Wednesday, September 9, 2009

ဈေးသည်ကြီး ဆန်ရွှေ

(တစ်ခန်းရပ် ပြဇာတ်)

ပါဝင်သူများ ... ... ...
- ဈေးသည်ကြီး ဦးဆန်ရွှေ
- အင်တာဗျူးဆရာတစ်ယောက်
- ဈေးဝယ်သူ တရုတ် ကုလား လူမျိုးခြားများ
- စုတ်စုတ် ပြတ်ပြတ် ၀တ်ဆင်ထားသော ဆင်းရဲသား လုပ်သားပြည်သူများ

- (ဈေးဆိုင်အိမ်ပုံ ပန်းချီကားကို နောက်ခံထား၍ ဈေးသည်ကြီး ဆန်ရွှေမှ အော်ဟစ် ဈေးရောင်းနေစေ)
- (ဆင်းရဲသား လုပ်သားပြည်သူများက ပေါက်ပြား ဂေါ်ပြား အစရှိသော ကိရိယာ တန်ဆာပလာများ ကိုင်ဆောင်၍ ဖြတ်သွားဖြတ်လာ ပြုလုပ်နေစေ)

ရွှေ ။ ။ “လာနော် လာနော် ... ဟောဒီမှာ သဘာဝဓါတ်ငွေ့တွေ... ကျောက်စိမ်းတွေ... သစ်တောထွက် ပစ္စည်းတွေ ဈေးပေါပေါနဲ့ ရောင်းပေးနေပြီ... နောက်ရက်ကစပြီး ကျုပ်မရောင်းတော့ဘူး... အဲဒါကြောင့် လျှော့ပေးနေတာ ... ၀ယ်ထားကြပါ ၀ယ်ထားကြပါ ”

- (တရုတ် ကုလား လူမျိုးခြားများက တိုးဝှေ့ ဈေးဝယ်ဟန် ပြုစေ)

ရွှေ ။ ။ “သိပ်မတိုးကြပါနဲ့ ... အားလုံးကို ရောင်းပေးမှာပါ... ရှိသမျှ ဘာမှ မကျန်အောင် ရောင်းပေးမှာပါ... စိတ်ချပါ... သိပ်မတိုးကြပါနဲ့”

- (ထိုအချိန်တွင် အင်တာဗျူးဆရာက ဈေးဝယ်များကြားမှ တိုးဝှေ့ကာ ဈေးသည်ကြီး ဆန်ရွှေကို အင်တာဗျူးစေ)

ဗျူး ။ ။ “ဈေးသည်ကြီး ဦးဆန်ရွှေခင်ဗျား ... နောက်ရက်ကစပြီး မရောင်းတော့ဘူးဆိုတော့ ဆိုင်ပိတ်တော့ မလို့လား?”

ရွှေ ။ ။ “ဘယ့်နှယ့် ပိတ်ရမှာလဲဗျ ... သဘာဝဓါတ်ငွေ့တွေ ... ကျောက်စိမ်းတွေ ထွက်နေသရွေ့ ရောင်းနေဦးမှာပါ ... ကျုပ်မရောင်းတော့ဘူး ဆိုတာက ကျုပ်က အသက်ကြီးပြီလေ ... ကိုယ်တိုင် မရောင်းတော့ပဲ ဟန်ပြ ဈေးရောင်းတစ်ယောက်လောက်ခန့်ပြီး ကျုပ်က နောက်ကနေ ကြိုးကိုင်မလို့ စဉ်းစားထားတယ်ဗျ”


ဗျူး ။ ။ “ဟုတ်ကဲ့ပါ ... ဈေူးသည်ကြီး ဦးဆန်ရွှေ အနေနဲ့ အခုလို ကြိုးစားပမ်းစား ရောင်းဝယ်နေတာ ဘယ်သူ့အတွက်လည်း သိချင်ပါတယ် ခင်ဗျ”

ရွှေ ။ ။ “မေးမှ မေးရက်ပလေဗျာ ... ဘယ်သူ့အတွက် ရှိရဦးမလဲ ... ပြည်သူတွေ အတွက်ပေါ့ဗျ”

