Friday, November 25, 2011

အတ္ထုပတ္တိ


ဗီလိန်မပါတဲ့
ပြုံ့ပင်တစ်ပုဒ်လောက်
ပြောပြကြစမ်းပါ ....

အဲဒီထဲမှာ
လူစွမ်းကောင်းလုပ်ချင်လို့ ...။ ။



(ကျနော် ပထမဆုံး မြင်ဖူးတဲ့ ကျနော်ရဲ့ ပုံနှိပ်ကဗျာလေး ဖြစ်ပါတယ် ....
အဲဒီအတွက် အစ်မ မနော်ဟရီကို ကျေးဇူးအများကြီး တင်ပါတယ် ...)

Sunday, April 10, 2011

ဒီထက်ပိုပြီး ဘာမှ မျှော်လင့်မထားတဲ့ ကဗျာ

ဟန်ဆောင်ပြုံးနေရတဲ့
ပင်လယ်တစ်ကောင်လို
ငါ့ကိုငါ မုန်းနေတယ် ...။

ဒဏ်ရာတွေကို
အနက်ရှိုင်းဆုံးမှာ သိုဝှက်ရင်း
တည်ငြိမ်ချင်ယောင် ဆောင်နေခဲ့ရ ...။

မုန်တိုင်းမလေးရေ .......။

ငါ့ရင်ခွင်မှာတော့
နင်ဟာ ....
ဝုန်းဒိုင်းကြဲ နတ်သမီးပေါ့ ...။

လှိုင်းတွေ ခါတဲ့အထိ
နာကျင်ရတာတောင်
ငါ .....
နင့်ကို ချစ်သွားခဲ့မိတယ် ။ ။

Thursday, March 24, 2011

မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်

ဟိုတလောက ELEVEN ဂျာနယ်မှာ ဆောင်းပါးလေး တစ်ပုဒ်ဖတ်မိပြီး စဉ်းစားမိတာလေး ပြောပါရစေ။

ဒီလိုဗျ ...။

၂၀၁၁ နိုဝင်ဘာလမှာ SEA Games ဆိုတဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး လာတော့မယ်လေ။ ၂၀၀၀ ခုနှစ်နောက်ပိုင်း အိမ်ရှင်နိုင်ငံတွေဟာ အိုလံပစ်အားကစားနည်းတွေ မဟုတ်တဲ့ ရိုးရာအားကစားနည်းတွေကို ထည့်သွင်းပြီး ရွှေတံဆိပ်တွေ ယူကြတယ်တဲ့ဗျ။ ပြီးတော့ သူတို့ဆုမရနိုင်တဲ့ အိုလံပစ်အားကစားနည်းတွေကိုလည်း ဖြုတ်ထားတတ်တယ်တဲ့ဗျ။ ဒီလိုနည်းနဲ့ အိမ်ရှင်နိုင်ငံတွေက နိုင်ငံအလိုက် ရပ်တည်မှုထိပ်ဆုံးနေရာကို ယူတတ်ကြတယ်တဲ့။

ထားပါတော့ ....။ ကျနော်ပြောချင်တာက ၂၀၁၁ မဟုတ်ပါဘူး။ ၂၀၁၃ SEA Games ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာလေ။ အဲဒီအခါ ကျနော်တို့လည်း ရွှေတံဆိပ်တွေ ကြံဖန်ယူဖို့ လိုလာပြီ မဟုတ်လား။ အဲဒါကြောင့် ရိုးရာအားကစားနည်းဖြစ်မယ်ထင်တဲ့ ဟာလေးတွေကို ဉာဏ်မှီသလောက် စဉ်းစားကြည့်မိတယ်ဗျ။

၁။ ခေါင်းအုံးရိုက်ပြိုင်ပွဲ
(ဝါးလုံးတန်းပေါ် တက်ပြီး တစ်ယောက်နဲ့တစ်ယောက် ခေါင်းအုံးနဲ့ ရိုက်ရတာလေ။ အောက်ကျသူအရှုံး ...)

၂။ ချောတိုင်တက်ပြိုင်ပွဲ
(ဒါတော့ မြင်ဖူးကြမှာပါ ...)

၃။ပုဆိုးကွင်းစွပ် အပြေးပြိုင်ပွဲ
(နှစ်ယောက်တွဲ ပြိုင်ပွဲပေါ့ ... ဒါလဲ မြင်တယ်မဟုတ်လား ...)

၎။ ထုပ်ဆီးတိုး ပြိုင်ပွဲ
( အသင်းလိုက် အားကစားနည်းပေါ့ဗျာ ...)

