Saturday, May 15, 2010

ပြတင်းပေါက်က လေတွေ အရမ်းတိုက်တယ်


၁။ ပြန်စာမလာပဲ မိုးလင်းခဲ့ရသော ညများ ...

၂။ သန်းခေါင်ကျော်မှာ ဖွင့်ဖြစ်တဲ့ အလွမ်းသီချင်း ...

၃။ အိပ်ချင်မူးတူးနဲ့ အသည်းခွဲတဲ့ အသံ ...

၎။(ရင်ဘတ်မပါပဲ) မျက်လုံးနဲ့ ဖတ်ခဲ့တဲ့ ခပ်ညံ့ညံ့ အချစ်ဝတ္တု ...

၅။ ရေနွေးများသွားတဲ့ ပေါ့ရွှတ်ရွှတ် ကော်ဖီတစ်ခွက် ...

၆။ ခြင်ဆေးထွန်းဖို့ မေ့နေတဲ့ ခြေထောက်များ ...

၇။ အဆင့်ချင်းကွာလွန်းပေမယ့် သိပ်မဆိုးတဲ့ ဘောလုံးပွဲ ...

၈။ အဆက်မပြတ် ဝါးနေတုန်းက မသိပဲ
ကုန်လို့ စားစရာမရှိတော့မှ အရသာသိတဲ့
ထွေးခံအပြည့်နဲ့ ကွမ်းသွေးတွေ ...

၉။ အရာရာဟာ ... ငါ မဟုတ်ပဲ
လွှင့်မျှော ပျောက် ဆုံး ခဲ့ ရ တဲ့ ...
ည ..... ။ ။



ခင်ဗျားတို့ သဘောတူသည် ဖြစ်စေ၊ သဘောမတူသည် ဖြစ်စေ ... ကျနော်ကတော့ ဒါကို ကဗျာလို့ သတ်မှတ်ပါတယ်။

ကျနော့်ရဲ့ အတိတ်တချို့မှာ အရာရာ လွှင့်မျှော ပျောက်ဆုံးခဲ့ရတဲ့ ညတွေ တော်တော်များများ ရှိခဲ့ဖူးပါတယ်။ အတိတ်ဆိုတာ ကျနော့်အတွက်တော့ Rewrite ပြန်လုပ်ချင်တဲ့ CD တစ်ချပ်ပါပဲ။ သူလို ကိုယ်လိုပါပဲ ... ကျနော်လည်း မှားခဲ့ဖူးတယ်။ အခုတော့ ... ကျနော့် ပြတင်းပေါက်က လေစိမ်းတွေပဲ တိုက်တော့တယ် ....။

၁။ ပြန်စာကို မမျှော်လင့်ရဲတော့တဲ့ ဘဝမှာ ကျနော် ... ဖုန်းလေးကို သံယောဇဉ် ကင်းကင်းနဲ့ပဲ ပိတ်ထားတတ်ခဲ့ပြီ။

၂။ သန်းခေါင်မကျော်လည်း ကျနော့်ဘဝ အစိတ်အပိုင်း တော်တော်များများဟာ အလွမ်းသီချင်းတွေနဲ့ အသားကျနေပါပြီ။

၃။ အသံ တစုံတရာရေ ... ဟယ်လို .. အသံ တစုံတရာရေ ... ကြားရလား?

၎။ ခပ်ညံ့ညံ့ အချစ်ဝတ္တုတွေ ဖတ်ပြီးရင် ကျနော်ညံ့ကြောင်း ပိုသိလာတယ်။

၅။ ကောင်မလေးရေ ... ခုတော့ ဘဝခါးခါးထက် ဘယ်ကော်ဖီကမှ ပိုမခါးနိုင်တော့ဘူးကွဲ့။

၆။ အဲဒီနေ့ကစပြီး ကျနော် ခြင်ဆေးမထွန်းတော့ဘူး။ သွေးအလှူကြီး ပေးပစ်တယ်။ အို ... ခြင်ထီး .. ခြင်မ ... ခြင်ကြားအပေါင်းတို့ ... ကျွန်ုပ်၏ သွေးအား မြိန်ရည် ရှက်ရည် လာရောက် သုံးဆောင်ကြပါလော့ ....။ “ကဲကွာ ... ဖြန်း .... ကွိ ...”
ခြင်။ ။ “ဟင် .. ခင်ဗျားကြီး ... ကျုပ်တို့ကို မာယာနဲ့ လှည့်စားတယ်ပေါ့ ... ဟုတ်လား ... မြှူဆွယ်ဖြားယောင်းမှုနဲ့ ခင်ဗျားကို တရားစွဲမယ် .... ဟင့် ..”
နုပ်။ ။ “မဟုတ် .. မဟုတ်ပါဘူးကွာ ... အကျင့်ပါသွားလို့ပါ ... ဆောတီးနော် ... ဆက်လက် သုံးဆောင်တော်မူပါ ကိုကိုခြင်ရယ် ...”
(တောက်! ဒီနောက်တီးနောက်တောက် စိတ်ကတော့ကွာ ... အလွမ်းစာရေးတာတောင် ဖြောင့်ဖြောင့်တန်းတန်း မရေးရဘူး ... ဟင်း .... ကဲ ထူးပါဘူးကွာ ...)
(မှတ်ချက်။ ။ဤကဗျာသည် သိပ္ပံနည်းကျ ကဗျာ မဟုတ်ပါ)

၇။ ခုတော့ ကျနော် ဘောလုံးပွဲ မကြည့်တော့ဘူး။ တင်းနစ်ပွဲတွေ ပြောင်းကြည့်တတ်လာတယ်။ (အို ... ရှာရာပိုဗာ ... သင် အားကြိုးမာန်တက် ကြုံးဝါး၍ ရိုက်လိုက်သော ဘော်လုံးကား ဆရီနာဆီသို့ မရောက်ပဲ ကျွန်ုပ်၏ နှလုံးသားထံသို့သာ အရှိန်နှင့် ပြင်းစွာ လာရောက် ထိမှန်ခဲ့ပါတော့တယ် ...)

၈။ ကျနော် .... ခု ... ကွမ်းမစားတော့ဘူး ...။ လမ်းထိပ်က ဝယ်စားနေကျ ကွမ်းယာသည်မလေး လင်နောက်လိုက်ပြေးသွားကတည်းက ကျနော် ကွမ်း ပြတ်တော့တာပဲ .... :-)

၉။ ပြီးပါပြီ ....။ ။

Tuesday, March 23, 2010

ကျနော် ထာဝရဦးညွှတ်နေမယ့် နောက်ထပ် ကောင်းကင်


မာန်ကို အမြင့်ဆုံးတင်ပြီး
ထုဆစ်ခဲ့တဲ့ ကောင်းကင်တွေ
ထာဝရ လှပနေဦးမယ်။

ကျနော်တို့ရဲ့ စာတည်းကလေးဟာ
အမှန်တရားနဲ့ ပွေ့ဖက်ထားသူသာ ...
...... ဖြစ်ရဲ့ ........။

လောကဓံရဲ့ ....
အထုအထောင်းတွေ ...
အရိုက်အပုတ်တွေ ...
ဘယ်လောက်လဲ ? .........။

တစ်စစီ လိုက်ကောက်ဖူးတယ် ...
တစ်ကောက်စီ လိုက်စုဖူးတယ် ...။

ကိုယ့်တူ ကိုယ့်သား အရွယ်က
ဟုတ်တာပြောပြော မဟုတ်တာပြောပြော
ဟုတ်ကဲ့လို့ ... မပြောတော့ဘူးဗျာ .......။

ပလေတိုးရဲ့ ဂန္တဝင်သာလိကာ ...
ထာဝရ ... ပျံသန်းသွားတော့တယ် ...။ ။

( ၂၁.၃.၂၀၁၀ နေ့က ကွယ်လွန်သွားသော ဆရာ မာန်မြင့် သို့ အမှတ်တရ ...)

Friday, February 19, 2010

ကောင်းကင်မရှိတဲ့ ငှက်တစ်ကောင်အတွက် အရိပ်


ငါ့ကိုငါ တားဆီးခဲ့တယ် ...
အကြိမ်ကြိမ်ပါပဲ ....။

လမိုက်ညလို ဘဝထဲကို
ပျိုးမကြဲပါနဲ့လို့ (မင်းကို)
ငြင်းဆန်ခဲ့တာလည်း တစ်ခါမက။

ဒီပန်းကို မလိုချင်လို့
မော့မကြည့်တာ မဟုတ်ပါဘူး
လမ်းတွေက ဆူးအပြည့်နဲ့မို့
ခေါင်းမမော့မိတာကို ကြာပါပြီ။

ကောင်းကင်ရဲ့ မိုးရေစက်တွေက
အေးမြမယ်မှန်း သိရက်နဲ့
ခဏခဏ မိုးခိုနေတဲ့ကောင်ပါ။

ငါ့ရဲ့ ဆန့်ကျင်ဘက်လေးရေ ....။

ငါဟာ ကျောက်ရုပ်မဟုတ်ဘူးကွဲ့
မင်းအတွက် အလံဖြူတွေကို
ရင်ခွင်နဲ့ အပြည့် သိမ်းထားသူပါ။

တစ်နေ့တော့ ...
နှင်းဆီအနီတွေကို
မင်းအိပ်မက် လိပ်စာတပ်ပြီး
အရောက်ပို့လိုက်ပါ့မယ်။ ။

Monday, February 15, 2010

ရုက္ခစိုးမိုက်


လမ်းဘေးမှာ ဆောင့်ကြောင့်ထိုင် ငိုနေတဲ့ ရုက္ခစိုးတစ်ပါးကို တွေ့လို့ ကျနော် စပ်စုဖို့ ပြင်လိုက်တယ်။ လက်အုပ်လေး ချီရင်း …

“အရှင် ရုက္ခစိုး နတ်မင်းကြီး ကျနော့်သားလေးကို ဗွေမယူပါနဲ့ … အယ် မှားကုန်ပြီ … အရှင် ရုက္ခစိုးနတ်မင်းကြီး … ဘာလို့ ငိုနေတာလဲဗျ”

ရုက္ခစိုးကြီးက “အောင်မာ အောင်မာ ဘယ်သူလဲဟေ့” လို့ ပြန်မပြောပါဘူး။ တရှုံ့ရှုံ့ ငိုရင်း နှပ်ချေးအရွှဲသားနဲ့ သူ့အဖြစ်ကို ဒီလို ပြန်ပြောပါတယ်...

“ဟိုတစ်နေ့က ငါ့ဆီကို လူတစ်ယောက် .. အဲ .. ဝိဉာဉ်တစ်ခု ရောက်လာတယ် … သူ့ကို နတ်ပြည်ရော ငရဲပြည်ကပါ လက်မခံလို့တဲ့ .. အဲဒါ ငါ့သစ်ပင်မှာ ခဏ ခိုနေပါရစေ ဆိုလို့ ငါလည်း သနားတတ်တော့ ခွင့်ပြုလိုက်တယ် … ပြီးမှ .. မဟုတ်သေးပါဘူး … သူ့အတွက် ပြောပေးလို့ရရင် ပြောပေးဦးမယ် ဆိုပြီး .. ငါ ငရဲပြည်နဲ့ နတ်ပြည်ကို စုံစမ်းဖို့ ထွက်ခဲ့တယ်…”

“ဟုတ်လား … အဲတော့ ငရဲပြည်နဲ့ နတ်ပြည်က .. ဘာပြန်ပြောလဲ?”

“နတ်ပြည်တောင် မရောက်လိုက်ပါဘူးကွာ .. ငရဲပြည်ရောက်တော့ ယမမင်းက ပြောတယ် … ဟဲ့ လူမိုက် … အဲ .. ရုက္ခစိုးမိုက် .. နင်မို့ သူ့ကို လက်ခံထားရဲတယ် .. ငါတောင် မထားရဲဘူး … ငါ့မှာ ယမမင်းစည်းစိမ်တောင် အားရအောင် မခံစားရသေးဘူး .. အဲဒီကောင်ကို လက်ခံထား … မကြာခင် နင် ဘုံ ပျောက်လိမ့်မယ် သိလား ..တဲ့ … အဲဒါနဲ့ ငါလည်း စိုးရိမ်ပြီး ငါ့သစ်ပင်လေးဆီ ပြန်ပြေးလာတာကွာ .. ဒီရောက်တော့ နောက်ကျသွားပြီ ဟင့် …”

“ဗျာ .. ဘယ် .. ဘယ်လို … နောက်ကျသွားတယ် ဟုတ်လား?”

“ငါ့သစ်ပင်လေးကို ဒီကောင် အပိုင်သိမ်းသွားပြီလေ ..”

ကျနော် သိလိုက်ပါပြီ။ အဲဒါနဲ့ …

“ဟဲဟဲ … သူ့နာမည်က ရွှေရွှေ မဟုတ်လား ရုက္ခစိုးကြီး”

ရုက္ခစိုးမင်း အံအားသင့်သွားပြီး …

“ဟင် .. ဟုတ်တယ် .. ဟုတ်တယ် .. မင်း ဘယ်လိုလုပ် သိတာလဲ?”

