Thursday, July 30, 2009

ဖုန်းသရဲ

(၁)
(အဲဒီမှာ တယ်လီဖုန်း တစ်လုံး ရှိတယ် ...။)
ကျောင်းပိတ်ခါနီး ဂီတသံတွေက ခွဲခွာခြင်းရဲ့ ပြယုဂ်တချို့လည်းဖြစ်ရဲ့။ အလွမ်းတိမ်တိုက်မဲမဲတွေ ကျွန်တော့်ရင်ဘတ်ရဲ့ အနောက်တောင်ထောင့်ဆီကနေ ထစ်ချုန်းသံမပေးပဲ တိတ်တိတ်လေး ၀င်ရောက်လာနေပြီလေ။ ဟုတ်တယ် ... မကြာခင်မှာ နှလုံးသားရှိသူတိုင်းရဲ့ ရင်ဘတ်ဆီ အလွမ်းမိုးရေစက်တွေ တဖွဲဖွဲ ရွာသွန်းလာလိမ့်မယ်။
"ကျောင်းက တစ်လပဲပိတ်မှာပါ ... ကျောင်းပြန်ဖွင့်ရင် ပြန်တွေ့ကြရမှာပဲ"
ကျွန်တော့်အတွက်တော့ ကျောင်းပိတ်ချိန်တစ်လဟာ တစ်ကမ္ဘာလောက်ကြာတယ်ထင်ရတဲ့အကြောင်း သူသိသင့်ပါတယ်။ အဲဒီလိုပါပဲ။ ကျွန်တော့်ရဲ့ သစ်သီးချိုလေးက အရာတိုင်းကို ခပ်ပေါ့ပေါ့နေတတ်တယ်။
ကျွန်တော် စက္ကန့်တိုင်း သူ့ကို လွမ်းနေမယ့်အကြောင်း ပြောပါတယ်။ ကောင်မလေးရဲ့မျက်ဝန်းတွေ ဟက်ဟက်ပက်ပက် ရယ်မောတယ်။ ကျွန်တော် ငေးကြည့်နေရင်းနဲ့ ဇူလိုင်လမှာ စက္ကန့်ပေါင်း နှစ်သန်းခြောက်သိန်း ခုနှစ်သောင်းရှစ်ထောင့်လေးရာ ရှိကြောင်းကို မပြောလိုက်မိဘူး။
အဲဒီကာလက နာရီတွေ ဆိုးခဲ့ကြတယ်...။ သူငယ်ချင်းလည်းမက ချစ်သူလည်းမကျတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ခွဲခွာချိန်ဟာ အေးစက်စက်နဲ့။ ကျွန်တော့်ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားတယ်။ မရက်စက်လိုက်ပါနဲ့ ကံကြမ္မာရယ် ...။ အလွမ်းတွေ မီးလောင်ရင် ဘယ်ဆောင်းမှ နှင်းကျတော့မှာ မဟုတ်ဘူး။