၅။ ဇယ်ခုံပြိုင်ပွဲ
(လက်တောက်ခုံပေါ့ဗျာ ... စနူကာနဲ့ ဘိလိယက်ပြိုင်ပွဲကို ဖြုတ်မယ်ဗျာ ... အမယ် .. ခုနောက်ပိုင်း လက်တောက်ခုံတွေကလည်း pool table တွေလို ကျင်းခြောက်ကျင်း ဖြစ်နေပြီဗျ ..)

၆။ ကျားထိုးပြိုင်ပွဲ
(ဒါလည်း အတူတူပဲလေ ... စစ်တုရင်ပြိုင်ပွဲကို ဖြုတ်မယ် ...)

ပြီးတော့ ...
မြန်မာတွေ ဆုမရနိုင်မယ့် အားကစားနည်းတွေကိုလည်း အရှက်မရှိ ဖြုတ်ဖို့ လိုမယ်ဗျ။ ခု လာမယ့် အင်ဒိုနီရှား SEA Games မှာ သူတို့ ဆုမရနိုင်တဲ့ အမျိုးသမီး ဘော်လုံးပြိုင်ပွဲကို ဖြုတ်သလို ကျနော်တို့လည်း အမျိုးသားဘော်လုံးပြိုင်ပွဲကို ဖြုတ်ထားဖို့ လိုမယ် :-)

ဒါပါပဲဗျာ...
ကျနော့် စာကို ဖတ်မိတဲ့ သူတွေကလည်း စဉ်းစားမိသမျှ ရိုးရားအားကစားနည်းလေးတွေကို ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ် ...။ ။

Thursday, March 17, 2011

အတ္တမျက်ရည်

နွေဦးရာသီ တဲ့ ...
အာရပ်ကမ္ဘာမှာ
အာဏာရှင်တွေကို
ဆန္ဒပြလှုပ်ရှားမှုတွေနဲ့
ဖြုတ်ချနေသလိုများလား ...?

သူ့ကို ချုပ်ကိုင် အုပ်စိုးချင်တဲ့
လူသတ္တဝါတွေကို
ကမ္ဘာကြီးက ဆန္ဒပြနေတယ် ...။

ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း၊
သေဆုံးခြင်း၊ ....ခြင်း၊ ... ခြင်း ...
မျက်ရည်တွေ ... မျက်ရည်တွေ ...
လူတွေ ငိုနေတယ် ...။
ဟုတ်တယ် ...
ကမ္ဘာကြီးလည်း ငို ... နေ ... တယ် ...။

ကျနော်တို့ “လူသား”တွေ
အတ္တစိတ်တွေ လျှော့ကြရမယ် ...။

ကမ္ဘာကြီး
ပြန် ...
စိမ်း .. လန်း .. ပါ .. စေ ...။ ။

(ဂျပန် ငလျင် ... သို့ ...)

Friday, March 11, 2011

အရည်မရ အဖတ်မရများ

၁။ လတ်တလော ကျနော့် နေ့စဉ်အလုပ်

မနက်တိုင်း သတင်းစာဖတ်၍ ရယ်မောခြင်း
(ရယ်သောသူ အသက်ရှည်၏တဲ့ ... လိုက်လုပ်ကြည့်ပါလား ....။)


၂။ လွှတ်တော် အစည်းအဝေးဆိုသည်မှာ

(က) လတ်တလောတွင် စာပေစိစစ်ရေးလုပ်ငန်းသည် ၎င်းအစည်းအဝေးသို့ ရောက်ရှိနေခြင်း

(ခ) လိမ်ထားသည်များကို ထပ်မံအတည်ပြုခြင်း

(ဂ) အစီအစဉ် ရှိမရှိဟူသော အဆိုများကို နောင်လာမည့် အစိုးရသစ်ဝန်ကြီးများကမဟုတ်ပဲ မကြာခင် နှုတ်ထွက်ရတော့မည့် လက်ရှိအစိုးရ ဝန်ကြီးအဟောင်းများက ပြန်လည်ရှင်းလင်း၍ ကတိများပေးနေခြင်းကြောင့် ဟာသလွှတ်တော် ဖြစ်နေခြင်း


၃။ မျှဝေခြင်း

(၁၁.၃.၂၀၁၁ ထုတ် မြန်မာ့အလင်း သတင်းစာမှ ခေါင်းကြီး ...)

