယ်ခေါ်ပေါ့ကွာ”
အရူးက အလာကြီးပဲ။ အလွယ်ခေါ်ပေါ့ကွာတဲ့။ ရုတ်တရက် အရူးက ပလက်ဖောင်းပေါ် မှောက်အိပ်ချကာ အော်လိုက်သောကြောင့် ကျွန်တော်ပင် ကြောင်ပြီး လန့်သွားပါသည်။
“လူကလေး ... ၀ပ် ၀ပ် ... ဟိုမှာ ရန်သူတွေလာပြီ ... ဒိုင်းညှောင့် ကဲကွာ ဒိုင်းညှောင့်”
လမ်းပေါ်မှ ဖြတ်သွားဖြတ်လာလူများကို ကြည့်ကာ မြင်မြင်ရာ လိုက်ပစ်နေပါတော့သည်။
“ဟာ ... ဗိုလ်ကြီးကလည်း အဲဒါ ရန်သူတွေမဟုတ်ပါဘူးဗျ၊ ပြည်သူတွေပါ”
“ပြည်သူလည်း ငါ့အတွက် ရန်သူပဲကွ၊ ဒိုင်းညှောင့် ဒိုင်းညှောင့်”
“ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ ... ရော့ရော့ မုန့်စားဦး ကျွန်တော်သွားလိုက်ဦးမယ်”
ကျွန်တော် စားလက်စ ဘီစကွတ်မုန့်ထုပ် အကျန်လေးကို ပေးပြီး ထိုအရူးနားမှ ထွက်လာခဲ့ပါတော့သည်။ ဘ၀ပေး ကုသိုလ်ကံ မကောင်းသောကြောင့် စိတ်မမှန်ပဲ ရူးသွပ်နေရှာသော ထိုစစ်ဗိုလ်ရူးအား ကျွန်တော် အလွန်သနားပါသည်။
မိတ်ဆွေတို့လည်း ကျွန်တော်တို့မြို့သို့ ရောက်ခဲ့လျင် သနားစရာ ထိုအရူးအား ဘီစကွတ်မုန့်ထုပ်လေးဖြစ်ဖြစ်၊ ခေါက်ဆွဲခြောက်ထုပ်လေးဖြစ်ဖြစ် ပေးခဲ့ကြစေချင်ပါသည်။ ။

