Tuesday, December 16, 2008

ကျွန်တော်သိသောအချစ်ဆိုသည်မှာ

ကိုရဲရင့်နီ tag လိုက်တဲ့ ခေါင်းစဉ်လေးကိုက ကျွန်တော်သိသောအချစ်ဆိုသည်မှာ တဲ့။ အဲဒီတော့ လွယ်ပါတယ်။ ကျွန်တော်သိသလောက်ပဲ ရေးရမှာပေါ့။ ကျွန်တော်ကလည်း အများကြီးမှ မသိတာ။
ဒီနေရာမှာ အချစ်ဆိုတာကို ၅၂၈ ဆိုတဲ့ အချစ်မေတ္တာကို ဖယ်ထားလိုက်ရအောင်။ ဘာလို့လဲဆို အဲဒီအကြောင်းက သပ်သပ်ပြောမှ ကောင်းမှာကိုး။ ၁၅၀၀ အချစ်နဲ့ ရောထွေးပြီး ပြောလို့ မကောင်းပါဘူး။ အဲဒါကြောင့် ဒီစာစုမှာပြောမယ့် အချစ်အကြောင်းဆိုတာ ဦးကျော်ဟိန်းတို့၊ ဦးချစ်ကောင်းတို့ ဆိုသလို အေးမြတဲ့ ၅၂၈ ချစ်မေတ္တာမဟုတ်ပဲ မီးလိုပူတဲ့ ၁၅၀၀ အချစ်ကို ပြောတာ ဖြစ်ပါတယ်။
ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် ရယူပိုင်ဆိုင်လိုခြင်းတစ်ခုပဲ ရှိတယ်လို့ ထင်ပါတယ်။ စွန့်လွှတ်ပေးဆပ်ခြင်းနဲ့ ချစ်တယ်ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး။ အဲဒီစကားလုံးက ပိုင်ဆိုင်ခွင့်မရှိတော့တဲ့နောက်မှ လှလှပပလေး ဖြေသိမ့်တဲ့ စကားလုံးလို့ပဲ ထင်ပါတယ်။ ချစ်ခြင်းရဲ့ Plan B ပေါ့ဗျာ၊ ဟဲ ဟဲ။
ချစ်မိပြီဆိုရင်တော့ ပထမဆုံး ရယူပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားကြမှာပါပဲ။ အခက်အခဲ အတားအဆီး တစ်ခုခု ရှိနေမှသာ အဲဒီစကားလုံး လှလှလေးကို သုံပြီး ကွဲသွားကြတာ။ သူတို့ရဲ့ အချစ်ခရီးလမ်းကြီးက ဖြောင့်ဖြူးနေမှတော့ အလကားနေရင်း စွန့်လွှတ်ပေးဆပ်ပြီးတော့ ချစ်မနေဘူး။ စာရေးဆရာလိုလို၊ ကဗျာဆရာလိုလို အရူး နှစ်ပိုင်းတစ်ပိုင်းတွေတော့ မသိဘူးပေါ့ဗျာ။
ရည်းစားများတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ လက်သုံးစကားလေး တစ်ခွန်းရှိတယ်။ ဘယ်ပညာရှိ ပြောခဲ့တာမှ မဟုတ်လောက်ပါဘူး။ သူ့ဟာသူ ထွင်ထားတာနေမှာ။ လူတစ်ယောက်မှာ အချစ်စစ် သုံးဆယ့်ခြောက်ခါ ပေါ်သတဲ့။ သူ့အတွက်တော့ ဟုတ်မှာပေါ့။ သုံးဆယ့်ခြောက်ခါမဟုတ်ပဲ သုံးရက်ခြောက်ခါ မဟုတ်ကံကောင်း။ အဲဒီလို အချစ်ကို ကစားစရာလို သဘောထားနေသူတွေအတွက်တော့ အချစ်ဆိုတဲ့ အဓိပ္ပါယ်က ပြောလို့ကို မရတော့တာ။
ရှိတ်စပီယားရဲ့ ရိုမီယို ဂျူးလိယက် လို အချစ်မျိုး၊ ဒဏ္ဍာရီထဲက ရှင်မွေ့နွန်း မင်းနန္ဒာ လို အချစ်မျိုး အပြင်မှာ တကယ်မရှိဘူးလို့တော့ မပြောရဲပါဘူး။ ရှိတော့ရှိမယ်၊ အင်မတန်ရှားလိမ့်မယ်။ များသောအားဖြင့်တော့ လူဆိုတာ ကိုယ့်ကိုကိုယ်သာ အချစ်ဆုံးပဲဗျ။
ဆရာမင်းခိုက်စိုးစန်ရဲ့ ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ ထဲကလိုပေါ့။ သူ အင်မတန်ချစ်ပါတယ်ဆိုတဲ့ ကောင်မလေး ရေနစ်နေတာကို ကယ်တယ်။ အဲဒီမှာ ကောင်မလေးက ကြောက်အားလန့်အားနဲ့ သူ့ကို အတင်းဖက်ထားတော့ ဘယ်လိုမှ ကူးလို့မရပဲ သူပါရောပြီး နစ်နေတာပေါ့။ ရေတွေအရမ်းမွန်းပြီး လေလေးနဲနဲမှ မရှူရရင် သူသေတော့မှာပါလားလို့ ထိတ်လန့်တကြား သိလိုက်တဲ့ အခိုက်အတန့်လေးမှာ ကောင်မလေးကိုလဲ သတိမရနိုင်တော့ဘူး။ တအားရုန်းထွက်ပြီး ရေပေါ်ကိုတက်၊ အသက်ကို တ၀ကြီးရှူပြီး ကြောက်တဲ့စိတ်ပြေမှ သူ့ကောင်မလေးကို သတိရလိုက်တဲ့အချိန်မှာ နောက်ကျသွားပြီ။ လူဆိုတာ သိစိတ်က ဘယ်လောက်ပဲချစ်ပါတယ်ပြောပြော၊ မသိစိတ်ထဲမှာ ကိုယ့်ကိုကိုယ် ချစ်တဲ့ အချစ်စိတ်လေး အမြဲတမ်းရှိနေတယ်ဆိုတဲ့အကြောင်း ပြောချင်တာပါ။ ကျွန်တော်ကတော့ ဆရာမင်းခိုက်စိုးစန်ကို အပြည့်အ၀ ထောက်ခံပါတယ်။
ကဲ ... ကိုရဲရင့်နီရေ...။ အချစ်ဆိုတာကို ကျွန်တော်သိသလောက် ဟိုရောက်ဒီရောက်နဲ့ ရေးလိုက်ပါပြီ။ ဘာပဲဖြစ်ဖြစ် အမုန်းတွေများတာထက်စာရင် အချစ်တွေများတာ ပိုမကောင်းဘူးလားဗျာ။ အဲဒီတော့ အားလုံးပဲ ချစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။ ။

