Friday, August 29, 2014

ပြည်ထောင်စု သမ္မတ ယောရုဝ နိုင်ငံတော်





ရှေ့က ရောက်လာသူကိုရော … နောက်မှ ရောက်လာသူကိုပါ ယမမင်းက မေးတယ် …

“ ကဲ … ပြောပါဦး … မင်းတို့ကို ရူးသွားစေလောက်တဲ့ အရာက … ဘာလဲ ? ”
နှစ်ယောက်လုံးက တပြိုင်တည်း ပြန်ဖြေတယ် …

“ …. အာဏာပါ … ”

အားလုံး တိတ်ဆိတ်သွားတယ် …။ နောက်မှ …

“ တောက် … ”
ယမမင်းက `တက်´ ခေါက်တယ် …။

သူတို့ နှစ်ယောက်ကို မသတီသလို ကြည့်ရင်း …

“ ငါတစ်ယောက်တည်းရဲ့ ဆန္ဒ အရဆိုရင် မင်းတို့ မလွယ်ဘူး ” “ ခုတော့ … ဟင်း … ”

ဟိုလူနှစ်ယောက်ကလည်း ပြိုင်တူလိုလို ပြန်ပြောပါတယ် …

“ ခုတော့ … ဘာဖြစ်လို့လည်းဗျ … အဘ ရှိတာပဲဗျာ … ဟဲ ဟဲ ”
ယမမင်း ဒေါသ ထွက်သွားပါတယ် …။
ဟိုလူ နှစ်ယောက်ကိုလည်း ပြန်ဟောက်ပါတယ် …
“ ဟေ့ကောင်တွေ … မင်းတို့ အဘက ကျန်ခဲ့ပြီကွ …
မင်းတို့ အဘကို ပြန် တ နေရမယ့် ခေတ် မဟုတ်တော့ဘူး ”

ဟို နှစ်ယောက် နည်းနည်း အံ့ဩသွားတယ် …။
နောက်တော့မှ … နားလည်သွားသလိုလိုနဲ့ အနားမှာ ရှိတဲ့ တပည့်ကိုယ်စီကို ခေါင်းငြိမ့်ပြလိုက်တယ်။

(ထိုအခါ …
လူနှစ်ယောက် ထွက်လာပြီး … ကိုယ်စီ ကိုင်ထားသော ဆာလာအိတ်များထဲမှ US ဒေါ်လာများကို ထုတ်၍ လမ်းသဖွယ် ခင်းကျင်း လိုက်သည်။)

တဒင်္ဂတော့ ယမမင်းကြီး မင်သက်သွားတယ်။
နောက်မှ သတိရပြီး …

“ မင်းတို့ … ဘာလုပ်တာလဲ ? ”

ဟိုနှစ်ယောက်ကလည်း အရင်လို လေသံနဲ့ပဲ ပြန် ရယ်ပြကြပါတယ် …

“ ဟဲဟဲ … ဟဲဟဲ ”

“ တောက် … ”

ယမမင်းကြီးက ဒေါ်လာတွေကို ကြည့်ရင်း `တက်´ ထပ်ခေါက်တယ်။
လေသံနည်းနည်း ပျော့သွားရင်း …

“ ငါတစ်ယောက်တည်းရဲ့ ဆန္ဒအရ ဆိုရင် … မင်းတို့ … ကွာ ”

ယမမင်းကြီး တစ်ခုခုကို အလိုမကျ ဖြစ်နေတဲ့ အသံနဲ့ ပြောတယ်။
ဟိုနှစ်ယောက်ကလည်း အဆင်ပြေပြီ ထင်ပြီး … ဟဲဟဲ … ဟဲဟဲ နဲ့ ထပ်ရယ်ပြနေကြတယ်။

“ ဒါပေမယ့် … ”

ယမမင်းကြီးဆီက အသံ ထွက်လာတယ်။
ဟိုနှစ်ယောက် ငြိမ်သွားတယ်။
ယမမင်းကြီးက ဆက်ပြောတယ် …

“ လွှတ်တော်ကို တင်ပြ ရဦးမယ် … ”

“ ဗျာ … ”     “ ဗျာ … ”

ဒီတခါတော့ ဟိုနှစ်ယောက် တပြိုင်တည်း အသံ မထွက်နိုင်တော့ဘူး။ ကြောင်းတူ သံကွဲ ဖြစ်သွားတယ်။
အဲဒီမှာ ယမမင်းကြီးက မလုံမလဲအသံနဲ့ မိန့်ခွန်းရှည်ကြီး ပြောချလိုက်တော့တယ် …