Monday, January 12, 2009

ဖမ်းချုပ်လိုက်မယ်

လမ်းပြပုလိပ်တွေနဲ့ ပတ်သက်ပြီး နေပြည်တော်က ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ ရင်ဖွင့်သံလေးကို ပြန်ပြောပြချင်ပါတယ်။
ကျွန်တော့်သူငယ်ချင်းက အိမ်နဲ့ နှစ်ပြလောက်ပဲဝေးတဲ့ ဈေးကို ဆိုင်ကယ်နဲ့ ထွက်ခဲ့မိပါတယ်။ နီးနီးလေးလည်းဖြစ်ပြန်၊ ခဏပဲသွားမှာဆိုတော့ ယာဉ်မောင်းလိုင်စင် မပါတာကို သတိမထားမိပါဘူးတဲ့။ အကြောင်းကိစ္စကလည်း နေသိပ်မကောင်းလို့ ဆေးသွားဝယ်တာပါ။
အဲဒီမှာ လမ်းထိပ်အရောက်မှာပဲ ယာဉ်ထိန်းရဲက တားပြီး စစ်ပါလေရော။
“ယာဉ်မောင်းလိုင်စင်နဲ့ ဆိုင်ကယ်လိုင်စင်ပြပါ”
ကျွန်တော့်သူငယ်ချင်းက အေးရာအေးကြောင်းပြောပါတယ်။
“ဆိုင်ကယ်လိုင်စင်တော့ပါတယ်အစ်ကို၊ ယာဉ်မောင်းလိုင်စင်ကတော့ ဒီနားခဏဆိုပြီး မယူခဲ့မိဘူး။”
“သွားပြန်ယူချည်” ဆိုပြီး ဆိုင်ကယ်သော့ဖြုတ်ပြီး ထွက်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်းလည်း သွားပြန်ယူရင် အမှုမလုပ်လောက်ဘူးဆိုပြီး နေမကောင်းရက်နဲ့ အိမ်ကို ခြေကျင်ပြန်ပြေးရတာပေါ့ဗျာ။ မော်တော်ပီကယ်ကြီးက သဘောကောင်းသားပဲပေါ့။ ဟဲ ဟဲ။
ပြန်လာမှ အထင်နဲ့အမြင် တလွဲကြီးဖြစ်နေတော့တာပဲ။
“ယာဉ်မောင်းလိုင်စင် မပါဆိုပြီး ချလံရေးပေးလိုက်မယ် နောက်ရက် ဒဏ်ငွေသွားဆောင်ပါ” တဲ့။ နေမကောင်းရက်နဲ့ အိမ်ကို ပြေးလိုက်ရလို့ မောနေတဲ့ ကျွန်တော့်သူငယ်ချင်းလည်း ဒေါသနဲနဲ ထွက်သွားပါတယ်။
“အဲဒါများဗျာ၊ အစကတည်းက ပြောပေါ့ဗျာ၊ လိုင်စင်မပါလို့ ဖမ်းမယ်ဆိုရင်လည်း ဘာလို့ ပြန်သွားယူခိုင်းသေးလဲ”
“မင်းမှမဟုတ်ဘူး သူများတွေလည်း သွားပြန်ယူခိုင်းတာပဲ၊ မင်းကမှ အိမ်နဲ့နီးလို့၊ မနီးရင်လည်း ဆိုင်ကယ်ကယ်ရီတွေ ဘတ်စ်ကားတွေနဲ့ သွားပြန်ယူခိုင်းတာ”
အဲဒါတော့ ဒီကောင်တွေတရားလွန်ပြီပေါ့ဗျာ။ သူတို့ခွင်ထဲရောက်တုန်း ပြည်သူကို နှိက်စက်သလို ဖြစ်နေပြီပေါ့။ ကျွန်တော့်သူငယ်ချင်းကလည်း ဒါမျိုးဆို နဲနဲလေးမှ မခံချင်တာနဲ့ တွေ့ကြတာပေါ့။
“အဲဒါတော့ မဟုတ်သေးဘူးထင်တယ်ဗျာ၊ မပါလို့ဖမ်းမယ် ဖမ်းပေါ့၊ ချလံရေးပေးလိုက်ရင် ပြီးပြီပေါ့၊ အဲလိုကြီး သွားပြန်ယူခိုင်းတော့ ခင်ဗျားတို့က ပါးစပ်ကလေးနဲ့ ပြောတယ်၊ ခံရတဲ့လူမှာတော့ စိတ်မောလူမောနဲ့ ပင်ပန်းတကြီး ပြန်ပြေးယူပေးရတယ်၊ ဘယ်လိုလဲဗျ၊ ကူညီပါရစေက အဲလိုကြီးနှိက်စက်တတ်သလား”
“ဟိတ်ကောင်! မင်းကဘာကောင်မို့လို့လဲ? ယာဉ်မောင်းလိုင်စင်မပါရင် ဆိုင်ကယ်သိမ်းလို့ ရတယ်ကွ၊ ဆိုင်ကယ်အသိမ်းခံနိုင်ရင်တော့ ပြန်မယူနဲ့လေ ရတယ်။ မင်းက ဘာလဲ၊ ပြဿနာရှာတာလား၊ ဖမ်းချုပ်လိုက်မယ်၊ ဘာမှတ်နေလဲ”
ကျွန်တော့်သူငယ်ချင်းက စည်းကမ်းကို တန်ဖိုးထားတတ်သူတစ်ယောက်ပါ။ သူလိုင်စင်မပါလို့ အရေးယူတာကို သူခံနိုင်ပါတယ်တဲ့။ သူ့ရဲ့ပေါ့ဆမှုပဲလေ။ ဒါပေမယ့် အဲလိုကြီး သက်သက်မဲ့ နှိပ်ကွပ်တာတော့ မခံနိုင်လို့ စိတ်မထိန်းနိုင်ပဲ ပြန်ပြောမိသွားတာပေါ့။ ကျွန်တော်လည်း ကိုယ်ချင်းစာပါတယ်။ ကျွန်တော်ဆိုရင်လည်း အဲလိုကြုံခဲ့ရင် တစ်ခုခုတော့ ပြန်ပြောမိမှာပါပဲ။
ပြီးတော့ ယာဉ်မောင်းလိုင်စင်မပါရင် ဆိုင်ကယ်သိမ်းလို့ရတယ်ဆိုတာ ဘယ်တုန်းကထုတ်လိုက်တဲ့ ဥပဒေလည်း မသိဘူး။ ဆိုင်ကယ်လိုင်စင် မပါလို့ လိုင်စင်မဲ့ဆိုင်ကယ်ထင်ပြီး သိမ်းတယ်ဆိုလည်း ဟုတ်သေး။
အဆိုးဆုံးကတော့ ဖမ်းချုပ်လိုက်မယ်ဆိုတဲ့စကားပဲ။ အာဏာရှင်နိုင်ငံမှာ အလွယ်တကူ ဖမ်းချုပ်တတ်လွန်းတော့ ရာထူးသေးသေး ကြီးကြီး အဲဒီစကားက လက်သုံးစကားတစ်ခွန်းလိုကို ဖြစ်နေပြီ။ ဖမ်းချုပ်ရတာကို ဘ၀ထင်နေကြတဲ့ လူမဆန်တဲ့ အာဏာရူးလူမိုက်တွေလေ။

