Monday, December 1, 2008

သေနတ်တစ်လက်အကြောင်း


ပြတိုက်တံခါးမကြီး သော့ခလောက်ဖွင့်သံနဲ့အတူ စူးရှရှနေရောင်အလင်းက တံခါးချပ်နှစ်ခုကြားကနေ တိုးဝင် ဖြန့်ကျက်လာတယ်။
Old Model သေနတ်အိုကြီးဟာ အရင်နေ့တွေအတိုင်းပဲ မာန်ကို အမြင့်ဆုံးတင်ပြီး သူ့ကိုယ်သူ ပြသအသုံးတော်ခံဖို့ ပြင်ဆင်လိုက်တယ်။
“လွတ်လပ်ရေးတိုက်ပွဲတွင် အသုံးပြုခဲ့သော မော်ကွန်းဝင်သေနတ်”
ထုံးစံအတိုင်း သူ့အောက်က စာတန်းကို ပြန်ငုံ့ဖတ်ရင်း ဂုဏ်ယူနေစဉ်မှာပဲ သူ့ကို လှမ်းပြီး နှုတ်ဆက်လိုက်တဲ့အသံ ကြားရတယ်။
“မင်္ဂလာပါခင်ဗျာ... တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်ကတော့ မနေ့ညကမှ ဒီကိုရောက်လာတာပါ ... အဘိုးရဲ့ လွတ်လပ်ရေးတိုက်ပွဲ အတွေ့အကြုံလေးတွေကို ပြန်ပြောပြနိုင်ရင် သိပါရစေခင်ဗျာ”
သေနတ်အိုကြီးဟာ သူ့ဘေးမှာ ခုမှရောက်လာတဲ့ သေနတ်ကို ပြန်ပြုံးပြရင်း သူ့အကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ပြောပြဖို့ ပြင်ဆင်လိုက်တယ်။ ဟုတ်တယ်လေ... အဲဒီအကြောင်းက သူအမြဲ ပြန်ပြောပြချင်နေတဲ့ အကြောင်းပဲလေ။ အခု မေးတဲ့သူရှိတဲ့အခါ တက်တက်ကြွကြွပဲ နောက်ကြောင်းပြန်တယ်။
“..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... .....”
(ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ တိုက်ပွဲဝင်သေနတ်တစ်လက်ရဲ့ ကျေနပ်စရာအကောင်းဆုံး ချိုမြိန်မှုကို မှီအောင်ရေးပြစရာ စကားလုံးမရှိလို့ပါ။ စာဖတ်သူကိုယ်တိုင်ပဲ တိုက်ပွဲဝင်သေနတ်နေရာကနေ ဝင်ပြီး စဉ်းစားတွေးတောကြည့်ကြပါ။-- စာရေးသူ)
စကားအဆုံးမှာ သေနတ်အိုကြီးဟာ ဟိုးနှစ်ပေါင်း ခြောက်ဆယ်လောက်ကနေ ပစ္စုပ္ပန်ကို ခုမှပြန်ရောက်လာရသလို မောလျစွာ ကျေနပ်နှစ်သိမ့်လို့။
ပြီးတော့မှ သူ့ကိုမေးတဲ့ သေနတ်အသစ်ကို ပြန်လှည့်ကြည့်ပြီး...
“ဒါနဲ့ နေပါဦး ... မင်းကရော ဘယ်လိုတာဝန်တွေများ ကျေနပ်လောက်စရာ ထမ်းဆောင်ခဲ့ပြီး ဒီကိုရောက်လာတာတုန်း။ ဒါပေမယ့် မင်းကိုကြည့်ရတာ အတော်ငယ်သေးတာပဲ... သုံးလို့မရတော့လို့ ရောက်လာတာတော့ မဟုတ်လောက်ပါဘူး... ပြောပါဦး”
သေနတ်အိုကြီးရဲ့ ပြန်မေးလိုက်တဲ့ မေးခွန်းဆုံးတော့ သေနတ်အသစ်ဟာ မသိမသာခေါင်းငုံ့သွားတယ်။ ပြီးမှ ပင့်သက်တစ်ချက်ရှိုက်လိုက်ရင်း သူ့အကြောင်းကို ပြောပြတယ်။
“ဟုတ်ပါတယ်... အခုချိန်ထိ ကျွန်တော်က သုံးလို့ရသေးတဲ့ သေနတ်ကောင်းတစ်လက်ပါပဲ။ သေနတ်တစ်လက်ရဲ့ တာဝန်ဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့ဆိုတာ အဘိုးလည်းသိပါတယ်။ ကျွန်တော်ဟာ အရင်တုန်းကတော့ ရန်သူအစစ်အမှန်ကို ရဲရဲဝံ့ဝံ့နဲ့ တိုက်ခဲ့တယ်။ အဲဒီတုန်းကတော့ ပြည်သူ့အတွက် တာဝန်ကျေအောင် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ အဘိုးလိုပဲ ကိုယ့်ကိုကိုယ် ဂုဏ်ယူခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ကျွန်တော်ဟာ ထင်မထားပဲ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့ရတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမယ့်အစား လက်နက်မဲ့တဲ့ပြည်သူကို ဖြိုခွင်းဖို့ အသုံးချခံခဲ့ရတယ်။ ကျွန်တော်ဟာ ပြည်သူ့ရဲ့သေနတ်မဟုတ်တော့ပဲ လူတစ်စုရဲ့သေနတ်ဖြစ်နေပြီလို့ သိလိုက်ရတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် သေနတ်မဖြစ်ချင်တော့လောက်အောင်ကို ဝမ်းနည်းနာကြည်းခဲ့ရတယ်။ အဲဒီနောက်တော့ ကျွန်တော့်ကိုယ်ထဲက နောက်ထပ် ကျည်ဆံထပ်ထွက်ခွင့် မပေးနိုင်တော့ဘူး။ အဲဒါနဲ့ပဲ ကျွန်တော့်ကို သုံးမရတော့ဘူးထင်ပြီး ဒီကို ပို့လိုက်ကြတာပါပဲ။”
တိတ်ဆိတ်သွားတယ်။ သေနတ်နှစ်လက်လုံးဆီက ဘာသံမှ ထွက်မလာပဲ တိတ်ဆိတ်သွားတယ်။ ပြီးမှ သေနတ်အသစ်က ကြေကွဲနေတဲ့အသံနဲ့ တိုးတိုးလေးဆက်ပြောလိုက်တယ် ...
“ကျွန်တော့်အောက်မှာ သူတို့ ဘယ်လိုစာတန်းများ ချိတ်ကြမလဲ မသိဘူးနော်...” ။ ။