“ မိဘ ပြည်သူများ ခင်ဗျား … ဟဲဟဲ … ဟဲဟဲ … ဟဲဟဲ … … ” ။      

(ရေးထားတာတော့ ကြာလှပြီ။ ခုမှ အောက်ဆုံးမှာ နဲနဲ အက်ဒစ်ပြီး ဘလော့ဂ်ဒေး အမှတ်တရ တင်ဖြစ်ပါတယ်။)

Tuesday, March 18, 2014

လက်လွတ်စပယ် ပြောတတ်သူများ

  
ကျနော် တော်တော်နာမည်ကြီးပြီးသည့်နောက်မှာ ကျနော့်နောက်သို့ လူတော်တော်များများ လိုက်လာကြလေသည်။
     ကျနော် ကိုင်လိုက်လျှင် ရွှေတောင် ရွှံ့ ဖြစ်သည်ဟုပင် နာမည်ကြီးနေသော ကျနော်၏ ခေတ် ဖြစ်နေပါသည်။
     (ထိုအချိန်ကာလက ရွှံ့များ အတော်ရှားသွား၍ ဈေးကောင်းရသောနှစ် ဖြစ်လေသည်။ ရွှံ့ဖြစ်ရာနေရာ လယ်မြေများလည်း မရှိတော့လောက်အောင် ရှားပါးသွားလေပြီ။)
     ထုတ်ဝေသူ တချို့ လာကြသည်။
     ဂျာနယ်လစ် တချို့ လာကြသည်။
     အယ်ဒီတာ တချို့ လာကြသည်။
     “ဆရာရယ် ... ဆရာ ရေးပြီးသမျှစာကို ကျနော် လာယူပါ့မယ်။ ဆရာ ရေးပြီးသမျှကို ကျနော်တို့ ထည့်ပါ့မယ် ဆရာ”
     ဒါတော့ လွန်ပြီ။ ကျနော် တော်တော် တင်း သွားသည်။
      (သို့ ... ဒါရိုက်တာ ... ဤနေရာတွင်အေသင်ချိုဆွေ၏ သီချင်းကို ဇာတ်ဝင်သီချင်းအဖြစ် မထည့်ဖို့ အနူးအညွတ် မေတ္တာရပ်ခံပါသည်။ ဤအကွက်များသည် ရိုးလွန်းနေပြီ ဖြစ်သည့်အတွက် သင်ထည့်မိလျှင် ကျွန်ုပ် ကိုယ့်ကိုကိုယ် သတ်သေသွားနိုင်သည်ဟု ကျွန်ုပ်ကို ကျွန်ုပ် အသက်အန္တရာယ် ခြိမ်းခြောက်စာ ပို့ပြီး ဖြစ်သည်။)
     “ခင်ဗျားတို့ လက်လွတ်စပယ် မပြောကြနဲ့ဗျ ... ကျနော် ရေးသမျှ ထည့်မယ် ဟုတ်လား? ... ကျနော်က စိတ်မထင်ရင် မထင်သလို ခံစားမိတဲ့အတိုင်း သီချင်းစာသားတွေ ချရေးနေမိတဲ့ အချိန်တွေလည်း ရှိတယ်ဗျ။ ... ကဲ ... အဲဒါတွေရော ခင်ဗျားတို့ ထည့်မှာလား ...?”။     ။

    

Tuesday, March 4, 2014

ဖြတ်လမ်း

ငါ့ကို ခွင့်လွတ်ပါ ... ကဗျာ ရယ် ...။

မိုး ..... ဆိုတော့လည်း ...
... ငါ့ စိတ်တွေ ... ရွဲတယ်။

ပြန်မက်ချင်စရာကောင်းတဲ့
အိပ်မက်ဟောင်း တစ်ပုဒ်တလေလောက်တောင်
ငါ့ ဒိုင်ယာရီထောင့်မှာ ခိုကပ်မနေဘူး။

ခပ်ယိုင်ယိုင် ဘဝလေးကို
ခိုင်မတ်အောင် ကျောင်းနေရတာနဲ့တင်
စကားတွေလည်း နာခဲ့ပြီ။

တံခါးတွေကို လိုက်ရှာဖွေသူဟာ
သော့ကို ရှာဖို့ မေ့လျော့ .....။

နောက်ဆုံးတော့ ...
မော/တိုးလျစွာ ကံကြမ္မာကို မေးမယ် ...
သေခြင်းကို သွားဖို့ရာ ...
ဘယ်လမ်းက ... အနီးဆုံးလဲ?။     ။