Tuesday, March 31, 2009

ရောဂါဆန်း

လည်ချောင်းထဲမှာ တစ်ခုခု နင်နေပုံရတဲ့ လူနာတစ်ယောက် ရောက်လာပါတယ် ...
“တစ်ခုခု နင်နေတာပဲ ... ဘာစားမိလို့လဲ?”
လူနာက စကားမပြောနိုင်ပါဘူး။ သူနဲ့ ပါလာတဲ့ အဖော်လူနာရှင်ကပဲ ပြန်ဖြေပါတယ် ...
“ဘာမှမစားပါဘူးခင်ဗျာ ... ဒီလိုထင်ပါရဲ့ ... ပါးစပ်နဲ့ မဆန့်တဲ့ စကားလုံးတွေ ပြောမိလို့ ထင်ပါတယ် ဒေါက်တာ ...”
“ဗျာ! ... ဘာ .. ဘာတွေများ ပြောမိလို့လဲ?”
အဲဒီလူနာရှင်ကပဲ ပြန်ဖြေပါတယ် ...

က .. ခ .. ဂ .. ဃ .. င .. တဲ့ ..... A .. B .. C .. တဲ့ ..... + .. - .. x .. တဲ့ ..... X .. Y .. Z .. တဲ့ ..... ဋ .. ဌ .. ဍ .. တဲ့ ..... အဲ ... တဲ့ .. အဲ့ အဲ့ .. အု .. ၀ု .. ”

ပြောရင်း ပြောရင်း နဲ့ အဲဒီလူလည်း လည်ချောင်းနင်သွားပါတော့တယ်။ ။

ဒီဝတ္တုတိုလေးနဲ့အတူ ၄.၉.၂၀၀၈ တုန်းက တင်ခဲ့တဲ့ ၀တ္တုတိုအဟောင်းလေးကို ပြန်တင်လိုက်ပါတယ်။

ပါးစပ်

“၀ုန်း !!!”
အရှိန်နဲ့ပြေးလာပြီး ကျွန်တော့်ကို အသားလွတ်ဝင်တိုက်တယ်။
သူရော ကျွန်တော်ပါ လဲကျ။ ဒေါသတကြီးနဲ့ ကျွန်တော်ဆဲမလို့ ကြည့်လိုက်တော့... ကျွန်တော်အံ့ဩသွားတယ်။ ကျွန်တော့်ကိုဝင်တိုက်တာ လူမဟုတ်ပဲ ပါးစပ်ကြီးတစ်ခု ဖြစ်နေတယ်။
“ဆောရီးဗျာ... နောက်က ကျွန်တော့်သခင်လိုက်လာလို့ ထွက်ပြေးနေတာပါ ...”
ကြည့်လိုက်တော့ ဟိုးခပ်ဝေးဝေးမှာ ဒီဘက်ကိုပြေးလာနေတဲ့ လူတစ်ယောက်ကိုတွေ့ရတယ်။ အဲ... ဟုတ်တယ်ဗျ ...သူ့မှာ ပါးစပ်မပါဘူး။
“နေပါဦး... မင်းကဘာလို့ လူပေါ်မှာမနေပဲ ထွက်ပြေးနေ ရတာလဲ ?”
ကျွန်တော်မနေနိုင်လို့ မေးမိတော့ ပါးစပ်ကြီးက ပြန်ဖြေပါတယ် ...
“အို... အဲဒီလူပေါ်မှာ မနေချင်တော့ပါဘူးဗျာ ... ဘယ့်နှယ် ... လူကဖြင့် အဖြစ်မရှိပဲနဲ့ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတာ.. ကြာတော့ သူမရှက်ပေမယ့်... ကျွန်တော်ရှက် လာပြီဗျ”
ပြောပြောဆိုဆိုနဲ့ပဲ ပါးစပ်ကြီး ထွက်ပြေးသွားတယ်။ ။

