Thursday, November 18, 2010

Eleven ကတော့ Eleven ပါပဲ

SUNDERLAND FREEZE CHELSEA

UNITED STUNNED BY VILLA &

ARSENAL ADVANCE TO GRAB THEIR HOPE



အဲဒါကတော့ နောက်ဆုံးထုတ် First Eleven ဂျာနယ်မျက်နှာဖုံးက စာသားပါ

ထူးခြားချက်ကတော့ စာလုံးတွေ အရောင်ခွဲပြီး ရိုက်ထားတာပါပဲ

အရောင်ခွဲထားတဲ့ စာလုံးတွေချည်းပဲ ပြန်ရေးမယ်ဆိုရင် ဒီလိုရပါတယ် ...



SU FREE

UNITE &

ADVANCE TO GRAB THE HOPE



လို့ ဖတ်လို့ ရပါတယ် ...... ကျနော်ကတော့ ဘာသာပြန်သိပ်မကျွမ်းကျင်ပါဘူး ...

သူငယ်ချင်းတစ်ယောက်ကတော့ ခုလို ဘာသာပြန်ပေးပါတယ် ...



ဒေါ်စု လွတ်ပြီ...

မျှော်လင့်ခြင်းတွေကိုဖမ်းဆုပ်ကိုင်နိုင်ဖို့ အသေးစိတ်ပေါင်းစည်းပါ စုစည်းပါ



Eleven ကတော့ Eleven ပါပဲ ....

ရဲရဲဝံ့ဝံ့ လုပ်ရပ်အတွက် ကျနော်တို့ ဂုဏ်ယူစွာ အားပေးလိုက်ကြပါစို့ .......။ ။

(နောက်ဆက်တွဲ ......)



ခုမှ ကော်နက်ရှင်ကောင်းလို့ en2mm7@gmail.com ရဲ့ အကူအညီကို ယူလိုက်တာကတော့ ဒီလိုရပါတယ် .....



skinny: free



en2mm7: EN2MM:(adj) ၁။ (က) လွတ်လပ်သော။ ပွင့်သော။ ရှင်းသော။ လွတ်သော(မငြိသော)။ လွတ်ငြိမ်းသော။(v) လွတ်လပ်(adv) အခမဲ့



skinny: unite



en2mm7: EN2MM:(v) ပေါင်းစည်း



skinny: advance



en2mm7: EN2MM:(n) ချီစစ်။ ချီတက်ခြင်း။ တိုးဝင်လာမှု။ ပြန့်ပွားလာမှု။ တိုးပွားမှု။ တိုးတက် လာမှု။ တိုးတက်မှု။ ကြိုတင်ပေးငွေ။ စရန်။ တိုးပေးမှု။ တိုးတက်မှု။



skinny: grab



en2mm7: EN2MM:(vt,vi) လုယူသည်။(n) လုယူခြင်း။(v) လုယူ



skinny: hope



en2mm7: EN2MM:(n) မျှော်လင့်ချက်။(vt,vi) မျှော်လင့်သည်။ အားထားသည်။(v) မျှော်လင့်



grab ကိုတော့ ကျနော်ကိုယ်တိုင် သိဖူးတာက ဆုပ်ကိုင်ခြင်း ဖမ်းဆုပ်ခြင်းပါပဲ ....။ ကိုယ်တိုင်ပဲ ဘာသာပြန်ကြည့်လိုက်ကြပါတော့ဗျာ။

Thursday, October 21, 2010

လက်ဆောင်

နှင်းဆီပန်းတွေပါ ...
လွင်ပြင်တစ်ခုလုံး စိမ်းလန်း
လွင်တီးခေါင်တောင် စိုပြေလို့ ...။

အဖြေဆိုတာကလည်း
တွက်ရင်းနဲ့ ပျောက်ပျောက်နေတတ်တာမျိုး .....။

ချစ်တဲ့ ကမ္ဘာမြေကြီးက
ပစ်စရာမရှိအောင် လှပလွန်းတော့
သူများတွေအတွက် မနာလိုဘူး
ဆူးတွေ အပြိုင်းအရိုင်း ဖူးပွင့်သွားတယ် ...။ ။


အသစ်မရေးဖြစ်တာလည်း ကြာပြီဆိုတော့ .. ခု ရွာပြန်ရောက်နေတုန်း ဟိုးတုန်းက စာအုပ်အဟောင်းကြားက ကဗျာစာရွက်အဟောင်းလေး ပြန်တွေ့တာနဲ့ တင်ပေးလိုက်ပါတယ်။ ကိုယ်ရေးထားတာလား .. ကူးထားတာလား မမှတ်မိတော့ဘူး။ ကူးထားရင်တော့ ရေးတဲ့လူကို အမြဲ ကူးပါတယ်။ ဒါကြောင့် ကျနော်ရေးထားတာပဲ ဖြစ်မှာပါ။ တခြားမှာ တွေ့ဖူးရင် ပြောသွားပေးကြပါ။

