Saturday, October 10, 2009

စိတ်လိုလက်ရ အော်ဆိုဖြစ်သော သီချင်းများ

ရွာပြန်တော့မလို့ နှုတ်ဆက်စကားပြောဖို့ လာပါတယ် ဆိုမှ တက်ဂ်ထားတာနဲ့ တွေ့နေရတယ်။ ရွာပြန်မှာက ကြာမှာဆိုတော့ နှင်းဟေမာ ရဲ့ တက်ဂ်ကို ချက်ချင်းပဲ ရေးပေးရင်း တလက်စတည်း နှုတ်ဆက်လိုက်ပါတယ်။

ကျနော်က အဆိုတော်ရူးဆိုတော့ အားအားရှိ သီချင်းတွေပဲ အော်ဆိုနေတတ်ပါတယ်။ အဲဒီတော့ ဆိုဖြစ်တဲ့ သီချင်းတွေကတော့ အများကြီးပေါ့။ ပျင်းတဲ့အခါ အော်ဆိုတယ်။ သင်္ချာတွက်တဲ့ အခါ အော်ဆိုတယ်။ မူးတဲ့ အခါ အော်ဆိုတယ်။ ကြုံတုန်း ကျနော့် ရိုက်ပေါက် အကြောင်း ပြောပြဦးမယ်။ တခါက ကျနော့် သူငယ်ချင်း အဖေ ဆုံးလို့ အသုဘအိမ်မှာ ထုံးစံအတိုင်း သင်္ချာတွက်ကြပါတယ်။ ဖဲရိုက်တာကို ပြောတာနော် :-) သောက်လိုက် ရိုက်လိုက် မိုးအလင်းဆိုတော့ သန်းခေါင်ကျော်တော့ ကျနော် မှန်ပါပြီ။ ဖဲလေးနိုင်တော့ စိတ်ထိန်းမရတော့ပဲ ကျနော့်ဗီဇအတိုင်း အားလုံးကို မေ့ပြီး သီချင်းအော်ဆိုလိုက်ပါတော့တယ်။ ရှိသမျှလူ အကုန် အံ့သြတိတ်ဆိတ်သွားတယ်။ ဘေးက သူငယ်ချင်းက သတိပေးမှပဲ ကျနော် အသိပြန်ဝင်သွားတယ်။ အဲလိုကို ရူးတာ ... ရိုက်ပေါက် ... သူများ အသုဘ အိမ်မှာ သီချင်းအော်ဆိုတဲ့ကောင်။

ကျနော်က ရော့ခ် ခရေဇီဆိုတော့ ဆိုတတ်တဲ့ သီချင်းတွေကလည်း IC ရဲ့ သီချင်းတွေပဲ များပါတယ်။ အင်္ဂလိပ်သီချင်းတွေကိုတော့ နားပဲ ထောင်တတ်ပါတယ်။ မဆိုတတ်ပါဘူး။ ကျနော်စိတ်ထဲကပါပြီး အမြဲ အော်ဆိုနေတတ်တဲ့ သီချင်းကတော့ လေးဖြူရဲ့ ထွက်ပေါက် သီချင်းပါပဲ ....
ဆူးတောထဲ ရောက်သွားတဲ့ ငါ့ရဲ့ ညခရီး ရှေ့သို့ မတိုးနိုင်တဲ့ အထိ ...
ရှုံ့ချတဲ့ မျက်လုံးနဲ့ မင်းကို ကြည့်ချင်သလား အပြစ်တို့ မတွေ့နိုင်တဲ့ အဆုံး ....
ဘာကို ရှာရှာမရတယ် .... အားလုံးဟာ ပိတ်ဆို့ဆဲ ....
ထွက်ပေါက်များ ပိတ်ကာထားတယ် ... မိုးလင်းသွားလည်း ဘာထူးလဲ ...

ပြီးတော့ ကြယ်စင်များရဲ့လမ်း ....
ရှင်သန်လာခဲ့ကြရ ... ရှည်ကြာတဲ့ ဂတိများကြား ...
နာကျင်စွာ ခြောက်လန့်ခဲ့တဲ့ ဒီညတွေရဲ့ကြား ......
နာကျင်စွာ ကျောခိုင်းခဲ့တယ် .... ကျောင်းတော်ကြီးရယ်
(အဲဒီနေရာရောက်ရင် ကျနော် နာနာကျင်ကျင် အော်ဆိုတတ်မြဲပါ)။

နောက်တစ်ပုဒ်က လေးဖြူရဲ့ ဧရာဝတီညများ ...
ဧရာဝတီရဲ့ စကားပြောသံ ... ရင်ခုန်နေတဲ့ သက်ရှိ မြစ်တစ်စင်း
နာကျင်စွာနဲ့ ညည်းတွားသံ ဒီအချိန်မှာ မင်းကြားသိနိုင်ပါစေ ...
အတိတ်တွေ မပျောက်ကွယ်ပါ ... အသက်ရှင် မြစ်ရေလိုစီး ...
ယုံကြည်မျှော်လင့်ခြင်း ... အနာခံ ပေးဆပ်ခြင်း .....
ဧရာဝတီညများ .... စီးဆင်း ......
(အဲဒီသီချင်းကို ကျနော် တင်ဖူးပါတယ်။ ဒီနေရာမှာ နားဆင်နိုင်ပါတယ်)။

ရေးရရင်တော့ ကုန်မှာ မဟုတ်ပါဘူး။ နောက် ဂစ်တာတီးရင်း ကျနော် မှန်လာပြီဆို ဘာကိုမှ ဂရုမစိုက်ပဲ အော်ဆိုတဲ့ သီချင်းတွေ ရှိပါသေးတယ်။ ထူးအိမ်သင်ရေးပြီး မွန်းအောင်ဆိုခဲ့တဲ့ ... အရေးကြီးပြီ ညီနောင် အပေါင်းတို့ ... သွေးစည်းကာ ညီစေ ညီကြစို့ ... ငါတို့ရဲ့ သမိုင်းတစ်ခေတ်ကို ငါတို့ သွေးနဲ့ ရေးခဲ့သည် ... သွေး သစ္စာနဲ့ ပြုခဲ့သည် ဆိုတဲ့ အဆုံးသတ်တိုက်ပွဲ သီချင်း။

နောက် ကျနော် ရွှတ်နောက်နောက် ရေးထားတဲ့ လူကြီးလာမည် ဆိုတဲ့ သီချင်း ...
လူကြီး လာပါမယ် ... ပန်းအိုးတွေ ထားထားပါ ...
လူကြီး လာပါမယ် ... အမှိုက်တွေ လှဲထားပါ ...
လမ်းဘေး ပလက်ဖောင်းများ .. ဆေးတွေ သုတ်ပြီးပလား ...
လမ်းဘေး ဈေးဆိုင်များ သိမ်းလေ ... သိမ်းကြပါ ...
လူကြီး မျက်စိနောက်မယ် ... လမ်းတွေ ရှင်းထားပါ ...
(အဲဒီသီချင်းကို နောက်ကြုံရင် ကျနော် အရင်ကလိုပဲ ခြင်ထောင်ချ အသံသွင်းပြီး တင်ပါ့မယ်)။

ဒီလောက်ပါပဲ။ ပြောရရင် ကျနော်အော်ဆိုတဲ့ သီချင်းတွေက ခံစားချက် ရှိရင် ရှိသလို ပြောင်းလဲတတ်ပါတယ်။ ကျနော်လည်း နှလုံသားရှိတဲ့ လူသားတစ်ယောက် ချစ်တတ်ပါတယ်။ အဲဒီအခါဆိုလည်း နူးညံ့တဲ့ အချစ်သီချင်းလေးတွေ ညည်းနေတတ်ပါတယ်။ အဲဒါတွေကိုတော့ မရေးတော့ပါဘူးဗျာ။ တော်ကြာ ဒီကောင် ရုပ်ကြမ်းကြီးနဲ့ နွဲ့ နေပြန်ပြီလို့ ပြောခံရမှာ ကြောက်လို့ပါ။ နှင်းဟေမာရေ ဒီလောက်ပဲနော်။ အချိန်မရလို့။ ကျေနပ်ပေးကြပါ။ မကျေနပ်လည်း ကျေနပ်ပေးကြပါ။ (ဒါတောင် အများကြီးဖြစ်သွားတယ်)။

ကဲ ခု .. ဒုတိယပိုင်း အစီအစဉ်ဖြစ်တဲ့ နှုတ်ဆက်ခြင်း အစီအစဉ်ပဲ ဖြစ်ပါတယ်။ ကျနော် ရွာပြန်တော့မှာကြောင့် အွန်လိုင်း လောကနဲ့ အဆက်အသွယ် ပြတ်ပါမယ်။ ဘလော့ဂ်ရေးခြင်း ဘလော့ဂ် လည်ခြင်းများကို ခေတ္တ ရပ်နားထားမှာ ဖြစ်ပါတယ်။ သူငယ်ချင်း ညီအစ်ကို မောင်နှမ အားလုံးကို နှုတ်ဆက်ပါတယ်။ ကျနော် ပြန်လာမှာပါ။ တစ်လကြာရင်ကြာမယ်။ တစ်သက်လုံးကြာချင်လည်း ကြာနိုင်ပါတယ်။ အပေါ်က Tag ပို့စ်နဲ့ လိုက်အောင် ရေးရရင် ဟေမာနေ၀င်း သီချင်းလိုပေါ့ဗျာ။
ဘယ်အချိန် သေမှာကို ကြိုမသိကြတဲ့ ဘ၀မှာ ...
ကြိုတင်ရေးထားတဲ့ နှုတ်ဆက်သီချင်း ....။
ခွဲခွာနေရတဲ့ အချိန်လေးအတွင်းမှာ ကျနော် သေချင်လည်း သေသွားနိုင်တယ်လေ။ အနိစ္စ အမြဲမရှိတဲ့။ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီပေါ့။ အဲဒါများ သေရင် နင်ဘယ်လို ပြန်လာမှာလဲလို့ မေးချင်တယ် မဟုတ်လား။ ကျနော်ပြန်လာမှာပါ။ သေရင်တောင် နောက်ဘ၀ကျ ရောက်အောင် ပြန်လာခဲ့ပါ့မယ်။ ဘလော့ဂ်လောကကြီးကို ချစ်ခင်လေးစားစွာဖြင့် ..........။ ။

Thursday, October 8, 2009

စစ်မှန်မှု


‘ပလုံ’

သော့ခလောက်တစ်ခုကို မြစ်ရေထဲ လွှင့်ပစ်လိုက်တယ်။

“ဟေ့လူ ... သော့ခလောက် အကောင်းကြီးဗျာ ... ဘာလို့ လွှင့်ပစ်ရတာလဲ ...?”