သူ့အမေးကို ကျနော် ပြန်မဖြေတော့ပါဘူး။ သူ့ကို ယမမင်းပြောသလို ပြောပြီး ထွက်ခဲ့လိုက်တယ် …

“လူမိုက် … အဲ .. ရုက္ခစိုးမိုက် … မိုက်ချက်ကတော့ ကမ်းကုန် ရုက္ခစိုး”။ ။

Wednesday, February 10, 2010

အိပ်မက် (၂)


“မင်းက စကားအရမ်း များတာပဲ ...”

ကျနော့် အိပ်မက်က ကျနော့်ကို ပြောပါတယ်။

“ငါ့ ပါးစပ်နဲ့ ငါ ပြောတာ ... ဘာဖြစ်လဲကွာ ... ကိုယ့်နေရာကိုယ် နေစမ်း ... နေရာတကာ ဝင်မပါနဲ့ ...”

ကျနော် ပြန်ဟောက်လိုက်တော့ အိပ်မက် ငြိမ်သွားပါတယ်။

အိပ်မက်ထဲမှာ ကျနော် စကားတွေ အများကြီး ထပ်ပြောပစ်တယ်။

“.... ....... ........... ................ ..... ...........”

“သားရေ .. ဘယ်အချိန်ရှိပြီလဲ ထတော့လေ ..”

အမေလာနှိုးလို့ ကျနော့် အိပ်မက် ရပ်သွားတယ်။

“သွား ... မျက်နှာသစ် ... အောက်မှာ အမေ မနက်စာ ပြင်ထားတယ်”

အိပ်ရာနိုးစ ကြည်လင်တဲ့ အပြုံးနဲ့ အမေ့ကို ပြုံးပြပြီး ခေါင်းငြိမ့်ရင်း ကျနော် ပြန်ပြောလိုက်တယ် ....

“အား ဘား ဘား ... အာ ဘား ဘား ... အ ဘား ဘား ...”။ ။



ဒီဝတ္တုလေး ရေးပြီး ကျနော် စဉ်းစားမိတယ်။ မွေးရာပါ မျက်စိမမြင်တဲ့သူတွေ အိပ်မက် မက်ရင် ဘာတွေ မက်ကြသလဲ လို့လေ။ သူတို့ အိပ်မက်တွေကို ကျနော် မြင်ကြည့်ချင်လိုက်တာ။ ကံနည်းတဲ့ မွေးရာပါ အလင်းမဲ့လေးတွေကို အတွေးနဲ့တင် အရမ်းကိုယ်ချင်းစာမိပါတယ်။ ဘာတွေ မက်သလဲ ဆိုတာ သိတဲ့သူများရှိရင် ကျေးဇူးပြုပြီး ပြောပြပေးသွားကြပါ။

Saturday, February 6, 2010

ဘလော့ဂ်အကယ်ဒမီဆု ရှင်းတမ်း

ကြွရောက်လာကြသော သဘာပတိကြီးနှင့်တကွ ... အဲ ဟုတ်သေးဘူးနော် ... ကြွရောက်ဖတ်ရှုလာကြသော မိတ်ဆွေ ညီအစ်ကို မောင်နှမများခင်ဗျား .... ယခု နာမည်ကြီးနေသော ဘလော့ဂ် အကယ်ဆုကြီးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချင်ပါသဖြင့် ဤစာကို အတင်းရေးလိုက်ပါပြီ ခင်ဗျား။

ပထမဆုံး ရှင်းပြချင်တာကတော့ ဘလော့ဂ်အကယ်ဒမီဆုကြီးဆိုတာ ကိုယ်နဲ့ ဘယ်လိုမှ မပတ်သက်နိုင်မှန်း သိလို့ ဝေးဝေးရှောင်နေခဲ့တာပါ။ မဲပိတ်ချိန်နီးမှ သွားပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ လူတွေကို မဲပေး .... ပြီးမှ ခပ်တည်တည်နဲ့ ကွန်ဂရက်ကျူလေးရှင်း လုပ်ပြီး ကျနော်ထင်လို့ကို မဲပေးခဲ့တာလေ လုပ်မလို့ပါ။ ခုတော့ .....

မရွှေဇင်ဦးရဲ့ အကယ်ဒမီ အပိုင်း ၃ ကို ဖတ်ပြီးမှ ကျနော်လည်း အခြေအနေလေး ဝင်လေ့လာဦးမှဆိုပြီး အဲဒီကို ပထမဦးဆုံးအကြိမ် သွားလိုက်မိပါတယ်။ လား လား အဲတော့မှ မျက်လုံးပြူးတော့တာပဲ .... အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှု စာစုများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျနော့်နာမည်ကြီး ဘွားကနဲ တွေ့လိုက်ရတော့တာပါပဲ။ ဘလော့ဂ်အစုတ်လေးကို စာရင်းသွားပေးဖို့ စဉ်းကို မစဉ်းစားခဲ့ပါဘူးဗျာ။ ဟို ကော်လံပေါ်ကနှုတ်ခမ်းနီ သီချင်းထဲကလို တရားခံဘယ်သူလဲဟေ့ လို့ အော်ဆိုရမလို ဖြစ်နေပြီ။

ဒါက စာရင်းသွားမပေးကြောင်း ရှင်းတမ်းပေါ့ဗျာ။ တော်ကြာ မသိတဲ့ လူတွေက ဒီကောင် ဘာကြောင်တာလဲ .. သူ့ဘလော့ဂ်အစုတ်ကိုများ အရှက်မရှိ စာရင်းသွားပေးထားတယ်လို့ ကောလဟာလတွေ ထွက်ကုန်မှာ စိုးလို့ပါ။

ထားပါ။ ဒါနဲ့ မရွှေစင်ဦးတော့ မဲလေးမဲ ရနေပြီတဲ့ (အဲတုန်းက) ငါလည်း ကြည့်ဦးမှ ဆိုပြီး ကြည့်ပါတယ်။ ဟီးဟီး အားရစရာကြီးဗျ ... မဲတစ်မဲ ကြီးတောင် ရနေပါတယ်(ငါကွ)။ နောက်တော့ အဖြူရောင်နတ်သမီးက သူပေးတာလို့ ပြောတာနဲ့ ကျနော်လည်း အားနာလို့ သူ့ကို မဲပြန်ပေးခဲ့ပါတယ်။ (ခု မရွှေစင်ဦး အပိုင်း ၄ ကို ဖတ်မိမှ သူလည်း အဲဒီဗျူဟာ သုံးတာလား မသိဘူးလို့ ပြန်တွေးမိပါတယ် ... ဟီးဟီး ဂျီးတော်ရေ .. ဟုတ်ဘူးမို့လား)။

ဒါနဲ့ပဲ ရချင်လွန်းလို့ မဟုတ်ပေမယ့် ကျနော်လည်း အများနည်းတူ မဲဆွယ်ရပါတော့တယ်။ မဲမရရင်လည်း ကောင်းတယ် ဒီကောင် အရှက်မရှိ စာရင်းပေးပြီး ဘယ်သူမှ မဲမပေးဘူး မဟုတ်လား မှတ်ကရောလို့ ပြောကြမှာလည်း ကြောက်သေးတယ်ခင်ဗျ။

ကျနော့် မဲဆွယ်နည်းကတော့ အွန်လိုင်းပေါ်တက်လာသမျှ သူငယ်ချင်းတွေကို အားအား မအားအား ချက်ချင်း သွားပေးခိုင်းတာပဲ :-) အဲဒီအထဲမှာ ဘလော့ဂ်ဂါသူငယ်ချင်းတွေတော့ မပါဘူးခင်ဗျ .. ရှက်လို့ ခွိခွိ။ (ဒီပို့စ်ဖတ်ပြီးရင် အလိုက်သိကြမယ် ထင်ပါတယ် ဘလော့ဂ်ဂါ သူငယ်ချင်းများ ခင်ဗျား ဟီးဟီး) နောက် မေးလ်ပို့ပြီး မဲဆွယ်ပါတယ်။

သူငယ်ချင်းတွေထဲမှာ ဘလော့ဂ်ဆိုတာ ဘာမှန်းမသိတဲ့ လူတွေ ပါနေတော့ သေသေချာချာကို မဲသွားပေးနည်း လမ်းညွှန်နဲ့ တကွ မေးလ်ပို့လိုက်တယ်။ ဒါနဲ့ပဲ ခုထိတော့ မဲဆယ်မဲ ရနေပါပြီ။ သေချာတာကတော့ ကျနော် ဘယ်လိုမှ မရနိုင်ဘူးဆိုတာကို အားရဝမ်းသာစွာနဲ့ ကိုယ့်အခြေအနေကို သိလိုက်ရတာပါပဲ။ တော်ကြာ ရနေရင် ဟိုအကယ်ဒမီလို ဟိုလူလာနမ်း ဒီလူလာနမ်းနဲ့ ဆို ရှက်စရာကြီးလေ :-)

ကဲ ရှင်းတမ်း ပြီးပါပြီ။ ဒီကောင် မရနိုင်တော့လို့ အရှက်ပြေ ရေးထားတာလို့ ပြောရင်လည်း ခံရုံပေါ့ဗျာ။ ဘာတတ်နိုင်မှာလဲ။ ကိုယ်ကိုက စပ်စပ်ဆော့ဆော့ ဘလော့ဂ်ဂင်းချင်တာကိုး။ ဒါပေမယ့် စိတ်ချပါခင်ဗျ။ ကျနော်က မဲမနိုင်ရင် နိုင်ရာမဲတတ်တဲ့ တစ်ယောက်တော့ မဟုတ်ပါဘူးခင်ဗျာ။

ဘလော့ဂါအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
ဘလော့ဂါအချင်းချင်း အပုပ်ချခြင်း ကင်းရှင်းကြပါစေ။
ဘလော့ဂါအချင်းချင်း သွေးထိုးခြင်း ကင်းရှင်းကြပါစေ။

Wednesday, February 3, 2010

ရေးပေးပါ


မေအိရဲ့ တက်ဂ် လေးပါ။ ကလေးပြန်လုပ်ကြမလား ဆိုလို့ ကျနော် ကလေးလည်း ပြန်လုပ်ထားတယ်။ လူကြီးလိုလဲ ရေးလိုက်ပါတယ်။ အပေါ်က ငါးတန်းကလေးလို တွေးပြီး အောက်က အခုအရွယ်ကို ရေးထားတာပါ။

(၁) ကိုယ့်ကို ဒီလို ခေါ်ကြတယ် …
- ဟေ့ကောင်
- ဂေါက်ကြောင်

(၂) အဝတ်အစားအပေါ် ကိုယ့် သတ်မှတ်ချက်က …
- အဖြူအစိမ်းကလွဲပြီး အကုန် ဝတ်ချင်တယ်
- လူဖြစ်နေလို့ ဝတ်ရတာ (တချို့ ခွေးလေးတွေ ကြောင်လေးတွေကို အဝတ် ဝတ်ပေးထားရင် အားကြီး အညင်ကပ်တယ်)

(၃) အကြိုက်ဆုံး စားစရာနဲ့ သောက်စရာ …
- ရေခဲမုန့် နဲ့ စတော်ဘယ်ရီလက်ဖျော်
- ကောက်ညှင်းပေါင်းနဲ့ အကြော် သောက်စရာကတော့ ဟဲဟဲ

(၄) အကြိုက်ဆုံးပစ္စည်း …
- ဘော်လုံးကန်ဖိနပ် ကောင်းကောင်း
- ဘော်လုံးကန်ဖိနပ် ကောင်းကောင်း (ခုထိ မပိုင်သေးဘူး)

(၅) လိုချင်တဲ့ လက်ဆောင် …
- ကြိုးမဲ့ ကွန်ထရိုးကား
- အမေရိကန်သမ္မတရာထူး (အိုဘားမားကများ စိတ်ရူးပေါက်ပြီး လာပေးရင် ကောင်းမှာပဲ)


(၆) အကြိုက်ဆုံး ဇာတ်ကား …
- ပါဝါရိန်းဂျား
- Johnny English

(၇) အကြိုက်ဆုံး ဟာသဇာတ်ကောင် …
- ကြွက် ဂျယ်ရီ
- တာယာပွကြီး

(၈) အကြိုက်ဆုံး စာရေးဆရာ …
- ဘိုဘို (မင်းဇော်)
- ဆုမြတ်မွန်မွန် (တစ်အုပ်မှ မဖတ်ဖူးဘူး ဒါပေမယ့် ဟဲဟဲ)

(၉) အခိုက်ဆုံး စာအုပ် …
- မင်းလူ (ဦးမင်းလူ ကောင်းမှု ကဗျာစာအုပ်)
- မောင်သာရ (ကျဉ်တုပ်ခံဝံ့ မခံဝံ့)

