Monday, September 14, 2009

ရင်ကွဲ ကက်ဆက်


ကက်ဆက်ထဲက ရေတွေ ပန်းထွက်လာတာကြောင့် ကျွန်တော် အလန့်တကြား အော်လိုက်မိတယ် ... ...

!!! ... ... !!!

“ဟေ့ကောင် ... မအော်ပါနဲ့ကွာ ... ရေတွေမဟုတ်ပါဘူး ... မျက်ရည်တွေပါ ... မင်းက အလွမ်းသီချင်းတွေချည်း ဖွင့်နေတော့ ငါလည်း ငိုချင်လာလို့ပါ ...”

“မင်းငိုလည်း မတတ်နိုင်ဘူး ... ငါ့ကောင်မလေးကြောင့် ငါကတော့ အလွမ်းသီချင်းတွေချည်း ဆက်ဖွင့်ရမှာပဲ ...”

ပြောရင်းဆိုရင်းပင် အလွမ်းခလုတ်ကို ကျွန်တော် နှိပ်ချလိုက်သည် ...

အား !!

ကက်ဆက်ကြီး အလယ်က အက်၍ ကွဲထွက်သွားသည်။

အသည်းကွဲ၍ ရင်ကွဲနာကျ သေသွားခြင်း ဖြစ်သည်။ ။

ပုံလေးကို ဒီနေရာက ယူပါတယ်။

Saturday, September 12, 2009

အဓိပ္ပာယ်မရှိသေးတဲ့ ကဗျာ

အဲဒီရနံ့တွေနဲ့ ...
ငါ့ကို လာမမျှားနဲ့ ... ...။

ငါက မိုးမရွာလည်း
ပွင့်တတ်တဲ့ ပန်းမျိုးပါ ...။

တစ်ပွင့်တစ်လေတော့
အဖိတ်အစင် ရှိတာပေါ့ ... ...
ဒါပေမယ့် စိတ်ချပါ
ငါ့ ဆူးက ငါ့ကို ပြန်မစူးဘူး ...။

အိပ်ချင်ယောင်ဆောင်ပါများလို့
အနှိုးရခက်တာက လွဲရင် ...
ငါ လူကောင်းပါကွယ် ... ...။

မိုးလင်းသွားရင်တော့ ... ... ...။

... ... ပြန်ဆုံကြသေးတာပေါ့ ...
မင်းအိပ်မက်တွေကို ... ခဏ ...
... ... ပြန်သိမ်းထားလိုက် ။ ။

Wednesday, September 9, 2009

ဈေးသည်ကြီး ဆန်ရွှေ

(တစ်ခန်းရပ် ပြဇာတ်)

ပါဝင်သူများ ... ... ...
- ဈေးသည်ကြီး ဦးဆန်ရွှေ
- အင်တာဗျူးဆရာတစ်ယောက်
- ဈေးဝယ်သူ တရုတ် ကုလား လူမျိုးခြားများ
- စုတ်စုတ် ပြတ်ပြတ် ၀တ်ဆင်ထားသော ဆင်းရဲသား လုပ်သားပြည်သူများ

- (ဈေးဆိုင်အိမ်ပုံ ပန်းချီကားကို နောက်ခံထား၍ ဈေးသည်ကြီး ဆန်ရွှေမှ အော်ဟစ် ဈေးရောင်းနေစေ)
- (ဆင်းရဲသား လုပ်သားပြည်သူများက ပေါက်ပြား ဂေါ်ပြား အစရှိသော ကိရိယာ တန်ဆာပလာများ ကိုင်ဆောင်၍ ဖြတ်သွားဖြတ်လာ ပြုလုပ်နေစေ)

ရွှေ ။ ။ “လာနော် လာနော် ... ဟောဒီမှာ သဘာဝဓါတ်ငွေ့တွေ... ကျောက်စိမ်းတွေ... သစ်တောထွက် ပစ္စည်းတွေ ဈေးပေါပေါနဲ့ ရောင်းပေးနေပြီ... နောက်ရက်ကစပြီး ကျုပ်မရောင်းတော့ဘူး... အဲဒါကြောင့် လျှော့ပေးနေတာ ... ၀ယ်ထားကြပါ ၀ယ်ထားကြပါ ”

- (တရုတ် ကုလား လူမျိုးခြားများက တိုးဝှေ့ ဈေးဝယ်ဟန် ပြုစေ)

ရွှေ ။ ။ “သိပ်မတိုးကြပါနဲ့ ... အားလုံးကို ရောင်းပေးမှာပါ... ရှိသမျှ ဘာမှ မကျန်အောင် ရောင်းပေးမှာပါ... စိတ်ချပါ... သိပ်မတိုးကြပါနဲ့”

- (ထိုအချိန်တွင် အင်တာဗျူးဆရာက ဈေးဝယ်များကြားမှ တိုးဝှေ့ကာ ဈေးသည်ကြီး ဆန်ရွှေကို အင်တာဗျူးစေ)

ဗျူး ။ ။ “ဈေးသည်ကြီး ဦးဆန်ရွှေခင်ဗျား ... နောက်ရက်ကစပြီး မရောင်းတော့ဘူးဆိုတော့ ဆိုင်ပိတ်တော့ မလို့လား?”

ရွှေ ။ ။ “ဘယ့်နှယ့် ပိတ်ရမှာလဲဗျ ... သဘာဝဓါတ်ငွေ့တွေ ... ကျောက်စိမ်းတွေ ထွက်နေသရွေ့ ရောင်းနေဦးမှာပါ ... ကျုပ်မရောင်းတော့ဘူး ဆိုတာက ကျုပ်က အသက်ကြီးပြီလေ ... ကိုယ်တိုင် မရောင်းတော့ပဲ ဟန်ပြ ဈေးရောင်းတစ်ယောက်လောက်ခန့်ပြီး ကျုပ်က နောက်ကနေ ကြိုးကိုင်မလို့ စဉ်းစားထားတယ်ဗျ”


ဗျူး ။ ။ “ဟုတ်ကဲ့ပါ ... ဈေူးသည်ကြီး ဦးဆန်ရွှေ အနေနဲ့ အခုလို ကြိုးစားပမ်းစား ရောင်းဝယ်နေတာ ဘယ်သူ့အတွက်လည်း သိချင်ပါတယ် ခင်ဗျ”

ရွှေ ။ ။ “မေးမှ မေးရက်ပလေဗျာ ... ဘယ်သူ့အတွက် ရှိရဦးမလဲ ... ပြည်သူတွေ အတွက်ပေါ့ဗျ”

ဗျူး ။ ။ “ အော် ... ကျေးဇူးကြီးပါပေတယ်ဗျာ ... ဒါနဲ့ နောက်ဆုံးမေးခွန်း မေးပါဦးမယ် ... မြန်မာပြည်မှာ ပြည်သူလူဦးရေ ဘယ်လောက်ရှိသလဲ သိပါသလား ခင်ဗျာ”

ရွှေ ။ ။ “လုပ်ပြန်ပြီ ... ဒါမေးစရာလား ... ဒီလောက်တော့ သိတာပေါ့ဗျာ ... နေဦး ... အင်း (စဉ်းစားဟန်ဖြင့်) ... ကျုပ်မိန်းမရယ် ... ကျုပ်သမီးတွေရယ် ... သမက်တွေ မြေးတွေရယ် ... ဆွေမျိုးတွေရယ် ... စုစုပေါင်း ငါးဆယ် တစ်ရာလောက်တော့ ရှိတာပေါ့ဗျာ ...”

