Showing posts with label ကပေါက်တိ ကပေါက်ချာ ရေးတဲ့စာ. Show all posts
Showing posts with label ကပေါက်တိ ကပေါက်ချာ ရေးတဲ့စာ. Show all posts

Saturday, October 26, 2024

လွန်ခဲ့တဲ့ ၁၁ နှစ်‌ကျော်က VOA ကပြောတဲ့ ကျနော့်အကြောင်း

Depression ဆိုတာ ဘာမှန်း မသိခဲ့ဘူး။
မျိုးကျော့မြိုင် သီချင်းထဲက Depression တွေ ဝင်လေလေ ဆရာဝန်တွေဆီ ပြေးသွားဆိုတဲ့ စာသားပဲ ကြားဖူးခဲ့တာ၊ Depression ဘာမှန်း သေချာ မသိခဲ့ပေမယ့် အခု ပြန်စဉ်းစားကြည့်တော့ အချိန်တစ်ခုမှာ ကျနော် Depression တွေ ဝင်ခဲ့တာ သေချာတယ်။

အဲဒီ ကာလ၊ 2012 လောက်ကစပြီး လမ်းတွေပျောက်၊ Depression တွေ ဝင်နေတဲ့ ကာလ၊
VOA က ကိုဇော်ဝင်းလှိုင်က Blog လေးဝင်ကြည့်မိပြီး အင်တာဗျူးချင်လို့တဲ့ email တွေ့တယ်။ တကယ်တော့ အဲဒီအချိန်မှာ ကိုယ်က ဘာမှ မဟုတ်တာ၊ ဗျူးမယ်ဆိုတော့လည်း ဗျူးပေါ့။ ဘာတွေ ပြောမိမှန်းလည်း မသိဘူး၊ ကိုယ့်ဘာသာကိုယ် အမြီးအမောက် မတည့်မှန်းလည်း သိတယ်။ ဖြေပြီးတဲ့အချိန်မှာ ဘာမှလည်း ထပ်ပြီး မဆက်သွယ်ခဲ့တော့ မသုံးဖြစ်ဖူးလို့ ထင်ပြီး ထားလိုက်တာပဲ။ စိတ်လည်း မဝင်စားနိုင်တဲ့ အချိန်လေ။ နောက်ပိုင်း မေ့တောင်နေပြီ။ ကိုယ်စိတ်ဝင်စားတဲ့ နိုင်ငံရေးက ကိုယ့်တာဝန် ပြီးပြီထင်လို့ ဘာမှလည်း စိတ်မထည့်မိတော့ဘူး။ နို်ငံရေး ဖြစ်စဉ်တွေ သိနေ တွေ့နေပေမယ့် ကိုယ်နဲ့ မဆိုင်သလိုပဲ နေလာခဲ့မိတာ။
ဒီလိုနဲ့ အမြစ်မပြတ်ခဲ့တော့ ငါလည်း နိုင်သလောက် လုပ်ရဉီးမှာပါလားလို့ သိပြီး လုပ်ပေမယ့် အရင်ကလို စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး။ အရာရာ နောက်ကျနေလို့ အမှီလည်း မလိုက်နိုင်ပြန်။ လူငယ်တွေကို ကြည့်ပြီး အားပေးခဲ့ အားရခဲ့ရတာပါပဲ။
ဒီလိုအချိန်ထဲမှာပဲ 2022 လောက်ကလား မသိဘူး။ VOA က Link လေး ပြန်ရှာတွေ့တာ။ လွှင့်ဖြစ်တာလား မလွှင့်ဖြစ်တာလားလဲ မသိပါဘူး။ အမှတ်တရအနေနဲ့ တွေ့လို့ သိမ်းမိ၊ ဘာရယ်မဟုတ်‌တောင် အနည်းဆုံးတော့ ဟာသအနေနဲ့  ကိုယ့်ကိုကိုယ် ပြန်ရယ်လို့ ရတယ် မဟုတ်လား 😁