(၁၀) အချစ်ဆုံးသူ ရှိရင် …
- (……) ပေါ့
- တားတားက ငယ်သေးတယ်လေ အဲဒါတွေ စဉ်းစားသေးဘူး (ပြောင်းပြန်ရေးမိတာ မဟုတ်ဘူးနော်)

(၁၁) ရင်အခုန်ဆုံး အချိန် …
- ဆရာမက တစ်ယောက်ချင်း စာမေးမယ် ဆိုတဲ့ အချိန်
- အောထားတဲ့ ဘော်လုံးပွဲကို ထိုင်ကြည့်နေတဲ့ အချိန်

(၁၂) ဘဝဆိုတာ …
- Life
- သင်ရိုးညွှန်းတမ်းတွေနဲ့ ဘွဲ့ရပြီးတဲ့အခါ Unseen တွေချည်း ဖြေဆိုရတဲ့ စာမေးပွဲပေါ့

(၁၃) စိတ်တိုရင် ဘာလုပ် …
- သီချင်း အကျယ်ကြီး ဖွင့်ပစ်တယ်
- အဲဒီနေ့က နဲနဲ များသွားတယ်

(၁၄) အကြိုက်ဆုံးသီချင်း …
- မျှော်လင့်ခြင်းလေး (လေးဖြူ)
- မီးဘေးရှောင်လို့ မလောင်ခင် တားကြပါ

(၁၅) ဝါသနာ …
- ဘော်လုံးကန်တာ
- တစ် နှစ် သုံး အလုံးများ

(၁၆) မီးခွက်စောင့် ဘီလူးနဲ့ တွေ့ရင် တောင်းမယ့်ဆု …
- ဘယ်တော့မှ အရိုက်မခံရပါစေနဲ့
- လောင်းတိုင်းအောင်၊ ထိုးတိုင်းပေါက်၊ တွက်သမျှကွက်တိ ဖြစ်ပါစေသား

(၁၇) လက်ဆွဲဆောင်ပုဒ် …
- ရိုးရိုးကျင့် မြင့်မြင့်ကြံ
- နေရာတိုင်းလည်း မရိုးသားနဲ့၊ အများကြီး မျှော်လင့်ရင်လည်း အများကြီး ဆုံးရှုံးနိုင်တယ်

(၁၈) အိပ်ရေးပျက်ရတဲ့ အကြောင်းရင်းက …
- အိမ်စာတွေ မပြီးလို့
- ချန်ပီယံလိဂ်တွေ ညနက်တယ်လေ

(၁၉) ချစ်သူကို ဆိုပြချင်တဲ့ သီချင်း …
- အသံမကောင်းဘူး ပြောမှာ ကြောက်တယ်
- တိတ်စမ်းပါဟာ နင့်အသံဆိုးကြီးနဲ့

(၂၀) ပြောပြချင်တဲ့ ဟာသတိုလေး …
- ၂၀၁၀ လောက်ကျ လက်ဖက်ရည်တစ်ခွက် သုံးရာလောက် ဖြစ်မယ်တဲ့
- လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က လက်ဖက်ရည်တစ်ခွက် ၅ ကျပ်ကွဲ့ သားရို့ သမီးရို့ ရဲ့ (သုမောင် ရေးနည်းလေ)

မေအိက လူလည်လုပ်ပါတယ်။ သူများတွေကျ ကလေးပြန်လုပ်ခိုင်းပြီး သူကျ ငါးတန်းကလေးတွေ ရေးတဲ့ဟာတွေနဲ့ ပြီးသွားပါတယ်။ သူ့ကိုလည်း ကလေးပြန်လုပ်ခိုင်းပါမယ်။ ရေးပေတော့ မေအိရေ။ ။

Sunday, January 31, 2010

သူနဲ့ ဗလာပြဇာတ်


ပြိုလဲနေတဲ့ မိုးကောင်းကင်ကို
ထူမတ်ပေးဖို့ ကြိုးစားသတဲ့ ...
သူ ကိုယ်တိုင်ပဲ
သက္ကရာဇ် မျဉ်းစောင်းတွေမှာ
နောက်ပြန် လဲ ကျန် နေရစ် ....။

မနက်ဖြန်အတွက် ဆိုပြီး
သူဟာ သီချင်းတွေ ရေးဖွဲ့
သန်းခေါင်မတိုင်ခင်ပဲ
ပုပ်သိုး သွား ခဲ့ ....။

ကျက်ခဲ့တဲ့ စာတွေ
မေးခွန်းထဲ ပါမလာတော့
သူ ပြုံးလိုက်တယ် .....။

သူ့လောကမှာ အရာရာဟာ
ဗလာချည်းပဲ ဖြစ်နေလေရဲ့
ဒါပေမယ့် အဖြူရောင်တော့
မဟုတ်ဘူးတဲ့ ...။

ကဲ ... ပြဇာတ်သိမ်းပြီလား?
သူကတော့ အိပ်ချင်နေပြီတဲ့ ....။ ။

Wednesday, January 27, 2010

စီတီဒဗလျူ

ဒီနေ့ ကျနော် ဆရာနတ်မှူး ရဲ့ သမိုင်းမဲ့ ကောင်းကင် ဝတ္တုတိုစု စာအုပ် ကို ဖတ်ဖြစ်ပါတယ်။ တော်တော် ကြိုက်သွားပါတယ်။ မိတ်ဆွေတွေကို မျှဝေခံစားပေးချင်စိတ် ပေါ်လာတာနဲ့ မျှဝေခြင်းဆိုတဲ့ ကဏ္ဍလေးတစ်ခု ဖွင့်လိုက်ပါတယ်။ ဆရာနတ်မှူးကို အရင်က မဖတ်ဖူးပါဘူး။ မဂ္ဂဇင်းတွေမှာ ပါပေမယ့် ကျနော် မဖတ်ဖြစ်ပါဘူး။ ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိပါတယ်။ ကျနော်ဟာ စာဖတ်တာ မဟုတ်ပဲ စာရေးဆရာ ဖတ်နေတာပဲ။ မဂ္ဂဇင်းတစ်အုပ် ကို မာတိကာ လှန်ကြည့်ပြီး ကိုယ်ကြိုက်တဲ့ စာရေးဆရာရဲ့ စာကိုသာ ဖတ်ဖြစ်ပါတယ်။ နောက်ဆို စာပဲ ဖတ်ဖို့ ကြိုးစားပါတော့မယ်။
ခု ဆရာနတ်မှူးရဲ့ ဝတ္တုတိုလေးကို ဖတ်ကြည့်စေချင်ပါတယ်။ နောက်ဆုံးမှာ စာရေးဆရာ ပေးချင်တဲ့ မက်ဆေ့ခ်ျ လေးက တော်တော် ကောင်းပါတယ်။ ဘာပဲ ဖြစ်ဖြစ် လက်ညောင်းအောင် ရိုက်ထားတဲ့ စာလေးကို အားနာပါးနာ ဖတ်သွားကြပါဗျာ။ ကျနော့်လိုပဲ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။


စီတီဒဗလျူ

“မင်္ဂလာပါရှင်၊ ဟာရိုးရော်ဘင် လေကြောင်းလိုင်းမှ ကြိုဆိုပါတယ်” ကျွန်တော်တို့ ခရီးသည်များ လေယာဉ်ပေါ်မှာ နေရာယူပြီးသည်နှင့် လေယာဉ်မယ် ချောချောလေးက အပြုံးနှင့် နှုတ်ဆက်သည်။ “ယခု ခရီးစဉ်က စီတီဒဗလျူခေါ်တဲ့ စာရေးဆရာမြို့တော်ကို ပျံသန်းမယ့် ခရီးစဉ် ဖြစ်ပါတယ်။

စီတီဒဗလျူနဲ့ ပတ်သက်ပြီး ကျွန်မ အနည်းငယ် ရှင်းပြချင်ပါတယ်။ ဒီမြို့တော်ရဲ့ ပထမဦးဆုံး မြို့တော်ဝန်က မစ္စတာ အာနိုး ဖြစ်ပါတယ်။ သူဟာ စာအလွန်ဖတ်ပြီး ကမ္ဘာ့စာပေ အရပ်ရပ်မှာ နှံ့စပ်သူ တစ်ဦး ဖြစ်တယ်။ နောက် စာရေးဆရာ၊ ကဗျာဆရာများကိုလည်း အင်မတန် လေးစား ချစ်ခင်သူ ဖြစ်တယ်။ တစ်နေ့တော့ အစည်းအဝေး တစ်ခုမှာ သူက ဒီလို တင်ပြ လာပါတယ်။ “ကမ္ဘာကြီးမှာ စာရေးဆရာ၊ ကဗျာဆရာ မရှိတဲ့ တိုင်းပြည်ရယ်လို့ မရှိဘူး။ သမိုင်းဆရာက အတိတ်က ဖြစ်ရပ်တွေကို မှတ်တမ်းတင်တယ်။ စာရေးဆရာ၊ ကဗျာဆရာများကတော့ လောလောဆယ် အခြေအနေတွေကို ရေးသား ဖော်ကျူးပြီး လူ့လောက တိုးတက်အောင် လုပ်ဆောင်နေသူများ ဖြစ်တယ်။ စာရေးဆရာ၊ ကဗျာဆရာတွေ ရှိနေသမျှ ကမ္ဘာကြီးဟာ မျှော်လင့်ချက် ပန်းပွင့်တွေနဲ့ ဝေဆာမွှေးပျံ့နေမယ်။ လူတွေ မေ့လျော့နေတဲ့ အချက်က သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုဖို့ပါပဲ။ စာပေ ချစ်သူ တစ်ယောက်အနေနဲ့ ကျွန်တော်က စာရေးဆရာ၊ ကဗျာဆရာတွေကို အထူးတလည် ဂုဏ်ပြုမယ့် အစီအစဉ်တစ်ရပ် ရေးဆွဲထားပါတယ်။” သူက ဆက်ပြီး “စာရေးဆရာ၊ ကဗျာဆရာတွေကို ဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့ မြို့ကို စီတီဒဗလျူ (City of Writers) စာရေးဆရာ မြို့တော် လို့ မှည့်ခေါ်ပါမယ်။ နောက် ကျွန်တော်တို့ မြို့ရဲ့ နေရာတွေ၊ လုပ်ငန်းတွေကိုလည်း စာရေးဆရာ၊ ကဗျာဆရာများရဲ့ နာမည်များ နှင်းအပ်သွားမှာ ဖြစ်ပါတယ်။ ဥပမာ တော်(လ)စတွိုင်း မြို့တော်ခန်းမ၊ ရှိတ်စပီးယား တက္ကသိုလ်၊ ချက်ကော့(ဗ) ဆေးရုံ၊ အာသာဟေလီလေဆိပ်၊ ဟာရိုးရော်ဘင် လေကြောင်းလိုင်း၊ ဂေါ်ကီလမ်းမ စသဖြင့်ပေါ့။ နောက် လုပ်ငန်း လုပ်ကိုင်လိုသူများ အနေဖြင့်လည်း ဂျက်လန်ဒန် ကားအရောင်းအဝယ်ကုမ္ပဏီ၊ မာယာကော့စကီ လျှပ်စစ်ပစ္စည်းဆိုင် စသဖြင့် မိမိနှစ်သက်ရာ စာရေးဆရာ၊ ကဗျာဆရာတို့ရဲ့ နာမည်များ မှည့်ခေါ်သွားရမှာ ဖြစ်ပါတယ်။ ဒီ အဆိုကို မြို့နေလူထုက ထောက်ခံမဲပေးရင် ကျွန်တော်တို့ မြို့တော်ဟာ ကမ္ဘာပေါ်မှာ စာရေးဆရာ၊ ကဗျာဆရာတွေကို ထူးထူးကဲကဲ ဂုဏ်ပြုတဲ့ ပထမဦးဆုံး စာရေးဆရာမြို့တော် စီတီဒဗလျူ ဖြစ်လာပါမယ်” လို့ ပြောပါတယ်။”

“မြို့နေလူထုကလည်း စာရေးဆရာ၊ ကဗျာဆရာတွေကို ချစ်ခင်လေးစားကြတော့ မြို့တော်ဝန်ရဲ့ အဆိုကို တစ်ခဲနက် ထောက်ခံကြတယ်။ ဒါနဲ့ မြို့တော်ဟာ စီတီဒဗလျူလို့ အမည်ရတဲ့ စာရေးဆရာမြို့တော် ဖြစ်လာပါတယ်။ မြို့တော်ရဲ့ နေရာ အသီးသီးမှာလည်း စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ အမည်တွေ ပလူပျံလာပါတယ်။ ဒီမြို့တော်ရဲ့ အဓိက ဝင်ငွေရတဲ့ စီးပွားရေးလုပ်ငန်းက ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းပါ။ ကမ္ဘာအရပ်ရပ်က စာပေချစ်သူတွေဟာ စီတီဒဗလျူကို နှစ်စဉ် အမြောက်အမြား လာရောက်ကြတယ်။ သူတို့ ချစ်တဲ့ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ နာမည်နဲ့ နေရာတွေကို လှည့်ပတ်ကြည့်ရှုကြတယ်။ ကိုယ်လေးစားတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုထားတာကို ကြည့်ပြီး စီတီဒဗလျူကို လာရောက်ကြတဲ့ ကမ္ဘာလှည့် ခရီးသည်တွေဟာ အတော် နှစ်ထောင်းအားရ ဖြစ်ကြတယ်။ ဒါကတော့ စီတီဒဗလျူရဲ့ သမိုင်းအကျဉ်း ဖြစ်ပါတယ်။ မကြာမီ ကျွန်မတို့ လေယာဉ်ကြီးဟာ စီတီဒဗလျူကို စတင် ပျံသန်းတော့မှာ ဖြစ်ပါတယ်။ စီတီဒဗလျူမှာ လူကြီးမင်းတို့ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ”

