Tuesday, June 2, 2009

ကျွန်တော်နှင့်ကြိမ်လုံး

(၁)
ကျွန်တော်တို့အတွက် ကံဆိုးသည့် နှစ်တစ်နှစ် ဖြစ်ပါသည်။ မနှစ်က ခြောက်တန်းနှစ်အထိ ကစားလိုက်၊ နားလိုက်၊ စာသင်လိုက်ဖြင့် လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းခဲ့ကြပါသည်။
နှစ်စဉ် ကြုံတွေ့ခဲ့ရသော အတန်းပိုင်ဆရာမများကလည်း လွန်စွာ သဘောကောင်းကြပါသည်။ ကလေးများကို ခြောက်လန့်ရန် ဝါးခြမ်းပြား ခပ်ငယ်ငယ် တစ်ချောင်းကိုသာ ဟန်ပြ ကိုင်တတ်ကြပါသည်။ အပြစ် အရမ်းကြီးနေမှသာ မလွှဲသာ၍ အလွန်ဆုံး တစ်ချက်နှစ်ချက်သာ ရိုက်တတ်ကြပါသည်။
ယခုနှစ်တွင်တော့ ထိုသို့မဟုတ်တော့ပါ။ ကျွန်တော်တို့အတန်းပိုင်က အလွန်မျက်နှာခက်ထန်သော ဆရာတစ်ယောက်ဖြစ်ပါသည်။ သူနှင့်အတူ ကျွန်တော်တို့အရွယ်နှင့်စာလျှင် အလွန်ကြီးမားသော ကြိမ်လုံးကြီးတစ်ချောင်းလည်း ပါလာပါသည်။
ဆရာ၏ ခန္ဓာကိုယ်အရွယ်အစားက ပုညက်ညက်၊ ပိန်ညောင်ညောင်လေးမို့ လူနှင့်စာလျှင် ကြိမ်လုံးက ပိုထည်နေပါသည်။ အစကတော့ သူ့ကို ကျောင်းသူကျောင်းသားတွေ မလေးစားကြမှာစိုး၍ ကြိမ်လုံးကြီးကို ဟန်ပြကိုင်ထားသည်ဟု ထင်နေကြပါသည်။
သို့သော် ကျွန်တော်တို့ သူငယ်ချင်းတစ်စုမှာ ဆရာ့ကို နာမည်တောင် မသိရသေးခင် ထိုကြိမ်လုံး၏ အရသာကို အရင် မြည်းခဲ့ကြရပါသည်။

(၂)
ထိုနေ့က ကျောင်းစဖွင့်ဖွင့်ချင်းနေ့ ဖြစ်ပါသည်။ လူလည်းမစုံသေး၍ မည်သည့်အတန်းမျှ စာမသင်ကြသေးပါ။ ကျွန်တော်တို့ သူငယ်ချင်းငါးယောက်မှာ နွေရာသီကျောင်းပိတ်ရက် အရှိန်မသေသေး၍ ဘော်လုံးကန် ကောင်းနေကြပါသေးသည်။ ကျောင်းတက်ခေါင်းလောင်းသံ ကြားသော်လည်း ဆရာဝင်ဦးမည်မဟုတ်ဟုထင်ကာ ဆက်ကန်နေကြပါသည်။
“ဟေ့ကောင်တွေ... မင်းတို့ကို အတန်းပိုင်ဆရာကြီးခေါ်နေတယ်”
အတန်းထဲက ကျောင်းသားတစ်ယောက် လာခေါ်နေသောအခါမှ ကျွန်တော်တို့လည်း ဘော်လုံးပွဲကိုရပ်၍ လိုက်ခဲ့ကြပါသည်။ ကြောက်စိတ်တော့ မရှိသေးပါ။ ကျောင်းစဖွင့်သည့်နေ့ ဖြစ်သည့်အပြင် အခြားအတန်းမှ ကလေးများလည်း ဆော့ကစား၍ ကောင်းတုန်းပင် ရှိသေးသောကြောင့် ဖြစ်ပါသည်။
အတန်းထဲကို ဝင်လိုက်သောအခါ ဆရာက ကြိမ်လုံးကြီးကိုင်၍ စောင့်နေပါသည်။
“ဒီကို လာစမ်း ... တန်းစီ ... လက်ပိုက်ထားကြ...!”
ဆရာ့အသံက ညောင်နာနာနှင့် ဩဇာသံမပေါက်ပါ။ ကြိမ်လုံးကတော့ တော်တော်ကြီးပါသည်။ ကျွန်တော်တို့ ဆရာ့ရှေ့တွင် လက်ပိုက်၍ ရပ်လိုက်သောအခါ... ဆရာက...
“ကျောင်းတက်ချိန်မှာ အတန်းထဲမှာမနေပဲ ... မင်းတို့ ဘယ်သွားနေကြတာလ?ဲ တစ်ယောက်ချင်း စတိတ်ပေါ်တက်ပြီး ရှေ့လှည့်စမ်း... !”
“မဟုတ်ဘူး ဆရာ... ဟို... ဟို”
“တိတ်စမ်း ...! ကဲ မင်းအရင်တက်... ဟိုဘက်လှည့် ...”
ကျွန်တော် ရှင်းပြဖို့ ကြိုးစားပါသေးသည်။ ဆရာက စကားဆုံးအောင်ပင် နားမထောင်ပဲ အတင်း စတိတ်ပေါ်တက်ရပ်ခိုင်းကာ တင်ပါးကို ကြိမ်လုံးနှင့် တွယ်ပါတော့သည်။
“ဝှစ်... ဖြောင်း ... !”
“ဝှစ်... ဖြောင်း ...!”
“ဝှစ်... ဖြောင်း ...!”
တစ်ယောက် သုံးချက်စီ တွယ်ခံလိုက်ရပါသည်။ ဖင်လည်း နာပါသည်။ ရင်လည်း နာပါသည်။ ထိုအချိန်ကစ၍ ဆရာ့ကို ရွံကြောက်ကြီး ဖြစ်ခဲ့ရပါသည်။