“သော့ပျောက်သွားလို့ပါ ...”

“ဟာ ... အဲဒါဆိုလည်း သော့တုလုပ်ပြီး သုံးလို့ ရတာပဲ .. နှမျှောစရာကြီး ...”

“ဟုတ်တယ် ... ဒါပေမယ့် ကျနော် သော့ခလောက်နေရာက ၀င်စဉ်းစားမိလို့ပါ ...”

“ဗျာ ... ဘယ်လို ..?”

“ကိုယ့်ကို သော့တုနဲ့ ဖွင့်ပြီး အသုံးချ ခံရတာထက် ရေထဲခုန်ချပြီး သတ်သေလိုက်တာက ပိုကောင်းတယ်ဗျ ...”

ပြောပြီး အပြုံးစစ်စစ်တစ်ခုနဲ့ သူ့ကို ပြုံးပြရင်း ကျွန်တော် လှည့်ထွက် လာခဲ့တယ်။ ။

Sunday, October 4, 2009

မူးနေတဲ့ မနက်

(က)
ဖြေဆေးမဲ့ အဆိပ်ကို
အလွယ်တကူတော့
မော့သောက်ခဲ့တာ မဟုတ်ရပါဘူး။

(ခ)
ဝေးကွာခြင်းတွေကို
ကဗျာလို ရေးရေးပြီး
ကြောင်တောင်တောင် နိုင်နေတဲ့ ကောင်အတွက်
အကြောင်းပြချက်က
လုံလောက်တန် ကောင်းပါရဲ့။

(ဂ)
မှတ်ထားစမ်းပါ ...
လောကမှာ မာယာမဲ့တဲ့ ကောင်မလေးကလည်း
အသည်း ခွဲတတ်သတဲ့ ... ။

(ဃ)
ပြောရရင်တော့ ...
ဘ၀ဆိုတာ .. အဆိပ်ကို
အချစ်နဲ့ ရောမြိုချပြီး
မျှော်လင့်ချက်တွေ ထားတတ်ဖို့ လိုတာပေါ့။