ကျွန်တော့်နံဘေး ထိုင်နေသူမှာ မိုးဝေခေတ်က နာမည်ကျော် စာရေးဆရာ မာန်မြင့် ဖြစ်သည်။ သူက အရပ်ထောင်ထောင်မောင်းမောင်းနှင့် ခံ့ညားသော ရုပ်ရည်ရှိပြီး ဥရောပဝတ်စုံဖြင့် အတော် သားနားနေသည်။ သူ၏ မြန်မာပြည်တွင်လုပ်သည်နှင့် အခြား ဝတ္တုတိုများ ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ထိုစာအုပ်ကို ဖတ်ပြီး စီတီဒဗလျူမှ ဟိုတယ်လုပ်ငန်းရှင်များက မာန်မြင့်ကို သဘော အကျကြီး ကျသွားကြသည်။ သို့နှင့် သူတို့၏ ပင်လယ်ကမ်းခြေ ဟိုတယ်တစ်ခုကို မာန်မြင့် ကမ်းခြေဟိုတယ် (Marn Myint Beach Resort) အဖြစ် မှည့်ခေါ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့နှင့် ထိုနာမည်ကျော် စာရေးဆရာကို ဟိုတယ် ဖွင့်ပွဲ တက်ရောက်ရန်အတွက် ဖိတ်ခေါ်လိုက်သည်။ ဒေါ်လာ တထောကြီး ပွသွားသော ထိုစာရေးဆရာက “မင်း လိုက်ခဲ့ဦးကွ” ဟု လက်တို လက်တောင်းခိုင်းရန် ကျွန်တော့်ကို အပါခေါ်သည်။

ကမ္ဘာကျော် စီတီဒဗလျူသို့ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ သွားရမည့် အခွင့်အရေးကို ဘယ်သူက လက်လွတ်ခံမည်နည်း။ သို့နှင့် ဆရာမာန်မြင့်နှင့်အတူ ကျွန်တော်က လေယာဉ်ပေါ်သို့ ရောက်ခဲ့ရသည်။ ဟာရိုးရော်ဘင် လေကြောင်းလိုင်းမှ လေယာဉ်မယ်လေးများမှာ လှပသလောက် အလွန် ဖော်ရွေသည်။ လေယာဉ်ပေါ် ကျွေးသော အစားအစာများမှာလဲ အရသာ ထူးကဲလှသည်။

ပင်ပန်းနွမ်းနယ်ခြင်းမရှိပဲ ဒေသစံတော်ချိန် ညနေခြောက်နာရီခန့်တွင် ကျွန်တော်တို့ လေယာဉ် စီတီဒဗလျူ၏ အာသာဟေလီလေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ လေဆိပ်တွင် ကျွန်တော်တို့ကို လာကြိုသူများ အဆင်သင့် ရောက်နှင့်နေသည်။ မြို့ထဲသို့ ကားဖြင့် လာခဲ့ကြရာ နာရီဝက်ခန့် အကြာတွင် ကျွန်တော်တို့ တည်းခိုရမည့် ရွှေဥဒေါင်း ဟိုတယ်သို့ ရောက်လာသည်။

ရွှေဥဒေါင်း ဟိုတယ်မှာ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်ကြီးတစ်ခု ဖြစ်သည်။ မြန်မာပြည်မှ နာမည်ကျော် စာရေးဆရာကြီး ရွှေဥဒေါင်းကို ဂုဏ်ပြုသောအားဖြင့် ရွှေဥဒေါင်း ဟိုတယ်ဟု မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ဟိုတယ် အဝင်ဝတွင် ဆေးတံသောက်နေသော ဆရာကြီး ရွှေဥဒေါင်း၏ ရုပ်ထုကြီးကို တွေ့လိုက်ရာ ကြည်နူးစိတ်ဖြင့် ကျွန်တော့်မှာ တုန်လှုပ်သွားသည်။ ဆရာကြီးသာ သက်ရှိထင်ရှား ရှိခဲ့လျှင် သူ့ကို ဂုဏ်ပြုမှည့်ခေါ်ထားသော ဤဟိုတယ်ကြီးကို ကြည့်၍ ဘယ်လောက်များ ဝမ်းသာအားရ ဖြစ်လိုက်မည်နည်း။

ထိုနေ့ညစာကို ဟိုတယ် လုပ်ငန်းရှင်များက ကျွန်တော်တို့အား ဤဟိုတယ်ရှိ သော်တာဆွေ ခန်းမမှာ တည်ခင်းဧည့်ခံသည်။ စာရေးဆရာကြီး သော်တာဆွေကို ဂုဏ်ပြုမှည့်ခေါ်ထားသော ခန်းမ ဖြစ်ပြီး ခန်းမ အလည်ကောင်က ရေပန်းများကြားတွင် ဆရာသော်တာဆွေ၏ ပုံတူ ရုပ်ထုကို တွေ့ရသည်။ သော်တာဆွေမှာ ဆရာကြီး ရွှေဥဒေါင်း၏ တပည့်ရင်း ဖြစ်သည်။ သူတို့ ဆရာတပည့်နှစ်ဦးကို ဟိုတယ်တစ်ခုအတွင်း ယှဉ်တွဲ တွေ့ရသည်မှာ စီတီဒဗလျူမှ လူကြီးများ၏ စိတ်ကူး ကောင်းမှုဟု ယူဆနိုင်သည်။ ဆရာသော်တာဆွေ၏ ရုပ်ထုရှိရာသို့ အရက်ခွက်ကို မြှောက်လိုက်ပြီး ဆရာ ကောင်းရာ သုဂတိ လားပါစေဟု ကျွန်တော် ဆုတောင်း နေမိသည်။ ထိုညက ဆရာမာန်မြင့်နှင့် ကျွန်တော်တို့ နှစ်ဦးစလုံး တော်တော်နှင့် အိပ်မပျော်။ ဆရာကြီး ရွှေဥဒေါင်းနှင့် ဆရာသော်တာဆွေတို့၏ စာများအကြောင်း ညဥ့်နက်သည်အထိ ပြောဖြစ်ခဲ့ကြသည်။

နောက်တစ်နေ့ မနက်စာကို မန္တလေးမုန့်တီဖြင့် ဧည့်ခံသည်။ မုန့်တီမှာ လျှာစွဲအောင် ကောင်းလှသည်။ ဆရာမာန်မြင့်မှာ အလွန်စပ်စုသူ ဖြစ်သည်။ “မန္တလေး မုန့်တီကို ဒီမှာ ဘယ်လို ခေါ်သလဲ မသိဘူးကွ၊ မေးကြည့်ရအောင်” ဆိုပြီး ဟိုတယ် စားပွဲထိုးကို မေးနေသည်။ စားပွဲထိုးကောင်လေးက “ချောအိမာန် မန္တလေး မုန့်တီလို့ ခေါ်ပါတယ် ခင်ဗျာ“ ဟု ပြန်ဖြေသည်။ ဆရာမာန်မြင့်က လက်မထောင်လိုက်ပြီး “တွေ့တယ်မဟုတ်လား၊ ငါတို့ မာန်တွေ စီတီဒဗလျူမှာ ကောင်းစားနေတယ်ကွ” ဟု ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလိုက်သည်။

ထိုနေ့ တစ်နေ့လုံး စီတီဒဗလျူကို လည်ပတ်ရမည့် နေ့အဖြစ် သတ်မှတ်ပြီး ဟိုတယ် လုပ်ငန်းရှင်များက ကျွန်တော်တို့ကို ကားတစ်စီးနှင့် ဧည့်လမ်းညွှန်တစ်ယောက် ပေးထားသည်။ ကျွန်တော်တို့က မြန်မာ စာရေးဆရာနှင့် ကဗျာဆရာများ၏ နာမည်နှင့် နေရာများသို့ လိုက်ပို့ရန် ပြောလိုက်သည်။ သို့နှင့် ကျွန်တော်တို့ ကားသည် ပန်းခြံကြီးတစ်ခုထဲသို့ ရောက်လာသည်။

ပန်းခြံ၏ အဝင်ဝမှာ မှိုင်း ငြိမ်းချမ်းရေး ဗိမာန် ဟူသော ဆိုင်းဘုတ်ကြီး တွေ့ရသည်။ ကားထဲမှ ဆင်းလိုက်ကြရာ မွှေးပျံ့သော ပန်းရနံ့တို့က ဆီးကြိုနေသည်။ လှပသော ရောင်စုံပန်းများမှာ မနက်ခင်း နေခြည် နုနုအောက်တွင် အလှချင်း ပြိုင်နေကြသည်။ ပန်းခြံ၏ အလယ်တွင် သခင်ကိုယ်တော်မှိုင်း ရုပ်ထုကြီးကို တွေ့ရသည်။ ခေါင်းတွင် အုပ်ပေါင်းပေါင်းထားပြီး မြန်မာဆန်ဆန် တိုက်ပုံ၊ တောင်ရှည်ပုဆိုးတို့ကို ဝတ်ဆင်ထားသည်။ ညာလက်ကို ဘေးသို့ ဆန့်တန်းထားပြီး ထိုလက်ပေါ်တွင် ငြိမ်းချမ်းရေး ချိုးငှက်တစ်ကောင် နားနေဟန် ထုလုပ်ထားသည်။ ကွမ်းအစ်တစ်လုံး သျှောင်တစ်ထုံးနှင့်၊ ရင်ဖုံးအင်္ကျီ ဖျင်ပင်နီနှင့်၊ ယောထည်ပုဆိုး မင်ကြောင်ထိုးနှင့်၊ အဘိုးကဝိ ပညာရှိ ကို သတိရမိနေသည်။ အဘိုး မေတ္တာ စေတနာနှင့် သစ္စာဉာဏ်ရောင် နေနှယ်ပြောင်၍ ပြည်ထောင်တစ်လွှား ဝေးမြေခြားတိုင် ထင်ရှားကျော်စော ခဲ့လေပြီ။ ဆရာမာန်မြင့်နှင့် ကျွန်တော်တို့ နှစ်ဦးသား သမိုင်းတွင်သည့် မှိုင်းသခင်ကို ရိုကျိုးစွာ ကန်တော့လိုက်ကြသည်။

ထိုပန်းခြံနှင့် ကပ်လျက်တွင် မြသန်းတင့် သစ်ခွဥယျာဉ်ကြီး ရှိနေသည်။ ကမ္ဘာပေါ်ရှိ သစ်ခွပင် အမျိုးမျိုးကို စုဆောင်းပြသ ထားသည်။ သစ်ခွပန်းများမှာ ဖြူနီညိုပြာ ရောင်စုံဖြာလျက် အလှပေါ် အယဉ်ဆင့်ပြီး တင့်ချင်တိုင်း တင့်တယ်နေသည်။ ကျွန်တော်တို့ နှစ်ဦးသား ကွယ်လွန်သွားရှာပြီ ဖြစ်သော ဆရာမြကို သတိရနေမိသည်။ သူ့ကို ကျွန်တော် လူချင်း တစ်ခါမှ မတွေ့ဖူးခဲ့။ သို့သော် သူ့စာများမှာ ကျွန်တော်၏ ချစ်သူများ ဖြစ်သည်။ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် ပင်ကိုရေးဝတ္တုက ကျွန်တော့်ရင်ကို လှုပ်ခတ်ခဲ့သည်။ စစ်နှင့် ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ခန်းဆောင်နီအိပ်မက်၊ သုခမြို့တော်၊ အချစ်မိုးကောင်းကင် စသော ဘာသာပြန် ဝတ္တုများက ကျွန်တော့်ကို ကမ္ဘာစာပေလောကထဲ ဆွဲခေါ်သွားခဲ့သည်။ တကယ်တော့ သူသည် အစားထိုးမရသော စာပေ ဥယျာဉ်မှူးကြီး ဖြစ်သည်။

