Tuesday, March 8, 2011

ဘာမှမသိလိုက်ရတဲ့ ဂျာနယ်လစ်

သိကြားမင်းက မြန်မာ့အလင်းဖတ်ပြီး ခေါင်းခါတယ်။ ပြီးတော့ သူ့ရှေ့မှာ ရှိနေတဲ့ တာဝတိံသာ သတင်းထောက်ကို ပြောတယ် ...

“ဟဲ့ ... မြန်မာပြည်မှာ လွှတ်တော်အစည်းအဝေးက တစ်ရက်ကို ခဏလေးလုပ်လုပ်ပြီး ရက်တွေ ကြာလှပါလားဟဲ့ ... အဲဒါ ဘာကြောင့်လဲဆိုတာ မင်းနဲနဲ သွားစုံစမ်းစမ်း ...”

“Yes , Boss”

တာဝတိံသာသတင်းထောက်လည်း Harry Potter ဇာတ်ကားထဲကလို ဖောက်ကနဲ ပျောက်ပြီး ချက်ချင်းပဲ လွှတ်တော်ခန်းမထဲက ကျိုင်းကြီးရှေ့မှာ ဘွားကနဲ ပေါ်လာတယ် ...

“ဟဲ့ .. ပလုတ်တုတ်”

စာရွက်ထဲက စာသားကို အပီအပြင် ဖတ်ပြဖို့ပြင်နေတဲ့ လွှတ်တော်နာယကကြီး လန့်အော်တယ် ...

“ဟင်” “ဟာ”

လွှတ်တော်အမတ်တွေထဲကလည်း ကျွတ်စီကျွတ်စီနဲ့ အသံတွေ ထွက်လာတယ်။ အိပ်ငိုက်နေတဲ့ အမတ်တွေလည်း မျက်လုံးပွတ်ပြီး အံ့ဩသွားကြတယ်။ နောက်မှ လွှတ်တော်နာယကကြီးက သတိဝင်လာပြီး ...

“ဟဲ့ .. လွှတ်တော်ထဲကို ဘယ်သတင်းထောက်မှ ပေးမဝင်ပါနဲ့ဆိုတာ မင်းက ဘယ်လိုရောက်လာတာတုန်း ... လုံခြုံရေးတွေ ဘာလုပ်နေတာလဲ”

“ငှဲ ငှဲ ငှဲ ... ကျုပ်ကို ဘယ်လုံခြုံရေးကမှ တားလို့မရဘူးဗျ ... ကျုပ်က သာမန်လူ့ပြည်က ဂျာနယ်လစ်မဟုတ်ဘူး .. တာဝတိံသာသတင်းထောက်ဗျ .. သိကြားမင်းက မြန်မာပြည်မှာ လွှတ်တော်အစည်းအဝေး ဘာကြောင့်ကြာနေရလဲဆိုတာ မေးခိုင်းလို့ လာမေးတာ .. ကဲ .. လွှတ်တော်နာယကကြီး ရှင်းစမ်းပါဦးဗျ ...”

လွှတ်တော်နာယကကြီး တွေဝေသွားတယ် …။ ပြီးမှ မျက်မှန်ကိုချွတ် ခေါင်းရမ်းရင်း ...

“ကျုပ်လည်းမသိဘူးဗျ ... နေဦး .. ပြည်သူ့လွှတ်တော် ဥက္ကဌကြီးများ သိမလားမသိဘူး ... သွားမေးကြည့်ပါလား ...”

အဲဒီတော့ တာဝတိံသာသတင်းထောက်လည်း ရှာမေးရတော့တာပေါ့ ...

“.........?”

“ဘာတွေ လာမေးနေတာလဲ .. သမ္မတမလုပ်ရလို့ တင်းနေတယ်နော် .. ကျုပ်လည်းမသိဘူး .. သွားဗျာ ... သိချင်ရင် သမ္မတကြီးကိုသာ သွားမေးပေတော့ ...”

တာဝတိံသာသတင်းထောက်လည်း မိန့်မိန့်ကြီး အိပ်ငိုက်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း၊ ဘာဟောင်း ညာဟောင်း လက်ရှိသမ္မတ အသစ်ချပ်ချွတ်ကြီးကို သွားမေးရတယ် ...

သူကတော့ ပြတ်တယ်။ တစ်လုံးတည်း ဖြေတယ် ...

“မသိဘူး”

ပြတ်ကရော ...။




အဲဒါနဲ့ တာဝတိံသာသတင်းထောက်လည်း ခေါင်းခြောက်ပြီး ဘာလုပ်ရမှန်းမသိတာနဲ့ သိကြားမင်းကို အစီရင်ခံစာ တင်လိုက်တယ် ...
“သိကြားမင်းကြီးခင်ဗျား .. မြန်မာပြည်က လွှတ်တော်အစည်းအဝေး ဘာကြောင့် ကြာနေရသလဲဆိုတာ မြန်မာနိုင်ငံ သမ္မတကြီးတောင် မသိရတဲ့အတွက် သိကြားမင်းကြီးလည်း မသိချင်ပါနဲ့တော့လို့ အစီရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား ...”

ပြတ်ကရော ... ။ ။

7 comments:

အဖြူရောင်နတ်သမီး said...

:P
:haha
:)

zue said...

အင်း .. ဟုတ်တယ်လေ..
ဘာမှ မသိဘဲ လုပ်နေကြတာပဲကိုလေ.. နော.

ဆောင်းနှင်းရွက် said...

ကောင်း ၏ .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Angelhlaing(May everybody be happy and healthy! said...

ကောင်းလိုက်တာအကိုရေ..
အားပေးသွားလျှက်..
ကောင်းသောနေ့လေးဖြစ်ပါစေ။

မိုးခါး said...

ပြတ်ကရော

တော်သေးတယ် .. နတ်ပြည်နဲ့ လူ့ပြည် သွားရတာ ဆီမကုန်လို့ပေါ့ .. မဟုတ်ရင် အရှုံးတောင်ပေါ်ဦးမယ် .. :P

မိုးခါး

ခနွဲ said...

ဘာဘာ ဘာမှ မသိဘူးဆိုတာထက် ပိုဆိုးနေတာပေါ့နော့။

khun said...

ဘူးတလုံးဆောင် အိုတောင်မဆင်းရဲ ဆိုလား
အဲ့စကားပုံကို လက်ကိုင်ထားပုံရတယ်
ခွန်တို့ရဲ့ နိုင်ငံတော်သမ္မတကြီးက :D