- (အင်တာဗျူးဆရာ ပက်လက်လန်သွားစေ)
- (ဖြတ်သွားဖြတ်လာ ဆင်းရဲသား ပြည်သူလူထု လမ်းလျှောက်နေရာမှ ရပ်တန့်၍ ‘မှတ်သားလောက်ပါတယ်ရှင့် မှတ်သားလောက်ပါတယ်ခင်ဗျ’ ဟု သံပြိုင်အော်ဆိုရင်း ကန့်လန့်ကာ ချစေ)။ ။

Sunday, September 6, 2009

အကြိုက်နှစ်သက်ဆုံး ဘလော့ဂ် ၅ ခု

ခေါင်းစဉ်က မိမိ အကြိုက်နှစ်သက်ဆုံး သွားလည်နေကျ ဘလော့ဂ် ၅ ခုနှင့် ဘာကြောင့် ထိုဘလော့ဂ်များအား ကြိုက်နှစ်သက်ရသလဲ တဲ့။ ၀က်ဝံလေး ရှို့တာ အဲ တဂ် တာလေ။ ပြောရရင်တော့ အစပြု ရှို့သူ သက်တန့်ချို နှင့် ထပ်၍ ပင့်ပေးသူ ၀က်ဝံလေး လို့ သိရပါတယ်။ ရပါတယ် .. ကျွန်တော်ကလည်း မီးဘေးရှောင် မလောင်ခင်တား သီချင်းလေး ညည်ရင်း ရေးပေးလိုက်ပါတယ်။
ဘလော့ဂ်တော်တော်များများကို ကျွန်တော် ရောက်ဖူးသလို ရောက်သမျှ ဘလော့ဂ်တိုင်းကိုလည်း ကြိုက်ပါတယ်။ မကြိုက်ဘူး၊ မကောင်းဘူးဆိုတဲ့ ဘလော့ဂ် မရှိပါဘူး။ ရှိလည်း မပြောပါဘူး ( ဟဲ ဟဲ နောက်တာ ... တကယ် really ဂယ် ရှိဘူး )။ အကြောင်းကတော့ ကျွန်တော်ကိုယ်တိုင်က ဘာမှ မဟုတ်လို့ ဘယ် ဘလော့ဂ်ဂါကိုမှ အထင် မသေးရဲပါဘူး။ ထားပါလေ ... မဖြစ်မနေ ရေးရတော့မယ် ဆိုမှတော့ အဲဒီထဲကမှ အကြိုက်ဆုံးလို့ ထင်ရတဲ့ ဘလော့ဂ် ၅ခု ကို ပြောရမယ် ဆိုရင် ... ...

(၁) http://taryarminwaimemorial.blogspot.com ပါ။ အသစ် သိပ်ပြီး မတင်ပေမယ့် ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ပြန်ဖတ်ဖတ် ရိုးမသွားတဲ့ စာတွေ ရှိနေတဲ့ ဘလော့ဂ်ပေါ့။

(၂) http://aungway.blogspot.com ပါ။ ကျွန်တော်တို့ရဲ့ ရဲရဲတောက် ကဗျာဆရာကြီး အောင်ဝေးပါ။ သူရဲ့ ကဗျာ ဝေဖန်ရေးစာအုပ်တွေကိုလည်း ကျွန်တော် ၀ယ်သိမ်းပါတယ်။ လေဆန်မှာ မြှားတန်းလန်းနဲ့ ပျံသန်းရဲတဲ့ ငှက်သာ မနက်ဖြန်အတွက် ဖြစ်တယ် ဆိုတဲ့၊ ကဗျာဆရာဆိုတာ စင်ပြိုင် အစိုးရတစ်ရပ်ဖြစ်တယ် ဆိုတဲ့ ကဗျာဆရာကြီး အောင်ဝေး ပါ။

(၃) http://manorhary.blogspot.com ပါ။ တော်တော်များများ ကြိုက်ကြမယ့် ဘလော့ဂ်ပါ။ အစ်မ မနော်ဟရီ ရဲ့ ဘလော့ဂ်ကိုတော့ ဘာကြောင့် ကြိုက်ရလဲဆိုတာကို ထွေထွေထူးထူး ညွှန်းစရာ လိုမယ် မထင်ပါဘူး။

(၄) http://chaweimahn.myanmarbloggers.info ပါ။ ချောအိမာန်(မန္တလေး) ဆိုတာ လက်ရှိ Mandalay Icon မဂ္ဂဇင်းရဲ့ အယ်ဒီတာပါ။ အရေးအသား ကောင်းတဲ့ စာရေးသူတစ်ယောက်ဖြစ်တာရော၊ မန္တလေးဆိုတဲ့ သံယောဇဉ်နဲ့ပါ အမြဲ ရောက်ဖြစ်တဲ့ ဘလော့ဂ်ပါ။

(၅) http://ahuntphonemyat.wordpress.com ကလည်း တကယ် သွားကြည့်သင့်တဲ့ ဘလော့ဂ် တစ်ခုပါ။ သူလုပ်နေတဲ့ DVB က အင်တာနက် စာမျက်နှာ အစီအစဉ်မှာများ ကျနော့် ဘလော့ဂ်လေးကို ညွှန်းမလား ဆိုပြီး သွားသွား မျက်နှာ ပြရတာလေ (ဟီးဟီး ပေါရဲလိုက်တာနော် ... ဒီလောက် ချာတူးလန်နေတဲ့ ဘလော့ဂ်ကိုများ DVB က ညွှန်းရဦးမတဲ့)။

ကဲ ရေးပြီးပါပြီ။ ဘာကြောင့် ကြိုက်ရလဲ ဆိုတော့ သူတို့တွေက အင်တာနက်ဆိုတာ ဘာမှန်းမသိခင်ကတည်းက ကျွန်တော် ဖတ်ဖူး ကြိုက်ဖူးတဲ့ စာရေးဆရာတွေ မို့လို့ပါပဲ။
ဝက်ဝံလေးရေ ... ကိုနွေဆူးကြီးက အကြည်တော်ရေးတဲ့ လူလည်ကြီးများ ရွာကလားလို့ လာမအော်နဲ့နော်။ ဆရာသော်တာဆွေ ဘာသာပြန်တဲ့ ဘော့ပရစ်တီးလောက်လည်း လူလည် မကျတတ်ပါဘူး။ (အဲဒီစာအုပ် ဖတ်ဖူးလား၊ ရှာဖတ်ကြည့်ကြပါ၊ အရမ်းကောင်းပြီး ရယ်ရတယ်။ ဤကား- ကြေငြာချပ်။ ။) ဆင်ဝှေ့ရန်ရှောင်တဲ့။ အဓိပ္ပါယ် ဘာမှန်း မသိပေမယ့် ကျွန်တော်ကတော့ ပြဿနာဆင်ကြီး အဝှေ့မခံရအောင် ဝေါင်ဝေါင်ရှေး ဝေးဝေးက ရှောင်ပါ၏။
တကယ့် သက်ရှိ ဆင်ကိုသာ အဝှေ့ခံလိုက် ချင်ပါတယ်။ မတော်တဆ တစ်ခုခု အရေးမှားသွားရင် မရှိမဲ့ ရှိမဲ့ သူငယ်ချင်းတွေ အမြင်မကြည် ဖြစ်သွားမှ ဘယ်သူမှ မလာတဲ့ ဘလော့ဂ်ဘ၀နဲ့ ငုတ်တုပ်ကြီး ရှင်နေရမှာ ကြောက်ပါတယ်။ ။

Wednesday, August 26, 2009

မကောင်းဆိုးဝါး

လောက က မှောင်ရတဲ့ အထဲ ...
အနံ့အသက် မကောင်းတဲ့
အဲဒီအပုပ်ကောင်တွေ ....
ငါတို့ကို ချောက်ထဲတွန်းချနေတာ ...
ကြာတော့ ...
ကျလို့ကို မဆုံးတော့ဘူး ....။ ။