သူ၏ ကြိုးစားအားထုတ်မှုကို ကျွန်တော် အလွန် အံ့ဩသည်။ သူလို စာတွေအများကြီး ရေးဖို့ မဆိုထားနှင့်၊ သူရေးပြီးသော စာများကိုပင် ကျွန်တော် ကုန်အောင် မဖတ်နိုင်။ သူရေးခဲ့သော စာများသည် ဤသစ်ခွ ဥယျာဉ်ကြီးထက် ကြီးကျယ် ခမ်းနား၍ ဤသစ်ခွပင်များထက် အဆများစွာ လှပသည်။ အို ဥယျာဉ်မှူး၊ အသင်ကား ကမ္ဘာမြေ၏ လာခြင်းကောင်းသူ တစ်ဦးဖြစ်ပြီး သင်သေသွားတော့လည်း လူ့သမိုင်းအတွက် အဖိုးထိုက်တန် ပန်းပွင့်များကို ချန်ရစ်ထားခဲ့သူ အံ့ဖွယ် သူရဲကောင်းပါ တကား။

ဧည့်လမ်းညွှန်လေးက ကျွန်တော်တို့ကို ငါးထပ် အဆောက်အအုံကြီးတစ်ခုသို့ ခေါ်လာပါသည်။ “ဒါ လူထု စာကြည့်တိုက်” ဟု ပြောသည်။ စာကြည့်တိုက်ရှေ့တွင် လူထုဦးလှနှင့် ဒေါ်အမာ ယှဉ်တွဲ ရပ်နေပုံ ရုပ်ထုကြီးကို တွေ့ရသည်။ မြန်မာဆန်ဆန် အလွန် ကျက်သရေ ရှိလှသည်။ “သူတို့ ဇနီးမောင်နှံဟာ တစ်သက်လုံး စာပေအလုပ်ပဲ လုပ်သွားကြတယ်။ လူထုဆိုတဲ့ နာမည်နဲ့ လိုက်ဖက်အောင် လူထုဘက်က ရပ်တည်ခဲ့ကြတယ်။ သူတို့ စာတွေမှာ အမှန်တရား၊ ရိုးသားမှုနဲ့ စေတနာတွေကို ရှာဖွေတွေ့ရတယ်။ ဒါကြောင့်လည်း သူတို့ စာတွေဟာ ဘယ်ခေတ် ဘယ်အခါမှ ရိုးမသွားဘူး။ သမိုင်းတစ်လျှောက် အဖိုးတန် စိန်ပွင့်တွေလို လင်းလက်တောက်ပနေခဲ့တယ်” စာကြည့်တိုက်တွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ စာအုပ်အမျိုးမျိုး၊ ကွန်ပျူတာနှင့် စီဒီများစွာ တွေ့ရသည်။ လူများစွာ ဖတ်ရှုလေ့လာ နေကြသည်။ လူထုကား ယခုအချိန်အထိ လူများစွာ၏ နား မျက်စိကို ဖွင့်ပေးနေဆဲ ဖြစ်သည်။

နေ့လယ်စာ စားရန်အတွက် ဧည့်လမ်းညွှန်လေးက စားသောက်ဆိုင်ကြီး တစ်ခုသို့ ခေါ်လာသည်။ “ဒီဆိုင်က မြန်မာထမင်းဟင်း တော်တော် ကောင်းတယ်“ ဟု လည်း ပြောသည်။ ဆိုင်နာမည်က ထူးထူးဆန်းဆန်း MOE (G) ZAW MYANMAR FOOD CENTER တဲ့။ ဆိုင်နာမည်ကို ကြည့်ပြီး ကျွန်တော် အတော် ဝမ်းသာသွားသည်။ ဂဇော်ဆိုမှတော့ အရက် အမျိုးမျိုး ရနိုင်မည်။ အရက်ကောင်းကောင်း သောက်ရတော့မည် ဖြစ်၍ အူမြူးနေသည်။

“ဒီဆိုင်ဖွင့်တာ မကြာသေးဘူး ခင်ဗျ၊ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ မြန်မာနိုင်ငံက နာမည်ကြီး ကဗျာဆရာတစ်ယောက် လာဖွင့်သွားတာ။ ဆံပင် ရှည်ရှည်နဲ့ ရုပ်က တော်တော်ဖြောင့်တယ်။ ရုပ်ရှင်မင်းသား အောက်မေ့ရတယ်။ ဒီစီတီဒဗလျူက ကောင်မလေးတွေဆို သူ့ကို မြင်တော့ သည်းသည်းကို လှုပ်နေတာပဲ“
ဧည့်လမ်းညွှန်၏စကားကြောင့် မိုးဂဇော်ဆိုသော ကဗျာဆရာကို စဉ်းစားနေမိသည်။ ဘယ်သူများပါလိမ့်ဟု တွေးရင်း ဆိုင်ထဲသို့ ဝင်လာရာ စပို့ရှပ်လက်တို၊ ဂျင်းဘောင်းဘီရှည် ဝတ်ဆင်ထားသော ကဗျာဆရာ မိုးဃ်းဇော်၏ ပုံတူရုပ်ထုကြီးက ပြုံး၍ နှုတ်ဆက်နေသည်။ “အရက်ရလား” ဟု မေးရာ “မရပါဘူးခင်ဗျာ” ဆိုသော အဖြေကြောင့် ထိုယစ်ကောင် ကဗျာဆရာကို ဒေါပွမိသည်။ သို့သော် မိုးဃ်းဇော်၏ ထမင်းနှင့် ဟင်းက အလွန်ကောင်းပါဘိ။ ကျွန်တော်တို့ ဗိုက်ကားအောင် စားလိုက်ကြသည်။

ထမင်းစားပြီး ကားဖြင့် လာခဲ့ကြရာ မြစ်ကူးတံတားတစ်ခုသို့ ရောက်လာသည်။ အဝင်ဝမှာ ရှိသော ဆိုင်းဘုတ်ကို ညွှန်ပြရင်း ဧည့်လမ်းညွှန်လေးက “ဒါ ဗန်းမော်တင်အောင် မြစ်ကူးတံတားလေ” ဟု ပြောပြနေသည်။ “လူတစ်ယောက်ရဲ့ သမိုင်းကို ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်ကို သူ ဘယ်လောက် ကျေပွန်အောင် ထမ်းဆောင်ခဲ့သလဲဆိုတဲ့ အချက်နဲ့ တိုင်းတာရမယ်” ဆိုသော ထိုစာရေးဆရာကို သတိရနေမိသည်။ လောကဓံ၏ အထုအထောင်းကို ခံရင်း သူက ခေတ်သစ်ကြီးတစ်ခုကို ထုဆစ်နေခဲ့သည်။ ယခုတော့ သူက တံတားကြီး တစ်စင်း။ ခေတ်ဟောင်းနှင့် ခေတ်သစ်ကို ပေါင်းကူးပေးချင်သော ထိုစာရေးဆရာက တကယ်လည်း တံတားကြီး တစ်စင်းပါ။ ဗန်းမော်တင်အောင် တံတားပေါ်ကို ဖြတ်သွားရင်း သွေးခြင်းခြင်းရဲ့နေသည့် သူ့ကျောပေါ်က ဒဏ်ရာဒဏ်ချက်များကို မြင်ယောင်နေမိသည်။ အို စာရေးဆရာ၊ သင့်သမိုင်းကား ဘယ်တော့မှ မသေ၊ ကမ္ဘာမြေနှင့်အမျှ ထာဝရ တည်တံ့နေပါမည်။

ညို့ညို့ဆိုင်းဆိုင်း တောအုပ်ကြီးတစ်ခုသို့ ကျွန်တော်တို့ ကားကလေး ရောက်လာသည်။ “အဲဒီ တောအုပ်ကြီးကို မင်းသုဝဏ် ဘေးမဲ့တောလို့ ခေါ်တယ်။ တောအုပ်ရဲ့ ဟိုးနောက်ဘက်က မှိုင်းပျပျ တောင်တန်းကြီးကို တွေ့တယ် မဟုတ်လား။ အဲဒါ ဇော်ဂျီတောင်တန်းပေါ့” ဧည့်လမ်းညွှန်လေးက ကျွန်တော်တို့ကို ပြောပြနေသည်။ တောအုပ်နှင့် တောင်တန်း၊ တောင်တန်းနှင့် တောအုပ်။ ခေတ်စမ်းညီနောင်က ဟိုအရင်ကလို အမြဲမခွဲ တတွဲတွဲ ရှိနေပါကလား။

ထလော့ မြန်မာ၊ မြန်မာ ထလော့

အားမလျော့နှင့်၊ မလျှော့လုံ့လ
သူက စ၍၊ ငါက အားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့။

ကျွန်တော်က ဆရာဇော်ဂျီ၏ ‘တို့တိုင်းပြည်’ ကဗျာမှ ကဗျာတစ်ပိုဒ်ကို ရွတ်ဆိုနေမိသည်။

သူ့ခေါင်းမှာတဲ့ သပြေညို

ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းရယ်က
လန်းလျက်ပါကို။

တစ်ဆက်တည်းပင် ဆရာမင်းသုဝဏ်၏ ‘သပြေညို’ ကဗျာလေးကို ရေရွတ်မိပြန်သည်။ တိုင်းပြည်အပေါ်မှာ ထားခဲ့သော ထိုဆရာနှစ်ဦး၏ စေတနာ မေတ္တာကား ဧရာဝတီမြစ်ကြီးလို ဘယ်တော့မှ ခန်းခြောက်လိမ့်မည် မဟုတ်။ သူတို့၏ စာပေ၊ ကဗျာတွေကလည်း သမိုင်းတစ်လျှောက် မြစ်ဧရာလို တသွင်သွင် စီးဆင်းနေမည် မုချ ဖြစ်သည်။

တောအုပ်အတွင်းသို့ ဝင်ခဲ့ကြရာ စမ်းချောင်းလေးတစ်ခု၏နံဘေးသို့ ရောက်လာသည်။ တငြိမ့်ငြိမ့် စီးဆင်းနေသော စမ်းရေမှာ အလွန်ကြည်လင်လှသည်။ ဟိုးဝေးဝေးမှာ စမ်းရေသောက်နေသော သမင်လေးများကို တွေ့ရသည်။

“ဒါ မောင်ချောနွယ် စမ်းချောင်းပေါ့။ ဟိုး ဇော်ဂျီ တောင်တန်းပေါ်က စတင်ပြီး ဒီ မင်းသုဝဏ်တောအုပ်ကို ဖြတ်စီးသွားတယ်” စမ်းချောင်းဘေးမှာ လာရောက် အပန်းဖြေသူများ ထိုင်ရန်အတွက် ကွန်ကရစ်ခုံရှည်ကြီးများ ဆောက်လုပ်ထားသည်။ နီးစပ်ရာ ခုံရှည်တစ်ခုကို ကြည့်လိုက်ရာ ခုံ၏ ကျောမှီပေါ်တွင် မောင်ချောနွယ် ၏ ကဗျာတစ်ပုဒ် အင်္ဂလိပ်လို ရေးသားထားသည်ကို တွေ့ရသည်။

Fish
I'd been finishing
Nearly my whole a single fish
Look!
What I'd caught was the universe.
As I pulled it up My fishing rod was bent.
And Turned to a rainbow.
I was fished.

အလို ... ‘ငါး’ ကဗျာလေးပါလား။ ကျွန်တော်က ကဗျာကို မြန်မာလို ရေရွတ်နေမိသည်။

တစ်ဘဝလုံးလိုလို မျှားနေခဲ့။

ငါးရယ်လို့ တစ်ကောင်တလေမှ မမိ
ကြည့်စမ်း။
မိမယ့်မိတော့ စကြဝဠာကြီး
အပေါ်ကို ဆွဲတင်လိုက်တော့
ငါ့ ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး
သက်တံ ဖြစ်သွား၊ ငါ့ကို ပြန်မျှားခဲ့ပေါ့။

ကျွန်တော်က ချီလီကဗျာဆရာ ဘလိုနီရူဒါ၏ “သစ်ခုတ်သမား နိုးကြားလော့” ကဗျာကို သတိရလာပြန်သည်။ လာမည့် ဆည်းဆာချိန်များအတွက် ငြိမ်းချမ်းရေး၊ ဝိုင်အရက်များအတွက် ငြိမ်းချမ်းရေး၊ ပေါင်မုန့်နိုးကြားချိန်ဖြစ်တဲ့ မြို့လည်ကောင် မနက်ခင်းအတွက် ငြိမ်းချမ်းရေး၊ လယ်ကွင်းတွေက မွေးဖွားလာတော့မယ့် ကောက်နှံတွေ အားလုံးအတွက် ငြိမ်းချမ်းရေး၊ မုန်တိုင်းမိနေတဲ့ ငှက်ငယ်တွေရဲ့ ငြိမ်းချမ်းရေး၊ မိခင်ရဲ့ ပါးပြင်ထက်က မျက်ရည်စက်အတွက် ငြိမ်းချမ်းရေး၊ လေကောင်းလေသန့်နဲ့ တူတဲ့ စာအုပ်တွေရဲ့ ငြိမ်းချမ်းရေး၊ ငါ့ညီငယ်ရဲ့ ရှပ်အင်္ကျီအတွက် ငြိမ်းချမ်းရေး၊ သေသူတို့ရဲ့ ပြာမှုန့်တွေအတွက် ငြိမ်းချမ်းရေး၊ အသက်ရှင်နေသူ အားလုံးအတွက် ငြိမ်းချမ်းရေး။ အို စမ်းချောင်း ကဗျာဆရာ၊ ငြိမ်းချမ်းရေး အားလုံးအတွက် တေးဆို၍ စီးဆင်းပါလော့။

