Monday, July 13, 2009

The Voice Weekly ဂျာနယ်မှ ကောက်နှုတ်ဖော်ပြချက်

The Voice Weekly ဂျာနယ်တွင် ဖော်ပြခဲ့သော နိုင်ငံရေးဆောင်းပါးများနှင့် ပတ်သက်၍ စွပ်စွဲချက်ပေါင်းများစွာကို စာရေးသူတို့ ရရှိခဲ့ပါသည်။ “နိုင်ငံရေးဆိုတာ ပြည်သူလူထုမပါလို့ မရဘူး။ ပြည်သူလူထုမကြိုက်တဲ့ အယူအဆကို ပြောနေတဲ့ နိုင်ငံရေးဟာ ဘယ်မှ မရောက်ဘူး။”ဟု ပြောဆိုမှုများ ရှိပါသည်။
အမှန်အားဖြင့် The Voice Weekly တွင်ဖော်ပြနေသော နိုင်ငံရေးဆောင်းပါးအားလုံး၏ ပထမဦးစားပေးရည်ရွယ်ချက်မှာ Rule of the game ကို ရှင်းပြရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး ရေခံမြေခံ ပေးထားချက်ကို ကြည့်လျှင် Rule of the game ကို ပြည်သူလူထုက ပြဋ္ဌာန်းခြင်းမဟုတ်ပဲ Guardian ဖြစ်သူ တပ်မတော်က ပြဋ္ဌာန်းနေခြင်း ဖြစ်ပါသည်။ နိုင်ငံရေးတို့၏ထုံးစံအတိုင်း Game Plan ကို ရှင်းရှင်းလင်းလင်း မမြင်သာသည်ဖြစ်ရာ စာရေးသူတို့က မည်သို့သော Rule of the game ဖြစ်သည်၊ မည်သို့သော Game Plan ဖြစ်လိမ့်မည်ဟု ရှင်းလင်းတင်ပြနေခြင်း ဖြစ်ပါသည်။ လက်ရှိ Game Plan သည် ‘စနစ်ပြောင်း၊ အုပ်ချုပ်သူမပြောင်း’ ဖြစ်ကြောင်း ‘စာဖတ်သူများသို့’ ဟု အမည်ပေးထားသော ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါသည်။ (ရှင်းလင်းတင်ပြခွင့် ရနေသေးသည်ကိုပင် ကျေးဇူးတင်ပါသည်။)
ပို၍ရှင်းအောင်ပြောရလျှင် စာရေးသူတို့၏ရည်ရွယ်ချက်မှာ လက်ရှိဖြစ်ပေါ်လာသော အခြေအနေကို ပေးထားချက်အဖြစ် ကောက်ယူ၍ ပြည်သူများ ဤ Rule of the game အတိုင်း ကစားရလိမ့်မည်။ မည်သို့သော Game Plan ရှိနေသည် ဆိုသည်များကို အခြေအနေပေးသရွေ့ ရှင်းလင်းတင်ပြနေခြင်း ဖြစ်ပါသည်။ ဤ Rule of the game ကောင်း၏၊ ဆိုး၏၊ တရားဝင်၏၊ မ၀င်၏၊ ပြန်လည်၍ Review လုပ်သင့်၊ မလုပ်သင့် Justify(အဆုံးအဖြတ်ပေးနေခြင်း) လုပ်နေခြင်းမဟုတ်ပါ။
စာရေးသူတို့တွင် Justify လုပ်ရန် အခြေအနေမရှိသကဲ့သို့ လက်တွေ့ကျသည်ဟုလည်း မထင်မိပေ။ တစ်နည်းအားဖြင့် ပြောရလျှင် စာရေးသူတို့သည် ဘာသာပြန်ဆရာများသာ ဖြစ်ပြီး ဝေဖန်ရေးစာရေးဆရာနေရာကို ယူနေခြင်းမဟုတ်ပေ။ ဝေဖန်ရေးဆရာအချို့က စာရေးသူတို့ကို ဝေဖန်ရေးဆရာအမှတ်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်ပါသည်။
ပြည်သူလူထုမပါသော နိုင်ငံရေးဖြစ်သွားလျှင် ပဋိပက္ခများ နောက်ထပ် ဆယ်စုနှစ်တစ်ခုစာ ရှည်ကြာသွားနိုင်သောကြောင့် Rule of the game အကြောင်း ပြည်သူလူထုကို ရှင်းလင်းတင်ပြရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။ အမျိုးသားညီလာခံကိစ္စကို ဥပမာအဖြစ် စဉ်းစားလျှင် စာရေးသူတို့ နောက်ထပ် ဆယ်စုနှစ်တစ်ခုစာ နိုင်ငံရေးတည်ဆောက်ရေးအချိန်များကို ဖြုန်းပစ်လိုက်ရန် မသင့်တော်ကြောင်း သင်ခန်းစာ ယူသင့်ပါသည်။ ယခု အခြေခံဥပဒေကို စာရေးသူတို့ ၁၉၉၅ ခုနှစ်က ရရှိခဲ့လျှင် ယနေ့ Rule of the game သည် ယခုထက်ပို၍ စိတ်ဝင်စားစရာ ကောင်းပါလိမ့်မည်။

ယခုတစ်ပါတ် The Voice Weekly ဂျာနယ် Vol.5/No.36 ပါ ဆရာအောင်ထွဋ်ရေးသားသော ဘာသာပြန်ဆရာနှင့် ဝေဖန်ရေးဆရာ အမည်ရှိ ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြချက် ဖြစ်ပါတယ်။ ကျွန်တော် ဖတ်မိသမျှထဲက သူငယ်ချင်းတွေကို ဝေမျှပေးချင်တဲ့ စေတနာနဲ့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီအတွက် ဆရာအောင်ထွဋ်ကို အသိမပေးပဲနဲ့ (ဘယ်လို ဆက်သွယ် အသိပေးရမလဲ မသိတဲ့ အတွက်) ဆရာနားလည် ခွင့်လွတ်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အပြည့်အစုံ ဖတ်ချင်ရင်တော့ ဂျာနယ်ကို ရှာဖတ်စေချင်ပါတယ်။

Tuesday, June 23, 2009

ပြန်လွတ်ပေးကြပါ(သီချင်း)