(င)
ဇာတ်သိမ်းမှ (လွမ်းပြနေမယ့်အစား)
တရားနဲ့သာ ဖြေပါတော့ကွယ်။ ။

Tuesday, September 29, 2009

ဆရာတော်နဲ့ ပြောဖြစ်တဲ့ ပရဟိတ


ကြယ်ကလေး အကူအညီ တောင်းလို့ ဒီတစ်ခေါက် ရွာပြန်တော့ အုန်းပေါက်ရွာကို ရောက်ဖြစ်ပါတယ်။ သူက အုန်းပေါက်ရွာ ဘုန်းတော်ကြီးသင် ပရဟိတ ကျောင်းကို အလှူငွေ လှူချင်ပါတယ် ဆိုလို့ ကြားကနေ ကူညီပေးဖို့ သွားဖြစ်တာပါ။ လှူတဲ့သူတွေ သံသယ မရှိအောင် ကြားက အလှူခံမပေးပဲနဲ့ ဘုန်းကြီးနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လှူတာ ပိုကောင်းမှာမို့ သွားပေးဖြစ်တာပါ။
ကျနော် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ရွာက ပရဟိတလုပ်ဖူးတဲ့ သူငယ်ချင်း သုံးယောက်လောက်နဲ့ သွားဖြစ်တာပါ။ အုန်းပေါက်ရောက်တော့ ကျောင်းအုပ်ဆရာတော် ဦးသီလာနန္ဒနဲ့ တွေ့ပြီး အကြောင်းစုံ ပြောပြတော့ ဘုန်းဘုန်းက တော်တော် ၀မ်းသာသွားပါတယ်။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အဲဒီရွာက ရွာခံ သူငယ်ချင်းတွေနဲ့လည်း တွေ့ရပါတယ်။ အဲဒီမှာ ဘုန်းဘုန်းက သူစိမ်းမဟုတ်ပဲ ရွာကသူငယ်ချင်းတွေနဲ့ ညီအစ်ကို ၀မ်းကွဲ တော်နေကြလို့ ကျနော်တို့ကို တော်တော် ခင်သွားပါတယ်။ ပြီးတော့ သူ့ကျောင်းမှာ ရှိတဲ့ အခက်အခဲတွေကို ပြောပြပါတယ်။
ကျနော်က ကျောင်းရဲ့ ကျောင်းသားစာရင်းနဲ့ ကြယ်ကလေး လုပ်ပေးမယ်ပြောတဲ့ ဆိုဒ် အတွက် ဆောင်းပါးလို ပုံစံမျိုးလေး ရေးပေးဖို့ တောင်းဆိုတော့ နောက်ရက်ကို ပြန်လာဖို့ ချိန်းလိုက်ပါတယ်။
နောက်ရက်သွားတော့ ဘုန်းဘုန်းနဲ့ ကျောင်းကိစ္စတွေအတွက် တော်တော် ဆွေးနွေးဖြစ်ပါတယ်။ ဆောင်းပါးတစ်ပုဒ်နဲ့ ကဗျာ နှစ်ပုဒ်ပေးလိုက်ပါတယ်။ သူကိုယ်တိုင် ရေးတာမဟုတ်ပဲ သူ့ကျောင်းက ဦးပဉ္ဖင်း ကျောင်းဆရာတွေနဲ့ လုပ်အားပေး ဆရာမတွေ ရေးတာ ဖြစ်ပေမယ့် အောက်က ကလောင်နာမည်ကို ဘယ်လို တပ်ရမလဲမေးတော့ အားလုံး ကျောင်းနာမည်ကိုပဲ တပ်ခိုင်းပါတယ်။
ကြယ်ကလေး လုပ်မယ့်ကိစ္စအတွက် ကူညီပေးးတာ ဖြစ်ပေမယ့် ကျနော်ကိုယ်တိုင်လည်း ဘုန်းဘုန်းကို တတ်နိုင်သမျှ ကူညီပေးမယ်လို့ ဂတိပေးခဲ့လို့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်။ အဲဒါကြောင့် ဘုန်းဘုန်းနဲ့ ပြောဖြစ်ပြီး ရေးထားတဲ့စာတွေထဲမှာ မပါတဲ့ အကြောင်းအရာတွေကို ပို့စ်လေးတစ်ခုအဖြစ် ရေးလိုက်ပါတယ်။
ကျေးလက်တောရွာတစ်ခုမှာ မိသားစု စားဝတ်နေရေးကိစ္စက အတော်လေးကို အခက်အခဲ ဖြစ်နေကြပါတယ်။ ဆင်းရဲသား လက်လုပ်လက်စား လူတန်းစားကို ပြောတာပါ။ အဲဒါဆို မပြောနဲ့တော့ ရွာတိုင်း အဲလိုတော့ ရှိကြမှာပဲလို့ ပြန်မပြောကြပါနဲ့။ ဟုတ်ပါတယ်။ ရွာတိုင်းရှိပါတယ်။ ဒါပေမယ့် ရွာတိုင်းတော့ ဦးသီလာနန္ဒတွေ မရှိပါဘူး။
ဒီပို့စ်လေးကို ဖတ်ဖြစ်တဲ့လူတွေက အဲလိုရွာသူငယ်ချင်းတွေကို ပြန်ပြောပြရင် ဒါမျိုးကျောင်းလေးတွေ ရှိလာဖို့ စိတ်ကူး ကြရင်ကို ကျနော်တို့အတွက် ကူညီရကြိုး နပ်ပါတယ်။
စားဝတ်နေရေးတောင် အနိုင်နိုင် ရုန်းကန်နေရတဲ့ မိသားစုတွေမှာ သားသမီးတွေအတွက် ပညာရေးဆိုတာ ဒုတိယ ဦးစားပေး အဆင့်မှာပဲ ရှိပါတယ်။ သူတို့ဟာ ပညာရဲ့ တန်ဖိုးကို မသိလို့ မဟုတ်ပါဘူး။ သားသမီးတွေကို ပညာတတ်အောင် သင်ပေးချင်တာ မိဘတိုင်းရဲ့ မေတ္တာတရားပါ။ ဒါပေမယ့်လည်း ဒီခေတ်ရဲ့ ပညာတန်ဖိုးကို သိလို့ပဲ သားသမီးတွေကို ပညာသင်မပေးနိုင်တဲ့ မိဘတွေ အများကြီး ရှိပါတယ်။ ရှုပ်သွားပြီလား။ ရှင်းပါ့မယ်။ အားလုံးသိကြတဲ့အတိုင်း ဒီခေတ်မှာ ကျောင်းဝင်ကြေး၊ စာရွက်စာတန်းကြေး၊ ဘာညာသာရကာတွေ အများကြီးရှိနေတော့ ဒီခေတ် ပညာရေးအတွက် တန်ဖိုးဟာ ကြီးသွားတော့တာပါပဲ။ မြို့နေလူတန်းစားကတော့ တွေးလိမ့်မယ်၊ ဒီလောက်များကွာလို့။ မထင်ပါနဲ့။ တောရွာမှာရှိတဲ့ ဆင်းရဲသား လူတန်းစားတွေအတွက်တော့ တစ်နေ့လုပ်မှ တစ်နေ့စားရမယ်။ ရာသီဥတုကြောင့် တစ်နေ့မလုပ်နိုင်ရင် တစ်နေ့ ငတ်ပါတယ်။အဲဒီလို အခြေအနေတွေမှာ သားသမီး ပညာရေးဆိုတာ အလှမ်းရခက်တဲ့ ခရီးကြမ်းတွေပါပဲ။ အဲဒီလို ပညာမသင်နိုင်တဲ့ ကလေးငယ်တွေအတွက် မြန်မာပြည်တ၀န်းမှာ ဘ.က လို့ ခေါ်တဲ့ ဘုန်းတော်ကြီးသင် ပညာပါရမီကျောင်း လေးတွေ ပေါ်ပေါက်လာတဲ့ အထဲမှာ ဆရာတော် ဦးသီလာနန္ဒရဲ့ ရေလည်ကျောင်းလေး အပါအ၀င်ပါပဲ။
ဆရာတော်က ဒီနှစ်မှ ကျောင်းလေး စတင်နို်င်တာပါ။ ၀ါးရိုးခေါင်တိုင်၊ ထရံကာ သက်ကယ်မိုးကျောင်းကလေးကို ပြရင်း အဲလို ကျောင်းဆောင်ကလေးဖြစ်ဖို့ ရွာသူရွာသားတွေ လုပ်အားပေးနေတဲ့ မှတ်တမ်းတင် ဓါတ်ပုံလေးတွေကို ကြည့်ခိုင်းနေတဲ့ ဘုန်းဘုန်းရဲ့ ပီတိဟာ ကျနော်တို့ သူငယ်ချင်းတစ်စုဆီ ကူးစက်လာပါတယ်။
ကျောင်းကလေး စမယ်ဆိုတော့ မတတ်နိုင်တဲ့ မိသားစုရဲ့ သားသမီးတွေကို စုတဲ့အချိန်မှာကို ရင်နာစရာ စကြုံရတာပါပဲ။ အစိုးရကျောင်းတွေမှာ နေလက်စ ကလေးတွေကို ဘ.က ကျောင်းပြောင်းဖို့အတွက် အစိုးရကျောင်းထွက်လက်မှတ် လိုပါတယ်။ အဲလို ထွက်ရင်လည်း ထွက်ချင်တိုင်း ထွက်လို့ မရပါဘူး။ ကျောင်းထွက်ကြေးဆိုတာမျိုး လိုပြန်ရော။ အဲဒီကလေးတွေမှာ အစကတည်းက မရှိပါဘူးဆို။ ကျောင်းထွက်ကြေးကို ဘယ်လို ပေးရမှန်း မသိပါဘူး။ အဲဒီအတွက် ဆရာတော်က အုန်းပေါက် အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးရဲ့ အကူအညီကိုယူပြီး တချို့အတွက် ဆရာတော်က ကျခံ၊ တချို့အတွက် ဆရာမကြီးက ကျခံ နဲ့ပဲ ကလေးတွေ ကျောင်းထွက်လက်မှတ် ရခဲ့ပါတယ်။
တချို့ကလေးတွေဆို ကြီးတဲ့အထိ ကျောင်းမနေဖူးပါဘူး။ အဲလို ကလေးတွေကိုလည်း ဆရာတော်က မိဘတွေကို မေတ္တာရပ်ခံပြီးတော့ ကျောင်းမှာ ပညာသင်ကြားစေခဲ့ပါတယ်။ အပေါ်ပုံထဲမှာ ပါတဲ့ အရပ်ရှည်ရှည်နဲ့ ကလေးဆို သူငယ်တန်းပါပဲ။ အရပ်ရှည်နေတာ မဟုတ်ပါဘူး။ အသက်လည်း ကြီးပါပြီ။ သူ့ခင်ဗျာ ဒီအသက်အရွယ်ရောက်မှ ဆရာတော်ရဲ့ ကျေးဇူးကြောင့် ပညာရေးဆိုတာ ဘာမှန်းသိရတဲ့ ကလေးပါ။
ကျနော်တို့အဖွဲ့လည်း ဆရာတော် လိုအပ်တာ ကူညီဖို့ ကတိပေးခဲ့ကြပါတယ်။ ငွေရေးကြေးရေးတော့လည်း အများကြီး မတတ်နိုင်ကြဘူးလေ။ အဲဒီအတွက် ဖြစ်နိုင်သမျှ အကြံဉာဏ် လှူခဲ့ကြပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို ကျောင်းအကြောင်း ပြောပြပြီး အလှူခံပေးဖို့အတွက် ပြောဖြစ်ခဲ့ပါတယ်။ ဆရာတော့်ဘက်ကလည်း လှူချင်တဲ့လူတွေ အတိအကျ လှူနိုင်အောင် ကျောင်းသားတစ်ယောက်အတွက် တစ်နှစ်စာ ကုန်ကျနိုင်မယ့် ပျမ်းမျှ အသုံးစားရိတ်၊ တစ်နှစ်စာ သို့မဟုတ် တစ်လစာ ကုန်ကျနိုင်မယ့် ဗလာစာအုပ် ခဲတံ အရေအတွက် အဲဒါတွေကို စာရင်းပြုစုထားဖို့ အကြံပေးခဲ့ကြပါတယ်။ ပြီးတော့ ဆရာတော်က ဗလာစာအုပ် လှူတဲ့လူတွေ ရှိကြောင်း၊ ရိုးရိုးဗလာစာအုပ်တွေချည်းပဲ လှူကြလို့ လေးကြောင်းမျဉ်း စာအုပ်တွေ လိုအပ်ကြောင်း မိန့်ပါတယ်။
ပြီးတော့ ဘေးကလှူမယ့် အလှူရှင်တွေကိုချည်း အားမကိုးပဲနဲ့ အမြဲတမ်း ကျောင်းရံပုံငွေ ရှိနေအောင် ကျောင်းကို စိတ်ဝင်စားတဲ့ တတ်နိုင်တဲ့ထဲက ရွာခံလူတွေ၊ မြို့ပေါ်ကလူတွေထဲကနေ တစ်အိမ်ထောင်ကို အများကြီးမဟုတ်ဘူး။ တစ်လကို တစ်ရာပဲ အလှူခံဦး အိမ်ထောင်စု တစ်ထောင်ဆို တစ်သိန်း လစဉ် အလှူငွေ ရနေမယ်ပေါ့။ အများအမြင်ရှင်းအောင် ကော်မတီလေး တစ်ခုလည်း ဖွဲ့ဖို့ လိုမယ့်အကြောင်း။ ရွာက လူကြီးတွေနဲ့ ဖွဲ့နိုင်ရင် ပိုကောင်းမယ့် အကြောင်း။ လစဉ် ၀င်ငွေ ထွက်ငွေ စာရင်းကိုလည်း အတိအကျလုပ်ပြီး အလှူရှင်တွေ ကော်မတီလူကြီးတွေကို တင်ပြနိုင်ရင် ပိုကောင်းမယ့် အကြောင်းတွေ ဆရာတော်ကို ဆရာ ပြန်လုပ်ခဲ့ကြပါတယ် ဟဲဟဲ။
ဆရာတော်ကလည်း ကျောင်းရံပုံငွေ ကိစ္စအတွက် ဒီနှစ်ကထိန်မှာ ဆိုင်ကယ် မဲဖောက်ပြီး ကံစမ်းမဲ ရောင်းဖို့ အစီအစဉ် ရှိကြောင်းကို ပြန်မိန့်ပါတယ်။ ကျနော်တို့ သူငယ်ချင်းတွေကလည်း အရမ်းကောင်းတဲ့ အကြံဖြစ်ကြောင်း၊ ကူရောင်းပေးမယ့် အကြာင်းတွေ ပြောခဲ့ကြပါတယ်။
ဆရာတော် မိန့်ခဲ့တဲ့အထဲက ကျနော် ပြန်ပြောချင်တာကတော့ ပရဟိတသမားဟာ နိုင်ငံရေးနဲ့ ကင်းရှင်းသင့်တယ် ဆိုတာပါပဲ။ တကယ် မှတ်သားသင့်တဲ့ စကားပါ။ ကျနော်ကတော့ ကိုယ့်အတွေးနဲ့ကိုယ် ရောမသွားဖို့ပဲလို့ မှတ်သားလိုက်ပါတယ်။
ပြောရင်းနဲ့ ဆရာမ တစ်ယောက်ပြန်ပြောတာကို သတိရမိလို့ ပြောပါဦးမယ်။ တစ်ခါကဆို ကျောင်းသားလေးတွေ ထမင်းစားကျောင်းဆင်းလို့ စားဖို့ ထမင်းထုပ်လေးဖွင့်လိုက်တော့ ထမင်းတွေက သိုးနေပါသတဲ့။ အဲဒါ ဘယ်နှစ်ရက်အဲလိုပဲ စားနေလဲ မသိဘူး။ အဲဒီနေ့ကမှ ဆရာမက ယူကြည့်မိတော့ ထမင်းသိုးတွေ မစားရဘူးလို့ ပြောပြီး ကျောင်းမှာရှိတဲ့ ထမင်း ကျွေးလိုက်ရပါသတဲ့။ ဖြစ်နိုင်တာကတော့ သူ့မိဘတွေက မနက်အစောကြီး အလုပ်သွားရမှာမို့ အဲဒီထမင်းတွေကို ညကတည်းက ဒါမှမဟုတ် မနက်အစောကြီးထပြီး ချက်ထားတာ ဖြစ်ပါလိမ့်မယ်။ အညာနေဆိုတာလည်း သိတဲ့အတိုင်း ခဏနဲ့ ထမင်းတွေ ဟင်းတွေ သိုးကုန်လောက်အောင် ပူတာလေ။ အဲလိုကို ကလေးတွေရဲ့ မိသားစုအခြေအနေက တော်တော်လေးကို ဆိုးနေတာပါ။ ဆရာတော်သာ အလင်းမပေးနိုင်ရင် အဲဒီကလေးတွေရဲ့ အနာဂတ်ဟာ အမှောင်ထဲကကို ထွက်နိုင်မှာ မဟုတ်ပါဘူး။
ရေးကောင်းကောင်းနဲ့ ရေးလိုက်တာ တော်တော်တောင် ရှည်သွားပြီ။ ဒါတောင် သတိရသမျှပဲ ရေးထားသေးတာ။ နောက်သတိရတာတွေရှိရင် သတိရသလို ရေးပါဦးမယ်။
ပညာပါရမီ အုန်းပေါက်ရွာ ရေလည်ဘုန်းတော်ကြီးသင် မူလတန်းကျောင်းကို လှူချင်တဲ့လူများရှိရင် အုန်းပေါက်ရွာက ကံစောထွန်း ၀၉ ၂၀၃၄၆၈၉ ကနေတစ်ဆင့် ဆရာတော့်ကို တိုက်ရိုက်ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။ ကျနော်ကနေ တဆင့် လှူချင်တယ်ဆိုလည်း စိတ်ရောကိုယ်ပါ ကူညီဖို့အသင့်ပါ။ ဒါမှမဟုတ် ကြယ်ကလေးနဲ့လည်း ဆက်သွယ်ပြီး လှူလို့ ရပါလိမ့်မယ်။
ပြည်ပက လှူချင်သူများအတွက်တော့ နောက် ရက်အနည်းငယ်မှ ဆရာတော်ရဲ့ ဂျီမေးလ်နဲ့ ဆရာတော့်ရဲ့ ဘဏ်အကောင့်ကို ပြောပါ့မယ်။ ကျနော်နဲ့လည်း ဆရာတော်က အွန်လိုင်းမှာ မတွေ့ဖြစ်သေးပါဘူး။ ဆရာတော်က ရွာမှာဆိုတော့ မန္တလေး ရောက်မှ အွန်လိုင်း တက်ဖြစ်လို့ပါ။
ဒီပို့စ်လေးနဲ့ ကျနော် ကုသိုလ် ယူလိုက်ပါတယ်။ ဒီဘ၀မှာ ကျနော်ဟာ ပညာပါရမီ နည်းခဲ့တဲ့အတွက် ငွေရေးကြေးရေး မတတ်နိုင်ပေမယ့် တတ်စွမ်းသမျှလေးနဲ့ ပညာပါရမီ ဖြည့်လိုက်ပါတယ်။ အားလုံးကိုလည်း မွန်မြတ်တဲ့ ပရဟိတ စိတ်ထား ကုသိုလ်ပွားများကြဖို့ နိဗ္ဗာန်အကျိုးမျှော် နိုးဆော်လိုက်ရပါတယ် ခင်ဗျား။ ။