Friday, March 27, 2009

လမ်းမှားတဲ့ငှက်

“ကယ်ကြပါဦးဗျို့ !!!”
ငှက်တစ်ကောင်ရဲ့ ကြောက်လန့်တကြား စူးစူးဝါးဝါး အော်လိုက်သံပါ။
“ဘာဖြစ်လို့လဲ ? ငါ ဘာ ကူညီရမလဲ ??”
ကယ်တင်ရှင် တွေ့ပြီဆိုပြီး ငှက်ကလည်း ၀မ်းသာ အားရနဲ့ ...
“ကမ္ဘာကြီးပေါ်မှာ လေတွေ နည်းသွားပြီဗျ ... လုပ်ပါဦး ... ကျွန်တော်တို့ ပျံရတာ သိပ်အားမပါဘူး ဖြစ်နေတယ် ...”
“အင်း ... ဟုတ်ပြီ ... ငါက လိုတရ နတ်မင်းကြီးပဲ ... ကဲ ... အဲဒီတော့ မင်းဘာဖြစ်ချင်လဲ?”
“လေတွေ အများကြီး ဖန်ဆင်းပေးပါ အရှင်!”
“ဖြစ်ပါတယ် ... !!”
“၀ုန်း !!!”
“အား !!!”
အမှန်ကတော့ လိုတရနတ်မင်းကြီးဆိုပြီး ဟန်ဆောင်ထားတဲ့ မာရ်နတ်ပါ ...။ လေတွေအများကြီး လိုချင်ပါတယ်ဆိုပြီး မာရ်နတ်ကို ကိုးကွယ်မိတဲ့ ငှက်ကတော့ ....
လေမုန်တိုင်းထဲမှာ ဒလိမ့်ကောက်ကွေး မျှောပါသွားလေရဲ့ ....။ ။

Monday, March 23, 2009

ဝင်္ကဘာလမ်း

ငါ့အဖြစ်က ဇာတ်သိမ်းပြဖို့ကို
စာမျက်နှာပျောက်နေခဲ့တယ်။
ညတိုင်း ငါ့စိတ်ရိုင်းတွေကို
အဲဒီ စားကျက်မှာ သွားကျောင်းရတာ အမော။
နွေကို ပူလွန်းလို့ ရှောင်ပြေးခဲ့တယ်
ခိုလှုံမိတဲ့ အခန်းက ငရဲဖြစ်နေပေါ့ ...။
ဖြတ်ခဲ့ရတဲ့လမ်းက ခါးတယ် ...။
ပျောက်နေတဲ့ စာမျက်နှာမှာ
ငါ့အတွက် အဖြေတွေ ရှိနေလိမ့်မယ် ...။
လမ်းဆုံရောက်ရင် ဘယ်သွားရမလဲ ?
ဝင်္ကဘာတစ်ခုဆုံးရင် နောက်ဝင်္ကဘာတစ်ခု
ရောက်ရောက်လာတတ်တာ ငါ့ဘ၀ပေါ့ ...။
တကယ်ဆို နွေက ဒီလောက်မဟုတ်ပါဘူး
ခြေလှမ်း စ မယ်ပြင်တိုင်း ဇာတ်သိမ်းကို ကြိုတွေးမိရင်း
........... မောတယ် .........။ ။

Wednesday, March 18, 2009

သူခိုးများ


ပထမသူခိုး ။ ။ “တောက် ! မနေ့ညက ငါထွက်ခိုးနေတုန်း ငါ့အိမ်သူခိုးဝင်သွားတယ် ... ခိုးထားတာလေးတွေ ပြောင်ရော ...”
ဒုတိယသူခိုး ။ ။ “တောက် ! မနေ့ညက ငါထွက်ခိုးနေတုန်း ငါ့အိမ်သူခိုးဝင်သွားတယ် ... ခိုးထားတာလေးတွေ ပြောင်ရော ...”
တတိယသူခိုး ။ ။ “ တောက် ! ........ ...... ။ ..... ..... ။ ..... ..... ။ ..... ..... ။ ..... ..... ။ ..... ...... ။ ..... ..... ”
စတုတ္ထသူခိုး ။ ။ “ တောက် ! ........ ...... ။ ..... ..... ။ ..... ..... ။ ..... ..... ။ ..... ..... ။ ..... ...... ။ ..... ..... ”
ပဉ္စမသူခိုး ။ ။ “ တောက် ! ..... ..... ..... ။ ..... ..... ..... ”
ဆဌမသူခိုး ။ ။ “ တောက် ! ..... ..... ..... ။ ..... ..... ..... ”
မနက်မိုးအလင်းမှာ ကြားရတဲ့ မကျေမနပ် ရေရွတ်သံ တချို့ပါ။ ဘယ်သူခိုးအိမ်ကို ဘယ်သူခိုးဝင်ခိုးလည်းတော့ မသိဘူး။ ကိုယ်တောင် ကိုယ့်အကြံနဲ့ကိုယ် ရှုပ်လို့ ........
“ ဒီနေ့ည ဘယ်အိမ် ၀င်ခိုးရရင် ကောင်းမလဲ??? ” ။ ။

(ပုံလေးက aliyasking.wordpress.com ကပါ။)