(၂)
"ငါ သတိရရင် ဖုန်းဆက်မှာပေါ့ဟာ ... နင်သာ ဘယ်မှမသွားနဲ့"
(အဲဒီမှာ တယ်လီဖုန်းတစ်လုံးရှိတယ်...။ အဲဒီ တယ်လီဖုန်းဘေးမှာ မိုးရေတွေ ရွှဲနေတဲ့ ကောင်လေးတစ်ယောက် ငုတ်တုပ်ထိုင်နေတယ်။)
ဖုန်းဘေးမှာ စောင့်နေရင်း ကျောင်းပိတ်ခါနီး ဂီတသံတွေ ပြန်မြင်နေမိတယ်။ ကျွန်တော့်ဘ၀မှာ အချိုမြိန်ဆုံး သစ်သီးလေးတစ်လုံးရဲ့ စကားသံ ချိုချိုလေးကို ပြန်လည်စားသုံးမိတယ်။ စိတ်ကူးထဲမှာပေမယ့် အရသာက သိပ်မကွာလှပါဘူး။
အဲဒီစကားလေးတွေနဲ့ပဲ ကျွန်တော့်မှာ ပီတိတွေဖြစ်လို့။ နယ်မြို့လေးဆိုတော့လည်း ဟန်းဖုန်းတွေ ဘာတွေလည်း မရှိ။ အိမ်က တယ်လီဖုန်းလေး နေကောင်းပါစေလို့ ဆုတောင်းတတ်တဲ့ ကျွန်တော့်ကို သူငယ်ချင်းတွေက 'ငကြောင်' တဲ့။ မင်းနဲ့ ပတ်သက်ရင် ငါဟာ ကြောင်ရုံတင်မကဘူး၊ အတော်လေးကို ရူးသွပ်နေသူပါ သစ်သီးချိုလေးရယ်။
လွမ်းလိုက်တာ ကောင်မလေးရေ ...။ ဖုန်းလာရင်တော့ အလွမ်းရဲ့ ခါးသီးမှုတွေကို စကားသံချိုလေးတွေက အနိုင်ယူသွားကြလိမ့်မယ် ထင်တယ်။
[အိပ်မက် = "မင်းကိုကြည့်ရတာ သနားလိုက်တာကွာ ... ထမင်းလည်းမစား၊ ရေလည်းမသောက်ပဲ ငါ့ဘေးမှာချည်း ထိုင်စောင့်နေတယ်။ သွားပါ ... အေးအေးဆေးဆေးနေပါကွာ ... အရင်ကလည်း ဖုန်းလာရင် ငါလှမ်းအော်နေကျပဲ"
ဖုန်းဘေးမှာ အမြဲထိုင်စောင့်နေတတ်တဲ့ ကျွန်တော့်ကို သနားသွားလို့ထင်တယ်။ ဘေးက တယ်လီဖုန်းက ကရုဏာအပြည့်နဲ့ ကျွန်တော့်ကို ပြောတယ်။
"အခုလာမယ့်ဖုန်းက ငါ့ဘ၀ရဲ့ အရမ်းအရေးကြီးတဲ့ ဖုန်းကွ၊ ဘယ်သူဘာပြောပြော ငါကတော့ ဆက်စောင့်ရမှာပဲ ... ဘာမှ လာသနားမနေနဲ့"
ရုတ်တရက် ဒေါသထွက်သွားတဲ့ တယ်လီဖုန်းက ကျွန်တော့်ကို ပြန်ပြောလိုက်တယ် ...
"နေပေါ့ကွာ ... ငါက စေတနာနဲ့ပြောတာကို၊ ဒီပုံအတိုင်းသာ မင်းဆက်စောင့်ရင် မင်းသေလိမ့်မယ်"
"ဟား ဟား ငါမသေခင် ငါ့သစ်သီးချိုလေးဆီက ဖုန်းလာမှာပါကွ ... မင်း စောင့်ကြည့်"]
ဒီလိုပါပဲ ... ကျွန်တော်ဆိုတဲ့ကောင်က အိပ်မက်ထဲအထိ တယ်လီဖုန်း စောင့်နေတာပါ။ သူသတိရတဲ့အခါ ဖုန်းလာလိမ့်မယ် ထင်တာပဲ။ သစ်သီးချိုကောင်မလေးရေ ...။ ငါကိုက ယုံကြည့်လွန်းပါတယ်ကွယ်။

