Saturday, October 10, 2009

စိတ်လိုလက်ရ အော်ဆိုဖြစ်သော သီချင်းများ

ရွာပြန်တော့မလို့ နှုတ်ဆက်စကားပြောဖို့ လာပါတယ် ဆိုမှ တက်ဂ်ထားတာနဲ့ တွေ့နေရတယ်။ ရွာပြန်မှာက ကြာမှာဆိုတော့ နှင်းဟေမာ ရဲ့ တက်ဂ်ကို ချက်ချင်းပဲ ရေးပေးရင်း တလက်စတည်း နှုတ်ဆက်လိုက်ပါတယ်။

ကျနော်က အဆိုတော်ရူးဆိုတော့ အားအားရှိ သီချင်းတွေပဲ အော်ဆိုနေတတ်ပါတယ်။ အဲဒီတော့ ဆိုဖြစ်တဲ့ သီချင်းတွေကတော့ အများကြီးပေါ့။ ပျင်းတဲ့အခါ အော်ဆိုတယ်။ သင်္ချာတွက်တဲ့ အခါ အော်ဆိုတယ်။ မူးတဲ့ အခါ အော်ဆိုတယ်။ ကြုံတုန်း ကျနော့် ရိုက်ပေါက် အကြောင်း ပြောပြဦးမယ်။ တခါက ကျနော့် သူငယ်ချင်း အဖေ ဆုံးလို့ အသုဘအိမ်မှာ ထုံးစံအတိုင်း သင်္ချာတွက်ကြပါတယ်။ ဖဲရိုက်တာကို ပြောတာနော် :-) သောက်လိုက် ရိုက်လိုက် မိုးအလင်းဆိုတော့ သန်းခေါင်ကျော်တော့ ကျနော် မှန်ပါပြီ။ ဖဲလေးနိုင်တော့ စိတ်ထိန်းမရတော့ပဲ ကျနော့်ဗီဇအတိုင်း အားလုံးကို မေ့ပြီး သီချင်းအော်ဆိုလိုက်ပါတော့တယ်။ ရှိသမျှလူ အကုန် အံ့သြတိတ်ဆိတ်သွားတယ်။ ဘေးက သူငယ်ချင်းက သတိပေးမှပဲ ကျနော် အသိပြန်ဝင်သွားတယ်။ အဲလိုကို ရူးတာ ... ရိုက်ပေါက် ... သူများ အသုဘ အိမ်မှာ သီချင်းအော်ဆိုတဲ့ကောင်။

ကျနော်က ရော့ခ် ခရေဇီဆိုတော့ ဆိုတတ်တဲ့ သီချင်းတွေကလည်း IC ရဲ့ သီချင်းတွေပဲ များပါတယ်။ အင်္ဂလိပ်သီချင်းတွေကိုတော့ နားပဲ ထောင်တတ်ပါတယ်။ မဆိုတတ်ပါဘူး။ ကျနော်စိတ်ထဲကပါပြီး အမြဲ အော်ဆိုနေတတ်တဲ့ သီချင်းကတော့ လေးဖြူရဲ့ ထွက်ပေါက် သီချင်းပါပဲ ....
ဆူးတောထဲ ရောက်သွားတဲ့ ငါ့ရဲ့ ညခရီး ရှေ့သို့ မတိုးနိုင်တဲ့ အထိ ...
ရှုံ့ချတဲ့ မျက်လုံးနဲ့ မင်းကို ကြည့်ချင်သလား အပြစ်တို့ မတွေ့နိုင်တဲ့ အဆုံး ....
ဘာကို ရှာရှာမရတယ် .... အားလုံးဟာ ပိတ်ဆို့ဆဲ ....
ထွက်ပေါက်များ ပိတ်ကာထားတယ် ... မိုးလင်းသွားလည်း ဘာထူးလဲ ...