သတင်းစာစောင်ရေ နေ့စဉ် သုံးသိန်းကျော်၊ တစ်လလျှင် ကိုးသန်းကျော်နှင့် တစ်နှစ်လျှင် စောင်ရေ တစ်သန်းကျော် ဖြုန်းတီးလျက်ရှိ

မြန်မာ ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ၊ အသိဗဟုသုတများ၊ ဖျော်ဖြေမှုများကို ကမ္ဘာ့ပြည်သူများနည်းတူ မပြည့်မဝ ရရှိခံစားနိုင်
(ကျနော်က မျက်လုံးမကောင်းဘူး ...။)


၎။ ချင်းအမျိုးသားလွှတ်တော်

(သိဘူးလေ ... လောလောဆယ်တော့ ချင်းတွေပဲ တောင်းနေတာပဲ ... တခြားပြည်နယ်၊ တိုင်းတွေမှာ လိုလေသေးမရှိ ပြည့်စုံနေလို့ ဖြစ်မှာပေါ့ ...။)

Tuesday, March 8, 2011

ဘာမှမသိလိုက်ရတဲ့ ဂျာနယ်လစ်

သိကြားမင်းက မြန်မာ့အလင်းဖတ်ပြီး ခေါင်းခါတယ်။ ပြီးတော့ သူ့ရှေ့မှာ ရှိနေတဲ့ တာဝတိံသာ သတင်းထောက်ကို ပြောတယ် ...

“ဟဲ့ ... မြန်မာပြည်မှာ လွှတ်တော်အစည်းအဝေးက တစ်ရက်ကို ခဏလေးလုပ်လုပ်ပြီး ရက်တွေ ကြာလှပါလားဟဲ့ ... အဲဒါ ဘာကြောင့်လဲဆိုတာ မင်းနဲနဲ သွားစုံစမ်းစမ်း ...”

“Yes , Boss”

တာဝတိံသာသတင်းထောက်လည်း Harry Potter ဇာတ်ကားထဲကလို ဖောက်ကနဲ ပျောက်ပြီး ချက်ချင်းပဲ လွှတ်တော်ခန်းမထဲက ကျိုင်းကြီးရှေ့မှာ ဘွားကနဲ ပေါ်လာတယ် ...

“ဟဲ့ .. ပလုတ်တုတ်”

စာရွက်ထဲက စာသားကို အပီအပြင် ဖတ်ပြဖို့ပြင်နေတဲ့ လွှတ်တော်နာယကကြီး လန့်အော်တယ် ...

“ဟင်” “ဟာ”

လွှတ်တော်အမတ်တွေထဲကလည်း ကျွတ်စီကျွတ်စီနဲ့ အသံတွေ ထွက်လာတယ်။ အိပ်ငိုက်နေတဲ့ အမတ်တွေလည်း မျက်လုံးပွတ်ပြီး အံ့ဩသွားကြတယ်။ နောက်မှ လွှတ်တော်နာယကကြီးက သတိဝင်လာပြီး ...

“ဟဲ့ .. လွှတ်တော်ထဲကို ဘယ်သတင်းထောက်မှ ပေးမဝင်ပါနဲ့ဆိုတာ မင်းက ဘယ်လိုရောက်လာတာတုန်း ... လုံခြုံရေးတွေ ဘာလုပ်နေတာလဲ”

“ငှဲ ငှဲ ငှဲ ... ကျုပ်ကို ဘယ်လုံခြုံရေးကမှ တားလို့မရဘူးဗျ ... ကျုပ်က သာမန်လူ့ပြည်က ဂျာနယ်လစ်မဟုတ်ဘူး .. တာဝတိံသာသတင်းထောက်ဗျ .. သိကြားမင်းက မြန်မာပြည်မှာ လွှတ်တော်အစည်းအဝေး ဘာကြောင့်ကြာနေရလဲဆိုတာ မေးခိုင်းလို့ လာမေးတာ .. ကဲ .. လွှတ်တော်နာယကကြီး ရှင်းစမ်းပါဦးဗျ ...”

လွှတ်တော်နာယကကြီး တွေဝေသွားတယ် …။ ပြီးမှ မျက်မှန်ကိုချွတ် ခေါင်းရမ်းရင်း ...

“ကျုပ်လည်းမသိဘူးဗျ ... နေဦး .. ပြည်သူ့လွှတ်တော် ဥက္ကဌကြီးများ သိမလားမသိဘူး ... သွားမေးကြည့်ပါလား ...”

အဲဒီတော့ တာဝတိံသာသတင်းထောက်လည်း ရှာမေးရတော့တာပေါ့ ...

“.........?”