Monday, September 14, 2009

ရင်ကွဲ ကက်ဆက်


ကက်ဆက်ထဲက ရေတွေ ပန်းထွက်လာတာကြောင့် ကျွန်တော် အလန့်တကြား အော်လိုက်မိတယ် ... ...

!!! ... ... !!!

“ဟေ့ကောင် ... မအော်ပါနဲ့ကွာ ... ရေတွေမဟုတ်ပါဘူး ... မျက်ရည်တွေပါ ... မင်းက အလွမ်းသီချင်းတွေချည်း ဖွင့်နေတော့ ငါလည်း ငိုချင်လာလို့ပါ ...”

“မင်းငိုလည်း မတတ်နိုင်ဘူး ... ငါ့ကောင်မလေးကြောင့် ငါကတော့ အလွမ်းသီချင်းတွေချည်း ဆက်ဖွင့်ရမှာပဲ ...”

ပြောရင်းဆိုရင်းပင် အလွမ်းခလုတ်ကို ကျွန်တော် နှိပ်ချလိုက်သည် ...

အား !!

ကက်ဆက်ကြီး အလယ်က အက်၍ ကွဲထွက်သွားသည်။

အသည်းကွဲ၍ ရင်ကွဲနာကျ သေသွားခြင်း ဖြစ်သည်။ ။

ပုံလေးကို ဒီနေရာက ယူပါတယ်။

Saturday, September 12, 2009

အဓိပ္ပာယ်မရှိသေးတဲ့ ကဗျာ

အဲဒီရနံ့တွေနဲ့ ...
ငါ့ကို လာမမျှားနဲ့ ... ...။

ငါက မိုးမရွာလည်း
ပွင့်တတ်တဲ့ ပန်းမျိုးပါ ...။

တစ်ပွင့်တစ်လေတော့
အဖိတ်အစင် ရှိတာပေါ့ ... ...
ဒါပေမယ့် စိတ်ချပါ
ငါ့ ဆူးက ငါ့ကို ပြန်မစူးဘူး ...။

အိပ်ချင်ယောင်ဆောင်ပါများလို့
အနှိုးရခက်တာက လွဲရင် ...
ငါ လူကောင်းပါကွယ် ... ...။

မိုးလင်းသွားရင်တော့ ... ... ...။

... ... ပြန်ဆုံကြသေးတာပေါ့ ...
မင်းအိပ်မက်တွေကို ... ခဏ ...
... ... ပြန်သိမ်းထားလိုက် ။ ။

Wednesday, September 9, 2009

ဈေးသည်ကြီး ဆန်ရွှေ

(တစ်ခန်းရပ် ပြဇာတ်)

ပါဝင်သူများ ... ... ...
- ဈေးသည်ကြီး ဦးဆန်ရွှေ
- အင်တာဗျူးဆရာတစ်ယောက်
- ဈေးဝယ်သူ တရုတ် ကုလား လူမျိုးခြားများ
- စုတ်စုတ် ပြတ်ပြတ် ၀တ်ဆင်ထားသော ဆင်းရဲသား လုပ်သားပြည်သူများ

- (ဈေးဆိုင်အိမ်ပုံ ပန်းချီကားကို နောက်ခံထား၍ ဈေးသည်ကြီး ဆန်ရွှေမှ အော်ဟစ် ဈေးရောင်းနေစေ)
- (ဆင်းရဲသား လုပ်သားပြည်သူများက ပေါက်ပြား ဂေါ်ပြား အစရှိသော ကိရိယာ တန်ဆာပလာများ ကိုင်ဆောင်၍ ဖြတ်သွားဖြတ်လာ ပြုလုပ်နေစေ)

ရွှေ ။ ။ “လာနော် လာနော် ... ဟောဒီမှာ သဘာဝဓါတ်ငွေ့တွေ... ကျောက်စိမ်းတွေ... သစ်တောထွက် ပစ္စည်းတွေ ဈေးပေါပေါနဲ့ ရောင်းပေးနေပြီ... နောက်ရက်ကစပြီး ကျုပ်မရောင်းတော့ဘူး... အဲဒါကြောင့် လျှော့ပေးနေတာ ... ၀ယ်ထားကြပါ ၀ယ်ထားကြပါ ”

- (တရုတ် ကုလား လူမျိုးခြားများက တိုးဝှေ့ ဈေးဝယ်ဟန် ပြုစေ)

ရွှေ ။ ။ “သိပ်မတိုးကြပါနဲ့ ... အားလုံးကို ရောင်းပေးမှာပါ... ရှိသမျှ ဘာမှ မကျန်အောင် ရောင်းပေးမှာပါ... စိတ်ချပါ... သိပ်မတိုးကြပါနဲ့”

- (ထိုအချိန်တွင် အင်တာဗျူးဆရာက ဈေးဝယ်များကြားမှ တိုးဝှေ့ကာ ဈေးသည်ကြီး ဆန်ရွှေကို အင်တာဗျူးစေ)

ဗျူး ။ ။ “ဈေးသည်ကြီး ဦးဆန်ရွှေခင်ဗျား ... နောက်ရက်ကစပြီး မရောင်းတော့ဘူးဆိုတော့ ဆိုင်ပိတ်တော့ မလို့လား?”