ပြောရဦးမယ် .. ခု ကျနော်တို့ ရွာမှာ အင်တာနက်ရနေပြီ။ အဲဒါကြောင့် ခု ရွာကနေ တင်ပေးလိုက်တာပါ။ ပုံတင်ဖို့ အခက်အခဲ ရှိလို့ ပုံတော့ မပါတော့ဘူးပေါ့ဗျာ။ ကဗျာလေးပဲ ဖတ်သွားကြပါတော့။ နောက်လည်း ပုံမှန် အသစ်တွေ ရေးပြီး တင်ပေးနေမှာ ဖြစ်တဲ့အကြောင်း သတင်းကောင်း ပါးလိုက်ပါတယ် အရပ်ကတို့ရေ ...။

Sunday, September 5, 2010

မိုးပျံပူဖောင်း



“ မိုးပျံပူဖောင်းလိုကောင် !”

ကျနော့်သူငယ်ချင်းက လူတစ်ယောက်ကို ဆဲချင်ရင် အဲဒီလို ဆဲတတ်ပါတယ်။

“ မင်းဟာကလဲကွာ ... အဲဒါ ဆဲတာလား ? မိုးပျံပူဖောင်းဆိုတာ မိုးပေါ်ကို မြင့်မြင့်တက်နေတဲ့ အရာလေကွာ ... မင်းဆဲတာက ချီးကျူးသလို ဖြစ်နေပြီ ...”

ကျနော် မေးမိတော့ သူငယ်ချင်းက ပြောတယ် ...

“ မင်းဘာသိလို့လဲ ... မိုးပျံပူဖောင်းဆိုတာ သူ့အစွမ်းသတ္တိနဲ့သူ မိုးပေါ်ကို တက်နေတာ မဟုတ်ဘူး ... အထဲမှာ လေထက်ပေါ့တဲ့ ဓါတ်ငွေ့တစ်ခုခု ထည့်ထားလို့ မဟုတ်လား ...”

“ အေးလေ ... အဲလောက်ကတော့ ကလေးတောင် သိတယ် ...”

“ အေး ... အဲဒါ မိုးပေါ်တက်နေတာ မဟုတ်ဘူးကွ ... လေပေါ် ပေါလောပေါ်နေတာ ... မင်းစဉ်းစားကြည့် ... လောကကြီးမှာ သူလိုကိုယ်လို လေထဲမှာ မနေနိုင်ပဲ လေပေါ်ပေါလောပေါ်နေရလောက်အောင် ပေါ့ရွှတ်နေတဲ့ကောင်က ဘယ်ကလာပြီး အသုံးကျတော့မှာလဲ ... ဒီကြားထဲ လေနှင်ရာ လွှင့်လွှင့် သွားတတ်သေးတယ် ... မဟုတ်ဘူးလား ...”

အင်း ... သူဆဲတာလဲ ဟုတ်သလိုလိုပဲနော် ...။ ။

Saturday, August 28, 2010

တခါတခါ အချစ်ဆိုတာ


တန်းစီထားတဲ့ လူတွေထဲ မကြည့်ပါနဲ့ ...
ဟိုး ... နောက်ဆုံးမှာတောင်
ကိုယ်က ရပ်ခွင့်မရှိတဲ့ ဘဝပါ ....။

စိုက်ကြည့်နေတဲ့ လူတွေထဲ မရှာပါနဲ့ ...
ဟိုး ... ချောင်ထဲကတောင်
ကိုယ်က မျှော်ခွင့်မရှိတဲ့ ဘဝပါ ....။

ကိုယ့်ဘဝ ကိုယ်သိလို့
မျက်လုံးစုံမှိတ်ပြီး
မင်းနဲ့ ဝေး ... ရာ ...... ထွက် ....... ပြေး .......
အား !!! ဘယ်လိုမှ မရပါဘူး ....။

ချစ်ခြင်းနတ်သမီးလေးရေ ....

ဖွင့်မပြောတဲ့ အချစ်ကလည်း
အချစ်တစ်ခုပဲ မဟုတ်လားကွယ် ....

သေချာပါတယ် .... တိတ်တိတ်လေးပေါ့ .......။ ။

Sunday, August 22, 2010



ကျွန်တော်ရေးထုတ်လိုက်တဲ့ စာအုပ်ကြောင့် အတော်လေး ပွက်လောရိုက်သွားပါတယ်။ ကဲ့ရဲ့သံတွေ၊ ရှုတ်ချမှုတွေ၊ တွေဝေမှု၊ အံ့သြမှု၊ နားမလည်နိုင်မှုတွေ ဆူညံသွားပါတယ် ...

“အဓိပ္ပာယ်မရှိဘူး ... ဒါ စာပေ ဒဿနကို အရောင်ဆိုးတာပဲ ...”

“ဘယ်လိုကြီးလဲဟ ... ဒီကောင် အရူးလား? ”

တချို့ကကျ ဘာပြောရမှန်း မသိအောင်ကို ဖြစ်သွားကြပါတယ် ...