Thursday, March 24, 2011

မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်

ဟိုတလောက ELEVEN ဂျာနယ်မှာ ဆောင်းပါးလေး တစ်ပုဒ်ဖတ်မိပြီး စဉ်းစားမိတာလေး ပြောပါရစေ။

ဒီလိုဗျ ...။

၂၀၁၁ နိုဝင်ဘာလမှာ SEA Games ဆိုတဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး လာတော့မယ်လေ။ ၂၀၀၀ ခုနှစ်နောက်ပိုင်း အိမ်ရှင်နိုင်ငံတွေဟာ အိုလံပစ်အားကစားနည်းတွေ မဟုတ်တဲ့ ရိုးရာအားကစားနည်းတွေကို ထည့်သွင်းပြီး ရွှေတံဆိပ်တွေ ယူကြတယ်တဲ့ဗျ။ ပြီးတော့ သူတို့ဆုမရနိုင်တဲ့ အိုလံပစ်အားကစားနည်းတွေကိုလည်း ဖြုတ်ထားတတ်တယ်တဲ့ဗျ။ ဒီလိုနည်းနဲ့ အိမ်ရှင်နိုင်ငံတွေက နိုင်ငံအလိုက် ရပ်တည်မှုထိပ်ဆုံးနေရာကို ယူတတ်ကြတယ်တဲ့။

ထားပါတော့ ....။ ကျနော်ပြောချင်တာက ၂၀၁၁ မဟုတ်ပါဘူး။ ၂၀၁၃ SEA Games ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာလေ။ အဲဒီအခါ ကျနော်တို့လည်း ရွှေတံဆိပ်တွေ ကြံဖန်ယူဖို့ လိုလာပြီ မဟုတ်လား။ အဲဒါကြောင့် ရိုးရာအားကစားနည်းဖြစ်မယ်ထင်တဲ့ ဟာလေးတွေကို ဉာဏ်မှီသလောက် စဉ်းစားကြည့်မိတယ်ဗျ။

၁။ ခေါင်းအုံးရိုက်ပြိုင်ပွဲ
(ဝါးလုံးတန်းပေါ် တက်ပြီး တစ်ယောက်နဲ့တစ်ယောက် ခေါင်းအုံးနဲ့ ရိုက်ရတာလေ။ အောက်ကျသူအရှုံး ...)

၂။ ချောတိုင်တက်ပြိုင်ပွဲ
(ဒါတော့ မြင်ဖူးကြမှာပါ ...)

၃။ပုဆိုးကွင်းစွပ် အပြေးပြိုင်ပွဲ
(နှစ်ယောက်တွဲ ပြိုင်ပွဲပေါ့ ... ဒါလဲ မြင်တယ်မဟုတ်လား ...)

၎။ ထုပ်ဆီးတိုး ပြိုင်ပွဲ
( အသင်းလိုက် အားကစားနည်းပေါ့ဗျာ ...)

၅။ ဇယ်ခုံပြိုင်ပွဲ
(လက်တောက်ခုံပေါ့ဗျာ ... စနူကာနဲ့ ဘိလိယက်ပြိုင်ပွဲကို ဖြုတ်မယ်ဗျာ ... အမယ် .. ခုနောက်ပိုင်း လက်တောက်ခုံတွေကလည်း pool table တွေလို ကျင်းခြောက်ကျင်း ဖြစ်နေပြီဗျ ..)

၆။ ကျားထိုးပြိုင်ပွဲ
(ဒါလည်း အတူတူပဲလေ ... စစ်တုရင်ပြိုင်ပွဲကို ဖြုတ်မယ် ...)

