Friday, January 16, 2009

ကျွန်တော်နှင့် အရူးဒဿန

ကျွန်တော်တို့ မြို့လေးရှိ ဈေးပတ်ဝန်းကျင်တွင် အမြဲ ရှိတတ်သော အရူးတစ်ယောက်နှင့် ကျွန်တော် ခင်ပါသည်။ ထိုသို့ပြောသောကြောင့် ကျွန်တော်သည်လည်း အရူးတစ်ယောက်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ထိုအရူးနှင့် တွေ့ရသည့်အခါများ၌ သနားသဖြင့် ပိုက်ဆံလေး၊ မုန့်လေးများ ပေးတတ်သောကြောင့် အရူးက ကျွန်တော့်ကို မှတ်မိနေခြင်း ဖြစ်ပါသည်။
ထိုအရူးသည် ယခင်ကတော့ ရိုးရိုးအရူးဖြစ်ပါသည်။ ယခုနောက်ပိုင်းတွင်တော့ ပို၍ ရူးသွားသည်ဟု ပြောရမလား၊ ရှယ်ရူးသွားသည်ဟု ပြောရမလားမသိ။ ယခုအခါ ထိုအရူးသည် စစ်ဗိုလ်ရူး ရူးနေပါတော့သည်။
တနေ့တ၌ ထိုအရူးထိုင်နေသော ပလက်ဖောင်းရှေ့ကလမ်းတွင် စစ်ဗိုလ်တစ်ယောက် လမ်းလျှောက်လာပါသည်။ ထိုစစ်ဗိုလ်သည် လမ်းဘေး၌ ဗိုက်ဆာ၍ အိပ်နေသော ခွေးပိန်မလေးတစ်ကောင်အား အကြောင်းမဲ့ ကန်ကျောက်သွားရာ ခွေးပိန်မလေးခင်မျာ တဂိန်ဂိန်အော်၍ ပြေးထွက်သွားပါသည်။ ထိုအခြင်းအရာကို မြင်လိုက်သော အရူးမှာ စစ်ဗိုလ်အား အာဂ သတ္တိခဲကြီးဟူ၍ အထင်တွေ စွတ်ကြီးသွားပါတော့သည်။ ထိုအချိန်မှ စ၍ ထိုအရူးသည် စစ်ဗိုလ်ရူး ရူးပါတော့သည်။
တစ်နေ့က ထိုအရူးနှင့် ကျွန်တော်တွေ့ပါသည်။ မည်သူပေးသွားသည်မသိ။ အရူးလက်ထဲမှာ ကလေးကစားစရာ သေနတ်တစ်လက် ရောက်နေပါသည်။ စစ်ဗိုလ်ရူးလက်ထဲ သေနတ်ရောက်နေသဖြင့် မဲမဲမြင်ရာ ဒိုင်းညှောင့် ဒိုင်းညှောင့်နှင့် လိုက်ပစ်နေပါတော့သည်။
ကျွန်တော့်ကိုမြင်တော့ အပစ်ရပ်ပြီး ပြုံးပြနေပါသည်။ အရူးပေမယ့် သူ့ကို မုန့်ကျွေးသူကိုတော့ မှတ်မိနေပါသည်။ ကျွန်တော် ထိုအရူးကို စချင်လာသောကြောင့် ပြောလိုက်သည်....
“ဟာ ဗိုလ်ကြီး ... သေနတ်တွေ ဘာတွေနဲ့ပါလား၊ ကျွန်တော် ခဏ ကိုင်ကြည့်ချင်လို့ ပေးစမ်းပါဦးဗျ”
အရူးသည် သေနတ်ကို ကျောနောက်သို့ ၀ှက်လိုက်ရင်း ကျန်လက်တစ်ဖက်ဖြင့် လက်ကာပြကာ ....
“နိုး နိုး ... လူကလေး ... ဒါတော့ မပေးနိုင်ဘူးကွ၊ ငါ့သေနတ်က နှယ်နှယ်ရရ မဟုတ်ဘူး၊ သန်းပေါင်းများစွာတန်တဲ့ ရွှေနဲ့လုပ်ထားတဲ့ သေနတ်ကွ”
ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေသော အရူးကို ကြည့်ကာ ကျွန်တော် ရယ်ချင်သွားပါသည်။
“ဟုတ်လား ... ဒါဆို ဗိုလ်ကြီးသေနတ်က သန်းရွှေသေနတ်ပေါ့”
“အေး ဟုတ်တယ်ကွ၊ သန်းပေါင်းများစွာတန်တဲ့ ရွှေနဲ့လုပ်ထားတဲ့ သေနတ်ဆိုတော့ မင်းပြောသလို သန်းရွှေသေနတ်လို့ပဲ အလွယ်ခေါ်ပေါ့ကွာ”
အရူးက အလာကြီးပဲ။ အလွယ်ခေါ်ပေါ့ကွာတဲ့။ ရုတ်တရက် အရူးက ပလက်ဖောင်းပေါ် မှောက်အိပ်ချကာ အော်လိုက်သောကြောင့် ကျွန်တော်ပင် ကြောင်ပြီး လန့်သွားပါသည်။
“လူကလေး ... ၀ပ် ၀ပ် ... ဟိုမှာ ရန်သူတွေလာပြီ ... ဒိုင်းညှောင့် ကဲကွာ ဒိုင်းညှောင့်”
လမ်းပေါ်မှ ဖြတ်သွားဖြတ်လာလူများကို ကြည့်ကာ မြင်မြင်ရာ လိုက်ပစ်နေပါတော့သည်။
“ဟာ ... ဗိုလ်ကြီးကလည်း အဲဒါ ရန်သူတွေမဟုတ်ပါဘူးဗျ၊ ပြည်သူတွေပါ”
“ပြည်သူလည်း ငါ့အတွက် ရန်သူပဲကွ၊ ဒိုင်းညှောင့် ဒိုင်းညှောင့်”
“ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ ... ရော့ရော့ မုန့်စားဦး ကျွန်တော်သွားလိုက်ဦးမယ်”
ကျွန်တော် စားလက်စ ဘီစကွတ်မုန့်ထုပ် အကျန်လေးကို ပေးပြီး ထိုအရူးနားမှ ထွက်လာခဲ့ပါတော့သည်။ ဘ၀ပေး ကုသိုလ်ကံ မကောင်းသောကြောင့် စိတ်မမှန်ပဲ ရူးသွပ်နေရှာသော ထိုစစ်ဗိုလ်ရူးအား ကျွန်တော် အလွန်သနားပါသည်။
မိတ်ဆွေတို့လည်း ကျွန်တော်တို့မြို့သို့ ရောက်ခဲ့လျင် သနားစရာ ထိုအရူးအား ဘီစကွတ်မုန့်ထုပ်လေးဖြစ်ဖြစ်၊ ခေါက်ဆွဲခြောက်ထုပ်လေးဖြစ်ဖြစ် ပေးခဲ့ကြစေချင်ပါသည်။ ။