Thursday, March 12, 2009

Pause နှိပ်ထားတဲ့ ပြဇာတ်


အခုချိန်ထိ
မိုးကခေါင်နေတုန်းပဲ မေမေ...
ဒီလိုနဲ့ပဲ ငါးတစ်ကောင်
လေနစ်နေတာကြာပေါ့...။

ကိုယ့်ကိုကိုယ် ဆေးရောင်ခြယ်ပါဆိုမှ
အလင်းရောင်ကိုမှ
ဝတ်ဆင်ချင်ခဲ့တဲ့ကောင်ပါ
ဧည့်ခန်းက ပန်းချီကားထဲမှာ
ကွက်လပ်လေး ဖြစ် ကျန်ရစ်တယ်။

နာရီလေးပဲ လွဲတာပါ ...
ရက် လ လေးပဲ လွဲတာပါ ...
ဒီလိုနဲ့ သားရဲ့သက္ကရာဇ်တွေ
တစ်ခုပြီးတစ်ခု ပုပ်သိုးသွားခဲ့ပြန်ပြီ မေမေ...။

ပန်းတိုင်တွေသာ ပြောင်းပြောင်းသွားတယ်
လမ်းဟောင်းထဲကကို မရွေ့နိုင်သေးဘူး။

အစက ပြန် က ခွင့်ရရင်တောင်
ဇာတ်လိုက်နေရာက မနေချင်တော့ဘူး
ကံကြမ္မာနေရာက နေမယ် ...
ပြီးတော့ ...
ဇာတ်သိမ်းခန်းက စ ပလိုက်ချင်တော့တယ်... ။ ။

Friday, March 6, 2009

ဝေးကွာခြင်း


တောဘုရင်ခြင်္သေ့ကြီးက တောင်ကုန်းထိပ်ကနေ အော်လိုက်တယ် ...
“ငါ့တောအုပ်ထဲက သားရဲတိရစ္ဆာန်များ အဆင်ပြေကြရဲ့လား ?”

“ပြေပါတယ် !!!”


သားရဲတိရစ္ဆာန်တွေရဲ့ ပြိုင်တူဖြေလိုက်သံနဲ့အတူ တောဘုရင် ခြင်္သေ့ကြီး ကျေနပ်သွားတယ်။
“အဆင်မပြေပါဘူး . . . ကယ်ပါဦး !”
“အရှင်ကယ်ပါ . . . ဒုက္ခရောက်လွန်းလို့ပါ !”
တိရစ္ဆာန်ကြီးတွေရဲ့အောက်က ပုရွက်ဆိတ်လေးတွေက အားကိုးတကြီး အော်ပြောကြတယ်။ အကောင်သေးတော့လည်း အသံမကျယ်နိုင်ဘူးပေါ့ ...။
တောင်ထိပ်ပေါ်က တောဘုရင်ကြီးကတော့ မကြားဘူး ...။ မြင်လည်းမမြင်ဘူး။ ခေါင်းတငြိမ့်ငြိမ့်နဲ့ သူ့တောအုပ်သူ ကျေနပ်နေလေရဲ့။ ။

Friday, January 30, 2009

ပြဇာတ်

ကျွန်တော် ငယ်ငယ်က အမေတို့နဲ့ ဇာတ်ပွဲလိုက်ကြည့်ဖူးပါတယ်။ နောက်ပိုင်း ပြဇာတ်ကနေတဲ့ အချိန်ကိုရောက်လာတော့ ကျွန်တော် အရမ်း အိပ်ချင်နေပြီ။ လူတွေ ကြပ်ကြပ်နဲ့ လှဲအိပ်လို့မရတော့ အမေ့ကို ပူဆာမိတယ် ...
“အမေ ... ပြန်ကြပါစို့ ... အိပ်ချင်လှပြီ”
ဇာတ်ပွဲကြိုက်တတ်တဲ့ အမေက မပြန်ချင်သေးလို့ ကျွန်တော့်ကို ချော့ပါတယ် ...
“ခဏလေးပါသားရယ် ... မိုးတောင်လင်းတော့မယ် ... မိုးလင်းရင် ပြန်တာပေါ့ ... အဲဒီတော့မှ သားစိတ်ကြိုက် အိပ်ရမှာပေါ့ ...”
စင်ပေါ်မှာ ပြဇာတ်ကနေတဲ့ သရုပ်ဆောင်တွေကလည်း သူတို့ဇာတ်တိုက်ထားတဲ့အတိုင်း ကပြ သရုပ်ဆောင်နေတုန်း။ ကျွန်တော် အမေ့ကို ထပ်မေးလိုက်တယ် ...
“မိုးက ဘယ်တော့ လင်းမှာလဲ???”
“ဒီပြဇာတ် ဇာတ်သိမ်းရင် လင်းမှာပေါ့ ...”
သူတို့ကနေတဲ့ဇာတ်ဆိုတာ သူတို့ဇာတ်သိမ်းမှ ပြီးမှာပေါ့။ ကျွန်တော်မယုံပါဘူး။ မိုးက တကယ်လင်းပါ့မလား။ ကျွန်တော်ကတော့ အိပ်ချင်လှပါပြီ။ ။