ပြီးတော့ ကြယ်စင်များရဲ့လမ်း ....
ရှင်သန်လာခဲ့ကြရ ... ရှည်ကြာတဲ့ ဂတိများကြား ...
နာကျင်စွာ ခြောက်လန့်ခဲ့တဲ့ ဒီညတွေရဲ့ကြား ......
နာကျင်စွာ ကျောခိုင်းခဲ့တယ် .... ကျောင်းတော်ကြီးရယ်
(အဲဒီနေရာရောက်ရင် ကျနော် နာနာကျင်ကျင် အော်ဆိုတတ်မြဲပါ)။

နောက်တစ်ပုဒ်က လေးဖြူရဲ့ ဧရာဝတီညများ ...
ဧရာဝတီရဲ့ စကားပြောသံ ... ရင်ခုန်နေတဲ့ သက်ရှိ မြစ်တစ်စင်း
နာကျင်စွာနဲ့ ညည်းတွားသံ ဒီအချိန်မှာ မင်းကြားသိနိုင်ပါစေ ...
အတိတ်တွေ မပျောက်ကွယ်ပါ ... အသက်ရှင် မြစ်ရေလိုစီး ...
ယုံကြည်မျှော်လင့်ခြင်း ... အနာခံ ပေးဆပ်ခြင်း .....
ဧရာဝတီညများ .... စီးဆင်း ......
(အဲဒီသီချင်းကို ကျနော် တင်ဖူးပါတယ်။ ဒီနေရာမှာ နားဆင်နိုင်ပါတယ်)။

ရေးရရင်တော့ ကုန်မှာ မဟုတ်ပါဘူး။ နောက် ဂစ်တာတီးရင်း ကျနော် မှန်လာပြီဆို ဘာကိုမှ ဂရုမစိုက်ပဲ အော်ဆိုတဲ့ သီချင်းတွေ ရှိပါသေးတယ်။ ထူးအိမ်သင်ရေးပြီး မွန်းအောင်ဆိုခဲ့တဲ့ ... အရေးကြီးပြီ ညီနောင် အပေါင်းတို့ ... သွေးစည်းကာ ညီစေ ညီကြစို့ ... ငါတို့ရဲ့ သမိုင်းတစ်ခေတ်ကို ငါတို့ သွေးနဲ့ ရေးခဲ့သည် ... သွေး သစ္စာနဲ့ ပြုခဲ့သည် ဆိုတဲ့ အဆုံးသတ်တိုက်ပွဲ သီချင်း။

နောက် ကျနော် ရွှတ်နောက်နောက် ရေးထားတဲ့ လူကြီးလာမည် ဆိုတဲ့ သီချင်း ...
လူကြီး လာပါမယ် ... ပန်းအိုးတွေ ထားထားပါ ...
လူကြီး လာပါမယ် ... အမှိုက်တွေ လှဲထားပါ ...
လမ်းဘေး ပလက်ဖောင်းများ .. ဆေးတွေ သုတ်ပြီးပလား ...
လမ်းဘေး ဈေးဆိုင်များ သိမ်းလေ ... သိမ်းကြပါ ...
လူကြီး မျက်စိနောက်မယ် ... လမ်းတွေ ရှင်းထားပါ ...
(အဲဒီသီချင်းကို နောက်ကြုံရင် ကျနော် အရင်ကလိုပဲ ခြင်ထောင်ချ အသံသွင်းပြီး တင်ပါ့မယ်)။

ဒီလောက်ပါပဲ။ ပြောရရင် ကျနော်အော်ဆိုတဲ့ သီချင်းတွေက ခံစားချက် ရှိရင် ရှိသလို ပြောင်းလဲတတ်ပါတယ်။ ကျနော်လည်း နှလုံသားရှိတဲ့ လူသားတစ်ယောက် ချစ်တတ်ပါတယ်။ အဲဒီအခါဆိုလည်း နူးညံ့တဲ့ အချစ်သီချင်းလေးတွေ ညည်းနေတတ်ပါတယ်။ အဲဒါတွေကိုတော့ မရေးတော့ပါဘူးဗျာ။ တော်ကြာ ဒီကောင် ရုပ်ကြမ်းကြီးနဲ့ နွဲ့ နေပြန်ပြီလို့ ပြောခံရမှာ ကြောက်လို့ပါ။ နှင်းဟေမာရေ ဒီလောက်ပဲနော်။ အချိန်မရလို့။ ကျေနပ်ပေးကြပါ။ မကျေနပ်လည်း ကျေနပ်ပေးကြပါ။ (ဒါတောင် အများကြီးဖြစ်သွားတယ်)။