(၃)
“အားလုံးမှတ်ထားကြ... ငါက... အခုလက်ရှိ မင်းတို့ အတန်းပိုင်ဆရာပဲ... ဒီအတန်းကို တရားဝင် ကိုင်ရမယ့် ဆရာမက သင်တန်းသွားနေလို့ ငါက ခဏ ဝင်ကိုင်နေရတာ... သူပြန်လာရင် ပြန်ပေးလိုက်မယ်... ငါက အတန်းပိုင်တွေ ဘာတွေ လုပ်ချင်တာ မဟုတ်ဘူး... ခေါင်းရှုပ်လို့ ... အေး အထူးသဖြင့် မင်းတို့အတန်း... စာတော့ တော်ပါရဲ့ ... ပညာလေးမှ စုံအောင်တတ်မယ် မကြံသေးဘူး... ဟိုဆရာ့ ပုန်ကန်ချင်... ဒီဆရာ့ မကောင်းပြောချင်နဲ့... ကြပ်ကြပ်သတိထားကြ... ဘယ်လိုပဲဖြစ်ဖြစ်... အခုချိန်မှာတော့ မင်းတို့အတန်းပိုင်ဆရာက ငါပဲ... အဲဒီတော့ ငါထုတ်ထားတဲ့ စည်းကမ်းက မင်းတို့အတွက် စည်းကမ်းပဲ... ဂရုတစိုက် လိုက်နာကြ... တခြားအတန်းတွေ ဘယ်လိုပဲနေနေ မင်းတို့ကတော့ ငါပြောသလို နေရမယ်... ငါ့စည်းကမ်းကို မလိုက်နာတဲ့ကောင်တော့ ကြိမ်လုံးကြည့်ထား...”
အတန်းထဲက ကျောင်းသား ကျောင်းသူတွေ တုတ်တုတ်မျှ မလှုပ်ရဲကြ။ အကြည့်တွေကတော့ ကြိမ်လုံးကြီးဆီပဲ စုပြုံနေကြလေသည်။
စကားတွေ အများကြီး ပြောလိုက်ရ၍ ဆရာ မောသွားဟန် တူပါသည်။ အတန်းထောင့်က ကျွန်တော်တို့ သောက်ရမည့် ရေအိုးထဲက ရေတွေကို ဂလု ဂလုနှင့် တော်တော်များများ သောက်ချလိုက်သည်။
ထို့နောက် ဆရာက စာစသင်ရန် ပြင်လိုက်သည်...
“မင်းတို့ကို ငါသင်ရမယ့်ဘာသာက သမိုင်းပဲ... သမိုင်းမှာ မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်းဆိုပြီး နှစ်ဘာသာရှိတာ မင်းတို့သိပြီး ဖြစ်တယ်... ငါကတော့ မင်းတို့ကို မြန်မာ့သမိုင်းပဲ သင်မယ်... ကမ္ဘာ့သမိုင်းကိုတော့ တခြားဆရာတစ်ယောက် သင်လိမ့်မယ်... ကဲ... စာအုပ်ထုတ်ကြ...”
သမိုင်း သင်မည်ဆို၍ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ပျော်သွားကြသည်။ အကြောင်းမှာ နွေကျောင်းပိတ်ရက် သင်္ကြန်ပြီးကတည်းက မြို့ထဲရှိ ကျူရှင်တစ်ခုသို့ အိမ်က လိုက်အပ်ပေးခဲ့သည်။ ကျူရှင်ဆရာက အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦး ဖြစ်ပါသည်။ ကျွန်တော်တို့ကို မြန်မာစာကလွဲ၍ ဘာသာစုံ သင်ပေးပါသည်။ မြန်မာ့သမိုင်းကိုလည်း ကျူရှင်က သင်ပေးထားသဖြင့် ရှေ့ပိုင်း တော်တော်များများ အလွတ်ရပြီး ဖြစ်သည်။ ထို့ကြောင့် အတန်းပိုင်ဆရာက စာမေးလျှင် အလွယ်တကူ ဖြေဆိုနိုင်မည် ဖြစ်သောကြောင့် ကြိမ်လုံးရန် အနည်းငယ် အေးသွားမည် ဖြစ်သည်။

