Saturday, May 15, 2010

ပြတင်းပေါက်က လေတွေ အရမ်းတိုက်တယ်


၁။ ပြန်စာမလာပဲ မိုးလင်းခဲ့ရသော ညများ ...

၂။ သန်းခေါင်ကျော်မှာ ဖွင့်ဖြစ်တဲ့ အလွမ်းသီချင်း ...

၃။ အိပ်ချင်မူးတူးနဲ့ အသည်းခွဲတဲ့ အသံ ...

၎။(ရင်ဘတ်မပါပဲ) မျက်လုံးနဲ့ ဖတ်ခဲ့တဲ့ ခပ်ညံ့ညံ့ အချစ်ဝတ္တု ...

၅။ ရေနွေးများသွားတဲ့ ပေါ့ရွှတ်ရွှတ် ကော်ဖီတစ်ခွက် ...

၆။ ခြင်ဆေးထွန်းဖို့ မေ့နေတဲ့ ခြေထောက်များ ...

၇။ အဆင့်ချင်းကွာလွန်းပေမယ့် သိပ်မဆိုးတဲ့ ဘောလုံးပွဲ ...

၈။ အဆက်မပြတ် ဝါးနေတုန်းက မသိပဲ
ကုန်လို့ စားစရာမရှိတော့မှ အရသာသိတဲ့
ထွေးခံအပြည့်နဲ့ ကွမ်းသွေးတွေ ...

၉။ အရာရာဟာ ... ငါ မဟုတ်ပဲ
လွှင့်မျှော ပျောက် ဆုံး ခဲ့ ရ တဲ့ ...
ည ..... ။ ။



ခင်ဗျားတို့ သဘောတူသည် ဖြစ်စေ၊ သဘောမတူသည် ဖြစ်စေ ... ကျနော်ကတော့ ဒါကို ကဗျာလို့ သတ်မှတ်ပါတယ်။

ကျနော့်ရဲ့ အတိတ်တချို့မှာ အရာရာ လွှင့်မျှော ပျောက်ဆုံးခဲ့ရတဲ့ ညတွေ တော်တော်များများ ရှိခဲ့ဖူးပါတယ်။ အတိတ်ဆိုတာ ကျနော့်အတွက်တော့ Rewrite ပြန်လုပ်ချင်တဲ့ CD တစ်ချပ်ပါပဲ။ သူလို ကိုယ်လိုပါပဲ ... ကျနော်လည်း မှားခဲ့ဖူးတယ်။ အခုတော့ ... ကျနော့် ပြတင်းပေါက်က လေစိမ်းတွေပဲ တိုက်တော့တယ် ....။

၁။ ပြန်စာကို မမျှော်လင့်ရဲတော့တဲ့ ဘဝမှာ ကျနော် ... ဖုန်းလေးကို သံယောဇဉ် ကင်းကင်းနဲ့ပဲ ပိတ်ထားတတ်ခဲ့ပြီ။

၂။ သန်းခေါင်မကျော်လည်း ကျနော့်ဘဝ အစိတ်အပိုင်း တော်တော်များများဟာ အလွမ်းသီချင်းတွေနဲ့ အသားကျနေပါပြီ။

၃။ အသံ တစုံတရာရေ ... ဟယ်လို .. အသံ တစုံတရာရေ ... ကြားရလား?

၎။ ခပ်ညံ့ညံ့ အချစ်ဝတ္တုတွေ ဖတ်ပြီးရင် ကျနော်ညံ့ကြောင်း ပိုသိလာတယ်။

၅။ ကောင်မလေးရေ ... ခုတော့ ဘဝခါးခါးထက် ဘယ်ကော်ဖီကမှ ပိုမခါးနိုင်တော့ဘူးကွဲ့။

၆။ အဲဒီနေ့ကစပြီး ကျနော် ခြင်ဆေးမထွန်းတော့ဘူး။ သွေးအလှူကြီး ပေးပစ်တယ်။ အို ... ခြင်ထီး .. ခြင်မ ... ခြင်ကြားအပေါင်းတို့ ... ကျွန်ုပ်၏ သွေးအား မြိန်ရည် ရှက်ရည် လာရောက် သုံးဆောင်ကြပါလော့ ....။ “ကဲကွာ ... ဖြန်း .... ကွိ ...”
ခြင်။ ။ “ဟင် .. ခင်ဗျားကြီး ... ကျုပ်တို့ကို မာယာနဲ့ လှည့်စားတယ်ပေါ့ ... ဟုတ်လား ... မြှူဆွယ်ဖြားယောင်းမှုနဲ့ ခင်ဗျားကို တရားစွဲမယ် .... ဟင့် ..”
နုပ်။ ။ “မဟုတ် .. မဟုတ်ပါဘူးကွာ ... အကျင့်ပါသွားလို့ပါ ... ဆောတီးနော် ... ဆက်လက် သုံးဆောင်တော်မူပါ ကိုကိုခြင်ရယ် ...”
(တောက်! ဒီနောက်တီးနောက်တောက် စိတ်ကတော့ကွာ ... အလွမ်းစာရေးတာတောင် ဖြောင့်ဖြောင့်တန်းတန်း မရေးရဘူး ... ဟင်း .... ကဲ ထူးပါဘူးကွာ ...)
(မှတ်ချက်။ ။ဤကဗျာသည် သိပ္ပံနည်းကျ ကဗျာ မဟုတ်ပါ)