ထိုညက ဘားနက်ရှော ပြဇာတ်ရုံမှ ပြဇာတ်တစ်ပုဒ် ကြည့်ရသည်။ ပြဇာတ်က ပွတ်ရှကင်၏ ပစ္စတို ပစ်ချက် (PISTOL SHOT)။ ကျွန်တော် ဖတ်ဖူးပြီးသား ဝတ္တုဖြစ်သော်လည်း ပြဇာတ်အနေနှင့် ကြည့်ရသောအခါ အလွန် သရုပ်ပါပြီး အရသာ ရှိလှသည်။ လူငယ်နှစ်ဦး ရည်းစားလုရာမှ ရန်ဖြစ်ပြီး အလှည့်ကျ သေနတ် ပစ်ရသည်။ ပထမ ပစ်ရသောလူက ဒုတိယလူကို မှန်အောင် မပစ်နိုင်ခဲ့။ ဒုတိယလူက သူပစ်ရမည့် တစ်ချက်ကို အကြွေးအဖြစ် သတ်မှတ်လိုက်သည်။ အကြောင်းမှာ ပထမလူက သေရမှာကို မကြောက်၊ သေခြင်းကို မထီမဲ့မြင် ပြုနေသည်။ ချက်ကောင်းကို စောင့်နေရာ ထိုလူ မသေချင်သည့် ပူပူနွေးနွေး မိန်းမရခါစ အချိန်သို့ ရောက်လာသည်။ ပျားရည်ဆမ်းခရီး ထွက်လာသော နေရာသို့ ဒုတိယလူက အကြွေးတစ်ချက် လာတောင်းသော ဇာတ်လမ်းဖြစ်သည်။ ဒုတိယလူက ပထမလူကို ငဲ့ညှာသောအားဖြင့် သေနတ်တစ်ချက် ထပ်မံ ပေးပစ်ပြန်သည်။ သို့သော် ပထမတစ်ချက်နည်းတူ လွဲချော်ခဲ့သည်။ သူက စိတ်လှုပ်ရှားနေတာကိုး။ ဒုတိယလူ ပစ်ရမည့် အလှည့်။ ထိုသူက မှန်အောင် ပစ်နိုင်သော်လည်း တမင် လွဲချော်ပစ်သွားခဲ့သည်။ ရန်သူတစ်ယောက်အပေါ်မှာ အကောင်းဆုံး ကလဲ့စားချေနည်းမှာ ခွင့်လွတ်ခြင်း မဟုတ်ပါလား။ ကမ္ဘာပေါ်မှာ ဒုတိယလူလို လူတွေများများ ရှိပါစေဟု ကျွန်တော် ဆုတောင်း နေမိသည်။

နောက်တစ်နေ့ မနက် ဆရာမာန်မြင့် ဖွင့်ပွဲ လုပ်ရမည့် ကမ်းခြေဟိုတယ်သို့ ကားနှင့် လာခဲ့ကြသည်။ ကြယ်ငါးပွင့် အဆင့်ရှိ ထိုဟိုတယ်ကြီးမှာ ကြီးကျယ်ခမ်းနားလှသည်။ ဖွင့်ပွဲမှာ အထူးစည်ကားပြီး ပင်လယ်ကမ်းခြေမှ ဒေသခံ ပြည်သူများက ဆရာမာန်မြင့်ကို တစ်ခဲနက် လက်ခုပ်ဩဘာ ပေးကြသည်။ ဟိုတယ်လုပ်ငန်းရှင်များက ဆရာမာန်မြင့်ကို လက်ဆောင်ပစ္စည်းများဖြင့် ဂုဏ်ပြုသည်။ ထိုမာန်မြင့် ကမ်းခြေဟိုတယ်မှာ ကျွန်တော်တို့ကို နေ့လယ်စာဖြင့် ဧည့်ခံသည့် ပင်လယ်အစားအစာများမှာ အလွန်စားကောင်းလှသည်။ နေ့လယ်စာစားပြီး နောက် ဟိုတယ်လုပ်ငန်းရှင်များကို နှုတ်ဆက်ပြီး ကျွန်တော်တို့ တည်းခိုရာ ရွှေဥဒေါင်း ဟိုတယ်သို့ ပြန်ခဲ့ကြသည်။

ဟိုတယ်ဧည့်ခမ်းတွင် လူတစ်ယောက်က ကျွန်တော်တို့ကို စောင့်ကြိုနေသည်။ သူ့ကိုယ်သူ ဒေးဗစ်ဘက်ခမ်းဟု မိတ်ဆက်သည်။ ဘော်လုံးစတား ဒေးဗစ်ဘက်ခမ်းနှင့် နာမည်တူသော်လည်း သူ့ပုံစံမှာ ညှင်းသိုးသိုးနှင့် ညှိုးညှိုးနွမ်းနွမ်း ဖြစ်သည်။ သူက ကျွန်တော့်ကို “လူကြီးမင်းကကော ဒီကနေ့ ဖွင့်ပွဲလုပ်တဲ့ ဒီက မစ္စတာ မာန်မြင့်လို စာရေးဆရာ ဟုတ်ပါသလား” ဟု မေးလိုက်သည်။ ကျွန်တော်က “စာရေးဆရာ ဟုတ်ပါတယ်၊ ဒါပေမယ့် အရေးမပါတဲ့ ဝေလေလေ စာရေးဆရာပါ” ဟု ပြန်ဖြေသည်။ ကျွန်တော့်အဖြေကို ကြားသောအခါ သူ့မျက်နှာ ဝင်းလက်သွားသည်။

“ဝေလေလေ စာရေးဆရာလည်း ဖြစ်ပါတယ်။ လူကြီးမင်း ကျွန်တော့်ကို ကူညီပါ”

“ကျွန်တော် ဘာများ ကူညီရမလဲ”

“ဒီလိုပါ၊ ကျွန်တော် အလုပ်လုပ်တဲ့ နေရာလေးကို နာမည် ပေးချင်လို့ပါ။ လူကြီးမင်းက စာရေးဆရာဆိုတော့ လူကြီးမင်းရဲ့ နာမည်လေးကို အသုံးပြုချင်ပါတယ်”

“မစ္စတာ ဘက်ခမ်း ဘာအလုပ်လုပ်တယ်ဆိုတာ သိပါရစေ”

သူက အိုးတိုးအမ်းတမ်းဖြင့် -

“ကျွန်တော်က သုဘရာဇာ လုပ်ပါတယ်”

မျက်လုံးပြူးသွားပြီး ကျွန်တော်က -

“ဒါဆို ခင်ဗျား အလုပ်လုပ်တဲ့ နေရာက သုသာန်ပေါ့၊ ဟုတ်လား”

“ဟုတ်ပါတယ် ခင်ဗျာ”

“ဟေ့လူ ခင်ဗျား လာနောက်နေတာလား”

“မနောက်ပါဘူး ခင်ဗျာ၊ တကယ် ပြောတာပါ။ လူကြီးမင်းတို့ မြန်မာပြည်က သုသာန်တွေမှာ နာမည် ရှိတယ် မဟုတ်လား”

“အင်း ရှိပါတယ်၊ ရေဝေးသုသာန်၊ ကြာနီကန်သုသာန် စသဖြင့်ပေါ့”

“ဒီမှာတော့ သုသာန်နာမည်ကို ကြုံသလို မှည့်လို့် မရဘူးခင်ဗျ၊ စာရေးဆရာ တစ်ယောက်ရဲ့ နာမည်မှည့်မှ ဖြစ်နေတယ်”

“မမှည့်ဘဲ နေပါလားဗျာ”

“ကိုယ် အလုပ်လုပ်တဲ့ နေရာလေးတော့လည်း သူများနည်းတူ နာမည်လေးတစ်ခု ပေးချင်တာပေါ့ဗျာ။ လူသေလို့ အသုဘချတောင်မှ ဘယ်သုသာန်မှာ သဂြုင်္ီဟ်မှာလဲဆိုရင် နာမည်မရှိတော့ လိုက်ပို့ရတဲ့ လူတွေ တောင်သွားရမလို မြောက်သွားရမလို ခွကျတာပေါ့။ အဲဒါ စာရေးဆရာရဲ့ နာမည်လေး ကျွန်တော်တို့ သုသာန်အတွက် ချီးမြှင့်စေချင်ပါတယ်”

မျက်နှာကြီး နီနေသော ကျွန်တော့်ကို ဆရာမာန်မြင့်က ပြုံးပြုံးကြီး ကြည့်နေသည်။ “ကိုယ့်လူတော့ ထီပေါက်ပြီ၊ ပွတာပဲ။ လက်လွတ်မခံနဲ့” ဟု ပြောပြီး ပစ္စည်းများ သိမ်းဆည်းရန် ဟိုတယ်ခန်းဆီိသို့ ထွက်သွားလေသည်။
ကျွန်တော်က ဒေးဗစ်ဘက်ခမ်းကို ခေါင်းယမ်းပြလိုက်ပြီး -

“ဝမ်းနည်းပါတယ်ခင်ဗျာ၊ ကျွန်တော့်အနေနဲ့ သုသာန်ကို မင်္ဂလာမရှိတဲ့ အမင်္ဂလာနေရာတစ်ခုလို့ ယူဆပါတယ်။ ဒီလို အမင်္ဂလာ နေရာမျိုးမှာ ကျွန်တော့် နာမည်ကို အတပ်မခံနိုင်ပါဘူး။ လူကြီးမင်း ပြန်ပါတော့”

မျက်နှာငယ်လေးနှင့် သူက -

“စဉ်းစားပါဦး စာရေးဆရာရယ်၊ တကယ်တော့ သုသာန်က အမင်္ဂလာ နေရာ မဟုတ်ပါဘူး။ အလွန် မင်္ဂလာရှိတဲ့ နေရာတစ်ခုပါ”

“ဘာဗျ … သုသာန်က အလွန် မင်္ဂလာရှိတဲ့ နေရာ ဟုတ်လား”

“ဟုတ်ပါတယ်ခင်ဗျာ၊ သုသာန်ဆိုတာ တစ်ချိန်ချိန်မှာ လူတိုင်းသွားရမယ့် နေရာပါ။ အမေရိကန်လည်း သွားရမယ်။ မြန်မာလည်း သွားရမယ်။ ဂျပန်လည်း သွားရမယ်။ ခရစ်ယာန်လည်း သွားရမယ်။ မွတ်စလင်လည်း သွားရမယ်။ ဗုဒ္ဓဘာသာလည်း သွားရမယ်။ မွေးကင်းစကလေးလည်း သွားရမယ်။ သက်ကြီးရွယ်အိုတွေလည်း သွားရမယ်။ ယောက်ျားလည်း သွားရမယ်။ မိန်းမလည်း သွားရမယ်။ လူမည်းလည်း သွားရမယ်။ လူဖြူလည်း သွားရမယ်။ ကျိကျိတက် ချမ်းသာတဲ့ ဘီလျံနာတွေလည်း သွားရမယ်။ ကုန်းကောက်စရာ မရှိတဲ့ လူမွဲတွေလည်း သွားရမယ်။ အမေရိကန်နဲ့ အင်္ဂလိပ်လို မိတ်ဆွေတွေလည်း သွားရမယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းလို ရန်သူတွေလည်း သွားရမယ်။ ဆရာတို့လို ပညာတတ်တဲ့ မဟာကဝိတွေလည်း သွားရမယ်။ ကျွန်တော်တို့လို နကန်းတစ်လုံး မသိတဲ့ ပညာမဲ့တွေလည်း သွားရမယ်”

“ဒီလို လူတိုင်း သွားရုံနဲ့ မင်္ဂလာ ရှိရောလားဗျ”

“စာရေးဆရာ စဉ်းစားပါ ခင်ဗျာ။ ဒီကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်အနိုင်ကျင့်မှုတွေ၊ ရက်စက်ယုတ်မာမှုတွေ၊ လူမျိုးအသားအရောင် အဆင့်အတန်း ခွဲခြားမှုတွေကို တွေ့နေရပါတယ်။ မနက်တိုင်း သတင်းစာ လှန်လိုက်ရင် ဒီအဖြစ်အပျက်တွေ အမြဲတစေ ပါနေတယ်ဆိုတာ လူကြီးမင်း တွေ့ပါလိမ့်မယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ၊ ယောက်ျားပေါင်းစုံ၊ မိန်းမပေါင်းစုံ၊ လူဖြူလူမည်းပေါင်းစုံ၊ ချမ်းသာဆင်းရဲ ပေါင်းစုံ၊ မိတ်ဆွေရန်သူ ပေါင်းစုံ၊ ပညာရှိ ပညာမဲ့ ပေါင်းစုံ ဘာပဋိပက္ခ ဘာစစ်ပွဲမှ မရှိပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်တဲ့ နေရာတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ သုသာန်ပါ”