Tuesday, January 27, 2009

ခေတ်မီ အသီးတစ်ရာ အညှာတစ်ခု

တန့်နှယ် ... တန်နှယ် ... တန့်နှယ် ... တန့် တန် တန့် တန်နှယ် ... တန့်နှယ် (တီးလုံးသံ)

Bell song သံ တညံညံ ပေး .... ရွာ School က Remember နေတယ် My Friend ရေ .... တို့များ Small Small တုန်းက ... Village ၀င်ရာ Street ဆီကနေ ... Hand ချင်းယှက်ကာ Run ကာ Jump ကာ ... School တက်လာကြတာတွေလေ ....... Forget မှာလား .... You တို့ I တို့ Small Small တုန်းကလေ .....

တော့် တော် တော် ... တော့် တော် တော် ... တော် တော်... တော် တော် ... တော် (တီးလုံးသံ)

ကြည်းရေလေ တပ်မတော်သားနဲ့ လုံထိန်းတွေ ... ရဲရဲတောက် ဒိုင်းကြီး ကာ ခါလေ ... ဆန္ဒပြသူများ မကြောက်ငြား ... နအဖ အတွက် ပြည်သူပစ်သတ်နေ ... မင်းတို့ အတွက် ရင်နာရတယ်လေ ...

တော့် တော် တော် ... တော့် တော် တော် ... တော် တော်... တော် တော် ... တော် (တီးလုံးသံ)

(အားလုံး ကြားဖူးမယ် ထင်ပါတယ်။ တွံတေးသိန်းတန်ရဲ့ အသီးတစ်ရာ အညှာတစ်ခုလေ။ ပထမတစ်ပိုဒ်ကတော့ ကျွန်တော် ငယ်ငယ်ထဲက ပျင်းရင် အဲလိုပဲ ဆိုနေကျပါ။ ဒုတိယ အပိုဒ်ကိုတော့ ခုမှ အဲလို ဆိုချင်စိတ် ပေါက်လာလို့ပါ။)
(ဒီပို့စ်နဲ့ ပတ်သက်ပြီး အနူးအညွတ် ပြောလိုတာကတော့ မြန်မာ ဂန္တ၀င် သီချင်းတစ်ပုဒ်ကို ဖျက်လို ဖျက်ဆီး လုပ်လိုတဲ့စိတ် ကျွန်တော့်မှာ မရှိဘူးဆိုတာပါပဲ။ အားလုံး ပျော်ရအောင် ပျော်စေပျက်စေ သဘောလေးပါပဲ။ ကျွန်တော့် ချစ်သူ စိတ်ကောက်နေတဲ့ အခါ အဲဒီသီချင်း ဆိုပြလိုက်ရင် စိတ်မကောက်နိုင်တော့ပဲ ထ ရယ် တော့တာပဲ။ မယုံမရှိနဲ့ ... တကယ် ...။ မိတ်ဆွေတို့လည်း ကိုယ့်ချစ်သူ စိတ်ကောက်နေတဲ့အခါ ဆိုပြကြည့်ပါလား။ ဟဲ .. ဟဲ ...။ ။)

Thursday, January 22, 2009

ရယ်သံများ

နေ့လည်ခင်းထဲမှာ ငါဟာ
မျက်လုံးဖွင့်ရက် အိပ်ပျော်နေခဲ့ ...။

အိုစမာဘင်လာဒင် ဆိုတာ
ကုလားမင်းသားသစ်လား ?
..... ငါမသိလို့ပါကွာ။

အယ်နီညို ပြန်လာပြီဆို
တံခါးဖွင့်ပေးလိုက်လေ ....
..... ငါမသိလို့ပါကွာ။

ယောက္ခမကား ၀င်ငွေ မနည်းဆိုပဲ
ဆိုက်ကားနင်းတဲ့ ငါ့ ယောက္ခမတော့ မွဲလိုက်တာချာလို့ ...
..... ငါမသိလို့ပါကွာ။