“ ......... .......... ...........”

သွက်သွက်လက်လက်ရှိတဲ့ ဂျာနယ်လစ်တစ်ယောက်ကတော့ အတော်လေး သည်းညည်းခံထားရတဲ့ မျက်နှာထားနဲ့ ကျွန်တော့်ကို လာမေးပါတယ် ...

“ ဒီစာအုပ်ကို ဘာရည်ရွယ်ချက်၊ ဘယ်လို အကြောင်းကြောင့် ထုတ်လိုက်တယ်ဆိုတာ သိချင်ပါတယ်?”

ကျွန်တော် ခပ်တိုတိုပဲ ပြန်ဖြေခဲ့ပါတယ် ...

“ကျနော်တို့ နိုင်ငံမှာ အရမ်းလိုအပ်တဲ့ အရာတွေကို ရေးထုတ်လိုက်တာပါ ...”

ဂျာနယ်လစ်လည်း မှုန်ကုတ်ကုတ်နဲ့ ပြန်လှည့်ထွက်သွားတယ်။

ကျွန်တော့်ရဲ့ စာအုပ်ထဲမှာ ညီမျှခြင်းတွေက လွဲလို့ ဘာမှ ရေးမထားပါဘူး ။ ။

Monday, August 16, 2010

မီးပြတိုက်ရဲ့ အလွမ်းသီချင်း



လှိုင်းတွေ တသီတတန်းနဲ့ဆိုတော့
ငါ့ ရင်ခွင် အကန်းကလည်း
ကမ်းမမြင် လမ်းမမြင်ကို ငေးလို့ .....။

ငါက ဘယ်မှ မသွားခဲ့သလို
သူကလည်း ဘယ်မှ မသွားခဲ့ဘူး ...
အစကတည်းက ...
ငါ့တို့နှစ်ယောက်ကြား
ပင်လယ်တစ်ကမ်း ကောင်းကင်တစ်ခုစာ
ဝေးခဲ့ကြပြီးသားပါ။

ကောင်မလေးရေ ...
ငါက မုတ်သုံပြောင်းပြန်နဲ့ ကောင်ပါ
စိတ်တွေက လေနှင်ရာ လွှင့်လွန်းတယ် ...။

ခုတော့လည်း ...
ငါ့အိပ်မက်လေးကို လွတ်ချထားလိုက်ပြီ ...။

တေးမသီတော့တဲ့ ငှက်ကလေးလို ...
ဟိုး .... ခပ်ဝေးဝေးကို
ပျံ ... သန်း .... ရင်း .......
နေတတ်သလို နေဖို့ .......။ ။

Wednesday, August 11, 2010

သူငယ်ချင်းရေ .. ဘာရယ်မဟုတ်ဘူး


နိဒါန်း

ဟိုးရှေးရှေးတုန်းက .........

စာကိုယ်

ကိုယ်စောင့်နတ်ကလေး ခါရာ နေမထိ ထိုင်မသာ ဖြစ်နေလေသည်။ အကြောင်းကတော့ သူ့သခင် နွေဆူးလင်္ကာ အပျင်းကြီး၍ ဘာစာ ဘာကဗျာမှ မရေးသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် ကိုယ်စောင့်နတ်ကလေး ခါရာ ရေရွတ်လိုက်သည် .....

“တောက် ! ဒီလူ အပျင်းကြီးပြီး ဘာစာမှ မရေးပဲနဲ့ အဟောင်းကြီးကို အသစ်လိုလိုနဲ့ ပြန်တင်ထားတာ သူမရှက်ပေမယ့် ... ငါ ရှက်တယ်” (မှတ်ချက်။ ။ တစ်ခါတည်းပါ။ အရင်တင်ထားတဲ့ ကံကြမ္မာအတုက အဟောင်းကြီးဗျ။ ဘာမန့်မှ မရလို့ အသစ်လိုလို ပြန်တင်ထားတာ ... ဟီး ဟီး)

ထိုစဉ် ....
ဖောက်ကနဲ အသံနှင့်အတူ ခါရာ့ဘေးသို့ နတ်တစ်ပါး ပေါ်လာလေသည်။

“ ..... ..... ..... ..... ”

ခါရာ။ ။ “ဟင် ... နင် ... နင် ဘယ်လို ရောက်လာတာလဲ? သူ သူ .. မြန်မာပြည် ပြန်ရောက်လာပြီလား?”

ထို ကိုယ်စောင့်နတ်မလေး၏ အမည်မှာ ဗာဒေ ဖြစ်ပါသည်။ ခါရာ့သခင် နွေဆူးလင်္ကာ၏ သူငယ်ချင်းမလေးတစ်ယောက်ကို စောင့်ရသော ကိုယ်စောင့်နတ်မလေးဖြစ်ပါသည်။

ဗာဒေ။ ။ “ဘာတွေ လျှောက်ပြောနေတာလဲ? မရောက်ပါဘူးဟာ”

ခါရာ။ ။ “ဟင် ... ဒါဆို ... နင်က ဘယ်လိုရောက်လာတာလဲ? လေယာဉ်နဲ့လား?”