“သုသာန် ဟုတ်လား”

“ဟုတ်ပါတယ်၊ အသက်ရှင်ရတာ ဒုက္ခများသလောက် သေခြင်းတရားက ငြိမ်းချမ်းပါတယ်။ ဒါကြောင့် သုသာန်ဟာ အလွန် မင်္ဂလာရှိတဲ့ နေရာလို့ ကျွန်တော် ပြောတာပေါ့။ နောက် လူကြီးမင်းလည်း သိတဲ့ အတိုင်း မြင့်မြတ်တဲ့ ဘဝတစ်ပါးကို ကူးပြောင်းဖို့အတွက် ဒီသုသာန်ဆိုတဲ့ နေရာကို မဖြတ်ဘဲ မဖြစ်နိုင်ပါဘူး။ ဒီတော့ သုသာန်ဆိုတာ အမင်္ဂလာဆိုတဲ့ ရှေးရိုးအယူစွဲကို ဖျောက်ပြီး ကျွန်တော်တို့ရဲ့ မင်္ဂလာရှိတဲ့ သုသာန်လေးအတွက် လူကြီးမင်းရဲ့ နာမည်ကို ချီးမြှင့်ပေးဖို့ မေတ္တာရပ်ခံပါတယ်”

ပြောပြောဆိုဆို သူက အိတ်ကပ်ထဲမှ ငွေစက္ကူအချို့ကို ထုတ်ယူလိုက်သည်။ ကျွန်တော့်ကို လက်ကမ်းလိုက်ပြီး -

“များတော့ မများဘူးပေါ့ခင်ဗျာ၊ ကျွန်တော်နဲ့ ကျွန်တော့်ငယ်သားတွေ တစ်လစာရတဲ့ ကျင်းတူးခပါ။ လူကြီးမင်းရဲ့ နာမည်အသုံးပြုခအတွက် ပူဇော်တယ်လို့ သဘောထားလိုက်ပါ”

ကျွန်တော် ခါးခါးသီးသီး လက်ကာလိုက်ပြီး -

“ဝမ်းနည်းပါတယ် မစ္စတာ ဘက်ခမ်း၊ ခင်ဗျားပြောသလို သုသာန်ဟာ မင်္ဂလာရှိတဲ့ နေရာ ဖြစ်ဦးတော့ ကျွန်တော့်နာမည်ကို အဲဒီနေရာအတွက် လုံးဝ အသုံး မခံနိုင်ပါဘူး”

“သုသာန်အတွက် နာမည်တစ်ခု ပေးလိုက်ရတာ ရှက်စရာ မဟုတ်ပါဘူး ခင်ဗျာ။ လူ့ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်တဲ့ အလုပ်ကသာ ရှက်စရာပါ။ သုသာန်အတွက် နာမည်ပေးလိုက်ခြင်းဟာ အလွန်ရဲဝံ့တဲ့ အလုပ်ဖြစ်ပြီး တွေးကြည့်ရင် ဂုဏ်ယူစရာတောင် ကောင်းပါတယ်။”

“ကျွန်တော် ဂုဏ်ယူချင်ပေမယ့် ကျွန်တော့်မိန်းမကတော့ ဂုဏ်ယူနိုင်မှာ မဟုတ်ဘူး ခင်ဗျ။ ကျွန်တော့်နာမည်ကို သုသာန်တစ်ခုအတွက် ပေးခဲ့တယ်ဆိုတဲ့ သတင်း သူ ကြားရင် မိုးမီးလောင်လိမ့်မယ်။ ကဲကဲ ခင်ဗျာ ပြန်ပါတော့”

ဒေးဗစ်ဘက်ခမ်းက စိတ်ပျက်လက်ပျက် ပြန်ရန်ပြင်သည်။ မပြန်ခင် သူက “စာရေးဆရာ၊ ကဗျာဆရာတွေကို ကျွန်တော် အထင်လည်း ကြီးတယ်၊ လေးလည်း လေးစားတယ်။ စာရေးဆရာ ကဗျာဆရာ အများကြီးကို ကျွန်တော်တို့ သုသာန်အတွက် နာမည်ပေးဖို့ ကမ်းလှမ်းခဲ့ဖူးတယ်။ သူတို့လည်း ခင်ဗျားလိုပဲ ကြောက်လန့်တကြား ငြင်းပယ်ခဲ့ကြတယ်။ ဘယ်လောက် အမြင်ကျယ်တဲ့ စာရေးဆရာ၊ ကဗျာဆရာပဲ ဖြစ်ဖြစ် သုသာန်လို့ ပြောလိုက်ရင် တီကောင်ကို ဆားနဲ့တို့သလို တွန့်သွားကြတယ်။ အမှန်တရားအတွက် ရဲရင့်ပါတယ်ဆိုတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေဟာ သုသာန်တစ်ခုအတွက်တော့ လုံးလုံးကြီး သတ္တိမရှိကြဘူး။ ပညာရှိကြီး ဆိုခရက်တီးလို အမှန်တရားအတွက် အဆိပ်သောက်ရဲတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေဟာ သုသာန်တစ်ခုအတွက်တော့ သူတို့ နာမည်လေးကို အပွန်းအပဲ့ အထိအရှ မခံနိုင်ကြဘူး။ သုသာန်ဆိုတာ အ မင်္ဂလာပါကွာ ဆိုတဲ့ ဥခွံထဲက ရုန်းထွက်နိုင်တဲ့ သူရဲကောင်းတစ်ယောက် ပေါ်လာနိုးနိုးနဲ့ ကျွန်တော် မျှော်လင့်မိသေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေဟာ အကြိမ်ကြိမ် သဲထဲ ရေသွန် ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်ဟာ စီတီဒဗလျူ မြို့သားတစ်ယောက်ပါ။ စာရေးဆရာ၊ ကဗျာဆရာတွေကို ချစ်ဆဲ၊ လေးစားဆဲပဲ၊ တစ်နေ့နေ့မှာ ကျွန်တော်တို့ သုသာန်လေးအတွက် နာမည်တစ်လုံး စွန့်လွှတ် အနစ်နာခံမယ့် စာရေးဆရာ တစ်ယောက်ယောက် ရှိနေလိမ့်မယ်လို့ ယုံကြည်နေတုန်းပဲ”

သူက သက်ပြင်းတစ်ချက် ချလိုက်သည်။ ပြီးမှ -

“အခုချိန်မှာ ကျွန်တော်စဉ်းစားနေတာက ဆရာသာ ကျွန်တော်တို့ အမည်မဲ့ သုသာန်လေးအတွက် ဂုဏ်ယူစရာ သူရဲကောင်း ဖြစ်ခဲ့ရင် ဂုဏ်ယူစရာ သူရဲကောင်းဖြစ်ခဲ့ရင် ဘယ်လောက် ကောင်းမလဲဆိုတဲ့ အချက်ပါပဲ။ ကျွန်တော့်ကို ငဲ့ညှာသောအားဖြင့် နောက်ဆုံး အနေနဲ့ ဆရာ စဉ်းစားပေးပါဦး။”

သူက အားကိုးတကြီး ကျွန်တော့်ကို ကြည့်နေပြန်သည်။
ကျွန်တော်က ခေါင်းယမ်းလိုက်ပြီး -

“ခင်ဗျား လုပ်ငန်းက စာအုပ်အဟောင်း ရောင်းတဲ့ ဆိုင်ကလေး ဖြစ်ခဲ့ရင်တောင် ကျွန်တော့်နာမည်ကို အသုံးပြုဖို့ ဝန်မလေးပါဘူး။ ဒါပေမယ့် အခုဟာက သုသာန်တစ်ခု ဖြစ်နေတယ်။ ခင်ဗျားပြောသလို ခင်ဗျားတို့ သုသာန်ကို ကျွန်တော့်နာမည် ပေးလိုက်ပါပြီတဲ့။ မြန်မာနိုင်ငံက ကျွန်တော့်မိတ်ဆွေတွေ စာရေးဆရာတွေ စီတီဒဗလျူကို လာလည်ကြမယ်ဗျာ။ မြို့တော်လမ်းညွှန်စာအုပ်မှာ သူတို့က ကျွန်တော့်နာမည်နဲ့ သုသာန်ကို တွေ့သွားကြမယ်။ “စီတီဒဗလျူ မှာ ခင်များနာမည်နဲ့ နေရာကို တွေ့ခဲ့ရတယ်ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ သွားမလည်ခဲ့ဘူး။ ဒီလို နေရာမျိုးကလည်း လည်ဖို့ပတ်ဖို့ထက် တစ်သက်မှာ တစ်ခါပဲ သွားဖို့ ကောင်းတာကိုးဗျ” လို့ ပြုံးစိစိနဲ့ ကျွန်တော့်ကို ဝိုင်းနောက်တဲ့ ဒဏ်ကို ကျွန်တော် ခံနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်က မည်ကာမတ္တ စာရေးဆရာ တစ်ယောက်ဆိုတာ ပြောခဲ့ပြီးပါပြီ။ နောက် ခင်ဗျား မျှော်လင့်သလို ဂုဏ်ယူစရာကောင်းတဲ့ သူရဲကောင်း စာရေးဆရာ တစ်ယောက် မဟုတ်တာ ဝမ်းနည်းပါတယ်”

ဒေးဗစ်ဘက်ခမ်းက နီးစပ်ရာ ခုံတစ်ခုပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။

“ဘုရား … ဘုရား အမှန်တရားကို မြတ်နိုးပြီး လောကကောင်းကျိုးကို ဆောင်ရွက်မယ် ဆိုတဲ့ စာရေးဆရာတွေက နာမည် တစ်လုံးကျ တော်တော် နှမြောပါလား။ လောကကြီးအတွက် တော်တော် စိတ်မကောင်းစရာပဲ” မျက်နှာကို လက်ဝါးနှင့် အုပ်ရင်းက တတွတ်တွတ် ရေရွတ်နေသည်။ ထို့နောက် မတ်တတ်ရပ်လိုက်ပြီး လေးကန်သော ခြေလှမ်းများနှင့် တရွေ့ရွေ့ ကျောခိုင်း ထွက်ခွာသွားလေသည်။


နတ်မှူး
သမိုင်းမဲ့ ကောင်းကင် ဝတ္တုတိုစု စာအုပ်မှ


နောက်လည်း ဆရာနတ်မှူးရဲ့ ခုလို အတွေးဆန်းဆန်း ဝတ္တုတိုလေးတွေ ဖတ်ချင်ရင် အော်ပြီး တောင်းဆိုနိုင်ပါတယ်။ အားမနာပါနဲ့ လက်ညောင်းရင်လည်း ကျနော် ကျေနပ်ပါတယ်။ ဒီဝတ္တုတိုထဲမှာ ပါတဲ့ ဆရာမာန်မြင့်ရဲ့ မြန်မာပြည်မှာ လုပ်သည်နှင့် အခြား ဝတ္တုတိုများ စာအုပ်က ရွာမှာကျန်ခဲ့လို့ပါ။ သူ့ရဲ့ ပလေတိုး၏ဂန္တဝင် သာလိကာ ဆိုတဲ့ ဝတ္တုတိုလေးလဲ မျှဝေ ပေးချင်ပါတယ်။

Saturday, January 23, 2010

အိပ်မက်


“ကျနော့်အိပ်မက်လေးများ မတွေ့မိဘူးလား?”

ပင်လယ်ကြီးနဲ့တွေ့တော့ ကျနော် မေးမိတယ် ...။

“မင်းကိုယ်တိုင် ဆင်းရှာကြည့်လေ .. ငါ့မှာ ရှိနေတာတွေ ဟုတ်မဟုတ် ဆိုတာကိုပေါ့ ...”

ရှာလို့ မရပါဘူး။ လှိုင်းတွေ တဝုန်းဝုန်းနဲ့ဆိုတော့ ကျနော့်ရင်ဘတ်တွေတောင် နာကျင် ကြေမွလို့ ...။

မုန်တိုင်းနဲ့ တွေ့တော့လည်း မေးမိတယ် ...။

“......................?“

“အေး အေး ..... xxxx ..... xxxx ..... xxxxx”

ပြောတော့ ပြောသွားတာပါပဲ။ ဒါပေမယ့် လေသံတွေ တရှဲရှဲနဲ့ ဘာမှ မသဲကွဲဘူး။

နောက်ဆုံး ကြံရာမရနဲ့ တိမ်တွေကိုပဲ လှမ်းမေးကြည့်မိတယ် ...။

“အိုး !!! ... ဟုတ်သားပဲ ....”

အဲဒီတော့မှ အဖြေရတော့တယ် ...။ တိမ်ငွေ့တွေက ပြောတယ် ......

