Monday, January 4, 2010

မျက်မမြင်ပုဏ္ဏားလေးယောက်နှင့် ဒီမိုကရေစီ


ရှေးယခင်ကတော့ မျက်မမြင် ပုဏ္ဏား ခြောက်ယောက်သည် ဆင်တစ်ကောင်ကို ကိုင်စမ်း၍ ထင်ရာ ပြောခဲ့ကြဖူးလေသည်။ ယနေ့ခေတ်၏ မျက်မမြင် ပုဏ္ဏားလေးယောက်သည်လည်း အားကျမခံ ဒီမိုကရေစီ ဆိုတာကြီးကို ကိုင်စမ်း၍ ထင်ရာပြောနေကြလေပြီတကား ...။
ပထမဆုံး မျက်မမြင်ပုဏ္ဏားကား ရွှေပုဏ္ဏားဟု အမည်တွင်လေသည်။ ထိုရွှေပုဏ္ဏားသည် ဒီမိုကရေစီ၏ လူ့အခွင့်အရေးဟူသော အစိတ်အပိုင်းအား ကိုင်စမ်းမိလေသည်။ ထိုအခါ ရွှေပုဏ္ဏား စဉ်းစားလေသည် ... လူ့အခွင့်အရေး ......
“လူ့အခွင့်အရေးတဲ့ .. ငါဟာ လူပဲလေ ... အဲဒီတော့ လူဖြစ်လာရင် ရသမျှ အခွင့်အရေးကို မလွတ်တမ်း ကိုင်စွဲသိမ်းပိုက်ထားရလိမ့်မယ်” ......
ထို့ကြောင့် ထိုရွှေပုဏ္ဏား၏ ဒီမိုကရေစီ ဖွင့်ဆိုချက်ကား အခွင့်အရေးကို ရသမျှ ဆုပ်ကိုင်ထားနိုင်ရေး ဖြစ်လေသည်။
ဒုတိယပုဏ္ဏားကား အေးပုဏ္ဏား ဟူလေ၏။ သူသည်ကား ဒီမိုကရေစီ၏ လွတ်လပ်ခွင့်ကို ကိုင်စမ်းမိလေသည်။ သူသည်လည်း စဉ်းစား၏ .....
“လွတ်လပ်ခွင့် .. ငါသိတာ လွတ်လပ်ခွင့်တော့ မသိဘူး လွတ်လပ်ရေးဆိုတာကိုတော့ တချို့တွေ ပြောကြတာ လက်နက်ကိုင်တိုက်မှ ရမယ်ဆိုပဲ ... အဲဒါဆို လွတ်လပ်ခွင့်ဆိုတာ လက်နက်နဲ့ သက်ဆိုင်လိမ့်မယ် ထင်တယ်”
ထို့ကြောင့် ထိုအေးပုဏ္ဏား စဉ်းစားမိသည်မှာကား ဒီမိုကရေစီဆိုသည်မှာ သေနတ်ကို တွင်တွင်သုံးရသည်ဟု။ ထိုအချိန်မှစ၍ ထိုအေးပုဏ္ဏားသည် မည်သည့်အရေးကိစ္စ၌မဆို သေနတ်ဖြင့်သာ ဖြေရှင်းလေတော့၏။
မန်းပုဏ္ဏားဟူသော တတိယပုဏ္ဏားကား ကိုယ်ပိုင်စည်းကမ်းဆိုသည်ကို ကိုင်စမ်းမိလေသည်။ ထိုအခါ သူသည်လည်း စဉ်းစား၏ ...
“ကိုယ်ပိုင်စည်းကမ်းဆိုတာ ငါတို့ရဲ့ စည်းကမ်းကို ပြောတာပဲ” ...
ထို့ကြောင့် သူတို့ စိတ်ကြိုက် စည်းကမ်းများ ထုတ်၍ ဒီမိုကရေစီ၏ စည်းကမ်းဆိုသည်မှာ သူတို့ထုတ်သော စည်းကမ်းများသာ ဖြစ်လေသည်ဟု တရားသေ ပြောနေလေသည်။
စတုတ္ထပုဏ္ဏားသည် ရွေးကောက်ပွဲ အစိတ်အပိုင်းကို ကိုင်စမ်းမိလေသည်။ ထိုပုဏ္ဏား၏ အမည်သည်ကား စိန်ပုဏ္ဏား ဖြစ်လေသည်။ စိန်ပုဏ္ဏား စဉ်းစားမိသည်မှာကား ...
“ရွေးကောက်ပွဲဆိုတော့ ဘာခက်တာမှတ်လို့ ... ငါတို့ ရွေးထားတဲ့သူကို ကောက်ပြီး တင်မြှောက်လိုက်ရုံပေါ့ ဟားဟား ..”
မျက်မမြင်ပုဏ္ဏားလေးဦး ပေါင်းစပ်၍ ဒီမိုကရေစီကို အဓိပ္ပာယ် ဖွင့်ကြလေသည်။
“ဒီမိုကရေစီဆိုတာ ရသမျှ အခွင့်အရေးကို မလွတ်အောင် သေနတ်ကို တွင်တွင်သုံးပြီး ငါတို့ထုတ်ထားတဲ့ စည်းကမ်းအတိုင်း ရွေးထားတဲ့သူကို တင်မြှောက်တာဟာ ဒီမိုကရေစီပဲကွ ဟားဟား ဟားဟား ဟားဟား ....”
ခေတ်သစ် မျက်မမြင်ပုဏ္ဏားလေးဦးသည် ထင်ရာစိုင်းနေကြလေပြီတကား။ ။