ဗာဒေ။ ။ “ဟဲ့ ... နတ်ဟဲ့ နတ် ... ဘယ်က လေယာဉ်စီးစရာ လိုမှာလဲ”

ခါရာ။ ။ “အေး ... ဟုတ်သားပဲ ... ထားတော့ဟာ နင်လာတာ ဘာကိစ္စလဲ?”

ဗာဒေ။ ။ “အောင်မယ် ... နင့်ဆီကို ငါက ကိစ္စမရှိပဲ လာရမှာလား?”

ခါရာ။ ။ “အေး ... အဲဒါတော့ ဟုတ်တယ် ... ဒါဆို ဘာကိစ္စလဲ?”

ဗာဒေ။ ။ “ငါ့သခင်မရဲ့ မွေးနေ့ နီးပြီလေ ... အဲဒါ နင့်သခင် မွေးနေ့လက်ဆောင် တစ်ခုခု ရေးရအောင် လာသတိပေးတာ”

ခါရာ။ ။ “အဲဒါ ငါသိတယ် ... သတိလည်း ရတယ် ... ခက်တာက နင့်သခင်မက ငါ့သခင်ကို စကားမပြောဘူးဟ ... အဲဒါကြောင့် ငါ့သခင်က ရေးရခက်နေတယ် ”

ဗာဒေ။ ။ “အေး ... ဟုတ်တယ် ... ဒါပေမယ့် ... မရေးလို့ မရဘူး ... ရေးကို ရေးရမယ် ... အဲဒါ နင့်မှာ ဘာအကြံရှိလဲ?”

ခါရာ။ ။ “ဒီလိုလုပ် ... အရင်ဆုံး နင့်သခင်မက ငါ့သခင်ကို စကားပြောအောင် လုပ်မယ် အဲဒါမှ ငါ့သခင်က နင့်သခင်မကို မွေးနေ့လက်ဆောင်ပေးဖို့ တစ်ခုခု ရေးလာလိမ့်မယ်”

ဗာဒေ။ ။ “အေးဟ ... အဲလိုပဲ ကြိုးစားကြည့်တာပေါ့”

ထို့နောက် ခါရာနှင့် ဗာဒေတို့သည် အိပ်မက်နတ်သမီးထံ သွားရောက်၍ ဗာဒေ၏သခင်မအား အိပ်မက်တစ်ခုခု ပေးရန် စီစဉ်ကြလေသည်။

အိပ်မက်နတ်သမီး။ ။ “ဘယ်လို အိပ်မက်မျိုး ပေးစေချင်လဲ?”

ဗာဒေ။ ။ “နွေဆူးလင်္ကာနဲ့ ပတ်သက်တာ တစ်ခုခုပေါ့”

အိပ်မက်နတ်သမီး။ ။ “အင်း အင်း ... ဟုတ်ပြီ ... ဒီနေ့ည ပေးလိုက်မယ်”

(ဘယ်လို အိပ်မက်လည်းတော့ ကျနော်လည်း မသိဘူး။ သူကလည်း ပြောမပြဘူး သတ်ချင်သတ်ပစ်လိုက်လို့ ပြန်ပြောတယ်ဗျ :-)

ဤသို့ဖြင့် နောက်တစ်နေ့တွင် ........

သူငယ်ချင်း။ ။ “ .............. ............ ”

နွေဆူးလင်္ကာ။ ။ “ ............... ............ .........”

သူတို့ အရင်အတိုင်း သူငယ်ချင်း အစစ်များ ပြန်ဖြစ်သွားကြလေသည် ...။

ထို့ကြောင့် နွေဆူးလင်္ကာက ထိုသူယ်ချင်းမလေးအတွက် ဤဝတ္တုအား မွေးနေ့လက်ဆောင်အဖြစ် ရေးပေးလိုက်လေသည်။

နိဂုံး

ပြီးပါပြီ ..................
ဒန် တန့် တန် ...........။ ။

(မှတ်ချက်။ ။ ဆရာနီကိုရဲ၏ နတ်ငယ်အား အခြေခံပါသည်။)


Friday, August 6, 2010

ကံကြမ္မာ အတု



ညတစ်ည ... ကွင်းပြင်ကျယ်ထဲမှာ မိုးပေါ်ကို ခဲနဲ့လှမ်းလှမ်းပစ်နေတဲ့ ကောင်လေးတစ်ယောက်ကို အဘိုးအိုက နားမလည်နိုင်စွာ မေးလိုက်တယ်။

"လူကလေးရယ်... ဘာအကျိုးရှိမှာမို့ မိုးပေါ်ကို ခဲနဲ့ လှမ်းပစ်နေရတာလဲ?"