(၃)
အလွမ်းတွေကလည်း အုံ့မှိုင်းနေတာ ကြာပါပြီကော။ နေမင်းကြီးလည်း အရှေ့ကနေ အနောက်ကို လျှောက်နေလိုက်တာ ခဏခဏပဲ။ အင်္ကျီအနီလေးတောင် အလွမ်းတွေနဲ့ စိုရွှဲလို့။ ဒီလိုနဲ့ ကျွန်တော့်မှာ ညမရှိတာ ကြာခဲ့ပါပြီ။
ကောင်မလေးရေ ...။ ငါ့နှင်းဆီခင်းတွေ ခြောက်သွေ့ကွဲအက်တော့မယ်ကွဲ့။ ယုံကြည်မှုတွေ တစစ ပြိုကျ။ ငါ့နှလုံးသားဟာ ရိုးပြတ်တွေထဲမှာ ကန်ခံရတဲ့ ဘော်လုံးတစ်လုံးလို နာကျင်ကြေမွလို့။ ငါရင်ခုန်ရတာ ခါးလွန်းတယ်ကွယ်။
မျှော်လင့်ချက် နဲနဲလေးတွေနဲ့ပဲ တစ်ရက်ပြီးတစ်ရက်။ လမင်းကြီးလည်း ကမ္ဘာကို တစ်ပတ်ပြည့်အောင်ပတ်ဖို့ အရှိန်ယူကောင်းတုန်း။ မိုးတွေကလည်း ထစ်ချုန်းသံ ပေးတလှည့် မပေးတလှည့်နဲ့ သည်းသည်းမည်းမည်း။ ကျွန်တော်ကတော့ ဖုန်းဆက်စောင့်တုန်းပေါ့။ ဖုန်း ... ဆက် ... စောင့် ... တုန်း .... ။ ။
(ဇာတ်လမ်းကလေးကတော့ ဒါပါပဲ။ ဇာတ်လမ်းမဆုံးလိုက်ဘူး မထင်ပါနဲ့။ ဇာတ်သိမ်းသွားပါတယ်။ ဇာတ်ပေါင်းတော့ ... သစ်သီးချိုလေးဆီက ဖုန်းမလာပါဘူး။ အဲဒီမှာ တယ်လီဖုန်းကြီးပြောတဲ့အတိုင်း အဲဒီဇာတ်လိုက်ဟာ ဖုန်းစောင့်ရင်း အညောင်းမိပြီး အစာအိမ်မှိုတက် သေသွားပါသတဲ့ ...။
သြော် ... ပြောရဦးမယ် ...
အဲဒီမှာ တယ်လီဖုန်းတစ်လုံးရှိတယ်။ အဲဒီ တယ်လီဖုန်းက မကြာခဏ ကလင် ကလင် နဲ့ ထ ထ မြည်နေတတ်လေရဲ့ ...။)

14 comments:

ငှက်ကလေး said...

အီ ကြောက်ချာကြီးပါလား လို့ ဟရိုးးးး

yaewoori said...

ငှက်မ တော်တော် မြန်

1 ယူမလို့ဟာ
ဟီး လူရိုင်းလေး ဆီက idea ရသွားတယ်ထင်ပ
ကွန်ပြူတာသရဲ ကော ရေးလေ

ကောင်းကင်ပြာ said...

ငါ သတိရရင် ဖုန်းဆက်မှာပေါ့ဟာ နင်သာ ဘယ်မှ မသွားနဲ့၊
အဲလိုမှာတာ ထမင်းစားရေသောက်တော့ရတယ် ထင်ပါတယ်နော်

MANORHARY said...

လာဖတ်သွားပါတယ်

ကြည်ဖြူပိုင် said...

သရဲ...........မီးမီးကြောက်စ်ကြောက်စ

အဟဲ စတာ
ဇာတ်လမ်းလေးက အဆန်းလေးပေါ့

နဒီမိုးညို said...

ဖုန်း..ဆက်လိုက်ရမလား..
ဟီးးးး

ဆောင်းယွန်းလ said...

အရေးအသားကတော့ရှယ်ပဲဗျာ
မိုက်တယ်ဗျ...

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ said...

တော်ပြီကွာဒီဖုန်းစုတ်ကြီးကို လွှင့်ပစ်လိုက်စမ်းပါ...။

LittLe bIrD said...

ဇတ်လမ်းလေးလာဖတ်သွားတယ်နော်း)

sonata-cantata said...

ဖိုးချို ဆိုခဲ့တဲ့ "အဆောင်သရဲ" ဆိုတဲ့သီချင်းကို သတိရသွားတယ်...

ဆူးရင့် said...

အား ကျနော်လည်း အရင်က
အဲလို စောင့်ခဲ့ဖူးတယ်ဗျာ။
အင်း
မသေတာ
ကံကောင်းတယ်လို့
ပြောရမှာပေါ့။
ဇာတ်လမ်းလေးက ကောင်းမှ ကောင်း

Angel Shaper said...

အင်မတန်ကောင်းသော ဇာတ်လမ်းပေတည်းးးးးးးး

win latt said...

ဖုန်းသရဲ ကိုယ်စားသနားမိပါကြောင်း...။

kiki said...

အဆောင်သရဲ .. ဖုန်းသရဲ ..
လမ်းသရဲ .. အင်တာနက် သရဲ ..

အံမလေးဗြန့်  .. သရဲပေါင်းစုံ လွှတ်တော် ပါလား

ဖုန်းသရဲ လေးမှာတော့ သနားစရာပါ ...
တော်ပြီ.. နောက်ဆို ဘူဒု့ မှ ယုံ ဒေါ့ဘူးးး