ရွှေ ။ ။ “ဘယ့်နှယ့် ပိတ်ရမှာလဲဗျ ... သဘာဝဓါတ်ငွေ့တွေ ... ကျောက်စိမ်းတွေ ထွက်နေသရွေ့ ရောင်းနေဦးမှာပါ ... ကျုပ်မရောင်းတော့ဘူး ဆိုတာက ကျုပ်က အသက်ကြီးပြီလေ ... ကိုယ်တိုင် မရောင်းတော့ပဲ ဟန်ပြ ဈေးရောင်းတစ်ယောက်လောက်ခန့်ပြီး ကျုပ်က နောက်ကနေ ကြိုးကိုင်မလို့ စဉ်းစားထားတယ်ဗျ”


ဗျူး ။ ။ “ဟုတ်ကဲ့ပါ ... ဈေူးသည်ကြီး ဦးဆန်ရွှေ အနေနဲ့ အခုလို ကြိုးစားပမ်းစား ရောင်းဝယ်နေတာ ဘယ်သူ့အတွက်လည်း သိချင်ပါတယ် ခင်ဗျ”

ရွှေ ။ ။ “မေးမှ မေးရက်ပလေဗျာ ... ဘယ်သူ့အတွက် ရှိရဦးမလဲ ... ပြည်သူတွေ အတွက်ပေါ့ဗျ”

ဗျူး ။ ။ “ အော် ... ကျေးဇူးကြီးပါပေတယ်ဗျာ ... ဒါနဲ့ နောက်ဆုံးမေးခွန်း မေးပါဦးမယ် ... မြန်မာပြည်မှာ ပြည်သူလူဦးရေ ဘယ်လောက်ရှိသလဲ သိပါသလား ခင်ဗျာ”

ရွှေ ။ ။ “လုပ်ပြန်ပြီ ... ဒါမေးစရာလား ... ဒီလောက်တော့ သိတာပေါ့ဗျာ ... နေဦး ... အင်း (စဉ်းစားဟန်ဖြင့်) ... ကျုပ်မိန်းမရယ် ... ကျုပ်သမီးတွေရယ် ... သမက်တွေ မြေးတွေရယ် ... ဆွေမျိုးတွေရယ် ... စုစုပေါင်း ငါးဆယ် တစ်ရာလောက်တော့ ရှိတာပေါ့ဗျာ ...”

- (အင်တာဗျူးဆရာ ပက်လက်လန်သွားစေ)
- (ဖြတ်သွားဖြတ်လာ ဆင်းရဲသား ပြည်သူလူထု လမ်းလျှောက်နေရာမှ ရပ်တန့်၍ ‘မှတ်သားလောက်ပါတယ်ရှင့် မှတ်သားလောက်ပါတယ်ခင်ဗျ’ ဟု သံပြိုင်အော်ဆိုရင်း ကန့်လန့်ကာ ချစေ)။ ။

Sunday, September 6, 2009

အကြိုက်နှစ်သက်ဆုံး ဘလော့ဂ် ၅ ခု

ခေါင်းစဉ်က မိမိ အကြိုက်နှစ်သက်ဆုံး သွားလည်နေကျ ဘလော့ဂ် ၅ ခုနှင့် ဘာကြောင့် ထိုဘလော့ဂ်များအား ကြိုက်နှစ်သက်ရသလဲ တဲ့။ ၀က်ဝံလေး ရှို့တာ အဲ တဂ် တာလေ။ ပြောရရင်တော့ အစပြု ရှို့သူ သက်တန့်ချို နှင့် ထပ်၍ ပင့်ပေးသူ ၀က်ဝံလေး လို့ သိရပါတယ်။ ရပါတယ် .. ကျွန်တော်ကလည်း မီးဘေးရှောင် မလောင်ခင်တား သီချင်းလေး ညည်ရင်း ရေးပေးလိုက်ပါတယ်။
ဘလော့ဂ်တော်တော်များများကို ကျွန်တော် ရောက်ဖူးသလို ရောက်သမျှ ဘလော့ဂ်တိုင်းကိုလည်း ကြိုက်ပါတယ်။ မကြိုက်ဘူး၊ မကောင်းဘူးဆိုတဲ့ ဘလော့ဂ် မရှိပါဘူး။ ရှိလည်း မပြောပါဘူး ( ဟဲ ဟဲ နောက်တာ ... တကယ် really ဂယ် ရှိဘူး )။ အကြောင်းကတော့ ကျွန်တော်ကိုယ်တိုင်က ဘာမှ မဟုတ်လို့ ဘယ် ဘလော့ဂ်ဂါကိုမှ အထင် မသေးရဲပါဘူး။ ထားပါလေ ... မဖြစ်မနေ ရေးရတော့မယ် ဆိုမှတော့ အဲဒီထဲကမှ အကြိုက်ဆုံးလို့ ထင်ရတဲ့ ဘလော့ဂ် ၅ခု ကို ပြောရမယ် ဆိုရင် ... ...

(၁) http://taryarminwaimemorial.blogspot.com ပါ။ အသစ် သိပ်ပြီး မတင်ပေမယ့် ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ပြန်ဖတ်ဖတ် ရိုးမသွားတဲ့ စာတွေ ရှိနေတဲ့ ဘလော့ဂ်ပေါ့။

(၂) http://aungway.blogspot.com ပါ။ ကျွန်တော်တို့ရဲ့ ရဲရဲတောက် ကဗျာဆရာကြီး အောင်ဝေးပါ။ သူရဲ့ ကဗျာ ဝေဖန်ရေးစာအုပ်တွေကိုလည်း ကျွန်တော် ၀ယ်သိမ်းပါတယ်။ လေဆန်မှာ မြှားတန်းလန်းနဲ့ ပျံသန်းရဲတဲ့ ငှက်သာ မနက်ဖြန်အတွက် ဖြစ်တယ် ဆိုတဲ့၊ ကဗျာဆရာဆိုတာ စင်ပြိုင် အစိုးရတစ်ရပ်ဖြစ်တယ် ဆိုတဲ့ ကဗျာဆရာကြီး အောင်ဝေး ပါ။

(၃) http://manorhary.blogspot.com ပါ။ တော်တော်များများ ကြိုက်ကြမယ့် ဘလော့ဂ်ပါ။ အစ်မ မနော်ဟရီ ရဲ့ ဘလော့ဂ်ကိုတော့ ဘာကြောင့် ကြိုက်ရလဲဆိုတာကို ထွေထွေထူးထူး ညွှန်းစရာ လိုမယ် မထင်ပါဘူး။

(၄) http://chaweimahn.myanmarbloggers.info ပါ။ ချောအိမာန်(မန္တလေး) ဆိုတာ လက်ရှိ Mandalay Icon မဂ္ဂဇင်းရဲ့ အယ်ဒီတာပါ။ အရေးအသား ကောင်းတဲ့ စာရေးသူတစ်ယောက်ဖြစ်တာရော၊ မန္တလေးဆိုတဲ့ သံယောဇဉ်နဲ့ပါ အမြဲ ရောက်ဖြစ်တဲ့ ဘလော့ဂ်ပါ။

(၅) http://ahuntphonemyat.wordpress.com ကလည်း တကယ် သွားကြည့်သင့်တဲ့ ဘလော့ဂ် တစ်ခုပါ။ သူလုပ်နေတဲ့ DVB က အင်တာနက် စာမျက်နှာ အစီအစဉ်မှာများ ကျနော့် ဘလော့ဂ်လေးကို ညွှန်းမလား ဆိုပြီး သွားသွား မျက်နှာ ပြရတာလေ (ဟီးဟီး ပေါရဲလိုက်တာနော် ... ဒီလောက် ချာတူးလန်နေတဲ့ ဘလော့ဂ်ကိုများ DVB က ညွှန်းရဦးမတဲ့)။

ကဲ ရေးပြီးပါပြီ။ ဘာကြောင့် ကြိုက်ရလဲ ဆိုတော့ သူတို့တွေက အင်တာနက်ဆိုတာ ဘာမှန်းမသိခင်ကတည်းက ကျွန်တော် ဖတ်ဖူး ကြိုက်ဖူးတဲ့ စာရေးဆရာတွေ မို့လို့ပါပဲ။
ဝက်ဝံလေးရေ ... ကိုနွေဆူးကြီးက အကြည်တော်ရေးတဲ့ လူလည်ကြီးများ ရွာကလားလို့ လာမအော်နဲ့နော်။ ဆရာသော်တာဆွေ ဘာသာပြန်တဲ့ ဘော့ပရစ်တီးလောက်လည်း လူလည် မကျတတ်ပါဘူး။ (အဲဒီစာအုပ် ဖတ်ဖူးလား၊ ရှာဖတ်ကြည့်ကြပါ၊ အရမ်းကောင်းပြီး ရယ်ရတယ်။ ဤကား- ကြေငြာချပ်။ ။) ဆင်ဝှေ့ရန်ရှောင်တဲ့။ အဓိပ္ပါယ် ဘာမှန်း မသိပေမယ့် ကျွန်တော်ကတော့ ပြဿနာဆင်ကြီး အဝှေ့မခံရအောင် ဝေါင်ဝေါင်ရှေး ဝေးဝေးက ရှောင်ပါ၏။
တကယ့် သက်ရှိ ဆင်ကိုသာ အဝှေ့ခံလိုက် ချင်ပါတယ်။ မတော်တဆ တစ်ခုခု အရေးမှားသွားရင် မရှိမဲ့ ရှိမဲ့ သူငယ်ချင်းတွေ အမြင်မကြည် ဖြစ်သွားမှ ဘယ်သူမှ မလာတဲ့ ဘလော့ဂ်ဘ၀နဲ့ ငုတ်တုပ်ကြီး ရှင်နေရမှာ ကြောက်ပါတယ်။ ။

Wednesday, August 26, 2009

မကောင်းဆိုးဝါး

လောက က မှောင်ရတဲ့ အထဲ ...
အနံ့အသက် မကောင်းတဲ့
အဲဒီအပုပ်ကောင်တွေ ....
ငါတို့ကို ချောက်ထဲတွန်းချနေတာ ...
ကြာတော့ ...
ကျလို့ကို မဆုံးတော့ဘူး ....။ ။