(၄)
ကျောင်းဖွင့်ပြီး တစ်ပတ်ခန့်အကြာ...
ဆရာက စာတစ်ပုဒ်သင်ပေး၍ အတန်းထဲ၌ပင် အလွတ်ရအောင် ကျက်ခိုင်းထားသည်။ ကျွန်တော်တို့က ထိုအပုဒ်ကို ရပြီးဖြစ်၍ ဟန်ပြသာ ကျက်နေကြပါသည်။
ဘေးက သူငယ်ချင်းက ကျွန်တော့်ကို တိုးတိုးလေး စကား စ ပြောသည်...
“ဟေ့ကောင်... ငါတို့ အတန်းပြောင်းရအောင်ကွာ... ငါတို့ အတန်းပိုင်ဆရာက အုပ်ချုပ်ပုံက ညံ့သေး... အသင်အပြလည်း မကောင်းဘူး... ဒီကြားထဲ အရိုက်လည်း ကြမ်းသေးတယ်”
“အတန်းက ကိုယ်ပြောင်ချင်တိုင်း ပြောင်းလို့ရတာ မဟုတ်ဘူးကွ... အဲဒီကိစ္စကလည်း သူ့လက်ထဲမှာပဲ ရှိတာ... ပြီးတော့ ဒီဆရာက ခဏပါပဲ... သင်တန်းသွားတက်တဲ့ ဆရာမ ပြန်လာရင် အတန်းပိုင် ပြောင်းသွားမှာပဲ... ဒီအတောအတွင်းတော့ အောင့်အီးပြီး နေကြတာပေါ့”
ကျွန်တော့် သူငယ်ချင်း၏ မျက်လုံးတွေ ဖျက်ကနဲ အရောင် တောက်သွားကာ...
“အေးကွနော်... ဒါနဲ့ မင်းသိပြီးပြီလား? အဲဒီဆရာမက ငါတို့ ကျူရှင်ဆရာကြီးရဲ့ သမီးတဲ့ကွ... ကျူရှင်မှာလည်း မြန်မာစာကို အဲဒီဆရာမ သင်မှာပဲတဲ့... အရမ်းလည်း သဘောကောင်းတယ် ပြောတယ်”
အဲဒီအကြောင်းကို ကျွန်တော် မသိရသေးပါ။ ရုတ်တရက် ကျွန်တော်လည်း အံ့ဩ ဝမ်းသာ သွားသည်
“ဟုတ်လား အဲဒါဆို ပျော်စရာကြီးပေါ့... ဆရာမကလည်း ဘယ်တော့ ပြန်လာမလဲ မသိပါဘူးကွာ... သင်တန်း မြန်မြန်ပြီး ပြီး မြန်မြန် ပြန်လာပါစေလို့ ဆုတောင်းရမှာပဲ”
အဲဒီအချိန်မှာပဲ အတန်းပိုင်ဆရာ ကျွန်တော်တို့ ခုံနား ရောက်လာသည်။ ကြိမ်လုံးကြီး တကိုင်ကိုင်နှင့်ပင်...
“မင်းတို့ စာရပြီလား?”
ကျွန်တော်တို့ သူငယ်ချင်း ငါးယောက်စလုံး ခုံတန်းတစ်ခုတည်းမှာပင် အတူထိုင်ကြခြင်း ဖြစ်သည်။
“ရပါပြီ ဆရာ...!”
ပြိုင်တူ ဖြေလိုက်ကြပါသည်။ ထို့နောက် ဆရာက တစ်ယောက်ချင်း စာပြန်ခိုင်းပါသည်။
“အေး ဟုတ်ပြီ... မင်းတို့ကြည့်ရတာ ဉာဏ်ကောင်းမယ့်ပုံပဲ...”
မပြောစဖူး ဆရာက ချီးမွမ်းလိုက်သဖြင့် ကျွန်တော်တို့ ဝမ်းသာ သွားကြသည်။ သို့သော် ဆရာက ဆက်ပြောသည်...
“မနက်ဖြန် မနက် ခြောက်နာရီ အိမ်ကို လာခဲ့ကြ... ငါ့ ကျူရှင်လာတက်... မင်းတို့ ဒီထက် ပိုတော်သွားစေရမယ်...”
“ကျွန်တော်တို့ ... ကျူရှင် .. ရှိ.. . ပြီးသား...”
ဘေးက သူငယ်ချင်းက လွတ်ခနဲ ပြောမိသွားသည်။ ကျွန်တော် အချိန်မီ သူ့ခြေထောက်ကို နင်း၍ သတိပေးရသည်
သို့သော် ဆရာ ကြားသွားပါသည်။ မျက်နှာလည်း တော်တော် တင်းသွားသည်။
“အေး မင်းတို့ ဘယ်မှာ တက်တက်ပါ... ရတယ် ကိစ္စမရှိဘူး... ဒါပေမယ့် ကြိုပြောထားမယ်နော်... ငါသင်တဲ့ သမိုင်းက ငါ့သမိုင်းပဲ... စာမေးပွဲမှာလည်း ငါပဲ မေးခွန်းထုတ်မှာ... ငါသင်ထားတဲ့ ငါ့သမိုင်းအတိုင်း မဖြေလို့ကတော့... ငါ့အဆိုးမဆိုနဲ့”
မှုန်သိုးသိုးနှင့် ဆရာလှည့်ထွက်သွားသည်။
နောက်မနက်ကျ ဆရာ့ကျူရှင်ကို ပြေးတက်ကြရပါသည်။ ဆရာကိုင်ထားသော ကြိမ်လုံးကြီးကိုလည်း ကြောက်ရပါသည်။ ဆရာသင်သော သမိုင်းကိုလည်း ၏ သည် မရွေးကျက်၍ ကျူရှင်၌ အရင်သိခဲ့သော သမိုင်းကို မေ့ပစ်ရပါသည်။ ကျောင်းသားများ ဖြစ်သောကြောင့် ကျွန်တော်တို့လည်း စာမေးပွဲ အောင်ချင်ပါသည်။