ရွာထဲက ထန်းရည်ဝိုင်း


စစ်ပွဲတွေကြားထဲက
အနာဂတ်ကမ္ဘာဟာ
စိုးရိမ်စရာအခြေအနေနဲ့
ရစရာမရှိအောင်ကိုမှောင်တယ်။
အနိုင်အရှုံးဆိုတာကို
လိုချင်သလိုရနေသူတွေနဲ့
မသေချင်ပဲသေနေရသူတွေ
ရှိနေကြဦးမှာပဲလေ။
သန်းခေါင်ကျော်လာရင်တော့
ရွှေရောင်လွှမ်းတဲ့မနက်ခင်းတစ်ခုကို
အရောက်သွားနိုင်ကြလိမ့်မယ်လို့
ရူးကြောင်မူးကြောင်နဲ့ပြောနေကြလေရဲ့။
မောင်တို့ရွာထန်းရည်ဝိုင်းမှာ
အေးအေးလူလူဆူဆူညံညံနဲ့ပဲ
ငမိုက်သားကာလသားတစ်စု
မူးနေတာတောင်မိုက်ကောင်းတုန်း။
ဒီလိုညနေမျိုးဆို
မိုနိုသံစဉ်ကျေးလက်သီချင်းတွေ
ကဒေါင်ကဒင်တီးပြတတ်တဲ့
ရေဘင်အတုနဲ့မယ်ဒလင်သမားကဇာတ်လိုက်။
စီကနဲဆိုချက်ကြီးပါတယ်
ရထားတဲ့လူမိုက်ဘွဲ့နဲ့
ရှိနေတဲ့အရည်အချင်းကအံကိုက်
ရေးထားတဲ့အကြွေးစာရင်းကိုဂရုမစိုက်။
ဒို့ရွာထန်းတောမှာလူစုံရင်
အရည်မရအဖတ်မရတွေပြောရင်း
ရေးကြီးခွင်ကျယ်ကမ္ဘာနဲ့ကိုချီလို့။ ။

(ဆရာစောဝေကိုလေးစားလို့ သူ့လိုကြိုးစားရေးကြည့်တာပါ
ဆရာအမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။)
(ကဗျာလေးကိုဖတ်ပြီးရင် အစဆုံး စာလုံးလေးတွေချည်း
တစ်ခေါက်ပြန်ဖတ်လိုက်ပါဦး)

Tuesday, August 25, 2009

ဉာဏ်စမ်း (အဖြေ)

လာဖြေကြတဲ့သူတွေကိုရော မဖြေတောင် ဖတ်ပေးသွားတဲ့ သူတွေကိုပါ ကျေးဇူးအများကြီးတင်ပါတယ်။ မေးခွန်းလေးတွေက သိပ်မခက်ပေမယ့် ကျွန်တော်စိုးရိမ်တာက ဘာမေးချင်တာလဲ နားမလည်မှာကိုပါ။ ခုတော့ မေးခွန်းကို နားလည်တဲ့ အပြင် မမေသူက တစ်ခုမှန်ပြီး ကိုကိုမောင် ပညာရှိကြီးက နှစ်ခုတောင် မှန်အောင် ဖြေလိုက်လို့ ငါ မေးခွန်းထုတ်တတ်ပြီကွ ဆိုပြီး ၀မ်းသာရပါတယ်။ ( စာမေးပွဲရာသီကျရင် စပေါ့ရိုက်ပြီး လုပ်စားရမယ် ... ငှဲ .. ငှဲ ...)

နံပါတ်(၁) အဖြေကတော့ ...
ဧရာဝတီမြစ်ကြီးအနားမှာ ရှိတဲ့ မြစ်ကြီးနားမြို့နဲ့ တောင်ကြီးပေါ်မှာ ရှိတဲ့ တောင်ကြီးမြို့ပါ။
မမေသူက မြစ်ကြီးနားမှန်ပြီး ကိုကိုမောင်က နှစ်ခုလုံးမှန်ပါတယ်။ မမေသူဖြေတဲ့ အင်းလေးက မြို့ မဟုတ်ပါဘူး။ အင်းနာမည်ပါ။ အဲဒီမှာ ရှိတဲ့ မြို့နာမည်ကလည်း ရွှေညောင်ပါ။ (ရွှေညောင်လား ညောင်ရွှေလား မကွဲပါ။ သိသူဖြေပေးခဲ့ပါ။) နောက် ကိုကိုမောင်ပြောတဲ့ ရေနံချောင်းကိုလည်း စဉ်းစားမိပါတယ်၊ ဒါပေမယ့် ရေနံတွေက မြေကြီးအောက်မှာ ရှိနေလို့ မျက်စိနဲ့ အလွယ်တကူ မမြင်ရတဲ့အတွက် ချန်ထားခဲ့တာပါ။

နံပါတ်(၂)အဖြေကလည်း ကိုကိုမောင် မှန်ပါတယ်။ ကျွန်တော်က ‘က’ငယ်လို့ စဉ်းစားပြီး သူက ‘က’လေးလို့ ဖြေပါတယ်။ သူဖြေသလိုပါပဲ .... ဂငယ်ရှိသလို ဃကြီး ရှိပါတယ်။ နငယ်ရှိသလို ဏကြီး ရှိပါတယ်။ လ ရှိသလို ဠကြီး ရှိပါတယ်။ ကကြီးကတော့ ညီပျောက်နေတဲ့ အစ်ကိုလို မျက်နှာငယ်နေသလို ကျွန်တော် ခံစားရပါတယ်။

နံပါတ်(၃) ကတော့ ကိုကိုမောင် ဖြေထားတာနဲ့ ကျွန်တော် စဉ်းစားထားတာ နည်းနည်း လွဲသွားပါတယ်။
အဖြေကတော့ ရိုးရိုးလေးပါပဲ ... မြ၀တီမင်းကြီး ဦးစဆီမှာ နာရီရှိနေလို့ပါပဲ။ နာရီရှိကြောင်း ပြောချင်တဲ့အတွက် လုပ်ကြံဇာတ်လမ်းလေး ဖန်တီးပြီး မေးခွန်းထုတ်လိုက်ရတာပါ။ ကျွန်တော့်ဇာတ်လမ်းကိုက အဖြစ်မှန်မဟုတ်တဲ့အတွက် ကိုကိုမောင့်အဖြေကို မှားတယ်လို့ သတ်မှတ်လို့ မရပါဘူး။ သူစဉ်းစားတာလဲ ကောင်းပါတယ်။
မြ၀တီမင်းကြီး ဦးစဆီမှာ နာရီရှိကြောင်း အထောက်အထား ပြစရာကတော့ ၁၈၃၆ ခုနှစ်ထဲမှာ ခရစ်ယာန်သာသနာရေး ကိစ္စကို စုံစမ်းဖို့ အင်းဝမှာ တစ်လကြာ နေထိုင်သွားတဲ့ အမေရိကန် နှစ်ခြင်း သာသနာပြုဆရာ မယ်လကွန် ( Malcom) ရေးသားခဲ့တဲ့ စာထဲမှာ မြ၀တီမင်းကြီး ဦးစအကြောင်း ခုလိုပါ ပါတယ်။
“သူသည် ရွှေပိန်းချအစ်တစ်ခုကို ယူ၍ သူရထားသော အင်္ဂလိပ်လုပ် ပစ္စည်းများကို ပြပါ၏။ ထိုအထဲတွင် မင်းကြီး မဟာဗန္ဓုလ မကျဆုံးမီက သူ့ထံပို့သော နာရီတစ်လုံး ပါလေသည်။”

အဖြေတွေကို ပြီးအောင် စိတ်ရှည်ရှည်ဖတ်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ။

Sunday, August 23, 2009

ဉာဏ်စမ်း

ငှက်ငယ်လေး Tag ထားလို့ ရေးစရာရှိနေတဲ့ ဉာဏ်စမ်းကို မေးလိုက်ပါဦးမယ်။ ပျော်စရာ မေးခွန်းလေးတွေပါ။ ခေါင်းကြီးသုံးပြီး အတင်း မစဉ်းစားကြပါနဲ့။ အိုင်ကျူတက်စ် မေးခွန်းကြီးတွေ မေးတတ်လောက်အောင် ကျွန်တော် မတော်ပါဘူး။ ငယ်ငယ်က ဖတ်ဖူးတဲ့ မီးငယ် ဉာဏ်စမ်းပဟေဠိလို ခပ်နောက်နောက် မေးခွန်းလေးတွေပါ။

(၁)
မြန်မာနိုင်ငံမှာရှိတဲ့ မြို့ကြီးတွေထဲမှာ နာမည်နဲ့ အရမ်းလိုက်တဲ့ မြို့ကြီးနှစ်မြို့ ရှိပါတယ်။ ကျွန်တော်စဉ်းစားရသလောက်ပေါ့။ ဒီထက်လည်း ပိုချင်ပိုမှာပါ။ ကျွန်တော်စဉ်းစားထားတဲ့ အဖြေနဲ့ မတူရင်လည်း မှန်နေတယ်ဆိုရင် မှန်တယ်လို့ သတ်မှတ်ပါတယ်။ ကဲ ဘာမြို့တွေလဲ?