ခြင်ထောင်ချပြီး အသံသွင်းထားတဲ့သီချင်းကို တင်ပေးလိုက်ပါတယ်။ အောက်က သီချင်းစာသားနဲ့ တွဲဖက်ခံစားနိုင်အောင်လို့ပါ ... မလုပ်တတ် လုပ်တတ်မို့ နားထောင်လို့ အဆင်မပြေရင် တောင်းပန်ပါတယ်။


pyanlootpay.mp3 -

Friday, June 19, 2009

ပြန်လွတ်ပေးကြပါ

ပြန်လွတ်ပေးကြပါ


တေးရေး - နွေဆူးလင်္ကာ
Key - C
Intro : C Am F G_ _ o

.............................. C .......................................... Am
verse 1 : ကြည်လင်တဲ့မိုးသားကောင်းကင်ထက်မှာ ဟိုတချိန်ကပျော်မြူးခဲ့ကြတာ
.............. F .................................... G
.............. ငှက်ကလေးပေါင်းများစွာ တေးသံချိုသာ
..................... C .................................. Am
............... ဒီလိုနဲ့ဆိုးဝါးလွန်းတဲ့ တစ်နေ့မှာ လေထန်မုန်တိုင်းကြီးကျလာ
.............. F .................................... G
.............. ငှက်ကလေးများလည်း သွေးပျက်ခြောက်ခြား
..................... Am .......... Em .............. F .............. C
.............. ဒီအချိန်မှာ ချိုးဖြူငှက်ကလေးတစ်ကောင် လမ်းပြခေါ်ဆောင်ကာ
....................... F ............. G ......... C .......... Go
............... လုံခြုံအေးချမ်းလှတဲ့ သစ်ပင်ကြီးဆီရောက်လာ

verse 2: ကယ်တင်ရှင်ချိုးငှက်ကလေးကဦးဆောင်ညီညာတဲ့ငှက်ကလေးများဟာ
............. လွတ်လပ်စွာ ပျော်ရွှင်လှုပ်ရှား
............. ဒီလိုနဲ့ဆိုးဝါးလွန်းတဲ့ တစ်နေ့မှာ လူမဆန်တဲ့မုဆိုးကြီးများဟာ
............. ပိုက်ကွန်များနဲ့ ပစ်ခတ်ကာ အဖမ်းမှာ
............. ဒီအချိန်မှာ ချိုးဖြူငှက်ကလေးဟာ အားလုံးရဲ့ အနစ်နာခံကာ
............. ခိုင်မာကြီးမားလှတဲ့ ပိုက်ကွန်ထဲကို တိုးဝင်

........................ C ..................................... Am
Chorus : ကျွန်တော်တို့ ချိုးငှက်ကလေးကို ပြန်လွတ်ပေးကြပါ
........................ F .................... G
............. ကျွန်တော်တို့ ဘ၀ရဲ့ လမ်းပြကြယ်လေးပါ
............. Am ...... Em .......... Am ......... Em
............. အမှောင်တွေ လာတုန်းက မုန်တိုင်းကြမ်းတုန်းက
...................... F ............ G ............. C ... Go
............. ကျွန်တော်တို့ အားကိုးရတဲ့ မီးအိမ်ရှင်လေးပါ

................ C ............. G ... Am ....... Em ....... F .......... G ... C G
preCho: တချို့ငှက်ကလေးများ အဝေးကိုပြေးသွား တချို့လည်း ပိုက်ကွန်ထဲမှာ မိကြရှာ
................ C .......... G ...... Am ...... Em ....... F ........ G ... C Go
...... ဒါပေမယ့် အားလုံးရဲ့နှုတ်က အမြဲတမ်း တမ်းတ တချိန်မှာ လွတ်လပ်ခြင်းကို ရကြမှာ

..... ....... ........ .......... ........ ..........

သီချင်းစာသားပဲတင်ပေးလိုက်ပါတယ်။ ရေးထားတာကတော့ group song အဖြစ်ရေးထားတာပါ။ သံစဉ်သိချင်ရင်တော့ ကျွန်တော့်အသံဆိုးကြီးနဲ့ တစ်ယောက်တည်းဆိုထားတဲ့ အကြမ်းသီချင်းသံပဲ ရှိပါတယ်။ သိတယ်မဟုတ်လား .. ရွာမှာဆိုတော့ studio လည်းမရှိဘူး။ အကြည်တော် ၀တ္တုထဲကလို ခြင်ထောင်ချပြီး အသံဖမ်းထားတာ။ အခုတခါတည်းတင်မထားတာက လာတည်တဲ့သူတွေ ဖွင့်နားထောင်မိရင် ကျွန်တော့်အသံကြီးကြားပြီး ဒီတစ်သက် ဒီဘလော့ဂ်နဲ့ အပြတ်ပဲ ဖြစ်သွားမှာစိုးလို့ပါ:-) ကိုယ့်ကိုကိုယ် ခံနိုင်ရည်ရှိတယ်ထင်သူတွေကတော့ နားထောင်ရဲရင် cbox မှာဖြစ်ဖြစ် ၊ comment မှာဖြစ်ဖြစ်၊ ကျွန်တော့်ကို တိုက်ရိုက်ဆက်သွယ်လို့ပဲ ဖြစ်ဖြစ် တောင်းယူနားဆင်နိုင်ပါကြောင်း၊ နားထောင်ပြီး ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေအတွက် တာဝန်မယူပါကြောင်း ...... ။ ။

Friday, June 12, 2009

သတင်းစာ ရှင်းလင်းပွဲ

မုသားတွေနဲ့ အသားကျနေတဲ့ မြို့ပျက်ကြီးထဲမှာ ပါးစပ်ကြီးတွေ ထင်ရာစိုင်းနေကြတယ်...။
အဲဒီထဲမှာမှ မုသားအများဆုံး ငုံထားတဲ့ ပါးစပ်ကြီး နှစ်ခု သုံးခုက သတင်းစာ ရှင်းလင်းပွဲလုပ်သတဲ့ ...။
သူတို့ရဲ့ ဆရာကြီးတွေက သူတို့အတွက် ကျင့်ကြံ လုပ်ဆောင်စရာ ဆောင်ပုဒ်တွေရေးပြီး လည်ပင်းမှာ ချိတ်ဆွဲ ... ခေါင်းထဲကို ရိုက်ထည့်ပေးလိုက်ကြတယ်။ သတင်းစာရှင်းလင်းပွဲမှာ မျက်စိကြီးတွေ မှိတ်ပြီး သူတို့ ပြောတာက ...
“ခင်ဗျားတို့က ... မေးချင်တာ မေး ...
ကျုပ်တို့က ဖြေချင်မှ ဖြေမယ် ...။”
“ခင်ဗျားတို့က ... မေးသင့်တာ မေး ...
ကျုပ်တို့က ဖြေချင်သလို ဖြေမယ် ...။”
“ခင်ဗျာတို့ကို မေးခိုင်းထားတာ မေး ...
ကျုပ်တို့က အားရပါးရကြီးကို ဖြေပစ်လိုက်ဦးမယ် ...။”

ဒီဝတ္တုတိုလေးနဲ့အတူ ၁၀.၉.၂၀၀၈ တုန်းက တင်ခဲ့တဲ့ ၀တ္တုတိုအဟောင်းလေးကို ပြန်တင်လိုက်ပါတယ်။

“လင်္ကာကြီးချော”