ပြီးတော့ ...
မြန်မာတွေ ဆုမရနိုင်မယ့် အားကစားနည်းတွေကိုလည်း အရှက်မရှိ ဖြုတ်ဖို့ လိုမယ်ဗျ။ ခု လာမယ့် အင်ဒိုနီရှား SEA Games မှာ သူတို့ ဆုမရနိုင်တဲ့ အမျိုးသမီး ဘော်လုံးပြိုင်ပွဲကို ဖြုတ်သလို ကျနော်တို့လည်း အမျိုးသားဘော်လုံးပြိုင်ပွဲကို ဖြုတ်ထားဖို့ လိုမယ် :-)

ဒါပါပဲဗျာ...
ကျနော့် စာကို ဖတ်မိတဲ့ သူတွေကလည်း စဉ်းစားမိသမျှ ရိုးရားအားကစားနည်းလေးတွေကို ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ် ...။ ။

Friday, March 11, 2011

အရည်မရ အဖတ်မရများ

၁။ လတ်တလော ကျနော့် နေ့စဉ်အလုပ်

မနက်တိုင်း သတင်းစာဖတ်၍ ရယ်မောခြင်း
(ရယ်သောသူ အသက်ရှည်၏တဲ့ ... လိုက်လုပ်ကြည့်ပါလား ....။)


၂။ လွှတ်တော် အစည်းအဝေးဆိုသည်မှာ

(က) လတ်တလောတွင် စာပေစိစစ်ရေးလုပ်ငန်းသည် ၎င်းအစည်းအဝေးသို့ ရောက်ရှိနေခြင်း

(ခ) လိမ်ထားသည်များကို ထပ်မံအတည်ပြုခြင်း

(ဂ) အစီအစဉ် ရှိမရှိဟူသော အဆိုများကို နောင်လာမည့် အစိုးရသစ်ဝန်ကြီးများကမဟုတ်ပဲ မကြာခင် နှုတ်ထွက်ရတော့မည့် လက်ရှိအစိုးရ ဝန်ကြီးအဟောင်းများက ပြန်လည်ရှင်းလင်း၍ ကတိများပေးနေခြင်းကြောင့် ဟာသလွှတ်တော် ဖြစ်နေခြင်း


၃။ မျှဝေခြင်း

(၁၁.၃.၂၀၁၁ ထုတ် မြန်မာ့အလင်း သတင်းစာမှ ခေါင်းကြီး ...)

သတင်းစာစောင်ရေ နေ့စဉ် သုံးသိန်းကျော်၊ တစ်လလျှင် ကိုးသန်းကျော်နှင့် တစ်နှစ်လျှင် စောင်ရေ တစ်သန်းကျော် ဖြုန်းတီးလျက်ရှိ

မြန်မာ ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ၊ အသိဗဟုသုတများ၊ ဖျော်ဖြေမှုများကို ကမ္ဘာ့ပြည်သူများနည်းတူ မပြည့်မဝ ရရှိခံစားနိုင်
(ကျနော်က မျက်လုံးမကောင်းဘူး ...။)


၎။ ချင်းအမျိုးသားလွှတ်တော်

(သိဘူးလေ ... လောလောဆယ်တော့ ချင်းတွေပဲ တောင်းနေတာပဲ ... တခြားပြည်နယ်၊ တိုင်းတွေမှာ လိုလေသေးမရှိ ပြည့်စုံနေလို့ ဖြစ်မှာပေါ့ ...။)

Saturday, February 6, 2010

ဘလော့ဂ်အကယ်ဒမီဆု ရှင်းတမ်း

ကြွရောက်လာကြသော သဘာပတိကြီးနှင့်တကွ ... အဲ ဟုတ်သေးဘူးနော် ... ကြွရောက်ဖတ်ရှုလာကြသော မိတ်ဆွေ ညီအစ်ကို မောင်နှမများခင်ဗျား .... ယခု နာမည်ကြီးနေသော ဘလော့ဂ် အကယ်ဆုကြီးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချင်ပါသဖြင့် ဤစာကို အတင်းရေးလိုက်ပါပြီ ခင်ဗျား။