(၅)
ထိုသို့ဖြင့်ပင် အချိန်တွေတဖြည်ဖြည်း ကုန်သွားသည်။ ကျွန်တော်တို့ မြန်မာစာ ဆရာမလည်း သင်တန်းပြီး၍ ပြန်ရောက်နေပါပြီ။ သို့သော် ဘာကြောင့်မှန်းတော့ မသိပါ။ ကြိမ်လုံးကြီးနှင့် ဆရာကသာ ကျွန်တော်တို့ အတန်းပိုင် ဆက်လုပ်နေပါသေးသည်။
“မင်းတို့ ဆရာမက... သင်တန်းမှာ အရမ်း ပင်ပန်းလို့တဲ့... ငါ့ကို ခဏလောက် ဆက်ပြီး ကိုင်ထားပေးပါဦးလို့ ပြောတယ်”
ဆရာကတော့ ထိုကဲ့သို့ ပြောပါသည်။
ကျူရှင်မှာ မြန်မာစာ သင်နေတာ တစ်လလောက် ရှိပါပြီ။ ကျွန်တော်တို့လည်း မဝံ့မရဲနှင့် အားမလိုအားမရဖြစ်ကာ ဆရာမကို မေးကြည့်ကြသည်
“ဆရာမ... ကျွန်တော်တို့ အတန်းကို လွှဲမကိုင်သေးဘူးလား? ဆရာကပြောတော့ ... ဆရာမ ပင်ပန်းနေလို့ သူ့ကိုပဲ ဆက်ကိုင်ခိုင်းထားတာဆို...”
ဆရာမက ပြုံးပြုံးလေး ပြန်ဖြေပါသည်
“အေးကွယ်... သင်တန်းက ပင်တော့ ပင်ပန်းတာပေါ့” ... တဲ့။
မေးလိုက်တိုင်း ထိုသို့ပင် ပြုံး၍ ပြန်ဖြေသည်။ ဆရာမ အပြုံးက အရမ်း အေးချမ်းပါသည်။ ကြားထားသကဲ့သို့ပင် သဘောလည်း အလွန်ကောင်းပါသည်။ ကျွန်တော်တို့ ဆန္ဒကတော့ အတန်းကို မြန်မြန် လွှဲယူစေချင်ပါသည်။ ဆရာ့ ကြိမ်လုံးဒဏ်လည်း ခံရတာ များလှပါပြီ။