“ဘာတွေ လာမေးနေတာလဲ .. သမ္မတမလုပ်ရလို့ တင်းနေတယ်နော် .. ကျုပ်လည်းမသိဘူး .. သွားဗျာ ... သိချင်ရင် သမ္မတကြီးကိုသာ သွားမေးပေတော့ ...”

တာဝတိံသာသတင်းထောက်လည်း မိန့်မိန့်ကြီး အိပ်ငိုက်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း၊ ဘာဟောင်း ညာဟောင်း လက်ရှိသမ္မတ အသစ်ချပ်ချွတ်ကြီးကို သွားမေးရတယ် ...

သူကတော့ ပြတ်တယ်။ တစ်လုံးတည်း ဖြေတယ် ...

“မသိဘူး”

ပြတ်ကရော ...။




အဲဒါနဲ့ တာဝတိံသာသတင်းထောက်လည်း ခေါင်းခြောက်ပြီး ဘာလုပ်ရမှန်းမသိတာနဲ့ သိကြားမင်းကို အစီရင်ခံစာ တင်လိုက်တယ် ...
“သိကြားမင်းကြီးခင်ဗျား .. မြန်မာပြည်က လွှတ်တော်အစည်းအဝေး ဘာကြောင့် ကြာနေရသလဲဆိုတာ မြန်မာနိုင်ငံ သမ္မတကြီးတောင် မသိရတဲ့အတွက် သိကြားမင်းကြီးလည်း မသိချင်ပါနဲ့တော့လို့ အစီရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား ...”

ပြတ်ကရော ... ။ ။

Wednesday, December 29, 2010

အိပ်ပျော်နေတဲ့ အိပ်မက်

ဆောင်းရာသီရဲ့ ဝင်သက်ထွက်သက်တိုင်း
နှင်းတွေလို ... အလွမ်းတွေ စွတ်စိုတယ် ...။

ကြာခဲ့ပါပြီလေ ...
ဆောင်းခိုငှက်တွေလို
ငါမပြေးပုန်းခဲ့ပါဘူးကွယ် ...
မင်းထားခဲ့တဲ့ တံခါးဝမှာ
သံချောင်းလေးလို တိတ်ဆိတ်
ငါအိပ်နေလိုက်တော့တယ် ...။

ပြောပြစရာ ပုံပြင်တွေလည်း
အိပ်ရာဝင်ကုန်ကြပြီဆိုတော့
ပြက္ခဒိန်တွေပဲ တစ်ခုပြီးတစ်ခု
ချိတ်ဆွဲပြနေလိုက်တယ် .......။

ကဲ ...
Happy New year! ။ ။

Saturday, December 4, 2010

ကိုယ့်ကိုကိုယ် သိသွားတဲ့ ကဗျာ

မင်းတို့ကို ထမ်းထားရတာ
ငါ မလေးပါဘူးလို့ ... အော်ဟစ်ရင်း
ပင်လယ်ဟာ ကျန်ရစ်တယ်။

လှိုင်းတွေကတော့ တဝုန်းဝုန်းနဲ့
ပင်လယ်ကို ထားပြီး
ထွက်ပြေးနေကြတုန်း .....။

အဲဒီမှာ ....
ငါ စဉ်းစားတော့တာပဲ ....။

ဟေး .... ကောင်မလေးတွေရေ ....။

ငါဟာ ...
လူမဟုတ်ဘူးကွဲ့
တကယ်တော့ ...
ပင်လယ်ကြီး တစ်ခုပါ .....။ ။

Thursday, November 18, 2010

Eleven ကတော့ Eleven ပါပဲ

SUNDERLAND FREEZE CHELSEA

UNITED STUNNED BY VILLA &

ARSENAL ADVANCE TO GRAB THEIR HOPE



အဲဒါကတော့ နောက်ဆုံးထုတ် First Eleven ဂျာနယ်မျက်နှာဖုံးက စာသားပါ

ထူးခြားချက်ကတော့ စာလုံးတွေ အရောင်ခွဲပြီး ရိုက်ထားတာပါပဲ

အရောင်ခွဲထားတဲ့ စာလုံးတွေချည်းပဲ ပြန်ရေးမယ်ဆိုရင် ဒီလိုရပါတယ် ...



SU FREE

UNITE &

ADVANCE TO GRAB THE HOPE



လို့ ဖတ်လို့ ရပါတယ် ...... ကျနော်ကတော့ ဘာသာပြန်သိပ်မကျွမ်းကျင်ပါဘူး ...