မိတ်ဆွေကသူ၏ ကိုယ်တိုင်ရေး ဆိုသော လင်္ကာတစ်ပုဒ်လာပြ၏။
"........ ........ ........"
"ဟင် ... ခင်ဗျားဟာကလည်း တချို့အချက်တွေက မဖြစ်နိုင်ဘူးထင်တယ်ဗျ..."
ကျွန်တော်က စိတ်ထဲရှိသည့်အတိုင်းဝေဖန်မိသောအခါ ထိုမိတ်ဆွေကပြန်ပြောသည်။
"ဟဲ ဟဲ.. ဒီလောက်တော့ရှိမှာပေါ့ဗျာမုသား မပါလင်္ကာမချောတဲ့ဗျ..."
"ဪ ဒီလိုလား ... အင်း အင်း ဟုတ်ပြီ"
နောက်တစ်နေ့ကျ ကျွန်တော်၏ကိုယ်တိုင်ရေးလင်္ကာကို သူ့အားပြလိုက်သည်...။
"... ..... .... ..... ...."
ထိုမိတ်ဆွေကဒေါသတကြီးနှင့် ...
"ဘာတွေလဲဗျာ ခင်ဗျားဟာက မဖြစ်နိုင်တာတွေချည်းပဲ...."
"ဟင်... ခင်ဗျားပဲမုသားမပါလင်္ကာမချောဆိုဗျ ... အဲဒါကြောင့် အချောတကာ့အချောဆုံးလင်္ကာကြီး ဖြစ်သွားအောင် မုသား တွေချည်းရေးထည့်လိုက်တာပေါ့ဗျ.. ဟဲ... ဟဲ"
ရှူးသိုးသိုးနှင့် ထိုမိတ်ဆွေလှည့်ပြန်သွားသောအခါသူကြားအောင် ကျွန်တော်အော်ပြောလိုက်သည်...
"ကျွန်တော် စကားပုံကို ပြင်ထားတယ်ဗျ မုသားချည်းပါလင်္ကာကြီးချော လို့မကောင်းဘူးလား"။ ။

Tuesday, June 2, 2009

ကျွန်တော်နှင့်ကြိမ်လုံး

(၁)
ကျွန်တော်တို့အတွက် ကံဆိုးသည့် နှစ်တစ်နှစ် ဖြစ်ပါသည်။ မနှစ်က ခြောက်တန်းနှစ်အထိ ကစားလိုက်၊ နားလိုက်၊ စာသင်လိုက်ဖြင့် လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းခဲ့ကြပါသည်။
နှစ်စဉ် ကြုံတွေ့ခဲ့ရသော အတန်းပိုင်ဆရာမများကလည်း လွန်စွာ သဘောကောင်းကြပါသည်။ ကလေးများကို ခြောက်လန့်ရန် ဝါးခြမ်းပြား ခပ်ငယ်ငယ် တစ်ချောင်းကိုသာ ဟန်ပြ ကိုင်တတ်ကြပါသည်။ အပြစ် အရမ်းကြီးနေမှသာ မလွှဲသာ၍ အလွန်ဆုံး တစ်ချက်နှစ်ချက်သာ ရိုက်တတ်ကြပါသည်။
ယခုနှစ်တွင်တော့ ထိုသို့မဟုတ်တော့ပါ။ ကျွန်တော်တို့အတန်းပိုင်က အလွန်မျက်နှာခက်ထန်သော ဆရာတစ်ယောက်ဖြစ်ပါသည်။ သူနှင့်အတူ ကျွန်တော်တို့အရွယ်နှင့်စာလျှင် အလွန်ကြီးမားသော ကြိမ်လုံးကြီးတစ်ချောင်းလည်း ပါလာပါသည်။
ဆရာ၏ ခန္ဓာကိုယ်အရွယ်အစားက ပုညက်ညက်၊ ပိန်ညောင်ညောင်လေးမို့ လူနှင့်စာလျှင် ကြိမ်လုံးက ပိုထည်နေပါသည်။ အစကတော့ သူ့ကို ကျောင်းသူကျောင်းသားတွေ မလေးစားကြမှာစိုး၍ ကြိမ်လုံးကြီးကို ဟန်ပြကိုင်ထားသည်ဟု ထင်နေကြပါသည်။
သို့သော် ကျွန်တော်တို့ သူငယ်ချင်းတစ်စုမှာ ဆရာ့ကို နာမည်တောင် မသိရသေးခင် ထိုကြိမ်လုံး၏ အရသာကို အရင် မြည်းခဲ့ကြရပါသည်။

(၂)
ထိုနေ့က ကျောင်းစဖွင့်ဖွင့်ချင်းနေ့ ဖြစ်ပါသည်။ လူလည်းမစုံသေး၍ မည်သည့်အတန်းမျှ စာမသင်ကြသေးပါ။ ကျွန်တော်တို့ သူငယ်ချင်းငါးယောက်မှာ နွေရာသီကျောင်းပိတ်ရက် အရှိန်မသေသေး၍ ဘော်လုံးကန် ကောင်းနေကြပါသေးသည်။ ကျောင်းတက်ခေါင်းလောင်းသံ ကြားသော်လည်း ဆရာဝင်ဦးမည်မဟုတ်ဟုထင်ကာ ဆက်ကန်နေကြပါသည်။
“ဟေ့ကောင်တွေ... မင်းတို့ကို အတန်းပိုင်ဆရာကြီးခေါ်နေတယ်”
အတန်းထဲက ကျောင်းသားတစ်ယောက် လာခေါ်နေသောအခါမှ ကျွန်တော်တို့လည်း ဘော်လုံးပွဲကိုရပ်၍ လိုက်ခဲ့ကြပါသည်။ ကြောက်စိတ်တော့ မရှိသေးပါ။ ကျောင်းစဖွင့်သည့်နေ့ ဖြစ်သည့်အပြင် အခြားအတန်းမှ ကလေးများလည်း ဆော့ကစား၍ ကောင်းတုန်းပင် ရှိသေးသောကြောင့် ဖြစ်ပါသည်။
အတန်းထဲကို ဝင်လိုက်သောအခါ ဆရာက ကြိမ်လုံးကြီးကိုင်၍ စောင့်နေပါသည်။
“ဒီကို လာစမ်း ... တန်းစီ ... လက်ပိုက်ထားကြ...!”
ဆရာ့အသံက ညောင်နာနာနှင့် ဩဇာသံမပေါက်ပါ။ ကြိမ်လုံးကတော့ တော်တော်ကြီးပါသည်။ ကျွန်တော်တို့ ဆရာ့ရှေ့တွင် လက်ပိုက်၍ ရပ်လိုက်သောအခါ... ဆရာက...
“ကျောင်းတက်ချိန်မှာ အတန်းထဲမှာမနေပဲ ... မင်းတို့ ဘယ်သွားနေကြတာလ?ဲ တစ်ယောက်ချင်း စတိတ်ပေါ်တက်ပြီး ရှေ့လှည့်စမ်း... !”
“မဟုတ်ဘူး ဆရာ... ဟို... ဟို”
“တိတ်စမ်း ...! ကဲ မင်းအရင်တက်... ဟိုဘက်လှည့် ...”
ကျွန်တော် ရှင်းပြဖို့ ကြိုးစားပါသေးသည်။ ဆရာက စကားဆုံးအောင်ပင် နားမထောင်ပဲ အတင်း စတိတ်ပေါ်တက်ရပ်ခိုင်းကာ တင်ပါးကို ကြိမ်လုံးနှင့် တွယ်ပါတော့သည်။
“ဝှစ်... ဖြောင်း ... !”
“ဝှစ်... ဖြောင်း ...!”
“ဝှစ်... ဖြောင်း ...!”
တစ်ယောက် သုံးချက်စီ တွယ်ခံလိုက်ရပါသည်။ ဖင်လည်း နာပါသည်။ ရင်လည်း နာပါသည်။ ထိုအချိန်ကစ၍ ဆရာ့ကို ရွံကြောက်ကြီး ဖြစ်ခဲ့ရပါသည်။