14 comments:

မြတ်မွန် said...

ဖတ်ပြီးပုဏ္ဏားတွေနဲ့ ရယ်သွားတယ်..။

Moe Cho Thinn said...

နောက်ဆုံး အနှစ်ချုပ်လိုက်တော့ ထင်ရာစိုင်း ဒီမိုကရေစီဆိုတာကြီး ဖြစ်နေပါပေါ့ ကိုနွေဆူးရေ..

ပုဏ္ဏားတွေ ဘာလို့ အလင်းမရနိုင်သေးပါလိမ့်..

ကိုအောင်(ပျူနိုင်ငံ) said...

မျက်မမြင် ပုဏ္ဍားတွေက အသက်ကြီးလားလို့ လေးယောက်ပဲ ကျန်တော့တာလား၊ လက်ရှိ လေးယောက်ရော ဘယ်တော့ ပင်စင်ယူကြမလဲ ...း)

SHWE ZIN U said...

မှန်ပါတယ်ဗျာ

ချော (အစိမ်းရောင်လွင်ပြင်) said...

အဲ... ဆင်ကြီးကနေ ဒီမိုကရေစီ ဖြစ်သွားပါရောလား..
စိတ်ကူးကတော့ကောင်းပ

အင်ကြင်းသန့် said...

ကိုနွေဆူးလင်္ကာတို့ကတော့ လုပ်ချလိုက်ပြန်ပြီ...:D

Nge Naing said...

ဟုတ်တယ် ကျောင်းမှာ ငယ်ငယ်က သင်ရတာ ပုဏ္ဏား ၆ ယောက်ပါ။ အခု လေးယောက်ပဲကျန်တော့ နှစ်ယောက် ပျောက်နေတယ်။ ဒီပို့စ်လေးကောင်းတယ်။ သဘောကျတယ်။

ညီမလေး said...

နီးနေပြီ...နော် ။ သတိထားးD
@ အမမချိုသင်း > သူတို့က ဒီတသက်အလင်းမရတော့ဘူးအမ ။ မွေးရာပါ အကန်းတွေမို့လေးD

လုံမလေး said...

သူတို့က ဘယ်တော့မှ ပင်စင်ယူမဲ့ပုံမပေါ်ဘူး

Mr.Guiter said...

“ဒီမိုကရေစီဆိုတာ ရသမျှ အခွင့်အရေးကို မလွတ်အောင် သေနတ်ကို တွင်တွင်သုံးပြီး ငါတို့ထုတ်ထားတဲ့ စည်းကမ်းအတိုင်း ရွေးထားတဲ့သူကို တင်မြှောက်တာဟာ ဒီမိုကရေစီပဲကွ ဟားဟား ဟားဟား ဟားဟား ....”

ခင်ညားတော်တော်ဆိုးတဲ့သူ ဟားဟား :D

ယွန်း said...

မှန်လိုက်လေ
သူတို့ ရဲ့ ဒီမိုကရေစီကိုပေါ်လွင်အောင်ရေးထားတာ မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိပါသေးတယ်

ခြေလှမ်းသစ် said...

မှန်တာပေါ့ဗျာ .. သူတို့ပြောနေတဲ့ ဒီမိုကရေစီက အကို ဘာသာပြန်ထားတဲ့ အတိုင်းပါပဲ ...

lovelessguiter said...

ဒီမိုကရေစီအကြောင်းကို သေချာမှတ်သားသွားတယ်... အဟ...အော.. ပုဏ္စာ ပုဏ္စား

Younggun said...

ဆိတ်သိုးကနေ.. ပုဏ္ဍားတွေအထိ သေချာဖတ်သွားတယ်ဗျ။ .. ကျနော် ရေးခဲ့သလိုပဲ ဆရာတာရာမင်းဝေကို သတိရမိစေတယ်ဗျာ။ ပုံတူတယ် ကော်ပီပွားများ ရေးတယ် ဆိုတာ မဟုတ်ရပါဘူး။ ဒီလို အတွေးနက်နက်နဲ့ အရေးတတ်တတ်ကို.. လေးစားမိတာပါ။ ဒါမျိုးတွေ ဆက်လက်ပုံဖော်ရေးသားနိုင်ပါစေ.။