သူငယ်ချင်းတစ်ယောက်ကတော့ ခုလို ဘာသာပြန်ပေးပါတယ် ...



ဒေါ်စု လွတ်ပြီ...

မျှော်လင့်ခြင်းတွေကိုဖမ်းဆုပ်ကိုင်နိုင်ဖို့ အသေးစိတ်ပေါင်းစည်းပါ စုစည်းပါ



Eleven ကတော့ Eleven ပါပဲ ....

ရဲရဲဝံ့ဝံ့ လုပ်ရပ်အတွက် ကျနော်တို့ ဂုဏ်ယူစွာ အားပေးလိုက်ကြပါစို့ .......။ ။

(နောက်ဆက်တွဲ ......)



ခုမှ ကော်နက်ရှင်ကောင်းလို့ en2mm7@gmail.com ရဲ့ အကူအညီကို ယူလိုက်တာကတော့ ဒီလိုရပါတယ် .....



skinny: free



en2mm7: EN2MM:(adj) ၁။ (က) လွတ်လပ်သော။ ပွင့်သော။ ရှင်းသော။ လွတ်သော(မငြိသော)။ လွတ်ငြိမ်းသော။(v) လွတ်လပ်(adv) အခမဲ့



skinny: unite



en2mm7: EN2MM:(v) ပေါင်းစည်း



skinny: advance



en2mm7: EN2MM:(n) ချီစစ်။ ချီတက်ခြင်း။ တိုးဝင်လာမှု။ ပြန့်ပွားလာမှု။ တိုးပွားမှု။ တိုးတက် လာမှု။ တိုးတက်မှု။ ကြိုတင်ပေးငွေ။ စရန်။ တိုးပေးမှု။ တိုးတက်မှု။



skinny: grab



en2mm7: EN2MM:(vt,vi) လုယူသည်။(n) လုယူခြင်း။(v) လုယူ



skinny: hope



en2mm7: EN2MM:(n) မျှော်လင့်ချက်။(vt,vi) မျှော်လင့်သည်။ အားထားသည်။(v) မျှော်လင့်



grab ကိုတော့ ကျနော်ကိုယ်တိုင် သိဖူးတာက ဆုပ်ကိုင်ခြင်း ဖမ်းဆုပ်ခြင်းပါပဲ ....။ ကိုယ်တိုင်ပဲ ဘာသာပြန်ကြည့်လိုက်ကြပါတော့ဗျာ။

Thursday, October 21, 2010

လက်ဆောင်

နှင်းဆီပန်းတွေပါ ...
လွင်ပြင်တစ်ခုလုံး စိမ်းလန်း
လွင်တီးခေါင်တောင် စိုပြေလို့ ...။

အဖြေဆိုတာကလည်း
တွက်ရင်းနဲ့ ပျောက်ပျောက်နေတတ်တာမျိုး .....။

ချစ်တဲ့ ကမ္ဘာမြေကြီးက
ပစ်စရာမရှိအောင် လှပလွန်းတော့
သူများတွေအတွက် မနာလိုဘူး
ဆူးတွေ အပြိုင်းအရိုင်း ဖူးပွင့်သွားတယ် ...။ ။


အသစ်မရေးဖြစ်တာလည်း ကြာပြီဆိုတော့ .. ခု ရွာပြန်ရောက်နေတုန်း ဟိုးတုန်းက စာအုပ်အဟောင်းကြားက ကဗျာစာရွက်အဟောင်းလေး ပြန်တွေ့တာနဲ့ တင်ပေးလိုက်ပါတယ်။ ကိုယ်ရေးထားတာလား .. ကူးထားတာလား မမှတ်မိတော့ဘူး။ ကူးထားရင်တော့ ရေးတဲ့လူကို အမြဲ ကူးပါတယ်။ ဒါကြောင့် ကျနော်ရေးထားတာပဲ ဖြစ်မှာပါ။ တခြားမှာ တွေ့ဖူးရင် ပြောသွားပေးကြပါ။

ပြောရဦးမယ် .. ခု ကျနော်တို့ ရွာမှာ အင်တာနက်ရနေပြီ။ အဲဒါကြောင့် ခု ရွာကနေ တင်ပေးလိုက်တာပါ။ ပုံတင်ဖို့ အခက်အခဲ ရှိလို့ ပုံတော့ မပါတော့ဘူးပေါ့ဗျာ။ ကဗျာလေးပဲ ဖတ်သွားကြပါတော့။ နောက်လည်း ပုံမှန် အသစ်တွေ ရေးပြီး တင်ပေးနေမှာ ဖြစ်တဲ့အကြောင်း သတင်းကောင်း ပါးလိုက်ပါတယ် အရပ်ကတို့ရေ ...။

Sunday, September 5, 2010

မိုးပျံပူဖောင်း



“ မိုးပျံပူဖောင်းလိုကောင် !”