(၃)
“အားလုံးမှတ်ထားကြ... ငါက... အခုလက်ရှိ မင်းတို့ အတန်းပိုင်ဆရာပဲ... ဒီအတန်းကို တရားဝင် ကိုင်ရမယ့် ဆရာမက သင်တန်းသွားနေလို့ ငါက ခဏ ဝင်ကိုင်နေရတာ... သူပြန်လာရင် ပြန်ပေးလိုက်မယ်... ငါက အတန်းပိုင်တွေ ဘာတွေ လုပ်ချင်တာ မဟုတ်ဘူး... ခေါင်းရှုပ်လို့ ... အေး အထူးသဖြင့် မင်းတို့အတန်း... စာတော့ တော်ပါရဲ့ ... ပညာလေးမှ စုံအောင်တတ်မယ် မကြံသေးဘူး... ဟိုဆရာ့ ပုန်ကန်ချင်... ဒီဆရာ့ မကောင်းပြောချင်နဲ့... ကြပ်ကြပ်သတိထားကြ... ဘယ်လိုပဲဖြစ်ဖြစ်... အခုချိန်မှာတော့ မင်းတို့အတန်းပိုင်ဆရာက ငါပဲ... အဲဒီတော့ ငါထုတ်ထားတဲ့ စည်းကမ်းက မင်းတို့အတွက် စည်းကမ်းပဲ... ဂရုတစိုက် လိုက်နာကြ... တခြားအတန်းတွေ ဘယ်လိုပဲနေနေ မင်းတို့ကတော့ ငါပြောသလို နေရမယ်... ငါ့စည်းကမ်းကို မလိုက်နာတဲ့ကောင်တော့ ကြိမ်လုံးကြည့်ထား...”
အတန်းထဲက ကျောင်းသား ကျောင်းသူတွေ တုတ်တုတ်မျှ မလှုပ်ရဲကြ။ အကြည့်တွေကတော့ ကြိမ်လုံးကြီးဆီပဲ စုပြုံနေကြလေသည်။
စကားတွေ အများကြီး ပြောလိုက်ရ၍ ဆရာ မောသွားဟန် တူပါသည်။ အတန်းထောင့်က ကျွန်တော်တို့ သောက်ရမည့် ရေအိုးထဲက ရေတွေကို ဂလု ဂလုနှင့် တော်တော်များများ သောက်ချလိုက်သည်။
ထို့နောက် ဆရာက စာစသင်ရန် ပြင်လိုက်သည်...
“မင်းတို့ကို ငါသင်ရမယ့်ဘာသာက သမိုင်းပဲ... သမိုင်းမှာ မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်းဆိုပြီး နှစ်ဘာသာရှိတာ မင်းတို့သိပြီး ဖြစ်တယ်... ငါကတော့ မင်းတို့ကို မြန်မာ့သမိုင်းပဲ သင်မယ်... ကမ္ဘာ့သမိုင်းကိုတော့ တခြားဆရာတစ်ယောက် သင်လိမ့်မယ်... ကဲ... စာအုပ်ထုတ်ကြ...”
သမိုင်း သင်မည်ဆို၍ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ပျော်သွားကြသည်။ အကြောင်းမှာ နွေကျောင်းပိတ်ရက် သင်္ကြန်ပြီးကတည်းက မြို့ထဲရှိ ကျူရှင်တစ်ခုသို့ အိမ်က လိုက်အပ်ပေးခဲ့သည်။ ကျူရှင်ဆရာက အငြိမ်းစား ကျောင်းဆရာကြီးတစ်ဦး ဖြစ်ပါသည်။ ကျွန်တော်တို့ကို မြန်မာစာကလွဲ၍ ဘာသာစုံ သင်ပေးပါသည်။ မြန်မာ့သမိုင်းကိုလည်း ကျူရှင်က သင်ပေးထားသဖြင့် ရှေ့ပိုင်း တော်တော်များများ အလွတ်ရပြီး ဖြစ်သည်။ ထို့ကြောင့် အတန်းပိုင်ဆရာက စာမေးလျှင် အလွယ်တကူ ဖြေဆိုနိုင်မည် ဖြစ်သောကြောင့် ကြိမ်လုံးရန် အနည်းငယ် အေးသွားမည် ဖြစ်သည်။