ပထမဆုံး ရှင်းပြချင်တာကတော့ ဘလော့ဂ်အကယ်ဒမီဆုကြီးဆိုတာ ကိုယ်နဲ့ ဘယ်လိုမှ မပတ်သက်နိုင်မှန်း သိလို့ ဝေးဝေးရှောင်နေခဲ့တာပါ။ မဲပိတ်ချိန်နီးမှ သွားပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ လူတွေကို မဲပေး .... ပြီးမှ ခပ်တည်တည်နဲ့ ကွန်ဂရက်ကျူလေးရှင်း လုပ်ပြီး ကျနော်ထင်လို့ကို မဲပေးခဲ့တာလေ လုပ်မလို့ပါ။ ခုတော့ .....

မရွှေဇင်ဦးရဲ့ အကယ်ဒမီ အပိုင်း ၃ ကို ဖတ်ပြီးမှ ကျနော်လည်း အခြေအနေလေး ဝင်လေ့လာဦးမှဆိုပြီး အဲဒီကို ပထမဦးဆုံးအကြိမ် သွားလိုက်မိပါတယ်။ လား လား အဲတော့မှ မျက်လုံးပြူးတော့တာပဲ .... အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှု စာစုများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျနော့်နာမည်ကြီး ဘွားကနဲ တွေ့လိုက်ရတော့တာပါပဲ။ ဘလော့ဂ်အစုတ်လေးကို စာရင်းသွားပေးဖို့ စဉ်းကို မစဉ်းစားခဲ့ပါဘူးဗျာ။ ဟို ကော်လံပေါ်ကနှုတ်ခမ်းနီ သီချင်းထဲကလို တရားခံဘယ်သူလဲဟေ့ လို့ အော်ဆိုရမလို ဖြစ်နေပြီ။

ဒါက စာရင်းသွားမပေးကြောင်း ရှင်းတမ်းပေါ့ဗျာ။ တော်ကြာ မသိတဲ့ လူတွေက ဒီကောင် ဘာကြောင်တာလဲ .. သူ့ဘလော့ဂ်အစုတ်ကိုများ အရှက်မရှိ စာရင်းသွားပေးထားတယ်လို့ ကောလဟာလတွေ ထွက်ကုန်မှာ စိုးလို့ပါ။

ထားပါ။ ဒါနဲ့ မရွှေစင်ဦးတော့ မဲလေးမဲ ရနေပြီတဲ့ (အဲတုန်းက) ငါလည်း ကြည့်ဦးမှ ဆိုပြီး ကြည့်ပါတယ်။ ဟီးဟီး အားရစရာကြီးဗျ ... မဲတစ်မဲ ကြီးတောင် ရနေပါတယ်(ငါကွ)။ နောက်တော့ အဖြူရောင်နတ်သမီးက သူပေးတာလို့ ပြောတာနဲ့ ကျနော်လည်း အားနာလို့ သူ့ကို မဲပြန်ပေးခဲ့ပါတယ်။ (ခု မရွှေစင်ဦး အပိုင်း ၄ ကို ဖတ်မိမှ သူလည်း အဲဒီဗျူဟာ သုံးတာလား မသိဘူးလို့ ပြန်တွေးမိပါတယ် ... ဟီးဟီး ဂျီးတော်ရေ .. ဟုတ်ဘူးမို့လား)။

ဒါနဲ့ပဲ ရချင်လွန်းလို့ မဟုတ်ပေမယ့် ကျနော်လည်း အများနည်းတူ မဲဆွယ်ရပါတော့တယ်။ မဲမရရင်လည်း ကောင်းတယ် ဒီကောင် အရှက်မရှိ စာရင်းပေးပြီး ဘယ်သူမှ မဲမပေးဘူး မဟုတ်လား မှတ်ကရောလို့ ပြောကြမှာလည်း ကြောက်သေးတယ်ခင်ဗျ။