ကောင်လေးကလည်း ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့လေသံနဲ့ ပြန်ဖြေပါတယ်။

"ကျွန်တော်က ယောက်ျားတံခွန် လူရည်ချွန်ဆိုတာမျိုးလေ ... အဲဒါ ကြယ်ကိုလှမ်းဆွတ်နေတာပေါ့ ... ရမှာပါ ..."

တိုက်တိုက်ဆိုင်ဆိုင်ပင် ခဲတစ်လုံးပစ်အပြီး မကြာမီ ကြယ်တစ်စင်း ကြွေကျသွားသည်။ ကောင်လေးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် အဘိုးအိုကို လှည့်ကြည့်ကာ ...

"မြင်လား အဘိုး ... ၊ အဘိုးက ကျွန်တော့်ကို တော်တော်အထင်သေးတာပဲ .. အင်းလေ... အဘိုးတို့ငယ်ငယ်က ကျွန်တော့်လို မတော်ကြတော့ ကျွန်တော် တော်တာကို အဘိုးတို့ ဘယ်ယုံကြည်နိုင်ပါ့မလဲ..."

ပြောပြီး ကောင်လေးလှည့်ထွက်သွားသည်။ အဘိုးအို ဆက်ပြောသော စကားကိုတော့ ကြားမသွားပါချေ။

"အင်း ... ကံကြမ္မာဆိုတဲ့ နားကန်းကောင်ကလည်း လူမိုက်ကို မြှောက်ထိုးပင့်ကော် လုပ်ပေးတတ်ပါလား"။ ။

Sunday, August 1, 2010

ကဗျာ မဆန်တဲ့ ကဗျာ


ငါ့ရဲ့ ကစားပွဲတိုင်း အရှုံးတွေချည်း ထပ်ခဲ့
ဒါပေမယ့် .... အခွင့်သင့်ရင်
ဝှက်ထားတဲ့ စပိတ်တစ်ကို ထုတ်အသုံးချချင်တယ် ...
လှည့်ဖြားတတ်တဲ့ ကံကြမ္မာကို
တခါတလေတော့ ပြန်ပြီး ကောက်ကျစ်သင့်တယ်လေ။

ဒီလိုနဲ့ ... လဲကျနေတဲ့အထိ
ကံဇာတာက တက်မလာဘူး .....
အတိတ်တစ်ခုလုံးလည်း မှောင်လှပြီ။

နောင်တတွေနဲ့ မွန်းကျပ်ဖူးပါရဲ့ ....
အဲဒီလွတ်လပ်မှုတွေကိုပဲ အပြစ်တင်ရင်း
မဖြေချင်တဲ့ မေးခွန်းကို
ထပ်ခါတလဲလဲ ဖြေနေရ .....။

တကယ်ဆို ဒီနေရာက ထွက်သွားသင့်ပြီ
ငါဘာကို ကြောက်နေတာလဲ?
လောကမှာ ဘာကို ကြောက်လို့ ကြောက်ရမှန်းမသိတာ
ကြောက်စရာ အကောင်းဆုံးပဲ။

အတ္တကြီးလွန်းတဲ့ လူတွေကို ငါမုန်းတယ်။

မှန်အမြဲကြည့်နေတဲ့ လူတွေကို ငါမုန်းတယ်။

ကယ်တင်ရှင်ယောင် ဆောင်တဲ့ လူတွေကို ငါမုန်းတယ်။

သေချာတာကတော့ ...
လူမဆန်တဲ့ လူတွေကို ငါ မုန်း တယ်။ ။

Sunday, July 25, 2010

မသေကောင်း မပျောက်ကောင်း အဘရယ်



ကျနော့် မျက်စိရှေ့တင် လူတစ်ယောက် အက်ဆီးဒင့် ဖြစ်ပြီး ဆေးရုံရောက်သွားတယ်။ ကျနော့် ပယောဂလည်း မကင်းဘူးဆိုတော့ စိတ်မကောင်း ဖြစ်မိတာပေါ့။ ဖြစ်ပုံက ဒီလိုဗျ။

ကျုံးဘေး ၂၆လမ်း၊ အနောက်ကနေ အရှေ့ကို အသွား ၇၈လမ်းထောင့်ကျ မီးပွိုင့်မိလို့ ရပ်နေတုန်း ကျနော့်ဆိုင်ကယ်ဘေးမှာ ဆိုင်ကယ်တစ်စီး လာရပ်တယ်။ တောက အဘကြီးတစ်ယောက်ထင်ပါတယ်။

အဲဒီအချိန်မှာ တခြားဆိုင်ကယ်တွေ ကားတွေ ညာဘက် ၇၈လမ်းထဲကို ဝှီးကနဲ ဝှီးကနဲ ကွေ့မောင်း သွားကြတာပေါ့။ အဲဒီတော့ အဘကြီးက ...

“ဟ ... မီးနီနေတာတောင် ဒီကောင်တွေ မရပ်ပဲ ကွေ့သွားကြပါလား ...”

ကျနော်ကိုက မနေနိုင်မထိုင်နိုင် ဝင်ပြောမိတာပါ ...။

“အဲဒီလမ်းက မီးနီလည်း ကွေ့လို့ရတယ်လေ ... GIVE WAY ...”