(၄)
ကျောင်းဖွင့်ပြီး တစ်ပတ်ခန့်အကြာ...
ဆရာက စာတစ်ပုဒ်သင်ပေး၍ အတန်းထဲ၌ပင် အလွတ်ရအောင် ကျက်ခိုင်းထားသည်။ ကျွန်တော်တို့က ထိုအပုဒ်ကို ရပြီးဖြစ်၍ ဟန်ပြသာ ကျက်နေကြပါသည်။
ဘေးက သူငယ်ချင်းက ကျွန်တော့်ကို တိုးတိုးလေး စကား စ ပြောသည်...
“ဟေ့ကောင်... ငါတို့ အတန်းပြောင်းရအောင်ကွာ... ငါတို့ အတန်းပိုင်ဆရာက အုပ်ချုပ်ပုံက ညံ့သေး... အသင်အပြလည်း မကောင်းဘူး... ဒီကြားထဲ အရိုက်လည်း ကြမ်းသေးတယ်”
“အတန်းက ကိုယ်ပြောင်ချင်တိုင်း ပြောင်းလို့ရတာ မဟုတ်ဘူးကွ... အဲဒီကိစ္စကလည်း သူ့လက်ထဲမှာပဲ ရှိတာ... ပြီးတော့ ဒီဆရာက ခဏပါပဲ... သင်တန်းသွားတက်တဲ့ ဆရာမ ပြန်လာရင် အတန်းပိုင် ပြောင်းသွားမှာပဲ... ဒီအတောအတွင်းတော့ အောင့်အီးပြီး နေကြတာပေါ့”
ကျွန်တော့် သူငယ်ချင်း၏ မျက်လုံးတွေ ဖျက်ကနဲ အရောင် တောက်သွားကာ...
“အေးကွနော်... ဒါနဲ့ မင်းသိပြီးပြီလား? အဲဒီဆရာမက ငါတို့ ကျူရှင်ဆရာကြီးရဲ့ သမီးတဲ့ကွ... ကျူရှင်မှာလည်း မြန်မာစာကို အဲဒီဆရာမ သင်မှာပဲတဲ့... အရမ်းလည်း သဘောကောင်းတယ် ပြောတယ်”
အဲဒီအကြောင်းကို ကျွန်တော် မသိရသေးပါ။ ရုတ်တရက် ကျွန်တော်လည်း အံ့ဩ ဝမ်းသာ သွားသည်
“ဟုတ်လား အဲဒါဆို ပျော်စရာကြီးပေါ့... ဆရာမကလည်း ဘယ်တော့ ပြန်လာမလဲ မသိပါဘူးကွာ... သင်တန်း မြန်မြန်ပြီး ပြီး မြန်မြန် ပြန်လာပါစေလို့ ဆုတောင်းရမှာပဲ”
အဲဒီအချိန်မှာပဲ အတန်းပိုင်ဆရာ ကျွန်တော်တို့ ခုံနား ရောက်လာသည်။ ကြိမ်လုံးကြီး တကိုင်ကိုင်နှင့်ပင်...
“မင်းတို့ စာရပြီလား?”
ကျွန်တော်တို့ သူငယ်ချင်း ငါးယောက်စလုံး ခုံတန်းတစ်ခုတည်းမှာပင် အတူထိုင်ကြခြင်း ဖြစ်သည်။
“ရပါပြီ ဆရာ...!”
ပြိုင်တူ ဖြေလိုက်ကြပါသည်။ ထို့နောက် ဆရာက တစ်ယောက်ချင်း စာပြန်ခိုင်းပါသည်။
“အေး ဟုတ်ပြီ... မင်းတို့ကြည့်ရတာ ဉာဏ်ကောင်းမယ့်ပုံပဲ...”
မပြောစဖူး ဆရာက ချီးမွမ်းလိုက်သဖြင့် ကျွန်တော်တို့ ဝမ်းသာ သွားကြသည်။ သို့သော် ဆရာက ဆက်ပြောသည်...
“မနက်ဖြန် မနက် ခြောက်နာရီ အိမ်ကို လာခဲ့ကြ... ငါ့ ကျူရှင်လာတက်... မင်းတို့ ဒီထက် ပိုတော်သွားစေရမယ်...”
“ကျွန်တော်တို့ ... ကျူရှင် .. ရှိ.. . ပြီးသား...”
ဘေးက သူငယ်ချင်းက လွတ်ခနဲ ပြောမိသွားသည်။ ကျွန်တော် အချိန်မီ သူ့ခြေထောက်ကို နင်း၍ သတိပေးရသည်
သို့သော် ဆရာ ကြားသွားပါသည်။ မျက်နှာလည်း တော်တော် တင်းသွားသည်။
“အေး မင်းတို့ ဘယ်မှာ တက်တက်ပါ... ရတယ် ကိစ္စမရှိဘူး... ဒါပေမယ့် ကြိုပြောထားမယ်နော်... ငါသင်တဲ့ သမိုင်းက ငါ့သမိုင်းပဲ... စာမေးပွဲမှာလည်း ငါပဲ မေးခွန်းထုတ်မှာ... ငါသင်ထားတဲ့ ငါ့သမိုင်းအတိုင်း မဖြေလို့ကတော့... ငါ့အဆိုးမဆိုနဲ့”
မှုန်သိုးသိုးနှင့် ဆရာလှည့်ထွက်သွားသည်။
နောက်မနက်ကျ ဆရာ့ကျူရှင်ကို ပြေးတက်ကြရပါသည်။ ဆရာကိုင်ထားသော ကြိမ်လုံးကြီးကိုလည်း ကြောက်ရပါသည်။ ဆရာသင်သော သမိုင်းကိုလည်း ၏ သည် မရွေးကျက်၍ ကျူရှင်၌ အရင်သိခဲ့သော သမိုင်းကို မေ့ပစ်ရပါသည်။ ကျောင်းသားများ ဖြစ်သောကြောင့် ကျွန်တော်တို့လည်း စာမေးပွဲ အောင်ချင်ပါသည်။

(၅)
ထိုသို့ဖြင့်ပင် အချိန်တွေတဖြည်ဖြည်း ကုန်သွားသည်။ ကျွန်တော်တို့ မြန်မာစာ ဆရာမလည်း သင်တန်းပြီး၍ ပြန်ရောက်နေပါပြီ။ သို့သော် ဘာကြောင့်မှန်းတော့ မသိပါ။ ကြိမ်လုံးကြီးနှင့် ဆရာကသာ ကျွန်တော်တို့ အတန်းပိုင် ဆက်လုပ်နေပါသေးသည်။
“မင်းတို့ ဆရာမက... သင်တန်းမှာ အရမ်း ပင်ပန်းလို့တဲ့... ငါ့ကို ခဏလောက် ဆက်ပြီး ကိုင်ထားပေးပါဦးလို့ ပြောတယ်”
ဆရာကတော့ ထိုကဲ့သို့ ပြောပါသည်။
ကျူရှင်မှာ မြန်မာစာ သင်နေတာ တစ်လလောက် ရှိပါပြီ။ ကျွန်တော်တို့လည်း မဝံ့မရဲနှင့် အားမလိုအားမရဖြစ်ကာ ဆရာမကို မေးကြည့်ကြသည်
“ဆရာမ... ကျွန်တော်တို့ အတန်းကို လွှဲမကိုင်သေးဘူးလား? ဆရာကပြောတော့ ... ဆရာမ ပင်ပန်းနေလို့ သူ့ကိုပဲ ဆက်ကိုင်ခိုင်းထားတာဆို...”
ဆရာမက ပြုံးပြုံးလေး ပြန်ဖြေပါသည်
“အေးကွယ်... သင်တန်းက ပင်တော့ ပင်ပန်းတာပေါ့” ... တဲ့။
မေးလိုက်တိုင်း ထိုသို့ပင် ပြုံး၍ ပြန်ဖြေသည်။ ဆရာမ အပြုံးက အရမ်း အေးချမ်းပါသည်။ ကြားထားသကဲ့သို့ပင် သဘောလည်း အလွန်ကောင်းပါသည်။ ကျွန်တော်တို့ ဆန္ဒကတော့ အတန်းကို မြန်မြန် လွှဲယူစေချင်ပါသည်။ ဆရာ့ ကြိမ်လုံးဒဏ်လည်း ခံရတာ များလှပါပြီ။

(၆)
အပြန်လမ်းမှာ ကျွန်တော့် သူငယ်ချင်းနှင့် ကလေးအတွေးများ တွေး၍ ကလေးစကားများ ပြောဖြစ်ကြသည်...
“မင်း ဘယ်လိုထင်လဲ? ငါတို့ အတန်းပိုင်ဆရာက ဘာလို့ ...ဆရာမကို အခုချိန်ထိ အတန်းလွှဲ မပေးသေးတာလ?”
ကျွန်တော်ကမေးတော့ သူငယ်ချင်းက ပြန်ပြောသည်...
“မသိပါဘူးကွာ... တခြား ဆရာ ဆရာမတွေ ပြောသံကြားတာတော့... ငါတို့ အတန်းက... သူဌေးသားသမီးတွေ များလို့ ဆရာက ပြန်မပေးချင်တာတဲ့... သူ့အတွက် အရမ်း အဆင်ပြေလို့တဲ့ကွာ”
“ဘာဆိုင်လို့လည်း မသိဘူး... ငါတို့လည်း နားမလည်ပါဘူးကွာ... ဒါနဲ့များ အစက သူပြောတော့ ... သူက အတန်းပိုင်တွေဘာတွေ လုပ်ချင်တာ မဟုတ်ဘူးဆို...”
“အေး... အခုမှ လုပ်ဖူးတော့... အတန်းပိုင်ဆရာ ဘဝကို ... သူသဘောကျနေတာ ဖြစ်မှာပေါ့ကွ... ဆရာမကို ပြန်တောင် ပေးပါဦးမလား မသိဘူး...”
“အေးကွာ... စိတ်ညစ်ပါတယ်... ဟိုးအရင်နှစ်တွေက အတန်းပိုင်တွေနဲ့ လုံးဝ မတူဘူးကွာ... သူ့ကျမှ ကြိမ်လုံးကြီး တရမ်းရမ်းနဲ့ ... အာဏာတွေ အရမ်းပြတာပဲကွာ...”
သက်ပြင်းချသံ ကြားရသည်။ ကျွန်တော်ကပဲ သက်ပြင်းချမိတာလား၊ ကျွန်တော့် သူငယ်ချင်းဆီကလားတော့ မသိပါ။ သေချာတာကတော့ ကျွန်တော်တို့ တစ်တန်းလုံး ပစ္စုပ္ပန်ကို စိတ်ပျက်လက်ပျက်နှင့်ပင် လက်ခံထားကြရပါသည်။