ကျနော့် မဲဆွယ်နည်းကတော့ အွန်လိုင်းပေါ်တက်လာသမျှ သူငယ်ချင်းတွေကို အားအား မအားအား ချက်ချင်း သွားပေးခိုင်းတာပဲ :-) အဲဒီအထဲမှာ ဘလော့ဂ်ဂါသူငယ်ချင်းတွေတော့ မပါဘူးခင်ဗျ .. ရှက်လို့ ခွိခွိ။ (ဒီပို့စ်ဖတ်ပြီးရင် အလိုက်သိကြမယ် ထင်ပါတယ် ဘလော့ဂ်ဂါ သူငယ်ချင်းများ ခင်ဗျား ဟီးဟီး) နောက် မေးလ်ပို့ပြီး မဲဆွယ်ပါတယ်။

သူငယ်ချင်းတွေထဲမှာ ဘလော့ဂ်ဆိုတာ ဘာမှန်းမသိတဲ့ လူတွေ ပါနေတော့ သေသေချာချာကို မဲသွားပေးနည်း လမ်းညွှန်နဲ့ တကွ မေးလ်ပို့လိုက်တယ်။ ဒါနဲ့ပဲ ခုထိတော့ မဲဆယ်မဲ ရနေပါပြီ။ သေချာတာကတော့ ကျနော် ဘယ်လိုမှ မရနိုင်ဘူးဆိုတာကို အားရဝမ်းသာစွာနဲ့ ကိုယ့်အခြေအနေကို သိလိုက်ရတာပါပဲ။ တော်ကြာ ရနေရင် ဟိုအကယ်ဒမီလို ဟိုလူလာနမ်း ဒီလူလာနမ်းနဲ့ ဆို ရှက်စရာကြီးလေ :-)

ကဲ ရှင်းတမ်း ပြီးပါပြီ။ ဒီကောင် မရနိုင်တော့လို့ အရှက်ပြေ ရေးထားတာလို့ ပြောရင်လည်း ခံရုံပေါ့ဗျာ။ ဘာတတ်နိုင်မှာလဲ။ ကိုယ်ကိုက စပ်စပ်ဆော့ဆော့ ဘလော့ဂ်ဂင်းချင်တာကိုး။ ဒါပေမယ့် စိတ်ချပါခင်ဗျ။ ကျနော်က မဲမနိုင်ရင် နိုင်ရာမဲတတ်တဲ့ တစ်ယောက်တော့ မဟုတ်ပါဘူးခင်ဗျာ။

ဘလော့ဂါအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
ဘလော့ဂါအချင်းချင်း အပုပ်ချခြင်း ကင်းရှင်းကြပါစေ။
ဘလော့ဂါအချင်းချင်း သွေးထိုးခြင်း ကင်းရှင်းကြပါစေ။

Thursday, April 2, 2009

ရွာပြန်ပြီး ဦးပဉ္ဖင်း ၀တ်လိုက်ဦးမယ်

သင်္ကြန်လည်း ကျတော့မယ်ဗျ။ ကျွန်တော်လည်း ရွာပြန်ပြီး ဦးပဉ္ဖင်း ၀တ်လိုက်ဦးမယ်။ တစ်နှစ်ခြား နှစ်နှစ်ခြားတော့ ၀တ်ဖြစ်ပါတယ်။ သံသရာအတွက် တစ်နှစ်တစ်ခါ ကောင်းတာလေးတွေ လုပ်ပါဦးမယ်။ ဒီအတိုင်းနေရင် ငါးပါးသီလတောင် လုံအောင် မနည်းထိန်းနေရတာ။ မလုံမိတာ များပါတယ်။ အများအားဖြင့်တော့ သူရာမေရိယပေါ့ ဟား ဟား။
ဒုလဘ္ဘ ၀တ်ဖြစ်ရင်တော့ ကျွန်တော် တကယ် တရားလုပ်ဖြစ်ပါတယ်။ ကျွန်တော် ၀တ်နေကျကျောင်းမှာ တရားစခန်းရှိတယ်။ အဲဒီမှာ နေ့ဆွမ်းစားပြီးရင် တရားသွားထိုင်ပါတယ်။ ည တရားစခန်း ပြီးတဲ့ အထိပေါ့။
လာလည်ကြတဲ့ မိတ်ဆွေ အပေါင်းအသင်းများကို သာဓုခေါ်နိုင်ကြစေဖို့ အသိပေးရင်း ခဏ နှုတ်ဆက်ပါတယ်။
ဒီနှစ် သင်္ကြန်မှာ
အားလုံး အေးချမ်းကြပါစေဗျာ။ ။