ကဲ ခု .. ဒုတိယပိုင်း အစီအစဉ်ဖြစ်တဲ့ နှုတ်ဆက်ခြင်း အစီအစဉ်ပဲ ဖြစ်ပါတယ်။ ကျနော် ရွာပြန်တော့မှာကြောင့် အွန်လိုင်း လောကနဲ့ အဆက်အသွယ် ပြတ်ပါမယ်။ ဘလော့ဂ်ရေးခြင်း ဘလော့ဂ် လည်ခြင်းများကို ခေတ္တ ရပ်နားထားမှာ ဖြစ်ပါတယ်။ သူငယ်ချင်း ညီအစ်ကို မောင်နှမ အားလုံးကို နှုတ်ဆက်ပါတယ်။ ကျနော် ပြန်လာမှာပါ။ တစ်လကြာရင်ကြာမယ်။ တစ်သက်လုံးကြာချင်လည်း ကြာနိုင်ပါတယ်။ အပေါ်က Tag ပို့စ်နဲ့ လိုက်အောင် ရေးရရင် ဟေမာနေ၀င်း သီချင်းလိုပေါ့ဗျာ။
ဘယ်အချိန် သေမှာကို ကြိုမသိကြတဲ့ ဘ၀မှာ ...
ကြိုတင်ရေးထားတဲ့ နှုတ်ဆက်သီချင်း ....။
ခွဲခွာနေရတဲ့ အချိန်လေးအတွင်းမှာ ကျနော် သေချင်လည်း သေသွားနိုင်တယ်လေ။ အနိစ္စ အမြဲမရှိတဲ့။ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီပေါ့။ အဲဒါများ သေရင် နင်ဘယ်လို ပြန်လာမှာလဲလို့ မေးချင်တယ် မဟုတ်လား။ ကျနော်ပြန်လာမှာပါ။ သေရင်တောင် နောက်ဘ၀ကျ ရောက်အောင် ပြန်လာခဲ့ပါ့မယ်။ ဘလော့ဂ်လောကကြီးကို ချစ်ခင်လေးစားစွာဖြင့် ..........။ ။

11 comments:

ဝက်ဝံလေး said...

အယ် လူဂျီး ဂယ် ပြန်တော့မှာလား ဂလိုဆိုလဲ တာ့တာနော် အစစအရာရာ ဂရုစိုက်နော် ဘိုင် တာ့တာ

ဒီဇင်ဘာနှင်း said...

တွေ့ဆုံကြုံကွဲ ဖြစ်မြဲမို့ ကံမကုန်လို့ ပြန်ဆုံဖို့ဖြစ်လာခဲ့ရင်လဲ ပြန်လည်တွေ့ဆုံချင်ပါတယ်။ ဘယ်နေရာမှာပဲရောက်နေနေ အရာရာအဆင်ပြေပါစေ။

Unknown said...

ကိုနွေဆူးရယ် .... ဂယ်ပါပဲ ရေးတက်လိုက်ထှာနော် ငါ့နှယ် ....၀မ်းတောင်နည်းသွားလို့ ၀မ်းနှုတ်ဆေးစား .. အဲလေ ..... မျက်ရည်တောင်ဝဲသွားမိတယ်။
ရွာရောက်လို့ စာဥနဲ့ တွေ့တဲ့အခါ နာတို့ကို မေ့သွားပါဟယ်....နော်..... ကိုနွေဆူးသီချင်းရေးကောင်းမှန်း ခုမှပဲသိတော့တယ်
်ကိုယ်တိုင်ရေးထားတဲ့ သီချင်းကို အကြိုက်ဆုံးပဲ
ခုလို ရွာမပြန်ခင်သေသေချာချာဖြေပေးသွားတာ အရမ်းကျေးဇူးတင်တယ်နော်
ခင်မင်မှုအမြှောက်တစ်သိန်းး)
နှင်း

kiki said...