8 comments:

ကမာနီလာ said...

ပေးချင်တဲ့ messageကိုထိအောင်ေ၇းနိုင်တယ်။ အားပေးလျှက်ပါဗျာ

tharrhtoo said...

ကြိုက်သွားပြီဗျာ...ဒီပိုစ်တိုင်တယ်က ကျွန်တော်ရဲ့တိုင်
တယ်နဲ့တူတယ်..ကွဲသွားတာက ပေးချင်တဲ့ မက်ဆေ့ချာ်လေးပါ ၊ကျေနပ်တယ်ဗျာ ..တသွေးထဲမို့

Younggun said...

သေနတ်တွေအကြောင်း ဖတ်လိုက်ရတော့ ကိုယ့် နာမည်လည်းပြန်ငုံ့ကြည့်မိတယ်။ ကိုယ်ကတော့ ဘွန်ဂျိုဗီသီချင်းကြိုက်လို့ ဒီနာမည်ပေးမိတာ။ တကယ်လို့ သေနတ်တစ်လက်သာ ဖြစ်ခွင့်ရမယ်ဆိုရင်.. တောင်းယူလို့ မရတဲ့ အရာအတွက် တိုက်ယူပေးနိုင်မယ့် သေနတ်ကောင်းတစ်လက် ဖြစ်ချင်ပါရဲ့ဗျာ။ တကယ်ပါပဲ။

ကြယ်ပြာ said...

ဖတ်လို့ကောင်းပါတယ် ...း)

အိမ် said...

ရိုက်ချက်ကတော့ပြင်းတယ်ဗျာ။ကြိုက်တယ် အရမ်းကြိုက်တယ် ထိထိမိမိနဲ့ ပြည်သူတွေဘ၀ကိုဖော်ပြထားတာ။
ဆက်လက်ပြီးရေးသားနိုင်ပါစေဗျာ

MANORHARY said...

သေနတ်တစ်လက်အကြောင်းလာဖတ်သွားပါတယ်။

အိုင်လွယ်ပန် said...

ကောင်းမှကောင်းပဲဗျာ.....
လိုချင်တာကိုရအောင်ရေးနိုင်တယ်.....
ချီးကျူးတယ်ဗျို့....
အားပေးလျှက်ပါ။။။။

eveningstar said...

အေးဗျာ၊ ကျွန်တော်လည်း စိတ်ဝင်စားတယ်။ အဲဒီချိတ်ဆွဲမယ့် စာတမ်းကိုသိရင် ကျွန်တော့်လည်း ပြောပြပါဦး။