ကျနော့်သူငယ်ချင်းက လူတစ်ယောက်ကို ဆဲချင်ရင် အဲဒီလို ဆဲတတ်ပါတယ်။

“ မင်းဟာကလဲကွာ ... အဲဒါ ဆဲတာလား ? မိုးပျံပူဖောင်းဆိုတာ မိုးပေါ်ကို မြင့်မြင့်တက်နေတဲ့ အရာလေကွာ ... မင်းဆဲတာက ချီးကျူးသလို ဖြစ်နေပြီ ...”

ကျနော် မေးမိတော့ သူငယ်ချင်းက ပြောတယ် ...

“ မင်းဘာသိလို့လဲ ... မိုးပျံပူဖောင်းဆိုတာ သူ့အစွမ်းသတ္တိနဲ့သူ မိုးပေါ်ကို တက်နေတာ မဟုတ်ဘူး ... အထဲမှာ လေထက်ပေါ့တဲ့ ဓါတ်ငွေ့တစ်ခုခု ထည့်ထားလို့ မဟုတ်လား ...”

“ အေးလေ ... အဲလောက်ကတော့ ကလေးတောင် သိတယ် ...”

“ အေး ... အဲဒါ မိုးပေါ်တက်နေတာ မဟုတ်ဘူးကွ ... လေပေါ် ပေါလောပေါ်နေတာ ... မင်းစဉ်းစားကြည့် ... လောကကြီးမှာ သူလိုကိုယ်လို လေထဲမှာ မနေနိုင်ပဲ လေပေါ်ပေါလောပေါ်နေရလောက်အောင် ပေါ့ရွှတ်နေတဲ့ကောင်က ဘယ်ကလာပြီး အသုံးကျတော့မှာလဲ ... ဒီကြားထဲ လေနှင်ရာ လွှင့်လွှင့် သွားတတ်သေးတယ် ... မဟုတ်ဘူးလား ...”

အင်း ... သူဆဲတာလဲ ဟုတ်သလိုလိုပဲနော် ...။ ။

Saturday, August 28, 2010

တခါတခါ အချစ်ဆိုတာ


တန်းစီထားတဲ့ လူတွေထဲ မကြည့်ပါနဲ့ ...
ဟိုး ... နောက်ဆုံးမှာတောင်
ကိုယ်က ရပ်ခွင့်မရှိတဲ့ ဘဝပါ ....။

စိုက်ကြည့်နေတဲ့ လူတွေထဲ မရှာပါနဲ့ ...
ဟိုး ... ချောင်ထဲကတောင်
ကိုယ်က မျှော်ခွင့်မရှိတဲ့ ဘဝပါ ....။

ကိုယ့်ဘဝ ကိုယ်သိလို့
မျက်လုံးစုံမှိတ်ပြီး
မင်းနဲ့ ဝေး ... ရာ ...... ထွက် ....... ပြေး .......
အား !!! ဘယ်လိုမှ မရပါဘူး ....။

ချစ်ခြင်းနတ်သမီးလေးရေ ....

ဖွင့်မပြောတဲ့ အချစ်ကလည်း
အချစ်တစ်ခုပဲ မဟုတ်လားကွယ် ....

သေချာပါတယ် .... တိတ်တိတ်လေးပေါ့ .......။ ။

Sunday, August 22, 2010



ကျွန်တော်ရေးထုတ်လိုက်တဲ့ စာအုပ်ကြောင့် အတော်လေး ပွက်လောရိုက်သွားပါတယ်။ ကဲ့ရဲ့သံတွေ၊ ရှုတ်ချမှုတွေ၊ တွေဝေမှု၊ အံ့သြမှု၊ နားမလည်နိုင်မှုတွေ ဆူညံသွားပါတယ် ...

“အဓိပ္ပာယ်မရှိဘူး ... ဒါ စာပေ ဒဿနကို အရောင်ဆိုးတာပဲ ...”

“ဘယ်လိုကြီးလဲဟ ... ဒီကောင် အရူးလား? ”

တချို့ကကျ ဘာပြောရမှန်း မသိအောင်ကို ဖြစ်သွားကြပါတယ် ...

“ ......... .......... ...........”