Tuesday, January 27, 2009

ခေတ်မီ အသီးတစ်ရာ အညှာတစ်ခု

တန့်နှယ် ... တန်နှယ် ... တန့်နှယ် ... တန့် တန် တန့် တန်နှယ် ... တန့်နှယ် (တီးလုံးသံ)

Bell song သံ တညံညံ ပေး .... ရွာ School က Remember နေတယ် My Friend ရေ .... တို့များ Small Small တုန်းက ... Village ၀င်ရာ Street ဆီကနေ ... Hand ချင်းယှက်ကာ Run ကာ Jump ကာ ... School တက်လာကြတာတွေလေ ....... Forget မှာလား .... You တို့ I တို့ Small Small တုန်းကလေ .....

တော့် တော် တော် ... တော့် တော် တော် ... တော် တော်... တော် တော် ... တော် (တီးလုံးသံ)

ကြည်းရေလေ တပ်မတော်သားနဲ့ လုံထိန်းတွေ ... ရဲရဲတောက် ဒိုင်းကြီး ကာ ခါလေ ... ဆန္ဒပြသူများ မကြောက်ငြား ... နအဖ အတွက် ပြည်သူပစ်သတ်နေ ... မင်းတို့ အတွက် ရင်နာရတယ်လေ ...

တော့် တော် တော် ... တော့် တော် တော် ... တော် တော်... တော် တော် ... တော် (တီးလုံးသံ)

(အားလုံး ကြားဖူးမယ် ထင်ပါတယ်။ တွံတေးသိန်းတန်ရဲ့ အသီးတစ်ရာ အညှာတစ်ခုလေ။ ပထမတစ်ပိုဒ်ကတော့ ကျွန်တော် ငယ်ငယ်ထဲက ပျင်းရင် အဲလိုပဲ ဆိုနေကျပါ။ ဒုတိယ အပိုဒ်ကိုတော့ ခုမှ အဲလို ဆိုချင်စိတ် ပေါက်လာလို့ပါ။)
(ဒီပို့စ်နဲ့ ပတ်သက်ပြီး အနူးအညွတ် ပြောလိုတာကတော့ မြန်မာ ဂန္တ၀င် သီချင်းတစ်ပုဒ်ကို ဖျက်လို ဖျက်ဆီး လုပ်လိုတဲ့စိတ် ကျွန်တော့်မှာ မရှိဘူးဆိုတာပါပဲ။ အားလုံး ပျော်ရအောင် ပျော်စေပျက်စေ သဘောလေးပါပဲ။ ကျွန်တော့် ချစ်သူ စိတ်ကောက်နေတဲ့ အခါ အဲဒီသီချင်း ဆိုပြလိုက်ရင် စိတ်မကောက်နိုင်တော့ပဲ ထ ရယ် တော့တာပဲ။ မယုံမရှိနဲ့ ... တကယ် ...။ မိတ်ဆွေတို့လည်း ကိုယ့်ချစ်သူ စိတ်ကောက်နေတဲ့အခါ ဆိုပြကြည့်ပါလား။ ဟဲ .. ဟဲ ...။ ။)