(၂)
မြန်မာအက္ခရာ ဗျည်း ၃၃ လုံးထဲမှာ ပျောက်နေတယ်ထင်ရတဲ့ အက္ခရာတစ်လုံးရှိပါတယ်။ အမှန်ကတော့ ပါကိုမပါတာပါ။ တီထွင်တဲ့ ပညာရှိတွေ မေ့ကျန်ရစ်တာလား၊ သေချာမထည့်ခဲ့တာလားတော့ မသိဘူးဗျ။ ဟီးဟီး ။ အဲဒီအက္ခရာမပါတော့ ရှိနေတဲ့ အက္ခရာလေးတစ်လုံးဟာ မျက်နှာငယ်နေတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ကဲ ဘယ်အက္ခရာ ဖြစ်မလဲ?

(၃)
အင်းဝနေပြည်တော်မှာ ဘကြီးတော်ဘုရားလက်ထက်က မြ၀တီမင်းကြီး ဦးစ ရှိပါတယ်။ တစ်ရက်မှာ နာရီမောင်းတီးတဲ့သူဟာ အချိန်နဲနဲလွဲသွားပါတယ်။ အဲဒီခေတ်က အချိန်သိနည်းက ရေဖလားကြီးထဲမှာ ရေဖလားအသေးလေးတစ်လုံးကို အပေါက်ဖောက်ပြီး ထည့်ထားပါတယ်။ ဖလားအသေးလေးထဲကို ရေအပြည့်ဝင်ပြီး နစ်သွားရင် နာရီမောင်းတစ်ချက်တီးရပါတယ်။ အကြမ်းဖျင်း တစ်နာရီလောက်ရှိမယ်လို့ ကျွန်တော့်ဟာ ကျွန်တော် သတ်မှတ်ပါတယ်။ မှတ်ကရော ... ဟီးဟီး။ အဲလို အချိန်နဲနဲ လွဲသွားတာကို မြ၀တီမင်းကြီး ဦးစ သိသွားလို့ အဲဒီမင်းချင်း အဆဲခံရပါတယ်တဲ့။ ကဲ ကျွန်တော်သိချင်တာ မြ၀တီမင်းကြီး ဦးစဟာ ဘယ်လိုများ အချိန်လွဲတာ သိသွားပါလိမ့်?
သမိုင်းစာအုပ်တွေ လှန်မရှာကြနဲ့ဦးနော်။ ဘယ်ထဲမှာမှ မပါဘူး။ ကျွန်တော့်ဟာကျွန်တော် လျှောက်တွေးထားတာ။ တကယ့်အဖြစ်အပျက်လည်း မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်အဖြေပေးရင်တော့ သမိုင်းကို အခြေခံပြီး ပေးပါ့မယ်။ ယုတ္တိရှိရှိလေးပေါ့ ... ဟီးဟီး။

ကဲ ငှက်ငယ်လေးရေ ... ကျေနပ်တယ်နော်။ လာတဲ့သူ အပေါင်း ကျွန်တော်ရူးကြောင်ကြောင် စဉ်းစားထားသမျှကို ကူပြီး အုန်းစားပေးကြပါဦး။

Wednesday, August 19, 2009

တောမီးလောင်ခြင်း ဒဿန

“မီးဗျို့ ! မီး ... မီး ...!!!”
ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ခြေဦးတည့်ရာ ပြေးလွှားနေတဲ့ တိရစ္ဆာန်တွေရဲ့ အသံနဲ့အတူ တောမီးမလောင်တာကြာလို့ ပျင်းရိနေတဲ့ တောကြောင်တစ်ကောင် လန့်နိုးလာတယ်။
အားရ၀မ်းသာပဲ လက်ခမောင်းခတ်ဖို့ ပြင်ဆင်လိုက်တယ်။
အဲဒီအချိန်မှာပဲ .....
‘ ၀ုန်း ! ... ’
“အား !!!”
တောမီးက သူ့ကိုပါ ၀ါးမျိုသွားတယ်။
မီးလောင်နေတာက သူနဲ့ နီးနီးလေး ...။ ကိုယ့်ပတ်ဝန်းကျင်ကိုမှ မစူးစမ်း မလေ့လာသေးပဲ တောမီးလောင်တိုင်း လက်ခမောင်းခတ်ချင်နေတဲ့ တောကြောင် ... မီးလောင်ခံရတာတောင် နည်းသေး။ ။

ဒီဝတ္တုတိုလေးနဲ့ အတူ ဘလော့စလုပ်လုပ်ချင်း တင်ခဲ့ဖူးတဲ့ ၀တ္တုတိုလေးတစ်ပုဒ်ပါ ပြန်တင်ပေးလိုက်ပါတယ်။ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည်ပေါ့ဗျာ။

ကိုယ်ကျိုး

ကယ်တင်ချင်ယောင်ဆောင်ထားသောမာရ်နတ်ကပြောလိုက်သည်...
"ခင်ဗျားတို့မြို့ကိုအလင်းရောင်တွေပေးဖို့ ကျွန်တော်လာခဲ့တာ..."
မြို့သူမြို့သားများကလည်း အထင်တကြီးနှင့် ယုံကြည်ကိုး ကွယ်မိကြလေသည်။
မာရ်နတ်က မီးပုံကြီးတစ်ခု ဖန်ဆင်းလိုက်၏။
" ဟုန်း !!!"
လင်းတော့လင်းပါသည်။ သို့သော် မာရ်နတ်နှင့် ပတ်ဝန်းကျင်အနည်းငယ်သာအလင်းရောင်ရကြ၍ ကျန်သောမြို့သူမြို့သားများမှာ အလင်းစအနည်းအကျဉ်းနှင့် မှုန်ပျပျမျှသာ။ ။

... ... ...

Sunday, August 16, 2009

စာမေးပွဲ ကျတဲ့နေ့

အဲဒီနေ့က ...
သုညတွေ မွန်းကျပ်နေကြတယ် ...။

မျက်လုံးပေါင်းများစွာ ၀မ်းသာ ၀မ်းနည်း
ကြေကွဲ ဆွေးမြေ့ ပျော်ရွှင် ကြည်နူး
ငါ့အိပ်မက်တွေ ရေဖြစ်တဲ့နေ့ ...
ငါ့ကျိန်စာတွေ သီချင်းလုပ်ဆိုတဲ့နေ့ ...။

အမှိုက်အိတ်ကြီးလို ခံစားရတယ် ...
အသုံးမကျတဲ့ အရာတွေ အထည့်ခံရပြီး
နောက်ဆုံးကျ ကိုယ်တိုင် အမှိုက်ဖြစ်ရတာပဲလေ။

ငါက ဖိနပ်တစ်ဖက်လား? ဖျာတစ်ချပ်လား?
ဓါးတစ်ချောင်းလား? ဂစ်တာတစ်လက်လား?
မိုးတိမ်တစ်စလား? ကြယ်တစ်စင်းလား?
အဲဒီနေ့က ငါ့စိတ်တွေ မရေမရာနဲ့
ရေရေရာရာပဲ အောက်ဆုံးကို လွှင့်မျှောပြုတ်ကျ ...။