“ဟေ ! ဟုတ်ဟ ... အဲဒါဆို ငါလည်း သွားပြီဟေ့ ...”

အံ့သြတကြီး ဝမ်းသာအားရနဲ့ ကွေ့သွားလေရဲ့။ ကျနော့်စိတ်ထဲ ထင့်ကနဲ ...။

အဲဒီနေ့ အဲဒီမီးပွိုင့်မှာပဲ အဲဒီအဘကြီးကို ပြန်တွေ့ရလေရဲ့။ ဒီတစ်ခါတော့ အရှေ့ကနေ အနောက်ကို မောင်းလာတာပါ။ ကျနော့်စိတ်ထဲ ထင့်ကနဲ ...။

ကျနော့်ဘေးကနေ အဲဒီအဘကြီး မီးနီဖြတ်မောင်ပြီး ၇၈လမ်းထဲ အကွေ့ ......

“ ဒုန်း ” ...... “ဟာ ! တိုက်ပြီဟေ့”

“ ရွှီ ” ..................

“မီးနီဖြတ်မောင်းတာ .... တိုက်ပြီဟေ့ ...”

လမ်းထဲက ထွက်လာတဲ့ ကားနဲ့ တိုက်ကြပါလေရော ....။

ကျနော် တကယ် စိတ်မကောင်းပါဘူး။ ကျနော်ကိုက မနေနိုင် မထိုင်နိုင် ဝင်ပြောမိတာကိုး ....။ ။

Monday, July 19, 2010

မှတ်သားလောက်ပါတယ်


သရပါ မဂ္ဂဇင်းက အယ်ဒီတာ ခေါ်တဲ့ ကြေငြာကို သဘောကျလို့ မျှဝေပေးလိုက်ပါတယ်။ The Voice ဂျာနယ်မှာ ဖတ်ရတာပါ။

သရပါ ရသ စာပေမဂ္ဂဇင်းအတွက် အမျိုးသမီး အယ်ဒီတာ ခေါ်ယူခြင်း
၁။ ရုပ်ရည် ပြေပြစ်ရမည်။
၂။ မြန်မာစကားကို ယဉ်ကျေး သိမ်မွေ့စွာ ပြောဆိုတတ်ရမည်။
၃။ အိမ်ထောင်မရှိသူ ဖြစ်ရမည်။
၎။ မည်သည့် ဂျာနယ်၊ မဂ္ဂဇင်းတိုက်တွင်မှ အလုပ်လုပ်ဖူးသူ မဖြစ်စေရ။
၅။ (၁၀)တန်းအောင်ရန် မလိုပါ။
၆။ အသက် (၂၀) နှစ်မှ (၂၈) နှစ်အတွင်း ဖြစ်ရမည်။

ကဲဗျာ မမိုက်ဘူးလား။ အတွေ့အကြုံ မလိုဘူးတဲ့။ ရှိရင်တောင် မခန့်ဘူး ဆိုတဲ့ သဘောဗျ။ အယ်ဒီတာတွေ ဖြစ်တဲ့ အစ်မ မနော်ဟရီတို့ အစ်မ ချောအိမာန်(မန္တလေး) တို့ ထိုင်ငိုလောက်တယ်။
စကားမစပ် အဲဒီ သရပါ မဂ္ဂဇင်းဆိုတာ သရုပ်ဆောင် သူဌေး မင်းအုပ်စိုး လုပ်တဲ့ မဂ္ဂဇင်းပါ။ မဂ္ဂဇင်း အသစ်တစ်ခု ထွက်ပေါ်လာတဲ့အတွက်တော့ ကြိုဆိုပါတယ်။ တကယ် ရသ အစစ်တွေ ပေးနိုင်မယ့် မဂ္ဂဇင်း ဖြစ်လာဖို့ မျှော်လင့်ပါတယ်ဗျာ။ မိန်းကလေးအယ်ဒီတာ ငယ်ငယ်ချောချောလေးတွေ နဲ့ မဂ္ဂဇင်းကို ကျနော်တော့ လတိုင်း အားပေးနေပါတယ် ဟီဟိ ...။ ။

Wednesday, June 30, 2010

မုတ်သုံ

အပွင့်မရှိတဲ့
ပိတောက်ပင်လေးက
မြစ်ကို ဒီလိုပဲ
တစ်သက်လုံး ငေးကြည့်နေမှာလား။

သဲလွန်စ ဆိုလို့
သဲပွင့်တစ်မှုန်တောင် မထတဲ့
သောင်ပြင်ကြီးကလည်း
အချစ်ကို မျိုသိပ်နိုင်လွန်းပါတယ်။

လောကသုံးပါး ဥတုသုံးပါး
အရွယ်သုံးပါးမှာ
အကွေ့အချိုးတွေ များလွန်းတော့
ရေစီးသံက မနွဲ့နှောင်းဘူး။

လေညင်းကို အပိုင်ရလိုမှုနဲ့လေ
အငြင်းပွားကြတယ်
စွန်လွတ်နေတဲ့ ကလေးငယ်တစ်စုနဲ့
ရွက်လှေတချို့ ။ ။

မောင်သိန်းဇော်
ရုပ်ရှင်တေးကဗျာ (မေ၊ ၂၀၁၀)

Saturday, May 15, 2010

ပြတင်းပေါက်က လေတွေ အရမ်းတိုက်တယ်


၁။ ပြန်စာမလာပဲ မိုးလင်းခဲ့ရသော ညများ ...