ရွာထဲက ထန်းရည်ဝိုင်း


စစ်ပွဲတွေကြားထဲက
အနာဂတ်ကမ္ဘာဟာ
စိုးရိမ်စရာအခြေအနေနဲ့
ရစရာမရှိအောင်ကိုမှောင်တယ်။
အနိုင်အရှုံးဆိုတာကို
လိုချင်သလိုရနေသူတွေနဲ့
မသေချင်ပဲသေနေရသူတွေ
ရှိနေကြဦးမှာပဲလေ။
သန်းခေါင်ကျော်လာရင်တော့
ရွှေရောင်လွှမ်းတဲ့မနက်ခင်းတစ်ခုကို
အရောက်သွားနိုင်ကြလိမ့်မယ်လို့
ရူးကြောင်မူးကြောင်နဲ့ပြောနေကြလေရဲ့။
မောင်တို့ရွာထန်းရည်ဝိုင်းမှာ
အေးအေးလူလူဆူဆူညံညံနဲ့ပဲ
ငမိုက်သားကာလသားတစ်စု
မူးနေတာတောင်မိုက်ကောင်းတုန်း။
ဒီလိုညနေမျိုးဆို
မိုနိုသံစဉ်ကျေးလက်သီချင်းတွေ
ကဒေါင်ကဒင်တီးပြတတ်တဲ့
ရေဘင်အတုနဲ့မယ်ဒလင်သမားကဇာတ်လိုက်။
စီကနဲဆိုချက်ကြီးပါတယ်
ရထားတဲ့လူမိုက်ဘွဲ့နဲ့
ရှိနေတဲ့အရည်အချင်းကအံကိုက်
ရေးထားတဲ့အကြွေးစာရင်းကိုဂရုမစိုက်။
ဒို့ရွာထန်းတောမှာလူစုံရင်
အရည်မရအဖတ်မရတွေပြောရင်း
ရေးကြီးခွင်ကျယ်ကမ္ဘာနဲ့ကိုချီလို့။ ။

(ဆရာစောဝေကိုလေးစားလို့ သူ့လိုကြိုးစားရေးကြည့်တာပါ
ဆရာအမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။)
(ကဗျာလေးကိုဖတ်ပြီးရင် အစဆုံး စာလုံးလေးတွေချည်း
တစ်ခေါက်ပြန်ဖတ်လိုက်ပါဦး)

Tuesday, August 25, 2009

ဉာဏ်စမ်း (အဖြေ)

လာဖြေကြတဲ့သူတွေကိုရော မဖြေတောင် ဖတ်ပေးသွားတဲ့ သူတွေကိုပါ ကျေးဇူးအများကြီးတင်ပါတယ်။ မေးခွန်းလေးတွေက သိပ်မခက်ပေမယ့် ကျွန်တော်စိုးရိမ်တာက ဘာမေးချင်တာလဲ နားမလည်မှာကိုပါ။ ခုတော့ မေးခွန်းကို နားလည်တဲ့ အပြင် မမေသူက တစ်ခုမှန်ပြီး ကိုကိုမောင် ပညာရှိကြီးက နှစ်ခုတောင် မှန်အောင် ဖြေလိုက်လို့ ငါ မေးခွန်းထုတ်တတ်ပြီကွ ဆိုပြီး ၀မ်းသာရပါတယ်။ ( စာမေးပွဲရာသီကျရင် စပေါ့ရိုက်ပြီး လုပ်စားရမယ် ... ငှဲ .. ငှဲ ...)

နံပါတ်(၁) အဖြေကတော့ ...
ဧရာဝတီမြစ်ကြီးအနားမှာ ရှိတဲ့ မြစ်ကြီးနားမြို့နဲ့ တောင်ကြီးပေါ်မှာ ရှိတဲ့ တောင်ကြီးမြို့ပါ။
မမေသူက မြစ်ကြီးနားမှန်ပြီး ကိုကိုမောင်က နှစ်ခုလုံးမှန်ပါတယ်။ မမေသူဖြေတဲ့ အင်းလေးက မြို့ မဟုတ်ပါဘူး။ အင်းနာမည်ပါ။ အဲဒီမှာ ရှိတဲ့ မြို့နာမည်ကလည်း ရွှေညောင်ပါ။ (ရွှေညောင်လား ညောင်ရွှေလား မကွဲပါ။ သိသူဖြေပေးခဲ့ပါ။) နောက် ကိုကိုမောင်ပြောတဲ့ ရေနံချောင်းကိုလည်း စဉ်းစားမိပါတယ်၊ ဒါပေမယ့် ရေနံတွေက မြေကြီးအောက်မှာ ရှိနေလို့ မျက်စိနဲ့ အလွယ်တကူ မမြင်ရတဲ့အတွက် ချန်ထားခဲ့တာပါ။

နံပါတ်(၂)အဖြေကလည်း ကိုကိုမောင် မှန်ပါတယ်။ ကျွန်တော်က ‘က’ငယ်လို့ စဉ်းစားပြီး သူက ‘က’လေးလို့ ဖြေပါတယ်။ သူဖြေသလိုပါပဲ .... ဂငယ်ရှိသလို ဃကြီး ရှိပါတယ်။ နငယ်ရှိသလို ဏကြီး ရှိပါတယ်။ လ ရှိသလို ဠကြီး ရှိပါတယ်။ ကကြီးကတော့ ညီပျောက်နေတဲ့ အစ်ကိုလို မျက်နှာငယ်နေသလို ကျွန်တော် ခံစားရပါတယ်။

နံပါတ်(၃) ကတော့ ကိုကိုမောင် ဖြေထားတာနဲ့ ကျွန်တော် စဉ်းစားထားတာ နည်းနည်း လွဲသွားပါတယ်။
အဖြေကတော့ ရိုးရိုးလေးပါပဲ ... မြ၀တီမင်းကြီး ဦးစဆီမှာ နာရီရှိနေလို့ပါပဲ။ နာရီရှိကြောင်း ပြောချင်တဲ့အတွက် လုပ်ကြံဇာတ်လမ်းလေး ဖန်တီးပြီး မေးခွန်းထုတ်လိုက်ရတာပါ။ ကျွန်တော့်ဇာတ်လမ်းကိုက အဖြစ်မှန်မဟုတ်တဲ့အတွက် ကိုကိုမောင့်အဖြေကို မှားတယ်လို့ သတ်မှတ်လို့ မရပါဘူး။ သူစဉ်းစားတာလဲ ကောင်းပါတယ်။
မြ၀တီမင်းကြီး ဦးစဆီမှာ နာရီရှိကြောင်း အထောက်အထား ပြစရာကတော့ ၁၈၃၆ ခုနှစ်ထဲမှာ ခရစ်ယာန်သာသနာရေး ကိစ္စကို စုံစမ်းဖို့ အင်းဝမှာ တစ်လကြာ နေထိုင်သွားတဲ့ အမေရိကန် နှစ်ခြင်း သာသနာပြုဆရာ မယ်လကွန် ( Malcom) ရေးသားခဲ့တဲ့ စာထဲမှာ မြ၀တီမင်းကြီး ဦးစအကြောင်း ခုလိုပါ ပါတယ်။
“သူသည် ရွှေပိန်းချအစ်တစ်ခုကို ယူ၍ သူရထားသော အင်္ဂလိပ်လုပ် ပစ္စည်းများကို ပြပါ၏။ ထိုအထဲတွင် မင်းကြီး မဟာဗန္ဓုလ မကျဆုံးမီက သူ့ထံပို့သော နာရီတစ်လုံး ပါလေသည်။”

အဖြေတွေကို ပြီးအောင် စိတ်ရှည်ရှည်ဖတ်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ။

Sunday, August 23, 2009

ဉာဏ်စမ်း

ငှက်ငယ်လေး Tag ထားလို့ ရေးစရာရှိနေတဲ့ ဉာဏ်စမ်းကို မေးလိုက်ပါဦးမယ်။ ပျော်စရာ မေးခွန်းလေးတွေပါ။ ခေါင်းကြီးသုံးပြီး အတင်း မစဉ်းစားကြပါနဲ့။ အိုင်ကျူတက်စ် မေးခွန်းကြီးတွေ မေးတတ်လောက်အောင် ကျွန်တော် မတော်ပါဘူး။ ငယ်ငယ်က ဖတ်ဖူးတဲ့ မီးငယ် ဉာဏ်စမ်းပဟေဠိလို ခပ်နောက်နောက် မေးခွန်းလေးတွေပါ။

(၁)
မြန်မာနိုင်ငံမှာရှိတဲ့ မြို့ကြီးတွေထဲမှာ နာမည်နဲ့ အရမ်းလိုက်တဲ့ မြို့ကြီးနှစ်မြို့ ရှိပါတယ်။ ကျွန်တော်စဉ်းစားရသလောက်ပေါ့။ ဒီထက်လည်း ပိုချင်ပိုမှာပါ။ ကျွန်တော်စဉ်းစားထားတဲ့ အဖြေနဲ့ မတူရင်လည်း မှန်နေတယ်ဆိုရင် မှန်တယ်လို့ သတ်မှတ်ပါတယ်။ ကဲ ဘာမြို့တွေလဲ?

(၂)
မြန်မာအက္ခရာ ဗျည်း ၃၃ လုံးထဲမှာ ပျောက်နေတယ်ထင်ရတဲ့ အက္ခရာတစ်လုံးရှိပါတယ်။ အမှန်ကတော့ ပါကိုမပါတာပါ။ တီထွင်တဲ့ ပညာရှိတွေ မေ့ကျန်ရစ်တာလား၊ သေချာမထည့်ခဲ့တာလားတော့ မသိဘူးဗျ။ ဟီးဟီး ။ အဲဒီအက္ခရာမပါတော့ ရှိနေတဲ့ အက္ခရာလေးတစ်လုံးဟာ မျက်နှာငယ်နေတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ကဲ ဘယ်အက္ခရာ ဖြစ်မလဲ?