Friday, January 9, 2009

မြေပုံအတု

နယ်မြေသစ်ရှာဖို့ ခရီးထွက်လာတဲ့ ရွာသူရွာသားတွေဟာ ရှေ့မှာမြင်နေရတဲ့ သူတို့ရွာဟောင်းကို မင်သက်ပြီး ငေးကြည့်နေကြတယ်။ ရှည်လျားလှတဲ့ခရီးကို ဖြတ်သန်းမောပန်းပြီးတဲ့နောက် သူတို့ရဲ့ ခရီးဆုံးဟာ နဂို ရွာဟောင်းကြီးပဲ ဖြစ်နေခဲ့တယ်။ စိတ်ပျက်လက်ပျက်နဲ့ ဦးဆောင်သူ သူကြီးကိုပဲ ၀ိုင်းမေးကြတာပေါ့။
“သူကြီး ... ဘယ်လိုလဲဗျ ... နယ်မြေသစ်ရှာမယ်ဆိုပြီး ခုတော့ ကျုပ်တို့ထွက်ခဲ့တဲ့ ရွာဟောင်းကြီးပဲ ပြန်ရောက်နေပါလား”
သူကြီးက လက်ဆွဲတော် နှစ်လုံးပြူးကြီးကိုင်ပြီး စိတ်မရှည်တဲ့ လေသံနဲ့ ပြန်ပြောတယ်။
“ဟ... မင်းတို့ပဲ နယ်မြေသစ်ရှာချင်လှပါချည်ရဲ့ဆိုလို့ ငါပဲ လမ်းပြမြေပုံထုတ်ပြီး မင်းတို့နဲ့အတူ ခရီးထွက်ခဲ့တာပဲလေ... ဘယ်လိုဖြစ်ပြီး ရွာဟောင်းပြန်ရောက်လာသလဲတော့ ငါလည်းမသိဘူး ... ကဲပါလေ ခရီးလည်းပန်းနေကြပြီဆိုတော့ ဒီမှာပဲ ပြန်နေကြပေါ့ ... နောက်အေးအေးဆေးဆေးမှ ခရီးသစ်စတာပေါ့”
ပြောရင်းဆိုရင်း သူကြီးက သူ့အိမ်ဝင်းဟောင်းထဲ ၀င်သွားတယ်။
ရွာသူရွာသားတွေလည်း မကျေနပ်ပေမယ့် ခရီးကလည်းပန်း၊ သူကြီးရဲ့ နှစ်လုံးပြူးကိုလည်း ကြောက်ရတော့ ကိုယ့်ထင်မြင်ချက်လေးတွေကို တိုးတိုးပြောရင်း လေးလံတဲ့ ခြေလှမ်းတွေနဲ့ ရွာဟောင်းဆီ လျှောက်နေကြတယ်။
“သူကြီးတော့ လူလည်ကျ ပြီကွာ”
“ရွာသစ်မှာဆို သူ့အတွက် နေရာကောင်းရဖို့ မသေချာဘူးလေ၊ ဒီမှာတော့ သူ့ဝိုင်းထဲမှာ နှစ်ရှည်သီးပင်တွေရော၊ ရေထွက်ကောင်းတဲ့ ရေတွင်းရော၊ ဆောက်ထားတဲ့ အိမ်ကြီးကလည်း အကောင်းစားကြီး”
“သြော်... သူကြီးရဲ့ လမ်းပြမြေပုံဆိုတာ ရွာရှေ့ကထွက်ပြီး ရွာနောက်က ပြန်ဝင်တဲ့ စက်ဝိုင်းပုံ မြေပုံကြီး ပါလားနော်”
ရွာဟောင်းမှာ သူကြီးဟောင်းနဲ့ အိမ်မက်အဟောင်းကို ဆက်မက်နေကြလေရဲ့။ ။