၂။ သန်းခေါင်ကျော်မှာ ဖွင့်ဖြစ်တဲ့ အလွမ်းသီချင်း ...

၃။ အိပ်ချင်မူးတူးနဲ့ အသည်းခွဲတဲ့ အသံ ...

၎။(ရင်ဘတ်မပါပဲ) မျက်လုံးနဲ့ ဖတ်ခဲ့တဲ့ ခပ်ညံ့ညံ့ အချစ်ဝတ္တု ...

၅။ ရေနွေးများသွားတဲ့ ပေါ့ရွှတ်ရွှတ် ကော်ဖီတစ်ခွက် ...

၆။ ခြင်ဆေးထွန်းဖို့ မေ့နေတဲ့ ခြေထောက်များ ...

၇။ အဆင့်ချင်းကွာလွန်းပေမယ့် သိပ်မဆိုးတဲ့ ဘောလုံးပွဲ ...

၈။ အဆက်မပြတ် ဝါးနေတုန်းက မသိပဲ
ကုန်လို့ စားစရာမရှိတော့မှ အရသာသိတဲ့
ထွေးခံအပြည့်နဲ့ ကွမ်းသွေးတွေ ...

၉။ အရာရာဟာ ... ငါ မဟုတ်ပဲ
လွှင့်မျှော ပျောက် ဆုံး ခဲ့ ရ တဲ့ ...
ည ..... ။ ။



ခင်ဗျားတို့ သဘောတူသည် ဖြစ်စေ၊ သဘောမတူသည် ဖြစ်စေ ... ကျနော်ကတော့ ဒါကို ကဗျာလို့ သတ်မှတ်ပါတယ်။

ကျနော့်ရဲ့ အတိတ်တချို့မှာ အရာရာ လွှင့်မျှော ပျောက်ဆုံးခဲ့ရတဲ့ ညတွေ တော်တော်များများ ရှိခဲ့ဖူးပါတယ်။ အတိတ်ဆိုတာ ကျနော့်အတွက်တော့ Rewrite ပြန်လုပ်ချင်တဲ့ CD တစ်ချပ်ပါပဲ။ သူလို ကိုယ်လိုပါပဲ ... ကျနော်လည်း မှားခဲ့ဖူးတယ်။ အခုတော့ ... ကျနော့် ပြတင်းပေါက်က လေစိမ်းတွေပဲ တိုက်တော့တယ် ....။

၁။ ပြန်စာကို မမျှော်လင့်ရဲတော့တဲ့ ဘဝမှာ ကျနော် ... ဖုန်းလေးကို သံယောဇဉ် ကင်းကင်းနဲ့ပဲ ပိတ်ထားတတ်ခဲ့ပြီ။

၂။ သန်းခေါင်မကျော်လည်း ကျနော့်ဘဝ အစိတ်အပိုင်း တော်တော်များများဟာ အလွမ်းသီချင်းတွေနဲ့ အသားကျနေပါပြီ။

၃။ အသံ တစုံတရာရေ ... ဟယ်လို .. အသံ တစုံတရာရေ ... ကြားရလား?

၎။ ခပ်ညံ့ညံ့ အချစ်ဝတ္တုတွေ ဖတ်ပြီးရင် ကျနော်ညံ့ကြောင်း ပိုသိလာတယ်။

၅။ ကောင်မလေးရေ ... ခုတော့ ဘဝခါးခါးထက် ဘယ်ကော်ဖီကမှ ပိုမခါးနိုင်တော့ဘူးကွဲ့။

၆။ အဲဒီနေ့ကစပြီး ကျနော် ခြင်ဆေးမထွန်းတော့ဘူး။ သွေးအလှူကြီး ပေးပစ်တယ်။ အို ... ခြင်ထီး .. ခြင်မ ... ခြင်ကြားအပေါင်းတို့ ... ကျွန်ုပ်၏ သွေးအား မြိန်ရည် ရှက်ရည် လာရောက် သုံးဆောင်ကြပါလော့ ....။ “ကဲကွာ ... ဖြန်း .... ကွိ ...”
ခြင်။ ။ “ဟင် .. ခင်ဗျားကြီး ... ကျုပ်တို့ကို မာယာနဲ့ လှည့်စားတယ်ပေါ့ ... ဟုတ်လား ... မြှူဆွယ်ဖြားယောင်းမှုနဲ့ ခင်ဗျားကို တရားစွဲမယ် .... ဟင့် ..”
နုပ်။ ။ “မဟုတ် .. မဟုတ်ပါဘူးကွာ ... အကျင့်ပါသွားလို့ပါ ... ဆောတီးနော် ... ဆက်လက် သုံးဆောင်တော်မူပါ ကိုကိုခြင်ရယ် ...”
(တောက်! ဒီနောက်တီးနောက်တောက် စိတ်ကတော့ကွာ ... အလွမ်းစာရေးတာတောင် ဖြောင့်ဖြောင့်တန်းတန်း မရေးရဘူး ... ဟင်း .... ကဲ ထူးပါဘူးကွာ ...)
(မှတ်ချက်။ ။ဤကဗျာသည် သိပ္ပံနည်းကျ ကဗျာ မဟုတ်ပါ)