၇။ ခုတော့ ကျနော် ဘောလုံးပွဲ မကြည့်တော့ဘူး။ တင်းနစ်ပွဲတွေ ပြောင်းကြည့်တတ်လာတယ်။ (အို ... ရှာရာပိုဗာ ... သင် အားကြိုးမာန်တက် ကြုံးဝါး၍ ရိုက်လိုက်သော ဘော်လုံးကား ဆရီနာဆီသို့ မရောက်ပဲ ကျွန်ုပ်၏ နှလုံးသားထံသို့သာ အရှိန်နှင့် ပြင်းစွာ လာရောက် ထိမှန်ခဲ့ပါတော့တယ် ...)

၈။ ကျနော် .... ခု ... ကွမ်းမစားတော့ဘူး ...။ လမ်းထိပ်က ဝယ်စားနေကျ ကွမ်းယာသည်မလေး လင်နောက်လိုက်ပြေးသွားကတည်းက ကျနော် ကွမ်း ပြတ်တော့တာပဲ .... :-)

၉။ ပြီးပါပြီ ....။ ။

14 comments:

SHWE ZIN U said...

ကိုနွေဆူး ရေ

ကဗျာလေး လား စာလေးလား လာဖတ်သွားတယ်နော်

ခင်တဲ့
ရွှေစင်

ချော (အစိမ်းရောင်လွင်ပြင်) said...

ကိုယ့်ဆရာ
ပျောက်နေတာ အတော်ကြာဆို ကွမ်းယာသည်မလေး လင်နောက်လိုက်သွားလို့ စိတ်ညစ်ညစ်နဲ့ တင်းနစ်ပွဲတွေ လိမ့်ပြီး ကြည့်နေလို့ကိုး...
ခုမှ သိရတော့တယ်..
အလှူအတွက် သာဓုခေါ်သွားပါရဲ့..ခြင်တွေ တပ်နဲ့ ချီတက်လာပါစေ... ဟိဟိ

k2tmaung said...

မိုက်တယ်ဗျာ...
ဖတ်ရတာ အစပိုင်းတော့ လွမ်းရမလိုလို ဆွေးရမလိုလိုလေး...
ပြီးခါနီးလေ အရှိန်တက်ပြီး ရယ်မိသွားလေပဲ... ဟိဟိ...
အရေးအသားကတော့ ဆွဲအားအပြည့်ပဲဗျို့... :)
လေးစားအားပေးလျှက်...

သဒ္ဓါလှိုင်း said...

ကော်ဖီခါးခါးထက်ဘ၀ကပိုခါးတယ်ကိုနွေဆူးရေ...။
ပျောက်နေလိုက်တာ သတိရပါတယ်နော်။
ကိုနွေဆူးကလွမ်းနေတာကိုးးးးးးးးး

ခင်တဲ့
သဒ္ဓါ

လသာည said...

ပိုစ်အသစ်တွေ မတင်ဖြစ်ခဲ့တာ ခြင်တွေနဲ့ စစ်တိုက်နေရလို့ လား..?? ကွမ်းယာသည်လေး မရှိလို့ ကွမ်းမစားတော့ဘူးဆိုတော့ အေးအေးဆေးဆေး ခြင်နဲ့ ရန်ဖြစ်လို့ရပြီ :D

kiki said...

ဪ...
ကိုနွေဆူးကြီး ရောဂါလည်း မသေးပါလား...
ဆေးမှန်မှန်သောက် မှ ပေါ့ ..
ကွမ်းမစားပဲ ပီကေ ပြောင်းဝါးနေတာ လား..
ပြူတင်းပေါက်လည်း ပိတ်ထားပါအုံး..
ခု လေတွေ ရော မိုးတွေပါ သည်းနေတယ်လေ.
တော်ကြာအအေးပတ်နေပါအုံးမယ် ..

ကြာကြာမှ တခါ ပေါ်လာလို့  ကဗျာကယာ ရေးလိုက်ရတယ် .. .. နေကောင်း ရဲ့လား...

ကိုအောင်(ပျူနိုင်ငံ) said...