(၇)
ထိုနေ့ညက ကျွန်တော် အိပ်မက် မက်ပါသည်။
ကျွန်တော်တို့ အတန်းပိုင်ဆရာမက မြန်မာစာ သင်နေပါသည်။
ကျောင်းသား ကျောင်းသူတွေ အားလုံး ရွှင်လန်း တက်ကြွလို့ ။
“ဒေါင်...!”
အချိန်ပြောင်း ခေါင်းလောင်းသံ ကြားရသည်။
“နောက်အချိန်က ဘယ်သူ့အချိန်လဲ?”
ဆရာမက မေးလိုက်တော့ အားလုံး မျက်စိပျက် မျက်နှာပျက်နှင့် ပြန်ဖြေကြသည်...
“မြန်မာ့သမိုင်း...!”
ကျွန်တော် ကြောက်လွန်း၍ ယောင်ရမ်း အော်မိသည်...
“အား ... !!!”

(၈)
အိပ်မက်က လန့်နိုးလာသည်။ နာရီကြည့်လိုက်တော့ မနက် ငါးနာရီခွဲ...။
ကျွန်တော် ထနေကျ အချိန်ဖြစ်သည်။
အတန်းပိုင်ဆရာ၏ သမိုင်းကျူရှင်ကို ပြေးရဦးမည်။
ဆရာ၏ ကြိမ်လုံးကြီးကိုလည်း ကြောက်လှပါသည်။ ။

Thursday, May 21, 2009

နာရီလူသား

အရမ်း အပျင်းထူတတ်တဲ့ ကျွန်တော့်ကို အဖေက ဆုံးမပါတယ် ...။
“လောကကြီးမှာ နာရီလို နေစမ်းပါ သားရယ်...”
ပညာရှိစကားလိုလို ... ပညာရှိလေသံလိုလို နဲ့ပါ...။
ကျွန်တော်ကလည်း သိပ်မခေတဲ့ကောင်ဆိုတော့ သူ့ ပညာရှိလိုလို လေသံစကားကို နားလည်ပါတယ်။ နာရီတွေက အချိန်တိုင်း မရပ်မနား အလုပ်လုပ်တယ်လို့ ပြောချင်တာပါ ...။
ဒါပေမယ့် ကျွန်တော် ပြောခဲ့သလို ကျွန်တော်ကလည်း သိပ်မခေတဲ့ကောင်ဆိုတော့ ဘယ်ရမလဲ ... ပြန်ပြောလိုက်တယ် ...
“ဟာ ... နာရီလိုတော့ မနေချင်ပါဘူး အဖေရာ ... ဆယ့်နှစ်နာရီပြည့်တိုင်း အစကနေ ပြန်ပြန် စ နေရမှာပေါ့ ...”
ကျွန်တော့်အဖေ ပညာရှိကြီး မျက်မှောင်ကုတ်သွားပါတော့တယ်။ ။

Friday, May 15, 2009

အထီးကျန် မွေးနေ့

(၁)

ပြက္ခဒိန်တွေရဲ့ အလိုအရတော့
ဒီလ ဒီရက် ဟာ ...
ငါ့ မွေးနေ့ဆိုပဲ။

(၁)
ဘယ်နှစ် နှစ်ပြည့်တာလဲလို့
ငါ့ကို လာမမေးနဲ့
ငါဖြေနိုင်တာကတော့
ကမ္ဘာမြေကြီးနဲ့ ငါနဲ့
အသက်အတူတူပဲ ထင်တယ်။

(၁)
ဖယောင်းတိုင်မီးကို မှုတ်ငြိမ်းပြီး
ကိတ်မုန့်ကို ဓားနဲ့ လှီးလိုက်တယ်
ဖြောင်း .. ဖြောင်း ...... ဖြောင်း .. ဖြောင်း ...။

(၁)
ဟတ်ပီး ဘတ်ဒေး ... ဟတ်ပီး ဘတ်ဒေး ...
စန္ဒရားတီးသံနဲ့အတူ
သီချင်းသံတွေ ကြားရတယ်
ဖြောင်း .. ဖြောင်း ...... ဖြောင်း .. ဖြောင်း ...။

(၁)
အားလုံးကို ပြောမယ် ...
ဘ၀မှာ ဒီနှစ်မွေးနေ့က
ပျော်စရာ အကောင်းဆုံးပဲ ...
ဖြောင်း .. ဖြောင်း ...... ဖြောင်း .. ဖြောင်း ...။

(၁)
..... ..... ..... ..... ..... ..... ..... ။

(၁)
ဖြောင်း .. ဖြောင်း ...... ဖြောင်း .. ဖြောင်း ...။
လက်ခုပ် ဘယ်သူတီးတာလဲ?

(၁)
ငါ့ဘေးမှာ ဘယ်သူမှ မရှိဘူး။ ။

Friday, April 3, 2009

သံလိုက်အိမ်မြှောင်ကျပျောက်ခဲ့တဲ့ကဗျာ

ပုံစံခွက်ထဲ မနေချင်လို့
စည်းအပြင်ထွက်မိကာမှ
ပုံမကျ ပန်းမကျ နဲ့
ဘာပုံပေါက်သွားမှန်းမသိတော့ဘူး။

ဟိုမရောက် ဒီမရောက်လို့
ပြောရအောင်ကလည်း
ဘယ်က စ လို့ ဘယ်ကို သွားရမှန်း မသိ။

လမ်းကြမ်းလို့ ခရီးမတွင်တာတော့
ဟုတ်မယ် မထင်ဘူး
လမ်းက ချောလွန်းတော့
စလစ် ဖြစ်ပြီး ဘီးတွေ မရွေ့တော့တာ။

အမှန်တရားကို ရှာဖို့
အမှားတစ်ရံကို စီးပြီး ထွက်ခဲ့တယ် ...
ဘယ် .. ညာ .. ဘယ် .. ညာ ...။

ဘာလုပ်ဖို့လဲ?
တိုက်ပွဲဝင်ဖို့ !
ဘယ်သူ့အတွက်လဲ?
ငါ့အတွက် ... ငါ့အတွက် ... !