ငါဘာမှားလို့လဲလို့
ကိုယ့်ကိုကိုယ် ပြန်မေးလို့ မရလောက်အောင်
ကံကြမ္မာက ကျယ်လွန်းတယ်။

ဘုရားသခင်က ကြွေအံ မကစားပေမယ့်
အဲဒီနေ့က နတ်ဆိုးတွေ နိုင်သွားကြတာ သေချာပါတယ်။ ။

Tuesday, August 11, 2009

သူငယ်ချင်း ၀တ္တုတိုလေးများ


နိဒါန်း
သတိပေးချက် ။ ။ ဤအရာသည် ၀တ္တုတစ်ပုဒ် ဖြစ်ပါသည်။ ထို့ကြောင့် သင်တို့၏ သိပ္ပံနည်းကျ အတွေးအခေါ်များအား အပြင်ဘက်၌ ခတ္တခဏ ချွတ်ထားခဲ့ကြပါကုန်။

(၁)
ဆေးစက်ရောင်စုံ စွန်းထင်းနေတဲ့ ခပ်ညစ်ညစ် ပန်းချီကားလေးတစ်ချပ်နဲ့ အဖြူရောင်သက်သက် ရှင်းသန့် စင်ကြယ်တဲ့ ပန်းချီကားလေးတစ်ချပ်တို့ သူငယ်ချင်း ဖြစ်သွားကြတယ်။
“ငါနဲ့ ဝေးဝေးနေပါလားကွာ ... ခပ်ညစ်ညစ်ဆေးစက်တွေ နင်ရဲ့ အဖြူရောင်ထဲကို စွန်းပေသွားမှာ မကြောက်ဘူးလား ....”
“ဖြစ်နိုင်ရင် .... နင့်ရဲ့ ဆေးစက်တွေကိုတောင် ငါ ဝေမျှ ယူချင်ပါတယ် ....”

(၂)
ထိုကောင်လေးနှင့် ကောင်မလေးသည် သူငယ်ချင်းများ ဖြစ်ကြ၏။
ကောင်လေး ။ ။ “ဟိတ် ... နင်သိလား”
ကောင်မလေး ။ ။ “ဘာလဲ?”
ကောင်လေး ။ ။ “ပင်လယ်ကြီးနဲ့ ကောင်းကင်က သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေတဲ့ဟ”
ကောင်မလေး ။ ။ “ဟုတ်လား! ဘယ်တုန်းက သူငယ်ချင်း ဖြစ်သွားတာလဲ?”
ကောင်လေး ။ ။ “ကြာပြီဟ ... ကမ္ဘာဦးအစကတည်းကပဲ”
ကောင်မလေး ။ ။ “နင်က ဘယ်လို သိတာလဲ?”
ကောင်လေး ။ ။ “သူတို့က အင်္ကျီ ဆင်တူလည်းဝတ်တယ် ... ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် မျက်စိအောက်က အပျောက်မခံကြဘူးလေ ...”

(၃)
ထိုကောင်လေးနှင့် ကောင်မလေးသည် သူငယ်ချင်းများ ဖြစ်ကြ၏။
ကောင်လေး ။ ။ “ဟိတ် ... နင်သိလား”
ကောင်မလေး ။ ။ “ဘာလဲ?”
ကောင်လေး ။ ။ “နေ့အလင်းနဲ့ ညအမှောင်ကလည်း သိပ်ချစ်တဲ့ သူငယ်ချင်းတွေပဲတဲ့”
ကောင်မလေး ။ ။ “ ဟုတ်လို့လားဟာ ... နင်ကလည်း ... အလင်းနဲ့ အမှောင်က ဘယ်တုန်းကများ မျက်နှာချင်းဆိုင်လို့ ရလို့လဲ ...”
ကောင်လေး ။ ။ “ငါပြောတာက အလင်းနဲ့ အမှောင်မဟုတ်ဘူး ... နေ့ရဲ့ အလင်းနဲ့ ညရဲ့ အမှောင်ကို ပြောတာ ...”
ကောင်မလေး ။ ။ “ ထားပါတော့ ... ဘယ်တုန်းက ဖြစ်သွားတာလဲ?”
ကောင်လေး ။ ။ “အဲဒါလည်း ကမ္ဘာဦးအစကတည်းကပဲတဲ့ဟ”
ကောင်မလေး ။ ။ “လုပ်ပြန်ပြီ ... နင်က ဘယ်လို သိတာလဲ?”
ကောင်လေး ။ ။ “နင်ကြည့်ပါလား ... ညတစ်ခုကုန်လို့ နေ့တစ်နေ့ကို ရောက်တော့မယ်ဆိုရင် အလင်းရောင်က ၀ုန်းကနဲ ရောက်မလာဘူးလေ ... တဖြည်းဖြည်း မှောင်ရာကနေ လင်းလာတယ် ... အဲဒီလိုပဲ ညအမှောင်ကလည်း ညရောက်တော့မယ်ဆိုရင် တဖြည်းဖြည်းပဲ လင်းရာက မှောင်သွားတယ် မဟုတ်လား ...”
ကောင်မလေး ။ ။ “ ဟုတ်သားပဲ ... အဲဒါနဲ့ သူတို့က သူငယ်ချင်း ဖြစ်ရောလား ...”
ကောင်လေး ။ ။ “ ဒီလိုဟ ... သူတို့က သူငယ်ချင်းတွေဆိုပေမယ့် အတူယှဉ်တွဲပြီး နေလို့မရဘူးလေ ... တစ်ယောက်ရောက်လာရင် တစ်ယောက်က ထွက်သွားရမှာ မဟုတ်လား ... အဲဒါနဲ့ တစ်ယောက်ကို တစ်ယောက် ငဲ့ညှာပြီး နေ့အလင်း လာရင်လည်း ဖြည်းဖြည်းလေးလာတယ် ... အဲဒါမှ ညအမှောင်ကလည်း ဖြည်ဖြည်းလေး ထွက်သွားရမယ်လေ ... ညရောက်တော့မယ် ဆိုရင်လည်း ဒီလိုပဲလေ ... သူတို့ နှစ်ယောက်က အရမ်းခင်ကြတော့ အဲဒီလို မျက်နှာချင်း ဆိုင်လို့ရတုန်းလေးခဏမှာ စကားတွေ အများကြီး ပြောကြတယ်တဲ့ ...”

(၄)
ထိုကောင်လေးနှင့် ကောင်မလေးသည် သူငယ်ချင်းများ ဖြစ်ကြ၏။
ကောင်လေး ။ ။ “ဟိတ် ...”
ကောင်မလေး ။ ။ “ဘာလဲ?”
ကောင်လေး ။ ။ “ဒီနေ့ နင့်မွေးနေ့မဟုတ်လား”
ကောင်မလေး ။ ။ “ဟုတ်တယ်လေ ...”
ကောင်လေး ။ ။ “ရော့ ... နင့်အတွက် မွေးနေ့လက်ဆောင်”
ကောင်မလေး ။ ။ “ ပေး .....”
ထိုကောင်မလေးသည် ကောင်လေးပေးသော မွေးနေ့လက်ဆောင်ကို ယူ၍ ဖွင့်ကြည့်လိုက်လေသည် .....။

(၅)
ကောင်မလေး မွေးနေ့အတွက် သူ့သူငယ်ချင်း ကောင်လေး ပေးသော မွေးနေ့လက်ဆောင်မှာ ..... ..... ..... ..... .....
သင်လည်း ဖတ်ပြီးပါပြီ။

နိဂုံး
ဤတွင် ၀တ္တုပြီး၏။ သင်တို့၏ သိပ္ပံနည်းကျ အတွေးအခေါ်များအား မမှားအောင် သေချာဂရုတစိုက်စီး၍ ပြန်ကြပါကုန်။ ။