10 comments:

Craton said...

ဟဟဟား ဂွတ်တယ် ဂွတ်တယ်

လူလ said...

မင်္ဂလာပါ နွေးဆူးလင်္ကာ

ဖတ်ပြီး ပြုံးမိ၏။ ကောင်းလိုက်တဲ့အတွေး

ရွှင်လန်းချမ်းမြေ့ပါစေ...

THU_I_SAN said...

cool, man! it did hit where you aimed!

poemflower said...

ရေးသားချက်က တကယ်ကိုထိမိပါတယ် ဖတ်လို့ကောင်းတယ်

ကမာနီလာ said...

အတွေးနဲ့အေ၇းလေးက ကောင်းတယ်၊ အားပေးနေတယ်နော်။

Ma Ma said...

နွေဆူးတို့မြို့က ပျင်းမနား နယ်က ကြပ်ပြေးဒေသလားဟင်???
အခုနံမည်အသစ်နဲ့လေ

ဒူကဘာ said...

မပြုံးပဲ ဝါးလုံးကွဲ လောက်ပါပေတယ်။

မိုးခါး said...

အရူးဆိုတာမျိုးက သနားစရာလည်းကောင်း .. ရယ်စရာလည်းကောင်း .. ကြောက်စရာလည်းကောင်းတယ်နော် .. :D

saffrontoward said...

ဒီ post လေးကြိုက်လို့ Mail letter ထဲမှာ ထည့်ပို့ဖို့ ကူးသွားပါတယ်။

kiki said...

မိုက်တယ် ...ကြိုက်ပြီးရင်းကြိုက်ရင်းဘဲ..
ဒီအရူးတေနပ်ကြီး အခု ဘယ် ရန်သူတွေကို ပစ်ဖို့ အကောက်ကြံနေလဲ မသိဘူးနော်
ပြည်သူအပေါင်း သတိကောင်းကောင်းသာ ထားနေကြပါတော့..