ကြုံးဝါးရင်း ခရီးဆက်
တစ်နေ့တစ်လံ တစ်နေ့တစ်လံ နဲ့
ပုဂံကတော့ ဘယ်မှ မရွေ့ဘူးပေါ့ ...
သူ့နောက်ကျောမှာ ဝေးကျန်ရင်း ...
..... ..... ဝေးကျန်ရင်း ..... ...... ။ ။

မပြန်ခင်လေး ဖတ်ဖို့ တင်ပေးခဲ့ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ မကြာခင် ကျွန်တော် ပြန်လာပါ့မယ်။

Thursday, April 2, 2009

ရွာပြန်ပြီး ဦးပဉ္ဖင်း ၀တ်လိုက်ဦးမယ်

သင်္ကြန်လည်း ကျတော့မယ်ဗျ။ ကျွန်တော်လည်း ရွာပြန်ပြီး ဦးပဉ္ဖင်း ၀တ်လိုက်ဦးမယ်။ တစ်နှစ်ခြား နှစ်နှစ်ခြားတော့ ၀တ်ဖြစ်ပါတယ်။ သံသရာအတွက် တစ်နှစ်တစ်ခါ ကောင်းတာလေးတွေ လုပ်ပါဦးမယ်။ ဒီအတိုင်းနေရင် ငါးပါးသီလတောင် လုံအောင် မနည်းထိန်းနေရတာ။ မလုံမိတာ များပါတယ်။ အများအားဖြင့်တော့ သူရာမေရိယပေါ့ ဟား ဟား။
ဒုလဘ္ဘ ၀တ်ဖြစ်ရင်တော့ ကျွန်တော် တကယ် တရားလုပ်ဖြစ်ပါတယ်။ ကျွန်တော် ၀တ်နေကျကျောင်းမှာ တရားစခန်းရှိတယ်။ အဲဒီမှာ နေ့ဆွမ်းစားပြီးရင် တရားသွားထိုင်ပါတယ်။ ည တရားစခန်း ပြီးတဲ့ အထိပေါ့။
လာလည်ကြတဲ့ မိတ်ဆွေ အပေါင်းအသင်းများကို သာဓုခေါ်နိုင်ကြစေဖို့ အသိပေးရင်း ခဏ နှုတ်ဆက်ပါတယ်။
ဒီနှစ် သင်္ကြန်မှာ
အားလုံး အေးချမ်းကြပါစေဗျာ။ ။

Tuesday, March 31, 2009

ရောဂါဆန်း

လည်ချောင်းထဲမှာ တစ်ခုခု နင်နေပုံရတဲ့ လူနာတစ်ယောက် ရောက်လာပါတယ် ...
“တစ်ခုခု နင်နေတာပဲ ... ဘာစားမိလို့လဲ?”
လူနာက စကားမပြောနိုင်ပါဘူး။ သူနဲ့ ပါလာတဲ့ အဖော်လူနာရှင်ကပဲ ပြန်ဖြေပါတယ် ...
“ဘာမှမစားပါဘူးခင်ဗျာ ... ဒီလိုထင်ပါရဲ့ ... ပါးစပ်နဲ့ မဆန့်တဲ့ စကားလုံးတွေ ပြောမိလို့ ထင်ပါတယ် ဒေါက်တာ ...”
“ဗျာ! ... ဘာ .. ဘာတွေများ ပြောမိလို့လဲ?”
အဲဒီလူနာရှင်ကပဲ ပြန်ဖြေပါတယ် ...

“ က .. ခ .. ဂ .. ဃ .. င .. တဲ့ ..... A .. B .. C .. တဲ့ ..... + .. - .. x .. တဲ့ ..... X .. Y .. Z .. တဲ့ ..... ဋ .. ဌ .. ဍ .. တဲ့ ..... အဲ ... တဲ့ .. အဲ့ အဲ့ .. အု .. ၀ု .. ”

ပြောရင်း ပြောရင်း နဲ့ အဲဒီလူလည်း လည်ချောင်းနင်သွားပါတော့တယ်။ ။

ဒီဝတ္တုတိုလေးနဲ့အတူ ၄.၉.၂၀၀၈ တုန်းက တင်ခဲ့တဲ့ ၀တ္တုတိုအဟောင်းလေးကို ပြန်တင်လိုက်ပါတယ်။

ပါးစပ်

“၀ုန်း !!!”
အရှိန်နဲ့ပြေးလာပြီး ကျွန်တော့်ကို အသားလွတ်ဝင်တိုက်တယ်။
သူရော ကျွန်တော်ပါ လဲကျ။ ဒေါသတကြီးနဲ့ ကျွန်တော်ဆဲမလို့ ကြည့်လိုက်တော့... ကျွန်တော်အံ့ဩသွားတယ်။ ကျွန်တော့်ကိုဝင်တိုက်တာ လူမဟုတ်ပဲ ပါးစပ်ကြီးတစ်ခု ဖြစ်နေတယ်။
“ဆောရီးဗျာ... နောက်က ကျွန်တော့်သခင်လိုက်လာလို့ ထွက်ပြေးနေတာပါ ...”
ကြည့်လိုက်တော့ ဟိုးခပ်ဝေးဝေးမှာ ဒီဘက်ကိုပြေးလာနေတဲ့ လူတစ်ယောက်ကိုတွေ့ရတယ်။ အဲ... ဟုတ်တယ်ဗျ ...သူ့မှာ ပါးစပ်မပါဘူး။
“နေပါဦး... မင်းကဘာလို့ လူပေါ်မှာမနေပဲ ထွက်ပြေးနေ ရတာလဲ ?”
ကျွန်တော်မနေနိုင်လို့ မေးမိတော့ ပါးစပ်ကြီးက ပြန်ဖြေပါတယ် ...
“အို... အဲဒီလူပေါ်မှာ မနေချင်တော့ပါဘူးဗျာ ... ဘယ့်နှယ် ... လူကဖြင့် အဖြစ်မရှိပဲနဲ့ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတာ.. ကြာတော့ သူမရှက်ပေမယ့်... ကျွန်တော်ရှက် လာပြီဗျ”
ပြောပြောဆိုဆိုနဲ့ပဲ ပါးစပ်ကြီး ထွက်ပြေးသွားတယ်။ ။

Friday, March 27, 2009

လမ်းမှားတဲ့ငှက်

“ကယ်ကြပါဦးဗျို့ !!!”
ငှက်တစ်ကောင်ရဲ့ ကြောက်လန့်တကြား စူးစူးဝါးဝါး အော်လိုက်သံပါ။
“ဘာဖြစ်လို့လဲ ? ငါ ဘာ ကူညီရမလဲ ??”
ကယ်တင်ရှင် တွေ့ပြီဆိုပြီး ငှက်ကလည်း ၀မ်းသာ အားရနဲ့ ...
“ကမ္ဘာကြီးပေါ်မှာ လေတွေ နည်းသွားပြီဗျ ... လုပ်ပါဦး ... ကျွန်တော်တို့ ပျံရတာ သိပ်အားမပါဘူး ဖြစ်နေတယ် ...”
“အင်း ... ဟုတ်ပြီ ... ငါက လိုတရ နတ်မင်းကြီးပဲ ... ကဲ ... အဲဒီတော့ မင်းဘာဖြစ်ချင်လဲ?”
“လေတွေ အများကြီး ဖန်ဆင်းပေးပါ အရှင်!”
“ဖြစ်ပါတယ် ... !!”
“၀ုန်း !!!”
“အား !!!”
အမှန်ကတော့ လိုတရနတ်မင်းကြီးဆိုပြီး ဟန်ဆောင်ထားတဲ့ မာရ်နတ်ပါ ...။ လေတွေအများကြီး လိုချင်ပါတယ်ဆိုပြီး မာရ်နတ်ကို ကိုးကွယ်မိတဲ့ ငှက်ကတော့ ....
လေမုန်တိုင်းထဲမှာ ဒလိမ့်ကောက်ကွေး မျှောပါသွားလေရဲ့ ....။ ။