သွက်သွက်လက်လက်ရှိတဲ့ ဂျာနယ်လစ်တစ်ယောက်ကတော့ အတော်လေး သည်းညည်းခံထားရတဲ့ မျက်နှာထားနဲ့ ကျွန်တော့်ကို လာမေးပါတယ် ...

“ ဒီစာအုပ်ကို ဘာရည်ရွယ်ချက်၊ ဘယ်လို အကြောင်းကြောင့် ထုတ်လိုက်တယ်ဆိုတာ သိချင်ပါတယ်?”

ကျွန်တော် ခပ်တိုတိုပဲ ပြန်ဖြေခဲ့ပါတယ် ...

“ကျနော်တို့ နိုင်ငံမှာ အရမ်းလိုအပ်တဲ့ အရာတွေကို ရေးထုတ်လိုက်တာပါ ...”

ဂျာနယ်လစ်လည်း မှုန်ကုတ်ကုတ်နဲ့ ပြန်လှည့်ထွက်သွားတယ်။

ကျွန်တော့်ရဲ့ စာအုပ်ထဲမှာ ညီမျှခြင်းတွေက လွဲလို့ ဘာမှ ရေးမထားပါဘူး ။ ။

Monday, August 16, 2010

မီးပြတိုက်ရဲ့ အလွမ်းသီချင်း



လှိုင်းတွေ တသီတတန်းနဲ့ဆိုတော့
ငါ့ ရင်ခွင် အကန်းကလည်း
ကမ်းမမြင် လမ်းမမြင်ကို ငေးလို့ .....။

ငါက ဘယ်မှ မသွားခဲ့သလို
သူကလည်း ဘယ်မှ မသွားခဲ့ဘူး ...
အစကတည်းက ...
ငါ့တို့နှစ်ယောက်ကြား
ပင်လယ်တစ်ကမ်း ကောင်းကင်တစ်ခုစာ
ဝေးခဲ့ကြပြီးသားပါ။

ကောင်မလေးရေ ...
ငါက မုတ်သုံပြောင်းပြန်နဲ့ ကောင်ပါ
စိတ်တွေက လေနှင်ရာ လွှင့်လွန်းတယ် ...။

ခုတော့လည်း ...
ငါ့အိပ်မက်လေးကို လွတ်ချထားလိုက်ပြီ ...။

တေးမသီတော့တဲ့ ငှက်ကလေးလို ...
ဟိုး .... ခပ်ဝေးဝေးကို
ပျံ ... သန်း .... ရင်း .......
နေတတ်သလို နေဖို့ .......။ ။

Wednesday, August 11, 2010

သူငယ်ချင်းရေ .. ဘာရယ်မဟုတ်ဘူး


နိဒါန်း

ဟိုးရှေးရှေးတုန်းက .........

စာကိုယ်

ကိုယ်စောင့်နတ်ကလေး ခါရာ နေမထိ ထိုင်မသာ ဖြစ်နေလေသည်။ အကြောင်းကတော့ သူ့သခင် နွေဆူးလင်္ကာ အပျင်းကြီး၍ ဘာစာ ဘာကဗျာမှ မရေးသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် ကိုယ်စောင့်နတ်ကလေး ခါရာ ရေရွတ်လိုက်သည် .....

“တောက် ! ဒီလူ အပျင်းကြီးပြီး ဘာစာမှ မရေးပဲနဲ့ အဟောင်းကြီးကို အသစ်လိုလိုနဲ့ ပြန်တင်ထားတာ သူမရှက်ပေမယ့် ... ငါ ရှက်တယ်” (မှတ်ချက်။ ။ တစ်ခါတည်းပါ။ အရင်တင်ထားတဲ့ ကံကြမ္မာအတုက အဟောင်းကြီးဗျ။ ဘာမန့်မှ မရလို့ အသစ်လိုလို ပြန်တင်ထားတာ ... ဟီး ဟီး)

ထိုစဉ် ....
ဖောက်ကနဲ အသံနှင့်အတူ ခါရာ့ဘေးသို့ နတ်တစ်ပါး ပေါ်လာလေသည်။

“ ..... ..... ..... ..... ”

ခါရာ။ ။ “ဟင် ... နင် ... နင် ဘယ်လို ရောက်လာတာလဲ? သူ သူ .. မြန်မာပြည် ပြန်ရောက်လာပြီလား?”