၇။ ခုတော့ ကျနော် ဘောလုံးပွဲ မကြည့်တော့ဘူး။ တင်းနစ်ပွဲတွေ ပြောင်းကြည့်တတ်လာတယ်။ (အို ... ရှာရာပိုဗာ ... သင် အားကြိုးမာန်တက် ကြုံးဝါး၍ ရိုက်လိုက်သော ဘော်လုံးကား ဆရီနာဆီသို့ မရောက်ပဲ ကျွန်ုပ်၏ နှလုံးသားထံသို့သာ အရှိန်နှင့် ပြင်းစွာ လာရောက် ထိမှန်ခဲ့ပါတော့တယ် ...)

၈။ ကျနော် .... ခု ... ကွမ်းမစားတော့ဘူး ...။ လမ်းထိပ်က ဝယ်စားနေကျ ကွမ်းယာသည်မလေး လင်နောက်လိုက်ပြေးသွားကတည်းက ကျနော် ကွမ်း ပြတ်တော့တာပဲ .... :-)

၉။ ပြီးပါပြီ ....။ ။

Tuesday, March 23, 2010

ကျနော် ထာဝရဦးညွှတ်နေမယ့် နောက်ထပ် ကောင်းကင်


မာန်ကို အမြင့်ဆုံးတင်ပြီး
ထုဆစ်ခဲ့တဲ့ ကောင်းကင်တွေ
ထာဝရ လှပနေဦးမယ်။

ကျနော်တို့ရဲ့ စာတည်းကလေးဟာ
အမှန်တရားနဲ့ ပွေ့ဖက်ထားသူသာ ...
...... ဖြစ်ရဲ့ ........။

လောကဓံရဲ့ ....
အထုအထောင်းတွေ ...
အရိုက်အပုတ်တွေ ...
ဘယ်လောက်လဲ ? .........။

တစ်စစီ လိုက်ကောက်ဖူးတယ် ...
တစ်ကောက်စီ လိုက်စုဖူးတယ် ...။

ကိုယ့်တူ ကိုယ့်သား အရွယ်က
ဟုတ်တာပြောပြော မဟုတ်တာပြောပြော
ဟုတ်ကဲ့လို့ ... မပြောတော့ဘူးဗျာ .......။

ပလေတိုးရဲ့ ဂန္တဝင်သာလိကာ ...
ထာဝရ ... ပျံသန်းသွားတော့တယ် ...။ ။

( ၂၁.၃.၂၀၁၀ နေ့က ကွယ်လွန်သွားသော ဆရာ မာန်မြင့် သို့ အမှတ်တရ ...)

Friday, February 19, 2010

ကောင်းကင်မရှိတဲ့ ငှက်တစ်ကောင်အတွက် အရိပ်


ငါ့ကိုငါ တားဆီးခဲ့တယ် ...
အကြိမ်ကြိမ်ပါပဲ ....။

လမိုက်ညလို ဘဝထဲကို
ပျိုးမကြဲပါနဲ့လို့ (မင်းကို)
ငြင်းဆန်ခဲ့တာလည်း တစ်ခါမက။

ဒီပန်းကို မလိုချင်လို့
မော့မကြည့်တာ မဟုတ်ပါဘူး
လမ်းတွေက ဆူးအပြည့်နဲ့မို့
ခေါင်းမမော့မိတာကို ကြာပါပြီ။

ကောင်းကင်ရဲ့ မိုးရေစက်တွေက
အေးမြမယ်မှန်း သိရက်နဲ့
ခဏခဏ မိုးခိုနေတဲ့ကောင်ပါ။

ငါ့ရဲ့ ဆန့်ကျင်ဘက်လေးရေ ....။

ငါဟာ ကျောက်ရုပ်မဟုတ်ဘူးကွဲ့
မင်းအတွက် အလံဖြူတွေကို
ရင်ခွင်နဲ့ အပြည့် သိမ်းထားသူပါ။

တစ်နေ့တော့ ...
နှင်းဆီအနီတွေကို
မင်းအိပ်မက် လိပ်စာတပ်ပြီး
အရောက်ပို့လိုက်ပါ့မယ်။ ။