(၆)
အပြန်လမ်းမှာ ကျွန်တော့် သူငယ်ချင်းနှင့် ကလေးအတွေးများ တွေး၍ ကလေးစကားများ ပြောဖြစ်ကြသည်...
“မင်း ဘယ်လိုထင်လဲ? ငါတို့ အတန်းပိုင်ဆရာက ဘာလို့ ...ဆရာမကို အခုချိန်ထိ အတန်းလွှဲ မပေးသေးတာလ?”
ကျွန်တော်ကမေးတော့ သူငယ်ချင်းက ပြန်ပြောသည်...
“မသိပါဘူးကွာ... တခြား ဆရာ ဆရာမတွေ ပြောသံကြားတာတော့... ငါတို့ အတန်းက... သူဌေးသားသမီးတွေ များလို့ ဆရာက ပြန်မပေးချင်တာတဲ့... သူ့အတွက် အရမ်း အဆင်ပြေလို့တဲ့ကွာ”
“ဘာဆိုင်လို့လည်း မသိဘူး... ငါတို့လည်း နားမလည်ပါဘူးကွာ... ဒါနဲ့များ အစက သူပြောတော့ ... သူက အတန်းပိုင်တွေဘာတွေ လုပ်ချင်တာ မဟုတ်ဘူးဆို...”
“အေး... အခုမှ လုပ်ဖူးတော့... အတန်းပိုင်ဆရာ ဘဝကို ... သူသဘောကျနေတာ ဖြစ်မှာပေါ့ကွ... ဆရာမကို ပြန်တောင် ပေးပါဦးမလား မသိဘူး...”
“အေးကွာ... စိတ်ညစ်ပါတယ်... ဟိုးအရင်နှစ်တွေက အတန်းပိုင်တွေနဲ့ လုံးဝ မတူဘူးကွာ... သူ့ကျမှ ကြိမ်လုံးကြီး တရမ်းရမ်းနဲ့ ... အာဏာတွေ အရမ်းပြတာပဲကွာ...”
သက်ပြင်းချသံ ကြားရသည်။ ကျွန်တော်ကပဲ သက်ပြင်းချမိတာလား၊ ကျွန်တော့် သူငယ်ချင်းဆီကလားတော့ မသိပါ။ သေချာတာကတော့ ကျွန်တော်တို့ တစ်တန်းလုံး ပစ္စုပ္ပန်ကို စိတ်ပျက်လက်ပျက်နှင့်ပင် လက်ခံထားကြရပါသည်။

(၇)
ထိုနေ့ညက ကျွန်တော် အိပ်မက် မက်ပါသည်။
ကျွန်တော်တို့ အတန်းပိုင်ဆရာမက မြန်မာစာ သင်နေပါသည်။
ကျောင်းသား ကျောင်းသူတွေ အားလုံး ရွှင်လန်း တက်ကြွလို့ ။
“ဒေါင်...!”
အချိန်ပြောင်း ခေါင်းလောင်းသံ ကြားရသည်။
“နောက်အချိန်က ဘယ်သူ့အချိန်လဲ?”
ဆရာမက မေးလိုက်တော့ အားလုံး မျက်စိပျက် မျက်နှာပျက်နှင့် ပြန်ဖြေကြသည်...
“မြန်မာ့သမိုင်း...!”
ကျွန်တော် ကြောက်လွန်း၍ ယောင်ရမ်း အော်မိသည်...
“အား ... !!!”