Wednesday, August 5, 2009

တာရာမင်းဝေ =

သူဟာ လမ်းပြသူသက်သက်မဟုတ်ဘူး
..... ..... လမ်းဖောက်သူဖြစ်တယ် .....။
သူဟာ နောက်လိုက်တစ်ယောက်မဟုတ်ဘူး
..... ..... ဦးဆောင်သူဖြစ်တယ် .....။

ပလေတိုရဲ့ မှန်ကွဲစတွေပေါ်
နင်းကျော် ဖြတ်လျှောက်ရင်း
ရှေ့ဆုံးက သွားနှင့်သူ .....
ကြယ်မြင် လမြင် လောကဓံကို
ဟားတိုက်ရယ်မောရင်း
ကျောက်သားပေါ် ထွင်းထုခဲ့တဲ့
လူငယ်တစ်ယောက်ရဲ့ ရာဇ၀င် .....။

သူဟာ ပန်းတစ်ပွင့်မဟုတ်လို့
နောက်တစ်ကြိမ် ပြန်ပွင့်ခွင့် မရပေမယ့်
ထာဝရ မွှေးပျံ့နေမယ့် ရနံ့တွေကို
ကမ္ဘာမြေအတွက် ချန်သွားခဲ့သူ .....။

သူပြောခဲ့တဲ့ စကားအတိုင်း
သူဟာ အနုပညာသမား မဟုတ်
သူကိုယ်တိုင်က အနုပညာ ဖြစ်တယ် ....။

တာရာမင်းဝေ = အနုပညာ
အနုပညာ = ထာဝရ ရှင်သန်ခြင်း
တာရာမင်းဝေ = ထာဝရ ရှင်သန်ခြင်း ။ ။

(ဆရာတာရာမင်းဝေ ကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အမှတ်တရ)

ဒီကဗျာလေးနဲ့အတူ ဟိုးတုန်းက ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ အလွမ်းပြေ တင်ပေးလိုက်ပါတယ်။ အဲဒီကဗျာလေးကတော့ ကိုအောင်ဒင် စီစဉ်တဲ့ တာရာမင်းဝေ အမှတ်တရ စာစုများ စာအုပ်ထဲမှာ ပါတဲ့ ကဗျာလေးပါ။

ထာဝရလင်းမယ့် တာရာသို့

ဆိုင်းသံဗုံသံမပါပဲနဲ့
ခင်ဗျားထွက်သွားတဲ့နေ့က
မိုးတွေညို့နေလိုက်တာ...။

တာဝန်ကျေခဲ့ပါတယ်ဆိုတာထက်
ပိုပြီးတန်ဖိုးရှိအောင်
ခင်ဗျားနေထိုင်ခဲ့တာပါ။

လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေ
မိုးလိုခေါင်နေတဲ့ခေတ်မှာ
ခင်ဗျားတီးပြခဲ့တဲ့ဗုံသံတွေက
အားမာန်အစစ်ဖြစ်စေခဲ့တယ်။

အလံမထူခဲ့တဲ့လက်တွေနဲ့
ဘယ်လက်ထဲမှာဝှက်ထားတဲ့ပုံပြင်တွေကို
မပြောနိုင်တော့ပေမယ့်
မနက်ဖြန်မှာထားခဲ့တဲ့
ခင်ဗျားရဲ့မျက်နှာကို
အဆုံးမရှိအနာဂတ်များစွာတိုင်
လူနံပါတ် ၁၃ အဖြစ်နဲ့
မြင်ယောင်နေကြဦးမှာပါ...။

ခင်ဗျားရေးခဲ့တဲ့
သံသရာတေးသွားထဲကလို
ယမမင်းဆီမှာ နီကိုရဲနဲ့တွေ့ရဲ့လား?
ဒါပေမယ့်သေချာပါတယ်
ခင်ဗျားက ဘယ်သူ့ရဲ့ထိုင်ခုံကိုမှ
အတင်းအဓ္ဓမ မလုခဲ့ဘူးဆိုတော့
ကောင်းရာမွန်ရာကိုပဲရောက်ရမှာပေါ့...။

ခင်ဗျားထားခဲ့တဲ့
ကျနော်တို့နေတဲ့နိုင်ငံက
ခင်ဗျားမမြင်လိုက်ရတဲ့
ရွှေဝါရောင်တော်လှန်ရေးအကြောင်း
ခင်ဗျားကိုပြောပြချင်လိုက်တာ။

အာဏာရူးဖက်ဆစ်လက်သစ်တွေရဲ့
ရက်စက်မှုတွေ ... ရိုင်းပျမှုတွေ ...
အို...အစ်ကိုရွှေဘုန်းလူ
ကြုံတဲ့အခါခင်ဗျားရဲ့အိပ်မက်တွေနဲ့
မြင်းစီးထွက်ပြီးကြည့်လှည့်ပါဦး။ ။

(ဆရာ တာရာမင်းဝေ သို့ အမှတ်တရ)



Thursday, July 30, 2009

ဖုန်းသရဲ

(၁)
(အဲဒီမှာ တယ်လီဖုန်း တစ်လုံး ရှိတယ် ...။)
ကျောင်းပိတ်ခါနီး ဂီတသံတွေက ခွဲခွာခြင်းရဲ့ ပြယုဂ်တချို့လည်းဖြစ်ရဲ့။ အလွမ်းတိမ်တိုက်မဲမဲတွေ ကျွန်တော့်ရင်ဘတ်ရဲ့ အနောက်တောင်ထောင့်ဆီကနေ ထစ်ချုန်းသံမပေးပဲ တိတ်တိတ်လေး ၀င်ရောက်လာနေပြီလေ။ ဟုတ်တယ် ... မကြာခင်မှာ နှလုံးသားရှိသူတိုင်းရဲ့ ရင်ဘတ်ဆီ အလွမ်းမိုးရေစက်တွေ တဖွဲဖွဲ ရွာသွန်းလာလိမ့်မယ်။
"ကျောင်းက တစ်လပဲပိတ်မှာပါ ... ကျောင်းပြန်ဖွင့်ရင် ပြန်တွေ့ကြရမှာပဲ"
ကျွန်တော့်အတွက်တော့ ကျောင်းပိတ်ချိန်တစ်လဟာ တစ်ကမ္ဘာလောက်ကြာတယ်ထင်ရတဲ့အကြောင်း သူသိသင့်ပါတယ်။ အဲဒီလိုပါပဲ။ ကျွန်တော့်ရဲ့ သစ်သီးချိုလေးက အရာတိုင်းကို ခပ်ပေါ့ပေါ့နေတတ်တယ်။
ကျွန်တော် စက္ကန့်တိုင်း သူ့ကို လွမ်းနေမယ့်အကြောင်း ပြောပါတယ်။ ကောင်မလေးရဲ့မျက်ဝန်းတွေ ဟက်ဟက်ပက်ပက် ရယ်မောတယ်။ ကျွန်တော် ငေးကြည့်နေရင်းနဲ့ ဇူလိုင်လမှာ စက္ကန့်ပေါင်း နှစ်သန်းခြောက်သိန်း ခုနှစ်သောင်းရှစ်ထောင့်လေးရာ ရှိကြောင်းကို မပြောလိုက်မိဘူး။
အဲဒီကာလက နာရီတွေ ဆိုးခဲ့ကြတယ်...။ သူငယ်ချင်းလည်းမက ချစ်သူလည်းမကျတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ခွဲခွာချိန်ဟာ အေးစက်စက်နဲ့။ ကျွန်တော့်ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားတယ်။ မရက်စက်လိုက်ပါနဲ့ ကံကြမ္မာရယ် ...။ အလွမ်းတွေ မီးလောင်ရင် ဘယ်ဆောင်းမှ နှင်းကျတော့မှာ မဟုတ်ဘူး။