“မင်းရဲ့ အိပ်မက် ... ဟုတ်လား? .. ဘယ်သူ့ရဲ့ အိပ်မက်ပဲ ဖြစ်ဖြစ်ပါ .... အိပ်မက်ဆိုတာ ငါကိုယ်တိုင်ပဲလေ ...”။ ။

Tuesday, January 19, 2010

ဒုက္ခနက္ခတ်နဲ့ ယှဉ်မွေးခဲ့တဲ့ သုည


ပင်လယ်ဆီရောက်ဖို့ စီးဆင်းလိုက်ရတာ ...
တမျှော်တခေါ် ၀ိုးတ၀ါးနဲ့
တအိအိ ကောက်ကွေ့လို့ ...။

ဓါးတစ်လက် ဖြစ်ရင်တောင်
မကျေနပ်ချက်တွေကို ခုတ်ပိုင်း ပစ်လို့ ရတယ် ...
(ဒါမှမဟုတ်) ကိုယ့်စိတ်ကို လှီးထုတ်လို့ ရတယ် ...
အခုတော့ ... စားကျက်မရှိလို့
ဝံပုလွေယောင် ဆောင်နေရတဲ့ သိုးပါပဲ။

ရိုးသားမှုဟာ နေရာတိုင်းမှာ အသုံးမ၀င်နိုင်မှန်း
အကြိမ်ကြိမ်ရှုံးပြီးမှ သိခဲ့ရ။

အမှားတွေ များလွန်းတော့လည်း
အမှန်ဆိုတာကို မယုံချင်တော့ဘူး။

ပန်းတိုင် မရောက်နိုင်တော့တဲ့
မြစ်ကျိုးအင်းလို ခံစားချက်နဲ့
..... ငါ နေတယ် .....
တဖြည်းဖြည်း ခမ်းခြောက်ပျက်ကော ...။

သုညတစ်လုံး ရေထဲခုန်ချတဲ့ နေ့က
ကမ္ဘာမှာ လေတွေ
ရှင်း ပ လတ် ဆတ် လို့ .......။ ။

Sunday, January 17, 2010

ဆရာတာရာမင်းဝေရဲ့ ကဗျာနှစ်ပုဒ်

“ကျောင်းတော်က သူငယ်ချင်း အဝါ”

လွမ်းတယ် ကောင်မလေးရယ်
ဘယ်ကဗျာတွေ ဆီကိုပဲ ရောက်ရောက်
နင့်ရဲ့ စိတ်ကို တံခါး လှမ်းလှမ်း ခေါက်မိတယ်။
ငါ့ကိုယ်ငါ လွယ်အိတ်လို ဆွဲဖြဲဖူးပါရဲ့
ဒါပေမယ့် ကျောင်းတော်ကဖြင့်
... ခုထက်ထိ မြူပြာတွေထဲမှာ ပွင့်နေတုန်း ...။
ချစ်ခြင်းတရားဟာ ...
ငါ့အတွက်တော့ တချို့ခေါင်းလောင်းကြိုးတွေလိုပဲ ...
ဘယ်လိုဆွဲဆွဲ ... တံခါးက ပွင့်မလာခဲ့ဘူး။
ဒီအရွယ်မှာ ဆောင်းဦးပေါက်မိတာလည်း မထူးတော့ပါဘူး
အစကတည်းက ...
သူငယ်ချင်းဆိုတာ ... ဆွတ်ခူးဖို့မှ မဟုတ်ခဲ့ပဲကွယ်။ ။

တာရာမင်းဝေ


“သင်းကွဲသူများ”

ဒီဆံမျှင်မှာ
နှင်းဆီတွေမှ မဖူးပွင့်တော့ပဲ
မေ့ထားလိုက်ပါတော့ ကလေးရယ် ...
အလင်္ကာတွေကိုလည်း ကိုယ်ကပဲ
မှုတ်ငြိမ်း ထားလိုက်ပါ့မယ်။
တစ်ယောက်က တစ်ယောက်ရဲ့ အလင်း ဖြစ်ချင်ကြ
တစ်ယောက်က တစ်ယောက်ရဲ့ မီးအိမ် ဖြစ်ချင်ကြ
အခုတော့လည်း ... အားလုံး ဆုံးလျသွားပါပြီ။
သွားတော့ ဘေဘီ
ဟိုးမှာ .....
ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။ ။

တာရာမင်းဝေ

ဆရာတာရာမင်းဝေရဲ့ ကဗျာနှစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်။ ဘာဖြစ်တယ် မသိဘူး ... အရမ်း တင်ချင်လာလို့ တင်လိုက်တာပါပဲ။ တခုခုတော့ တခုခုပေါ့လေ ....... :-)

Thursday, January 14, 2010

ငါနဲ့ ငါ့အချစ်အကြောင်း


မိန်းမဖျက်ရင် ...
ပြည်ပျက်သတဲ့ ....။

ကောင်မလေးရေ ...
ငါဟာ တိုင်းပြည်တစ်ပြည်တော့ မဟုတ်ဘူး
ဒါပေမယ့် ... နင့်ကြောင့် ...
ငါ နဲ့ ငါ ...
စစ်ခင်းနေတာ ကြာပေါ့ .....။

ငါက ချစ်လွန်းလို့
နင့်ကို မချုပ်ချယ်ချင်ဘူး ...
ငါကပဲ ချစ်လွန်းတော့
နင့်ကို အရာရာ စိတ်မချနိုင် ...။

နင့်ကို ဘယ်သူပိုချစ်ကြောင်း
ငါ နဲ့ ငါ အဖြေရှာ မရသေးဘူး ....။

ထားပါ ....
ငါ နဲ့ ငါ တူတာက ... ဘ၀မှာ
ငါ့ထက် နင်ပို အရေးပါသတဲ့ ....
ကဲ ... ငါ့ တိုင်းပြည်မှာ
နင် ဘုရင်မ လာလုပ်မှ
ပြဿနာက ပြေလည်တော့မှာပေါ့ကွယ် ....။ ။


အားအားရှိ အသည်းကွဲပြလိုက် လွမ်းလိုက် လုပ်နေတာပဲလို့ ပြောနေမှာစိုးလို့ ဒီတစ်ခါတော့ အချစ်ကဗျာလေး တင်ပေးလိုက်ပါတယ်။ အားလုံး ချမ်းမြေ့ကြပါစေ .....။

Friday, January 8, 2010

ကျနော့်အိပ်မက်ရာသီကို သိမ်းပိုက်ထားတဲ့ စနေနတ်သမီး


နောက်ဆုံးတော့ ...
ငါ့ နက္ခတ်တိုင်းဟာ
ရာဟုနဲ့ ညှိနေခဲ့တယ် ...။

တစ်နှစ်လုံး ....
ပြဿဒါး ဖြစ်နေတဲ့
ငါ့ ပြက္ခဒိန်ထဲမှာ
နင့်ရဲ့ မျက်စောင်း ...
အရပ်ဆယ်မျက်နှာကို
ခေါင်းလှည့်နေလေရဲ့ ....။

သုံးရာခြောက်ဆယ့်ငါးရက်လုံး
ငါလွမ်းပြီး ....
လေးပိုင်းတစ်ပိုင်းလေးပဲ
ငါ့ကိုယ်ငါ ပြန်သုံးသပ်မိတာပါ ...။

ငါ့ရဲ့ .. နဂါးမလေးရေ .........။

လေးနှစ်တစ်ခါ နင့်ကိုငါ လွမ်းတယ် ...
တစ်ခါလွမ်းရင် လေးနှစ်ကြာလေရဲ့ ။ ။

Monday, January 4, 2010

မျက်မမြင်ပုဏ္ဏားလေးယောက်နှင့် ဒီမိုကရေစီ


ရှေးယခင်ကတော့ မျက်မမြင် ပုဏ္ဏား ခြောက်ယောက်သည် ဆင်တစ်ကောင်ကို ကိုင်စမ်း၍ ထင်ရာ ပြောခဲ့ကြဖူးလေသည်။ ယနေ့ခေတ်၏ မျက်မမြင် ပုဏ္ဏားလေးယောက်သည်လည်း အားကျမခံ ဒီမိုကရေစီ ဆိုတာကြီးကို ကိုင်စမ်း၍ ထင်ရာပြောနေကြလေပြီတကား ...။
ပထမဆုံး မျက်မမြင်ပုဏ္ဏားကား ရွှေပုဏ္ဏားဟု အမည်တွင်လေသည်။ ထိုရွှေပုဏ္ဏားသည် ဒီမိုကရေစီ၏ လူ့အခွင့်အရေးဟူသော အစိတ်အပိုင်းအား ကိုင်စမ်းမိလေသည်။ ထိုအခါ ရွှေပုဏ္ဏား စဉ်းစားလေသည် ... လူ့အခွင့်အရေး ......
“လူ့အခွင့်အရေးတဲ့ .. ငါဟာ လူပဲလေ ... အဲဒီတော့ လူဖြစ်လာရင် ရသမျှ အခွင့်အရေးကို မလွတ်တမ်း ကိုင်စွဲသိမ်းပိုက်ထားရလိမ့်မယ်” ......
ထို့ကြောင့် ထိုရွှေပုဏ္ဏား၏ ဒီမိုကရေစီ ဖွင့်ဆိုချက်ကား အခွင့်အရေးကို ရသမျှ ဆုပ်ကိုင်ထားနိုင်ရေး ဖြစ်လေသည်။
ဒုတိယပုဏ္ဏားကား အေးပုဏ္ဏား ဟူလေ၏။ သူသည်ကား ဒီမိုကရေစီ၏ လွတ်လပ်ခွင့်ကို ကိုင်စမ်းမိလေသည်။ သူသည်လည်း စဉ်းစား၏ .....
“လွတ်လပ်ခွင့် .. ငါသိတာ လွတ်လပ်ခွင့်တော့ မသိဘူး လွတ်လပ်ရေးဆိုတာကိုတော့ တချို့တွေ ပြောကြတာ လက်နက်ကိုင်တိုက်မှ ရမယ်ဆိုပဲ ... အဲဒါဆို လွတ်လပ်ခွင့်ဆိုတာ လက်နက်နဲ့ သက်ဆိုင်လိမ့်မယ် ထင်တယ်”
ထို့ကြောင့် ထိုအေးပုဏ္ဏား စဉ်းစားမိသည်မှာကား ဒီမိုကရေစီဆိုသည်မှာ သေနတ်ကို တွင်တွင်သုံးရသည်ဟု။ ထိုအချိန်မှစ၍ ထိုအေးပုဏ္ဏားသည် မည်သည့်အရေးကိစ္စ၌မဆို သေနတ်ဖြင့်သာ ဖြေရှင်းလေတော့၏။
မန်းပုဏ္ဏားဟူသော တတိယပုဏ္ဏားကား ကိုယ်ပိုင်စည်းကမ်းဆိုသည်ကို ကိုင်စမ်းမိလေသည်။ ထိုအခါ သူသည်လည်း စဉ်းစား၏ ...
“ကိုယ်ပိုင်စည်းကမ်းဆိုတာ ငါတို့ရဲ့ စည်းကမ်းကို ပြောတာပဲ” ...
ထို့ကြောင့် သူတို့ စိတ်ကြိုက် စည်းကမ်းများ ထုတ်၍ ဒီမိုကရေစီ၏ စည်းကမ်းဆိုသည်မှာ သူတို့ထုတ်သော စည်းကမ်းများသာ ဖြစ်လေသည်ဟု တရားသေ ပြောနေလေသည်။
စတုတ္ထပုဏ္ဏားသည် ရွေးကောက်ပွဲ အစိတ်အပိုင်းကို ကိုင်စမ်းမိလေသည်။ ထိုပုဏ္ဏား၏ အမည်သည်ကား စိန်ပုဏ္ဏား ဖြစ်လေသည်။ စိန်ပုဏ္ဏား စဉ်းစားမိသည်မှာကား ...
“ရွေးကောက်ပွဲဆိုတော့ ဘာခက်တာမှတ်လို့ ... ငါတို့ ရွေးထားတဲ့သူကို ကောက်ပြီး တင်မြှောက်လိုက်ရုံပေါ့ ဟားဟား ..”
မျက်မမြင်ပုဏ္ဏားလေးဦး ပေါင်းစပ်၍ ဒီမိုကရေစီကို အဓိပ္ပာယ် ဖွင့်ကြလေသည်။
“ဒီမိုကရေစီဆိုတာ ရသမျှ အခွင့်အရေးကို မလွတ်အောင် သေနတ်ကို တွင်တွင်သုံးပြီး ငါတို့ထုတ်ထားတဲ့ စည်းကမ်းအတိုင်း ရွေးထားတဲ့သူကို တင်မြှောက်တာဟာ ဒီမိုကရေစီပဲကွ ဟားဟား ဟားဟား ဟားဟား ....”
ခေတ်သစ် မျက်မမြင်ပုဏ္ဏားလေးဦးသည် ထင်ရာစိုင်းနေကြလေပြီတကား။ ။