ဗျူး ။ ။ “ အော် ... ကျေးဇူးကြီးပါပေတယ်ဗျာ ... ဒါနဲ့ နောက်ဆုံးမေးခွန်း မေးပါဦးမယ် ... မြန်မာပြည်မှာ ပြည်သူလူဦးရေ ဘယ်လောက်ရှိသလဲ သိပါသလား ခင်ဗျာ”

ရွှေ ။ ။ “လုပ်ပြန်ပြီ ... ဒါမေးစရာလား ... ဒီလောက်တော့ သိတာပေါ့ဗျာ ... နေဦး ... အင်း (စဉ်းစားဟန်ဖြင့်) ... ကျုပ်မိန်းမရယ် ... ကျုပ်သမီးတွေရယ် ... သမက်တွေ မြေးတွေရယ် ... ဆွေမျိုးတွေရယ် ... စုစုပေါင်း ငါးဆယ် တစ်ရာလောက်တော့ ရှိတာပေါ့ဗျာ ...”

- (အင်တာဗျူးဆရာ ပက်လက်လန်သွားစေ)
- (ဖြတ်သွားဖြတ်လာ ဆင်းရဲသား ပြည်သူလူထု လမ်းလျှောက်နေရာမှ ရပ်တန့်၍ ‘မှတ်သားလောက်ပါတယ်ရှင့် မှတ်သားလောက်ပါတယ်ခင်ဗျ’ ဟု သံပြိုင်အော်ဆိုရင်း ကန့်လန့်ကာ ချစေ)။ ။

10 comments:

ခင်မင်းဇော် said...

လာဖတ်သွားတယ်..
တခန်းရပ်ပြဇာတ်က တကယ် ကလို့တောင် ရတဲ့ ဇာတ်ကလေးပဲလေ..
ဖေ့ဘွတ်မှာ remove လုပ်မိထားတယ်။ စိတ်မရှိပါနဲ့ ... ပြန်အတ်ပေးပါဦး။

kiki said...

အလွန်ထိမိတဲ့ တခန်းရပ်ပြဇာတ်လေးပါဘဲ ...
မှန်တယ် မှန်တယ် . လောက်စလုံးက နဖူးတဲ့တဲ့ ..

ဈေးသည်ကြီးငရွှေက နောက်ဆို အွန်လိုင်းကနေဘဲ ရောင်းတော့မှာတဲ့ ဗျိုးးးးး

ဆက်ရေးပါဦးးးးကိုနွေဆူး ရေ ..

မေသူ said...

:) သဘောကျ ပြုံးမိသွားပါတယ် အစ်ကိုနွေဆူး။ ကုန်အောင်ထိရောင်းပြီးမှ ကြွမယ်ထင်တယ် :D

အနမ်း said...

ဈေးသည်ကြီး ဆန်နီပဲကြားဖူးတာ။ ခုတော့ဆန်ရွှေပါပေါ်လာပြီ။ ညီအစ်ကိုလား ၊ သားအဖလားမသိဘူးနော်။း)
ဈေးရောင်းကောင်းပါစေ။း)

ဝက်ဝံလေး said...

ဟိဟိ နီးနေပြီနော် ကားပြာလေးကို စီးကာရယ် ဟဟဟဟ

ဖတ်ပြီး ပြုံးသွားတယ် နော် ရီလဲရီသွားတယ် သိလား ဟဟ

ခြေလှမ်းသစ် said...

သူတို့တဆွေလုံးဆမျိုးလုံး ဗိုက်ဝရင်ပြီးပြီဗျ ... ပြည်သူ တွေ သေသေကြေကြေ သူတို့အလုပ်မဟုတ်ဘူး .. တိုင်းပြည်လဲ ကုန်းကောက်မရအောင် သူတို့ ခိုးရောင်း မယ် ... ဒါသူတို့ရဲ့  ဈေးကွက်စီးပွါးရေး ...

ချမ်းလင်းနေ said...

အိုင်ဒီယာလေး သဘောကျတယ်ဗျာ။:)

sweetpeony said...

ကောင်းလိုက်တဲ့ပြဇာတ် ကိုနွေဆူးရေ..
ကြည့်သွားပါတယ် ပြဇာတ်လေးကို..
း)

မျက်မှန်လေး said...

အရမ်းကောင်းတယ် ပြဇာတ်က
ထိမိတယ်
တိုတယ်
ကြိုက်တယ်

thiri said...

Very nice.a yan kgg dae.Really.