(၈)
အိပ်မက်က လန့်နိုးလာသည်။ နာရီကြည့်လိုက်တော့ မနက် ငါးနာရီခွဲ...။
ကျွန်တော် ထနေကျ အချိန်ဖြစ်သည်။
အတန်းပိုင်ဆရာ၏ သမိုင်းကျူရှင်ကို ပြေးရဦးမည်။
ဆရာ၏ ကြိမ်လုံးကြီးကိုလည်း ကြောက်လှပါသည်။ ။

7 comments:

sweetpeony said...

ကောင်းတယ်...
း)
ဆက်ရေးပါ..
စောင့်ဖတ်နေပါမယ်..
း)

မဆုမွန် said...

ပို့စ်လေးကို သေသေချာချာ ဖတ်သွားပါတယ် ဖတ်ပြီးပြီးချင်းမှာပဲ ကိုယ့်ဘာသာ သဘောကျလို့ ပြုံးမိပါတယ်..တော်တော်လေးကောင်းတဲ့ စာအရေးအသားပါ အားပေးနေမယ်နော့

ကျွန်မဆို သူငယ်တန်းကနေ ဆယ်တန်းအထိ တစ်ယောက်ချင်းရော အတန်းလိုက်ပါ အမြဲအရိုက်ခံရတာ ကြိမ်လုံးစာ လွတ်တာ တစ်နစ်မှ မရှိခဲ့ဘူး။ အရိုက်ကြမ်းတဲ့ ဆရာ ဆရာမဆိုရင်လဲ ခွေးလျားသီးနဲ့ သားရေပင်စာကျွေးတယ် ငယ်တုန်းကပါ ဟိဟိ

ရဲရင့်နီ said...

ကျူရှင်လာတက်သွားတယ်ဗျာ...

မျှော်လင့်ခြင်း said...

ကောင်းတယ်ဗျ အ၇မ်းကောင်းတယ်
ကြိမ်လုံးဆိုလို့ ငယ်ငယ်တုံးကအရိုက်ခံခဲ့ရတာ
တွေပြန်မြင်ယောင်မိတယ် .... ဆော့လို့စာမရလို့ ဆရာမအရိုက်ခံခဲ့ရတာ
ပြီးတော် မေမေလက်ဝါးနဲ့အရိုက်ခံခဲ့ရတာတွေ
ဖြစ်နိုင်ရင် အခုတောင်ပြန်ပြီးအရိုက်ခံပြီးငိုချင်သေးတယ်
ဟဲဟဲ....... :)

said...

အင်း မြန်မာ့သမိုင်း..... မြန်မာ့သမိုင်း
သင်တဲ့ဆရာပြောင်းတိုင်း သင်ရိုးညွှန်းတမ်း ပြောင်းနေမယ်တူပါရဲ့ နော်။

ကိုဆူး ဝတ္တုဖတ်မှ ငယ်ငယ်က မြန်မာ့သမိုင်းဖတ်စာအုပ်တွေ မသိမ်းထားမိတာ နှမြောတယ်။

နောက်ပိုင်း မြန်မာ့သမိုင်းဖတ်စာအုပ်တွေနဲ့ ဘာတွေကွာလဲလို့ အနည်းတုံးတော့ သိရတာပေါ့။

said...

ကိုဆူး

အဲဒီ ဆရာ ကသူသေတောင် ဆရာမကို အတန်းပြန်မအပ်ဘူးတဲ့။ ကျောင်အုပ်ဆရာကြီးက ၂ခါ တွေ့ပြီး ဖျောင်းဖျတာတောင် မရဘူးဆိုပဲ။
အခု ဆရာမကို ဖောင်ကြီးပို့ထားတယ်။ သိတယ်ဟုတ် ဖောင်ကြီးမှာ ရေဒီယို တောင်နားမထောင်ရဘူဆိုတဲ့ အီလက်ထရောနစ် ဥပဒေ ရှိတယ်။
ဆရာမရဲ့ အဖေကိုလဲ ကျွှန်တော်တို့ အားလုံးက ချစ်လျှက် လွမ်းလျှက် တမ်းတလျှက်ပါပဲ။

စိတ်၏ဖြေရာ said...

ဖတ်သွားပါတယ်။အရေးအသားကောင်းလို့ ငယ်ငယ်က
ကျောင်းသူဘ၀ပြန်သတိရမိပါတယ်။ဆက်လက်အားပေး
နေမယ်နော်။ပျော်ရွှင်ချမ်းမြေ့ပါစေ။