ထို ကိုယ်စောင့်နတ်မလေး၏ အမည်မှာ ဗာဒေ ဖြစ်ပါသည်။ ခါရာ့သခင် နွေဆူးလင်္ကာ၏ သူငယ်ချင်းမလေးတစ်ယောက်ကို စောင့်ရသော ကိုယ်စောင့်နတ်မလေးဖြစ်ပါသည်။

ဗာဒေ။ ။ “ဘာတွေ လျှောက်ပြောနေတာလဲ? မရောက်ပါဘူးဟာ”

ခါရာ။ ။ “ဟင် ... ဒါဆို ... နင်က ဘယ်လိုရောက်လာတာလဲ? လေယာဉ်နဲ့လား?”

ဗာဒေ။ ။ “ဟဲ့ ... နတ်ဟဲ့ နတ် ... ဘယ်က လေယာဉ်စီးစရာ လိုမှာလဲ”

ခါရာ။ ။ “အေး ... ဟုတ်သားပဲ ... ထားတော့ဟာ နင်လာတာ ဘာကိစ္စလဲ?”

ဗာဒေ။ ။ “အောင်မယ် ... နင့်ဆီကို ငါက ကိစ္စမရှိပဲ လာရမှာလား?”

ခါရာ။ ။ “အေး ... အဲဒါတော့ ဟုတ်တယ် ... ဒါဆို ဘာကိစ္စလဲ?”

ဗာဒေ။ ။ “ငါ့သခင်မရဲ့ မွေးနေ့ နီးပြီလေ ... အဲဒါ နင့်သခင် မွေးနေ့လက်ဆောင် တစ်ခုခု ရေးရအောင် လာသတိပေးတာ”

ခါရာ။ ။ “အဲဒါ ငါသိတယ် ... သတိလည်း ရတယ် ... ခက်တာက နင့်သခင်မက ငါ့သခင်ကို စကားမပြောဘူးဟ ... အဲဒါကြောင့် ငါ့သခင်က ရေးရခက်နေတယ် ”

ဗာဒေ။ ။ “အေး ... ဟုတ်တယ် ... ဒါပေမယ့် ... မရေးလို့ မရဘူး ... ရေးကို ရေးရမယ် ... အဲဒါ နင့်မှာ ဘာအကြံရှိလဲ?”

ခါရာ။ ။ “ဒီလိုလုပ် ... အရင်ဆုံး နင့်သခင်မက ငါ့သခင်ကို စကားပြောအောင် လုပ်မယ် အဲဒါမှ ငါ့သခင်က နင့်သခင်မကို မွေးနေ့လက်ဆောင်ပေးဖို့ တစ်ခုခု ရေးလာလိမ့်မယ်”

ဗာဒေ။ ။ “အေးဟ ... အဲလိုပဲ ကြိုးစားကြည့်တာပေါ့”

ထို့နောက် ခါရာနှင့် ဗာဒေတို့သည် အိပ်မက်နတ်သမီးထံ သွားရောက်၍ ဗာဒေ၏သခင်မအား အိပ်မက်တစ်ခုခု ပေးရန် စီစဉ်ကြလေသည်။

အိပ်မက်နတ်သမီး။ ။ “ဘယ်လို အိပ်မက်မျိုး ပေးစေချင်လဲ?”

ဗာဒေ။ ။ “နွေဆူးလင်္ကာနဲ့ ပတ်သက်တာ တစ်ခုခုပေါ့”

အိပ်မက်နတ်သမီး။ ။ “အင်း အင်း ... ဟုတ်ပြီ ... ဒီနေ့ည ပေးလိုက်မယ်”

(ဘယ်လို အိပ်မက်လည်းတော့ ကျနော်လည်း မသိဘူး။ သူကလည်း ပြောမပြဘူး သတ်ချင်သတ်ပစ်လိုက်လို့ ပြန်ပြောတယ်ဗျ :-)

ဤသို့ဖြင့် နောက်တစ်နေ့တွင် ........

သူငယ်ချင်း။ ။ “ .............. ............ ”

နွေဆူးလင်္ကာ။ ။ “ ............... ............ .........”

သူတို့ အရင်အတိုင်း သူငယ်ချင်း အစစ်များ ပြန်ဖြစ်သွားကြလေသည် ...။

ထို့ကြောင့် နွေဆူးလင်္ကာက ထိုသူယ်ချင်းမလေးအတွက် ဤဝတ္တုအား မွေးနေ့လက်ဆောင်အဖြစ် ရေးပေးလိုက်လေသည်။

နိဂုံး

ပြီးပါပြီ ..................
ဒန် တန့် တန် ...........။ ။

(မှတ်ချက်။ ။ ဆရာနီကိုရဲ၏ နတ်ငယ်အား အခြေခံပါသည်။)