နံပါတ် (၇)မှာ “ဘော်လုံး ..” ဖြစ်နေတယ်၊
ကွမ်းမစားတော့တဲ့အကြောင်းက အမိုက်စားပဲ။

သိင်္ဂါကျော် said...

ပြတင်းပေါက်က လေစိမ်းတွေကို မခံနိုင်ရင် အပြီးသာ ပိတ်လိုက်ပါတော့ :D

thaingarra said...

ကောင်းတာပဲလေ ...

ကျွန်တော်ကတော့ ကိုနွေဆူး ရဲ့

ဟိုအရင်ကအကြောင်းတွေများ

ပြောတော့လေမလားလို့ ...

ကို ဆိုးသူပဲ ...

ပြုံးရမလို ၊ ခံပြင်းပေးရမလို နဲ့ ... :)

linn said...

ကိုနွေဆူးရေ ...
ကဗျာဆိုလဲ ကဗျာလို့ ဖတ်လိုက်ပါတယ် ...
၁။ ပြန်စာမလာပဲ မိုးလင်းခဲ့ရသော ညများ ...

၂။ သန်းခေါင်ကျော်မှာ ဖွင့်ဖြစ်တဲ့ အလွမ်းသီချင်း ...

၃။ အိပ်ချင်မူးတူးနဲ့ အသည်းခွဲတဲ့ အသံ ...

၎။(ရင်ဘတ်မပါပဲ) မျက်လုံးနဲ့ ဖတ်ခဲ့တဲ့ ခပ်ညံ့ညံ့ အချစ်ဝတ္တု ...

၅။ ရေနွေးများသွားတဲ့ ပေါ့ရွှတ်ရွှတ် ကော်ဖီတစ်ခွက် ...

....................

၉။ အရာရာဟာ ... ငါ မဟုတ်ပဲ
လွှင့်မျှော ပျောက် ဆုံး ခဲ့ ရ တဲ့ ...
ည ..... ။ ။

အင်း ..ဟုတ်နေသလိုလိုပဲ ...

Khun Thadar said...

ဒီနောက်တီးနောက်တောက် စိတ်ကတော့ကွာ ... အလွမ်းစာရေးတာတောင် ဖြောင့်ဖြောင့်တန်းတန်း မရေးရဘူး...

ဖတ်တဲ့လူလည်း ပထမပိုင်းတော့ လွမ်းပေးတော့ မလို့ဘဲ။ နောက်တော့ ရယ်လိုက်မိတယ်။
ကွမ်းမစားတော့တဲ့အကြောင်းရင်းကမိုက်တယ်...;P

မောင်မောင် said...

ကွမ်းယာသည်မ လင်နောက်လိုက်ခြင်းကြောင့်
အနှီ ဆရာနွေဆူးလင်္ကာသည် နှလုံးသည်းပွတ်တို့
ပြုတ်ပြုတ်ပြုန်းမတတ်ရှိသော် ထိုထိုကွမ်းယာအား
လည်း စိတ်နာလှသည်ရှိ၍ တိကနဲရိကနဲ ပြတ်သွား
သည်ရှိလေသည်။

ဇော်သိင်္ခ said...

မန်းလေး မှာတော်တော်ပေါတဲ့ ခြင်တွေ. နွေဆူးလင်္ကာ ဆီ လွှတ်လိုက်အုံးမှပဲ.. ဟိုမှာ ကုသိုလ် လုပ်နေတယ်လို့ ကြိုက်သလောက် သွေးစုတ်ယူလို့ ရတယ်လို့.. သူ အကျင့်မပျေက်သေးရင်တော့.. ဖန်း.. ဆိုပြီး.. အသေတော့ ခံနိုင်ရမယ်လို့ ပြောပြီး လွှတ်လိုက်မယ်နော်... :)

ဇော် said...

ကျနော့်ရဲ့ အတိတ်တချို့မှာ အရာရာ လွှင့်မျှော ပျောက်ဆုံးခဲ့ရတဲ့ ညတွေ တော်တော်များများ ရှိခဲ့ဖူးပါတယ်။ အတိတ်ဆိုတာ ကျနော့်အတွက်တော့ Rewrite ပြန်လုပ်ချင်တဲ့ CD တစ်ချပ်ပါပဲ။ သူလို ကိုယ်လိုပါပဲ ... ကျနော်လည်း မှားခဲ့ဖူးတယ်။ အခုတော့ ... ကျနော့် ပြတင်းပေါက်က လေစိမ်းတွေပဲ တိုက်တော့တယ် ....။
===================================
ကျနော် ကူးယူထားလိုက်မိတဲ့ အပိုဒ်လေးပါ...
ဖတ်ရင်းနဲ့ ပြုံးဖြစ်ခဲ့မိတယ်.. ကိုဆူးရဲ့ စာရေးချက်က တစ်မူထူးခြားတာတော့အမှန်....