(၃)
အင်းဝနေပြည်တော်မှာ ဘကြီးတော်ဘုရားလက်ထက်က မြ၀တီမင်းကြီး ဦးစ ရှိပါတယ်။ တစ်ရက်မှာ နာရီမောင်းတီးတဲ့သူဟာ အချိန်နဲနဲလွဲသွားပါတယ်။ အဲဒီခေတ်က အချိန်သိနည်းက ရေဖလားကြီးထဲမှာ ရေဖလားအသေးလေးတစ်လုံးကို အပေါက်ဖောက်ပြီး ထည့်ထားပါတယ်။ ဖလားအသေးလေးထဲကို ရေအပြည့်ဝင်ပြီး နစ်သွားရင် နာရီမောင်းတစ်ချက်တီးရပါတယ်။ အကြမ်းဖျင်း တစ်နာရီလောက်ရှိမယ်လို့ ကျွန်တော့်ဟာ ကျွန်တော် သတ်မှတ်ပါတယ်။ မှတ်ကရော ... ဟီးဟီး။ အဲလို အချိန်နဲနဲ လွဲသွားတာကို မြ၀တီမင်းကြီး ဦးစ သိသွားလို့ အဲဒီမင်းချင်း အဆဲခံရပါတယ်တဲ့။ ကဲ ကျွန်တော်သိချင်တာ မြ၀တီမင်းကြီး ဦးစဟာ ဘယ်လိုများ အချိန်လွဲတာ သိသွားပါလိမ့်?
သမိုင်းစာအုပ်တွေ လှန်မရှာကြနဲ့ဦးနော်။ ဘယ်ထဲမှာမှ မပါဘူး။ ကျွန်တော့်ဟာကျွန်တော် လျှောက်တွေးထားတာ။ တကယ့်အဖြစ်အပျက်လည်း မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်အဖြေပေးရင်တော့ သမိုင်းကို အခြေခံပြီး ပေးပါ့မယ်။ ယုတ္တိရှိရှိလေးပေါ့ ... ဟီးဟီး။

ကဲ ငှက်ငယ်လေးရေ ... ကျေနပ်တယ်နော်။ လာတဲ့သူ အပေါင်း ကျွန်တော်ရူးကြောင်ကြောင် စဉ်းစားထားသမျှကို ကူပြီး အုန်းစားပေးကြပါဦး။

Wednesday, August 19, 2009

တောမီးလောင်ခြင်း ဒဿန

“မီးဗျို့ ! မီး ... မီး ...!!!”
ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ခြေဦးတည့်ရာ ပြေးလွှားနေတဲ့ တိရစ္ဆာန်တွေရဲ့ အသံနဲ့အတူ တောမီးမလောင်တာကြာလို့ ပျင်းရိနေတဲ့ တောကြောင်တစ်ကောင် လန့်နိုးလာတယ်။
အားရ၀မ်းသာပဲ လက်ခမောင်းခတ်ဖို့ ပြင်ဆင်လိုက်တယ်။
အဲဒီအချိန်မှာပဲ .....
‘ ၀ုန်း ! ... ’
“အား !!!”
တောမီးက သူ့ကိုပါ ၀ါးမျိုသွားတယ်။
မီးလောင်နေတာက သူနဲ့ နီးနီးလေး ...။ ကိုယ့်ပတ်ဝန်းကျင်ကိုမှ မစူးစမ်း မလေ့လာသေးပဲ တောမီးလောင်တိုင်း လက်ခမောင်းခတ်ချင်နေတဲ့ တောကြောင် ... မီးလောင်ခံရတာတောင် နည်းသေး။ ။

ဒီဝတ္တုတိုလေးနဲ့ အတူ ဘလော့စလုပ်လုပ်ချင်း တင်ခဲ့ဖူးတဲ့ ၀တ္တုတိုလေးတစ်ပုဒ်ပါ ပြန်တင်ပေးလိုက်ပါတယ်။ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည်ပေါ့ဗျာ။

ကိုယ်ကျိုး

ကယ်တင်ချင်ယောင်ဆောင်ထားသောမာရ်နတ်ကပြောလိုက်သည်...
"ခင်ဗျားတို့မြို့ကိုအလင်းရောင်တွေပေးဖို့ ကျွန်တော်လာခဲ့တာ..."
မြို့သူမြို့သားများကလည်း အထင်တကြီးနှင့် ယုံကြည်ကိုး ကွယ်မိကြလေသည်။
မာရ်နတ်က မီးပုံကြီးတစ်ခု ဖန်ဆင်းလိုက်၏။
" ဟုန်း !!!"
လင်းတော့လင်းပါသည်။ သို့သော် မာရ်နတ်နှင့် ပတ်ဝန်းကျင်အနည်းငယ်သာအလင်းရောင်ရကြ၍ ကျန်သောမြို့သူမြို့သားများမှာ အလင်းစအနည်းအကျဉ်းနှင့် မှုန်ပျပျမျှသာ။ ။

... ... ...

Sunday, August 16, 2009

စာမေးပွဲ ကျတဲ့နေ့

အဲဒီနေ့က ...
သုညတွေ မွန်းကျပ်နေကြတယ် ...။

မျက်လုံးပေါင်းများစွာ ၀မ်းသာ ၀မ်းနည်း
ကြေကွဲ ဆွေးမြေ့ ပျော်ရွှင် ကြည်နူး
ငါ့အိပ်မက်တွေ ရေဖြစ်တဲ့နေ့ ...
ငါ့ကျိန်စာတွေ သီချင်းလုပ်ဆိုတဲ့နေ့ ...။

အမှိုက်အိတ်ကြီးလို ခံစားရတယ် ...
အသုံးမကျတဲ့ အရာတွေ အထည့်ခံရပြီး
နောက်ဆုံးကျ ကိုယ်တိုင် အမှိုက်ဖြစ်ရတာပဲလေ။

ငါက ဖိနပ်တစ်ဖက်လား? ဖျာတစ်ချပ်လား?
ဓါးတစ်ချောင်းလား? ဂစ်တာတစ်လက်လား?
မိုးတိမ်တစ်စလား? ကြယ်တစ်စင်းလား?
အဲဒီနေ့က ငါ့စိတ်တွေ မရေမရာနဲ့
ရေရေရာရာပဲ အောက်ဆုံးကို လွှင့်မျှောပြုတ်ကျ ...။

ငါဘာမှားလို့လဲလို့
ကိုယ့်ကိုကိုယ် ပြန်မေးလို့ မရလောက်အောင်
ကံကြမ္မာက ကျယ်လွန်းတယ်။

ဘုရားသခင်က ကြွေအံ မကစားပေမယ့်
အဲဒီနေ့က နတ်ဆိုးတွေ နိုင်သွားကြတာ သေချာပါတယ်။ ။

Tuesday, August 11, 2009

သူငယ်ချင်း ၀တ္တုတိုလေးများ


နိဒါန်း
သတိပေးချက် ။ ။ ဤအရာသည် ၀တ္တုတစ်ပုဒ် ဖြစ်ပါသည်။ ထို့ကြောင့် သင်တို့၏ သိပ္ပံနည်းကျ အတွေးအခေါ်များအား အပြင်ဘက်၌ ခတ္တခဏ ချွတ်ထားခဲ့ကြပါကုန်။

(၁)
ဆေးစက်ရောင်စုံ စွန်းထင်းနေတဲ့ ခပ်ညစ်ညစ် ပန်းချီကားလေးတစ်ချပ်နဲ့ အဖြူရောင်သက်သက် ရှင်းသန့် စင်ကြယ်တဲ့ ပန်းချီကားလေးတစ်ချပ်တို့ သူငယ်ချင်း ဖြစ်သွားကြတယ်။
“ငါနဲ့ ဝေးဝေးနေပါလားကွာ ... ခပ်ညစ်ညစ်ဆေးစက်တွေ နင်ရဲ့ အဖြူရောင်ထဲကို စွန်းပေသွားမှာ မကြောက်ဘူးလား ....”
“ဖြစ်နိုင်ရင် .... နင့်ရဲ့ ဆေးစက်တွေကိုတောင် ငါ ဝေမျှ ယူချင်ပါတယ် ....”

(၂)
ထိုကောင်လေးနှင့် ကောင်မလေးသည် သူငယ်ချင်းများ ဖြစ်ကြ၏။
ကောင်လေး ။ ။ “ဟိတ် ... နင်သိလား”
ကောင်မလေး ။ ။ “ဘာလဲ?”
ကောင်လေး ။ ။ “ပင်လယ်ကြီးနဲ့ ကောင်းကင်က သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေတဲ့ဟ”
ကောင်မလေး ။ ။ “ဟုတ်လား! ဘယ်တုန်းက သူငယ်ချင်း ဖြစ်သွားတာလဲ?”
ကောင်လေး ။ ။ “ကြာပြီဟ ... ကမ္ဘာဦးအစကတည်းကပဲ”
ကောင်မလေး ။ ။ “နင်က ဘယ်လို သိတာလဲ?”
ကောင်လေး ။ ။ “သူတို့က အင်္ကျီ ဆင်တူလည်းဝတ်တယ် ... ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် မျက်စိအောက်က အပျောက်မခံကြဘူးလေ ...”