4 comments:

mirror said...

ဒီအချစ်ဆိုသည်မှာကို လာခံစားသွားပါတယ်။

ပျော်ဝင်စီးဆင်းသွားပါတယ်။

ခင်မင်လျက်
မှန်

Acacia said...

အချစ်အကြောင်းဖတ်လို့ကောင်းတယ်.....

ရဲရင့်နီ said...

“အချစ်ဆိုသည်မှာလူတစ်ဦးခြင်းစီ၏ စိတ်ခံစားချက်ပေါ်မူတည်ပြီး.. အဓိပ္ပါယ်အမျိုးမျိုးကွဲပြားသွားသောအရာဖြစ်သည်။”
ကျွန်တော်ရေးခဲ့တာပါ..ဒါကြောင့်အားလုံးကိုလက်ခံပါတယ်ဗျာ..
“စွန့်လွှတ်ပေးဆပ်ခြင်းနဲ့ ချစ်တယ်ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး။”ဆိုတာကတော့တစ်ချို့လူတွေအတွက်တော့မှားနိုင် တယ်ဗျ..သေချာတာတော့အဲ့ဒီအမျိုးအစားထဲမှာ ကျွန်တော်လည်းမပါသေးပါဘူး..ကျွန်တော်ပြောတာက
“ချစ်မြတ်နိုးသူများသည်မိမိ၏ဆန္ဒ နှင့်အကျိုးစီးပွားကို နောက်တန်းတွင်ထားကာ တစ်ပါးသူ၏အလိုဆန္ဒကိုဖြည်.ဆည်းပေးခြင်းဖြင့်သူတို့၏မေတ္တာအတိမ်အနက်ကိုပြ”
ပါ...
စွန့်လွတ်မှပေးဆပ်တာမဟုတ်ပါဘူးဗျ...
ရယူပိုင်ဆိုင်နေရင်နဲ့ပေးဆပ်လို့လည်းရပါတယ်ဗျာ..
ကျေးဇူးအထူးပါဗျာ..

အိမ် said...

အယူအဆ တမျိုးလေးပေါ့နော်။မှတ်သားသွားပါတယ်ဗျာ