Monday, March 23, 2009

ဝင်္ကဘာလမ်း

ငါ့အဖြစ်က ဇာတ်သိမ်းပြဖို့ကို
စာမျက်နှာပျောက်နေခဲ့တယ်။
ညတိုင်း ငါ့စိတ်ရိုင်းတွေကို
အဲဒီ စားကျက်မှာ သွားကျောင်းရတာ အမော။
နွေကို ပူလွန်းလို့ ရှောင်ပြေးခဲ့တယ်
ခိုလှုံမိတဲ့ အခန်းက ငရဲဖြစ်နေပေါ့ ...။
ဖြတ်ခဲ့ရတဲ့လမ်းက ခါးတယ် ...။
ပျောက်နေတဲ့ စာမျက်နှာမှာ
ငါ့အတွက် အဖြေတွေ ရှိနေလိမ့်မယ် ...။
လမ်းဆုံရောက်ရင် ဘယ်သွားရမလဲ ?
ဝင်္ကဘာတစ်ခုဆုံးရင် နောက်ဝင်္ကဘာတစ်ခု
ရောက်ရောက်လာတတ်တာ ငါ့ဘ၀ပေါ့ ...။
တကယ်ဆို နွေက ဒီလောက်မဟုတ်ပါဘူး
ခြေလှမ်း စ မယ်ပြင်တိုင်း ဇာတ်သိမ်းကို ကြိုတွေးမိရင်း
........... မောတယ် .........။ ။

Wednesday, March 18, 2009

သူခိုးများ


ပထမသူခိုး ။ ။ “တောက် ! မနေ့ညက ငါထွက်ခိုးနေတုန်း ငါ့အိမ်သူခိုးဝင်သွားတယ် ... ခိုးထားတာလေးတွေ ပြောင်ရော ...”
ဒုတိယသူခိုး ။ ။ “တောက် ! မနေ့ညက ငါထွက်ခိုးနေတုန်း ငါ့အိမ်သူခိုးဝင်သွားတယ် ... ခိုးထားတာလေးတွေ ပြောင်ရော ...”
တတိယသူခိုး ။ ။ “ တောက် ! ........ ...... ။ ..... ..... ။ ..... ..... ။ ..... ..... ။ ..... ..... ။ ..... ...... ။ ..... ..... ”
စတုတ္ထသူခိုး ။ ။ “ တောက် ! ........ ...... ။ ..... ..... ။ ..... ..... ။ ..... ..... ။ ..... ..... ။ ..... ...... ။ ..... ..... ”
ပဉ္စမသူခိုး ။ ။ “ တောက် ! ..... ..... ..... ။ ..... ..... ..... ”
ဆဌမသူခိုး ။ ။ “ တောက် ! ..... ..... ..... ။ ..... ..... ..... ”
မနက်မိုးအလင်းမှာ ကြားရတဲ့ မကျေမနပ် ရေရွတ်သံ တချို့ပါ။ ဘယ်သူခိုးအိမ်ကို ဘယ်သူခိုးဝင်ခိုးလည်းတော့ မသိဘူး။ ကိုယ်တောင် ကိုယ့်အကြံနဲ့ကိုယ် ရှုပ်လို့ ........
“ ဒီနေ့ည ဘယ်အိမ် ၀င်ခိုးရရင် ကောင်းမလဲ??? ” ။ ။

(ပုံလေးက aliyasking.wordpress.com ကပါ။)

Thursday, March 12, 2009

Pause နှိပ်ထားတဲ့ ပြဇာတ်


အခုချိန်ထိ
မိုးကခေါင်နေတုန်းပဲ မေမေ...
ဒီလိုနဲ့ပဲ ငါးတစ်ကောင်
လေနစ်နေတာကြာပေါ့...။

ကိုယ့်ကိုကိုယ် ဆေးရောင်ခြယ်ပါဆိုမှ
အလင်းရောင်ကိုမှ
ဝတ်ဆင်ချင်ခဲ့တဲ့ကောင်ပါ
ဧည့်ခန်းက ပန်းချီကားထဲမှာ
ကွက်လပ်လေး ဖြစ် ကျန်ရစ်တယ်။

နာရီလေးပဲ လွဲတာပါ ...
ရက် လ လေးပဲ လွဲတာပါ ...
ဒီလိုနဲ့ သားရဲ့သက္ကရာဇ်တွေ
တစ်ခုပြီးတစ်ခု ပုပ်သိုးသွားခဲ့ပြန်ပြီ မေမေ...။

ပန်းတိုင်တွေသာ ပြောင်းပြောင်းသွားတယ်
လမ်းဟောင်းထဲကကို မရွေ့နိုင်သေးဘူး။

အစက ပြန် က ခွင့်ရရင်တောင်
ဇာတ်လိုက်နေရာက မနေချင်တော့ဘူး
ကံကြမ္မာနေရာက နေမယ် ...
ပြီးတော့ ...
ဇာတ်သိမ်းခန်းက စ ပလိုက်ချင်တော့တယ်... ။ ။

Friday, March 6, 2009

ဝေးကွာခြင်း


တောဘုရင်ခြင်္သေ့ကြီးက တောင်ကုန်းထိပ်ကနေ အော်လိုက်တယ် ...
“ငါ့တောအုပ်ထဲက သားရဲတိရစ္ဆာန်များ အဆင်ပြေကြရဲ့လား ?”

“ပြေပါတယ် !!!”


သားရဲတိရစ္ဆာန်တွေရဲ့ ပြိုင်တူဖြေလိုက်သံနဲ့အတူ တောဘုရင် ခြင်္သေ့ကြီး ကျေနပ်သွားတယ်။
“အဆင်မပြေပါဘူး . . . ကယ်ပါဦး !”
“အရှင်ကယ်ပါ . . . ဒုက္ခရောက်လွန်းလို့ပါ !”
တိရစ္ဆာန်ကြီးတွေရဲ့အောက်က ပုရွက်ဆိတ်လေးတွေက အားကိုးတကြီး အော်ပြောကြတယ်။ အကောင်သေးတော့လည်း အသံမကျယ်နိုင်ဘူးပေါ့ ...။
တောင်ထိပ်ပေါ်က တောဘုရင်ကြီးကတော့ မကြားဘူး ...။ မြင်လည်းမမြင်ဘူး။ ခေါင်းတငြိမ့်ငြိမ့်နဲ့ သူ့တောအုပ်သူ ကျေနပ်နေလေရဲ့။ ။