(၃)
ထိုကောင်လေးနှင့် ကောင်မလေးသည် သူငယ်ချင်းများ ဖြစ်ကြ၏။
ကောင်လေး ။ ။ “ဟိတ် ... နင်သိလား”
ကောင်မလေး ။ ။ “ဘာလဲ?”
ကောင်လေး ။ ။ “နေ့အလင်းနဲ့ ညအမှောင်ကလည်း သိပ်ချစ်တဲ့ သူငယ်ချင်းတွေပဲတဲ့”
ကောင်မလေး ။ ။ “ ဟုတ်လို့လားဟာ ... နင်ကလည်း ... အလင်းနဲ့ အမှောင်က ဘယ်တုန်းကများ မျက်နှာချင်းဆိုင်လို့ ရလို့လဲ ...”
ကောင်လေး ။ ။ “ငါပြောတာက အလင်းနဲ့ အမှောင်မဟုတ်ဘူး ... နေ့ရဲ့ အလင်းနဲ့ ညရဲ့ အမှောင်ကို ပြောတာ ...”
ကောင်မလေး ။ ။ “ ထားပါတော့ ... ဘယ်တုန်းက ဖြစ်သွားတာလဲ?”
ကောင်လေး ။ ။ “အဲဒါလည်း ကမ္ဘာဦးအစကတည်းကပဲတဲ့ဟ”
ကောင်မလေး ။ ။ “လုပ်ပြန်ပြီ ... နင်က ဘယ်လို သိတာလဲ?”
ကောင်လေး ။ ။ “နင်ကြည့်ပါလား ... ညတစ်ခုကုန်လို့ နေ့တစ်နေ့ကို ရောက်တော့မယ်ဆိုရင် အလင်းရောင်က ၀ုန်းကနဲ ရောက်မလာဘူးလေ ... တဖြည်းဖြည်း မှောင်ရာကနေ လင်းလာတယ် ... အဲဒီလိုပဲ ညအမှောင်ကလည်း ညရောက်တော့မယ်ဆိုရင် တဖြည်းဖြည်းပဲ လင်းရာက မှောင်သွားတယ် မဟုတ်လား ...”
ကောင်မလေး ။ ။ “ ဟုတ်သားပဲ ... အဲဒါနဲ့ သူတို့က သူငယ်ချင်း ဖြစ်ရောလား ...”
ကောင်လေး ။ ။ “ ဒီလိုဟ ... သူတို့က သူငယ်ချင်းတွေဆိုပေမယ့် အတူယှဉ်တွဲပြီး နေလို့မရဘူးလေ ... တစ်ယောက်ရောက်လာရင် တစ်ယောက်က ထွက်သွားရမှာ မဟုတ်လား ... အဲဒါနဲ့ တစ်ယောက်ကို တစ်ယောက် ငဲ့ညှာပြီး နေ့အလင်း လာရင်လည်း ဖြည်းဖြည်းလေးလာတယ် ... အဲဒါမှ ညအမှောင်ကလည်း ဖြည်ဖြည်းလေး ထွက်သွားရမယ်လေ ... ညရောက်တော့မယ် ဆိုရင်လည်း ဒီလိုပဲလေ ... သူတို့ နှစ်ယောက်က အရမ်းခင်ကြတော့ အဲဒီလို မျက်နှာချင်း ဆိုင်လို့ရတုန်းလေးခဏမှာ စကားတွေ အများကြီး ပြောကြတယ်တဲ့ ...”

(၄)
ထိုကောင်လေးနှင့် ကောင်မလေးသည် သူငယ်ချင်းများ ဖြစ်ကြ၏။
ကောင်လေး ။ ။ “ဟိတ် ...”
ကောင်မလေး ။ ။ “ဘာလဲ?”
ကောင်လေး ။ ။ “ဒီနေ့ နင့်မွေးနေ့မဟုတ်လား”
ကောင်မလေး ။ ။ “ဟုတ်တယ်လေ ...”
ကောင်လေး ။ ။ “ရော့ ... နင့်အတွက် မွေးနေ့လက်ဆောင်”
ကောင်မလေး ။ ။ “ ပေး .....”
ထိုကောင်မလေးသည် ကောင်လေးပေးသော မွေးနေ့လက်ဆောင်ကို ယူ၍ ဖွင့်ကြည့်လိုက်လေသည် .....။

(၅)
ကောင်မလေး မွေးနေ့အတွက် သူ့သူငယ်ချင်း ကောင်လေး ပေးသော မွေးနေ့လက်ဆောင်မှာ ..... ..... ..... ..... .....
သင်လည်း ဖတ်ပြီးပါပြီ။

နိဂုံး
ဤတွင် ၀တ္တုပြီး၏။ သင်တို့၏ သိပ္ပံနည်းကျ အတွေးအခေါ်များအား မမှားအောင် သေချာဂရုတစိုက်စီး၍ ပြန်ကြပါကုန်။ ။


Wednesday, August 5, 2009

တာရာမင်းဝေ =

သူဟာ လမ်းပြသူသက်သက်မဟုတ်ဘူး
..... ..... လမ်းဖောက်သူဖြစ်တယ် .....။
သူဟာ နောက်လိုက်တစ်ယောက်မဟုတ်ဘူး
..... ..... ဦးဆောင်သူဖြစ်တယ် .....။

ပလေတိုရဲ့ မှန်ကွဲစတွေပေါ်
နင်းကျော် ဖြတ်လျှောက်ရင်း
ရှေ့ဆုံးက သွားနှင့်သူ .....
ကြယ်မြင် လမြင် လောကဓံကို
ဟားတိုက်ရယ်မောရင်း
ကျောက်သားပေါ် ထွင်းထုခဲ့တဲ့
လူငယ်တစ်ယောက်ရဲ့ ရာဇ၀င် .....။

သူဟာ ပန်းတစ်ပွင့်မဟုတ်လို့
နောက်တစ်ကြိမ် ပြန်ပွင့်ခွင့် မရပေမယ့်
ထာဝရ မွှေးပျံ့နေမယ့် ရနံ့တွေကို
ကမ္ဘာမြေအတွက် ချန်သွားခဲ့သူ .....။

သူပြောခဲ့တဲ့ စကားအတိုင်း
သူဟာ အနုပညာသမား မဟုတ်
သူကိုယ်တိုင်က အနုပညာ ဖြစ်တယ် ....။

တာရာမင်းဝေ = အနုပညာ
အနုပညာ = ထာဝရ ရှင်သန်ခြင်း
တာရာမင်းဝေ = ထာဝရ ရှင်သန်ခြင်း ။ ။

(ဆရာတာရာမင်းဝေ ကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အမှတ်တရ)

ဒီကဗျာလေးနဲ့အတူ ဟိုးတုန်းက ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ အလွမ်းပြေ တင်ပေးလိုက်ပါတယ်။ အဲဒီကဗျာလေးကတော့ ကိုအောင်ဒင် စီစဉ်တဲ့ တာရာမင်းဝေ အမှတ်တရ စာစုများ စာအုပ်ထဲမှာ ပါတဲ့ ကဗျာလေးပါ။

ထာဝရလင်းမယ့် တာရာသို့

ဆိုင်းသံဗုံသံမပါပဲနဲ့
ခင်ဗျားထွက်သွားတဲ့နေ့က
မိုးတွေညို့နေလိုက်တာ...။

တာဝန်ကျေခဲ့ပါတယ်ဆိုတာထက်
ပိုပြီးတန်ဖိုးရှိအောင်
ခင်ဗျားနေထိုင်ခဲ့တာပါ။

လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေ
မိုးလိုခေါင်နေတဲ့ခေတ်မှာ
ခင်ဗျားတီးပြခဲ့တဲ့ဗုံသံတွေက
အားမာန်အစစ်ဖြစ်စေခဲ့တယ်။

အလံမထူခဲ့တဲ့လက်တွေနဲ့
ဘယ်လက်ထဲမှာဝှက်ထားတဲ့ပုံပြင်တွေကို
မပြောနိုင်တော့ပေမယ့်
မနက်ဖြန်မှာထားခဲ့တဲ့
ခင်ဗျားရဲ့မျက်နှာကို
အဆုံးမရှိအနာဂတ်များစွာတိုင်
လူနံပါတ် ၁၃ အဖြစ်နဲ့
မြင်ယောင်နေကြဦးမှာပါ...။

ခင်ဗျားရေးခဲ့တဲ့
သံသရာတေးသွားထဲကလို
ယမမင်းဆီမှာ နီကိုရဲနဲ့တွေ့ရဲ့လား?
ဒါပေမယ့်သေချာပါတယ်
ခင်ဗျားက ဘယ်သူ့ရဲ့ထိုင်ခုံကိုမှ
အတင်းအဓ္ဓမ မလုခဲ့ဘူးဆိုတော့
ကောင်းရာမွန်ရာကိုပဲရောက်ရမှာပေါ့...။

ခင်ဗျားထားခဲ့တဲ့
ကျနော်တို့နေတဲ့နိုင်ငံက
ခင်ဗျားမမြင်လိုက်ရတဲ့
ရွှေဝါရောင်တော်လှန်ရေးအကြောင်း
ခင်ဗျားကိုပြောပြချင်လိုက်တာ။

အာဏာရူးဖက်ဆစ်လက်သစ်တွေရဲ့
ရက်စက်မှုတွေ ... ရိုင်းပျမှုတွေ ...
အို...အစ်ကိုရွှေဘုန်းလူ
ကြုံတဲ့အခါခင်ဗျားရဲ့အိပ်မက်တွေနဲ့
မြင်းစီးထွက်ပြီးကြည့်လှည့်ပါဦး။ ။

(ဆရာ တာရာမင်းဝေ သို့ အမှတ်တရ)