(၂)
"ငါ သတိရရင် ဖုန်းဆက်မှာပေါ့ဟာ ... နင်သာ ဘယ်မှမသွားနဲ့"
(အဲဒီမှာ တယ်လီဖုန်းတစ်လုံးရှိတယ်...။ အဲဒီ တယ်လီဖုန်းဘေးမှာ မိုးရေတွေ ရွှဲနေတဲ့ ကောင်လေးတစ်ယောက် ငုတ်တုပ်ထိုင်နေတယ်။)
ဖုန်းဘေးမှာ စောင့်နေရင်း ကျောင်းပိတ်ခါနီး ဂီတသံတွေ ပြန်မြင်နေမိတယ်။ ကျွန်တော့်ဘ၀မှာ အချိုမြိန်ဆုံး သစ်သီးလေးတစ်လုံးရဲ့ စကားသံ ချိုချိုလေးကို ပြန်လည်စားသုံးမိတယ်။ စိတ်ကူးထဲမှာပေမယ့် အရသာက သိပ်မကွာလှပါဘူး။
အဲဒီစကားလေးတွေနဲ့ပဲ ကျွန်တော့်မှာ ပီတိတွေဖြစ်လို့။ နယ်မြို့လေးဆိုတော့လည်း ဟန်းဖုန်းတွေ ဘာတွေလည်း မရှိ။ အိမ်က တယ်လီဖုန်းလေး နေကောင်းပါစေလို့ ဆုတောင်းတတ်တဲ့ ကျွန်တော့်ကို သူငယ်ချင်းတွေက 'ငကြောင်' တဲ့။ မင်းနဲ့ ပတ်သက်ရင် ငါဟာ ကြောင်ရုံတင်မကဘူး၊ အတော်လေးကို ရူးသွပ်နေသူပါ သစ်သီးချိုလေးရယ်။
လွမ်းလိုက်တာ ကောင်မလေးရေ ...။ ဖုန်းလာရင်တော့ အလွမ်းရဲ့ ခါးသီးမှုတွေကို စကားသံချိုလေးတွေက အနိုင်ယူသွားကြလိမ့်မယ် ထင်တယ်။
[အိပ်မက် = "မင်းကိုကြည့်ရတာ သနားလိုက်တာကွာ ... ထမင်းလည်းမစား၊ ရေလည်းမသောက်ပဲ ငါ့ဘေးမှာချည်း ထိုင်စောင့်နေတယ်။ သွားပါ ... အေးအေးဆေးဆေးနေပါကွာ ... အရင်ကလည်း ဖုန်းလာရင် ငါလှမ်းအော်နေကျပဲ"
ဖုန်းဘေးမှာ အမြဲထိုင်စောင့်နေတတ်တဲ့ ကျွန်တော့်ကို သနားသွားလို့ထင်တယ်။ ဘေးက တယ်လီဖုန်းက ကရုဏာအပြည့်နဲ့ ကျွန်တော့်ကို ပြောတယ်။
"အခုလာမယ့်ဖုန်းက ငါ့ဘ၀ရဲ့ အရမ်းအရေးကြီးတဲ့ ဖုန်းကွ၊ ဘယ်သူဘာပြောပြော ငါကတော့ ဆက်စောင့်ရမှာပဲ ... ဘာမှ လာသနားမနေနဲ့"
ရုတ်တရက် ဒေါသထွက်သွားတဲ့ တယ်လီဖုန်းက ကျွန်တော့်ကို ပြန်ပြောလိုက်တယ် ...
"နေပေါ့ကွာ ... ငါက စေတနာနဲ့ပြောတာကို၊ ဒီပုံအတိုင်းသာ မင်းဆက်စောင့်ရင် မင်းသေလိမ့်မယ်"
"ဟား ဟား ငါမသေခင် ငါ့သစ်သီးချိုလေးဆီက ဖုန်းလာမှာပါကွ ... မင်း စောင့်ကြည့်"]
ဒီလိုပါပဲ ... ကျွန်တော်ဆိုတဲ့ကောင်က အိပ်မက်ထဲအထိ တယ်လီဖုန်း စောင့်နေတာပါ။ သူသတိရတဲ့အခါ ဖုန်းလာလိမ့်မယ် ထင်တာပဲ။ သစ်သီးချိုကောင်မလေးရေ ...။ ငါကိုက ယုံကြည့်လွန်းပါတယ်ကွယ်။

(၃)
အလွမ်းတွေကလည်း အုံ့မှိုင်းနေတာ ကြာပါပြီကော။ နေမင်းကြီးလည်း အရှေ့ကနေ အနောက်ကို လျှောက်နေလိုက်တာ ခဏခဏပဲ။ အင်္ကျီအနီလေးတောင် အလွမ်းတွေနဲ့ စိုရွှဲလို့။ ဒီလိုနဲ့ ကျွန်တော့်မှာ ညမရှိတာ ကြာခဲ့ပါပြီ။
ကောင်မလေးရေ ...။ ငါ့နှင်းဆီခင်းတွေ ခြောက်သွေ့ကွဲအက်တော့မယ်ကွဲ့။ ယုံကြည်မှုတွေ တစစ ပြိုကျ။ ငါ့နှလုံးသားဟာ ရိုးပြတ်တွေထဲမှာ ကန်ခံရတဲ့ ဘော်လုံးတစ်လုံးလို နာကျင်ကြေမွလို့။ ငါရင်ခုန်ရတာ ခါးလွန်းတယ်ကွယ်။
မျှော်လင့်ချက် နဲနဲလေးတွေနဲ့ပဲ တစ်ရက်ပြီးတစ်ရက်။ လမင်းကြီးလည်း ကမ္ဘာကို တစ်ပတ်ပြည့်အောင်ပတ်ဖို့ အရှိန်ယူကောင်းတုန်း။ မိုးတွေကလည်း ထစ်ချုန်းသံ ပေးတလှည့် မပေးတလှည့်နဲ့ သည်းသည်းမည်းမည်း။ ကျွန်တော်ကတော့ ဖုန်းဆက်စောင့်တုန်းပေါ့။ ဖုန်း ... ဆက် ... စောင့် ... တုန်း .... ။ ။
(ဇာတ်လမ်းကလေးကတော့ ဒါပါပဲ။ ဇာတ်လမ်းမဆုံးလိုက်ဘူး မထင်ပါနဲ့။ ဇာတ်သိမ်းသွားပါတယ်။ ဇာတ်ပေါင်းတော့ ... သစ်သီးချိုလေးဆီက ဖုန်းမလာပါဘူး။ အဲဒီမှာ တယ်လီဖုန်းကြီးပြောတဲ့အတိုင်း အဲဒီဇာတ်လိုက်ဟာ ဖုန်းစောင့်ရင်း အညောင်းမိပြီး အစာအိမ်မှိုတက် သေသွားပါသတဲ့ ...။
သြော် ... ပြောရဦးမယ် ...
အဲဒီမှာ တယ်လီဖုန်းတစ်လုံးရှိတယ်။ အဲဒီ တယ်လီဖုန်းက မကြာခဏ ကလင် ကလင် နဲ့ ထ ထ မြည်နေတတ်လေရဲ့ ...။)

Friday, July 24, 2009

ပန်းဝင်စား

ငါဟာ ရနံ့တွေကို
လျှို့ဝှက်မထားတတ်ခဲ့လို့
ရင်ကွဲသေဆုံးခဲ့ရတဲ့
ခပ်ညံ့ညံ့ ပန်းတစ်ပွင့်ရယ်ပါ ...။

ရိုးရိုးလေးပါပဲ ...
မာယာကင်းလွန်းတဲ့
နင့် အပြုံးရင်ခွင်ထက်ကို
ကြွေကျ သက်ဆင်းမိတာပါပဲ ...။

ဖြစ်နိုင်ချေနည်းလွန်းတဲ့
မျှော်လင့်ချက် အပိုင်းအစလေးတွေကိုတောင်
ပြန်လည် ယူဆောင်သွားတဲ့
ငါ့ရဲ့ ... အဖြူရောင် လေ(ပြည်) လှိုင်း ရေ .....။

