Tuesday, March 18, 2014

လက်လွတ်စပယ် ပြောတတ်သူများ

  
ကျနော် တော်တော်နာမည်ကြီးပြီးသည့်နောက်မှာ ကျနော့်နောက်သို့ လူတော်တော်များများ လိုက်လာကြလေသည်။
     ကျနော် ကိုင်လိုက်လျှင် ရွှေတောင် ရွှံ့ ဖြစ်သည်ဟုပင် နာမည်ကြီးနေသော ကျနော်၏ ခေတ် ဖြစ်နေပါသည်။
     (ထိုအချိန်ကာလက ရွှံ့များ အတော်ရှားသွား၍ ဈေးကောင်းရသောနှစ် ဖြစ်လေသည်။ ရွှံ့ဖြစ်ရာနေရာ လယ်မြေများလည်း မရှိတော့လောက်အောင် ရှားပါးသွားလေပြီ။)
     ထုတ်ဝေသူ တချို့ လာကြသည်။
     ဂျာနယ်လစ် တချို့ လာကြသည်။
     အယ်ဒီတာ တချို့ လာကြသည်။
     “ဆရာရယ် ... ဆရာ ရေးပြီးသမျှစာကို ကျနော် လာယူပါ့မယ်။ ဆရာ ရေးပြီးသမျှကို ကျနော်တို့ ထည့်ပါ့မယ် ဆရာ”
     ဒါတော့ လွန်ပြီ။ ကျနော် တော်တော် တင်း သွားသည်။
      (သို့ ... ဒါရိုက်တာ ... ဤနေရာတွင်အေသင်ချိုဆွေ၏ သီချင်းကို ဇာတ်ဝင်သီချင်းအဖြစ် မထည့်ဖို့ အနူးအညွတ် မေတ္တာရပ်ခံပါသည်။ ဤအကွက်များသည် ရိုးလွန်းနေပြီ ဖြစ်သည့်အတွက် သင်ထည့်မိလျှင် ကျွန်ုပ် ကိုယ့်ကိုကိုယ် သတ်သေသွားနိုင်သည်ဟု ကျွန်ုပ်ကို ကျွန်ုပ် အသက်အန္တရာယ် ခြိမ်းခြောက်စာ ပို့ပြီး ဖြစ်သည်။)
     “ခင်ဗျားတို့ လက်လွတ်စပယ် မပြောကြနဲ့ဗျ ... ကျနော် ရေးသမျှ ထည့်မယ် ဟုတ်လား? ... ကျနော်က စိတ်မထင်ရင် မထင်သလို ခံစားမိတဲ့အတိုင်း သီချင်းစာသားတွေ ချရေးနေမိတဲ့ အချိန်တွေလည်း ရှိတယ်ဗျ။ ... ကဲ ... အဲဒါတွေရော ခင်ဗျားတို့ ထည့်မှာလား ...?”။     ။

    

2 comments:

ပစ်ပစ် said...

တချို့သော သူတွေကတော့
အကိုရေးသလိုပါဘဲ
နာမည်ကြီး ပြောသမျှ အကုန် ကောင်းတယ်ဘဲ
မူကိုမကြည့်ဘဲ လူကိုကြည့်တာပေါ့လေ

မဒမ်ကိုး said...

သဘောကျတယ် ။ တကယ့်လက်လွတ်စပယ်း)