ကိုနွေဆူးရေ .....
နှုတ်မဆက်နဲ့  နိုချင်ဒယ်....

ဘယ်ရွာမှာနေလဲ ... လိပ်စာ ...ကန်စွန်းရွက် ..ပေါက်ပေါက်ဆုပ် .. ပေးခဲ့ ..
ရွာက အပြန် ဖါးကောက် ခဲ့ နော် ..

ဟင့် .. ရွှတ် ..

Angel Shaper said...

ကိုဆူးးးးးးးးးးးးးး
ရက်ရက်စက်စက် ခြင်ထောင်ချ သွင်းပြီး တင်ဦးမတဲ့။ ဟူးးးးးးးးးးးးးးးး
အော်ဖြစ်တဲ့ သီချင်းတွေ လာကြည့်တာ။ ဂွတ်တာပဲ။
ကိုယ်ပိုင် သီချင်းတွေက အပီလန်းတယ်။ အဟက်
အစစ သတိရှိပါစေနော်။
ဂရုစိုက်ပါ။
အဆင်ပြေပါစေ။
ပြန်တွေ့ ကြမည် မြန်ပြည်တွင်။။။

maylay said...

ကိုနွေရေ သီချင်းလာဖတ်ပါတယ်။ ပြန်မယ်ဆိုတော့ မျက်ရည်ဝဲ ကိုယ်ပြန်လာပါ့မယ်ကွယ်******မြူခြေဆိုင်းတဲ့ တောင်ပြာတန်းထက်ဝယ်****:P :P ကံမကုန်သေးတဲ့ဘဝမှာ ပြန်ဆုံသေးမယ့် လောကကို ကိုနွေ ပြန်လာမှ နှုတ်ဆက်ပါတော့မယ်။ ကဲ ပြန်လာရင် ပုဆိုးကိုစလွယ်သိုင်းခဲ့ချေဦး ရွာကြီးပဲ မပတ်လည်နေနဲ့နော်။......ကျန်းမာပျော်ရွှင်ပါစေ ကိုနွေဆူးရေ။။။။အဆင်ပြေပါစေ

အဖြူရောင်နတ်သမီး said...

ဦးလေး...
ဂျီးတော်ကိုလညး မေ့မသွားနဲ့အုံးနော်...
အမြန်ပြန်လာခဲ့...
ပြောစရာတွေကျန်သေးတယ်...
လောလောဆယ်တော့..တာ့တာပေါ့...

win latt said...

မြန်မြန်ပြန်လာခဲ့ပါ...

emayarKhin said...

သီချင်းတွေစိတ်လိုလက်ရ
ဆက်လက်အော်ဆိုရင်း..အဆင်ပြေ
ချောမွေ့ပါစေရှင်....

ကဗျာဦး said...

နောက် ကျနော် ရွှတ်နောက်နောက် ရေးထားတဲ့ လူကြီးလာမည် ဆိုတဲ့ သီချင်း ...
လူကြီး လာပါမယ် ... ပန်းအိုးတွေ ထားထားပါ ...
လူကြီး လာပါမယ် ... အမှိုက်တွေ လှဲထားပါ ...
လမ်းဘေး ပလက်ဖောင်းများ .. ဆေးတွေ သုတ်ပြီးပလား ...
လမ်းဘေး ဈေးဆိုင်များ သိမ်းလေ ... သိမ်းကြပါ ...
လူကြီး မျက်စိနောက်မယ် ... လမ်းတွေ ရှင်းထားပါ ...

လက်အုပ်ချီတာမပါသေးဘူး??????????//

Ðaywalker[Soul] said...

ရောက်တယ်ဗျာ