နင် မနမ်းရှိုက်ချင်ခဲ့တဲ့
တစ်ခြမ်းပဲ့ ရနံ့လေးတွေကို
ရင်ခွင်ရဲ့ ဟိုးအနက်ရှိုင်းဆုံးမှာ
သိုဝှက် သိမ်းဆည်းပြီး
နောက်ဘ၀ထိအောင် သယ်ဆောင်ခဲ့ပါ့မယ်...။

အဲဒီအခါ ...
ကမ္ဘာမှာ အာဒံနဲ့ ဧ၀မတွေ့ခင်
နင်နဲ့ငါ အရင်တွေ့ကြမယ် ... ။ ။

Saturday, July 18, 2009

နောက်ကျနေတဲ့ ကဗျာ


တကယ်ပါ ...
ငါ့မှာ ၀င်ခင်းစရာ
ဖျာလည်း မရှိဘူး
စိတ်လည်း မကူးခဲ့ပါဘူး ... ။

တခါတရံလေးတွေမှာ
လင်းလက်ခဲ့တာက လွဲရင်
ငါက ... အမှောင်မှာ
ကျင့်သားရနေတဲ့
လူစုန်းတစ်ကောင်ပါ ... ။

ရိုးသားခဲ့ပါတယ်လို့တော့
ကိုယ့်ကိုကိုယ်တောင် မညာချင်ပါဘူး။

သေချာတာကတော့
ငါက လေတိုက်တိုင်းမယိမ်းသလို
မိုးရွာလို့လည်း ရေခံဖို့ မေ့နေသူပါ။

အဲဒီမှာ ...
တိမ်လိုက်စီးချင်တဲ့ ကောင် ...
သက်တန့်ခုံးပေါ်မှာ
ယိုင်နဲ့စွာ ရပ်လို့ ... ။ ။

Monday, July 13, 2009

The Voice Weekly ဂျာနယ်မှ ကောက်နှုတ်ဖော်ပြချက်

The Voice Weekly ဂျာနယ်တွင် ဖော်ပြခဲ့သော နိုင်ငံရေးဆောင်းပါးများနှင့် ပတ်သက်၍ စွပ်စွဲချက်ပေါင်းများစွာကို စာရေးသူတို့ ရရှိခဲ့ပါသည်။ “နိုင်ငံရေးဆိုတာ ပြည်သူလူထုမပါလို့ မရဘူး။ ပြည်သူလူထုမကြိုက်တဲ့ အယူအဆကို ပြောနေတဲ့ နိုင်ငံရေးဟာ ဘယ်မှ မရောက်ဘူး။”ဟု ပြောဆိုမှုများ ရှိပါသည်။
အမှန်အားဖြင့် The Voice Weekly တွင်ဖော်ပြနေသော နိုင်ငံရေးဆောင်းပါးအားလုံး၏ ပထမဦးစားပေးရည်ရွယ်ချက်မှာ Rule of the game ကို ရှင်းပြရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး ရေခံမြေခံ ပေးထားချက်ကို ကြည့်လျှင် Rule of the game ကို ပြည်သူလူထုက ပြဋ္ဌာန်းခြင်းမဟုတ်ပဲ Guardian ဖြစ်သူ တပ်မတော်က ပြဋ္ဌာန်းနေခြင်း ဖြစ်ပါသည်။ နိုင်ငံရေးတို့၏ထုံးစံအတိုင်း Game Plan ကို ရှင်းရှင်းလင်းလင်း မမြင်သာသည်ဖြစ်ရာ စာရေးသူတို့က မည်သို့သော Rule of the game ဖြစ်သည်၊ မည်သို့သော Game Plan ဖြစ်လိမ့်မည်ဟု ရှင်းလင်းတင်ပြနေခြင်း ဖြစ်ပါသည်။ လက်ရှိ Game Plan သည် ‘စနစ်ပြောင်း၊ အုပ်ချုပ်သူမပြောင်း’ ဖြစ်ကြောင်း ‘စာဖတ်သူများသို့’ ဟု အမည်ပေးထားသော ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါသည်။ (ရှင်းလင်းတင်ပြခွင့် ရနေသေးသည်ကိုပင် ကျေးဇူးတင်ပါသည်။)
ပို၍ရှင်းအောင်ပြောရလျှင် စာရေးသူတို့၏ရည်ရွယ်ချက်မှာ လက်ရှိဖြစ်ပေါ်လာသော အခြေအနေကို ပေးထားချက်အဖြစ် ကောက်ယူ၍ ပြည်သူများ ဤ Rule of the game အတိုင်း ကစားရလိမ့်မည်။ မည်သို့သော Game Plan ရှိနေသည် ဆိုသည်များကို အခြေအနေပေးသရွေ့ ရှင်းလင်းတင်ပြနေခြင်း ဖြစ်ပါသည်။ ဤ Rule of the game ကောင်း၏၊ ဆိုး၏၊ တရားဝင်၏၊ မ၀င်၏၊ ပြန်လည်၍ Review လုပ်သင့်၊ မလုပ်သင့် Justify(အဆုံးအဖြတ်ပေးနေခြင်း) လုပ်နေခြင်းမဟုတ်ပါ။
စာရေးသူတို့တွင် Justify လုပ်ရန် အခြေအနေမရှိသကဲ့သို့ လက်တွေ့ကျသည်ဟုလည်း မထင်မိပေ။ တစ်နည်းအားဖြင့် ပြောရလျှင် စာရေးသူတို့သည် ဘာသာပြန်ဆရာများသာ ဖြစ်ပြီး ဝေဖန်ရေးစာရေးဆရာနေရာကို ယူနေခြင်းမဟုတ်ပေ။ ဝေဖန်ရေးဆရာအချို့က စာရေးသူတို့ကို ဝေဖန်ရေးဆရာအမှတ်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်ပါသည်။
ပြည်သူလူထုမပါသော နိုင်ငံရေးဖြစ်သွားလျှင် ပဋိပက္ခများ နောက်ထပ် ဆယ်စုနှစ်တစ်ခုစာ ရှည်ကြာသွားနိုင်သောကြောင့် Rule of the game အကြောင်း ပြည်သူလူထုကို ရှင်းလင်းတင်ပြရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။ အမျိုးသားညီလာခံကိစ္စကို ဥပမာအဖြစ် စဉ်းစားလျှင် စာရေးသူတို့ နောက်ထပ် ဆယ်စုနှစ်တစ်ခုစာ နိုင်ငံရေးတည်ဆောက်ရေးအချိန်များကို ဖြုန်းပစ်လိုက်ရန် မသင့်တော်ကြောင်း သင်ခန်းစာ ယူသင့်ပါသည်။ ယခု အခြေခံဥပဒေကို စာရေးသူတို့ ၁၉၉၅ ခုနှစ်က ရရှိခဲ့လျှင် ယနေ့ Rule of the game သည် ယခုထက်ပို၍ စိတ်ဝင်စားစရာ ကောင်းပါလိမ့်မည်။

ယခုတစ်ပါတ် The Voice Weekly ဂျာနယ် Vol.5/No.36 ပါ ဆရာအောင်ထွဋ်ရေးသားသော ဘာသာပြန်ဆရာနှင့် ဝေဖန်ရေးဆရာ အမည်ရှိ ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြချက် ဖြစ်ပါတယ်။ ကျွန်တော် ဖတ်မိသမျှထဲက သူငယ်ချင်းတွေကို ဝေမျှပေးချင်တဲ့ စေတနာနဲ့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီအတွက် ဆရာအောင်ထွဋ်ကို အသိမပေးပဲနဲ့ (ဘယ်လို ဆက်သွယ် အသိပေးရမလဲ မသိတဲ့ အတွက်) ဆရာနားလည် ခွင့်လွတ်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အပြည့်အစုံ ဖတ်ချင်ရင်တော့ ဂျာနယ်ကို ရှာဖတ်စေချင်ပါတယ်။