ပြင်သစ်တွေ ဒီတစ်ခါတော့ သိက္ခာကျပြီတဲ့
အီဖယ်မျှော်စင်ကြီး ပြိုကျလို့လား ?
..... ငါမသိလို့ပါကွာ။

ဒီလိုပါပဲ လူတွေနဲ့ ဝေးဝေးလာလိုက်တာ ...
ငါ အိပ်ပျော်နေတာ နေ့လည်ခင်းမှတ်လို့ ...
တကယ်တော့
မသိခြင်းတွေထဲမှာ ငါအိပ်ပျော်နေတာပဲ။

သိခြင်းတွေထဲမှာ အိပ်ချင်ယောင်ဆောင်ရင်းနဲ့
မသိခြင်းထဲမှာ ငါတကယ် အိပ်ပျော်သွားတာပါ။ ။

(၂၀၀၂ က ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ အခုချိန်မှာတော့ ဘာတွေရေးထားမှန်း မသိနိုင်တော့တဲ့ ကဗျာတစ်ပုဒ်ပေါ့။ ကျွန်တော့်ကဗျာတွေထဲမှာ သက်တမ်းအတိုဆုံး ကဗျာပေါ့။ အဲဒီတုန်းက လတ်တလော ခံစားချက်နဲ့ ရေးခဲ့ဖူးတဲ့ ကဗျာပါ။ ပြန်ဖတ်ပြီး စဉ်းစားကြည့်စေချင်ပါတယ်။ ဘာတွေရေးထားတယ် ဆိုတာကိုပေါ့။)

Friday, January 16, 2009

ကျွန်တော်နှင့် အရူးဒဿန

ကျွန်တော်တို့ မြို့လေးရှိ ဈေးပတ်ဝန်းကျင်တွင် အမြဲ ရှိတတ်သော အရူးတစ်ယောက်နှင့် ကျွန်တော် ခင်ပါသည်။ ထိုသို့ပြောသောကြောင့် ကျွန်တော်သည်လည်း အရူးတစ်ယောက်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ထိုအရူးနှင့် တွေ့ရသည့်အခါများ၌ သနားသဖြင့် ပိုက်ဆံလေး၊ မုန့်လေးများ ပေးတတ်သောကြောင့် အရူးက ကျွန်တော့်ကို မှတ်မိနေခြင်း ဖြစ်ပါသည်။
ထိုအရူးသည် ယခင်ကတော့ ရိုးရိုးအရူးဖြစ်ပါသည်။ ယခုနောက်ပိုင်းတွင်တော့ ပို၍ ရူးသွားသည်ဟု ပြောရမလား၊ ရှယ်ရူးသွားသည်ဟု ပြောရမလားမသိ။ ယခုအခါ ထိုအရူးသည် စစ်ဗိုလ်ရူး ရူးနေပါတော့သည်။
တနေ့တ၌ ထိုအရူးထိုင်နေသော ပလက်ဖောင်းရှေ့ကလမ်းတွင် စစ်ဗိုလ်တစ်ယောက် လမ်းလျှောက်လာပါသည်။ ထိုစစ်ဗိုလ်သည် လမ်းဘေး၌ ဗိုက်ဆာ၍ အိပ်နေသော ခွေးပိန်မလေးတစ်ကောင်အား အကြောင်းမဲ့ ကန်ကျောက်သွားရာ ခွေးပိန်မလေးခင်မျာ တဂိန်ဂိန်အော်၍ ပြေးထွက်သွားပါသည်။ ထိုအခြင်းအရာကို မြင်လိုက်သော အရူးမှာ စစ်ဗိုလ်အား အာဂ သတ္တိခဲကြီးဟူ၍ အထင်တွေ စွတ်ကြီးသွားပါတော့သည်။ ထိုအချိန်မှ စ၍ ထိုအရူးသည် စစ်ဗိုလ်ရူး ရူးပါတော့သည်။
တစ်နေ့က ထိုအရူးနှင့် ကျွန်တော်တွေ့ပါသည်။ မည်သူပေးသွားသည်မသိ။ အရူးလက်ထဲမှာ ကလေးကစားစရာ သေနတ်တစ်လက် ရောက်နေပါသည်။ စစ်ဗိုလ်ရူးလက်ထဲ သေနတ်ရောက်နေသဖြင့် မဲမဲမြင်ရာ ဒိုင်းညှောင့် ဒိုင်းညှောင့်နှင့် လိုက်ပစ်နေပါတော့သည်။
ကျွန်တော့်ကိုမြင်တော့ အပစ်ရပ်ပြီး ပြုံးပြနေပါသည်။ အရူးပေမယ့် သူ့ကို မုန့်ကျွေးသူကိုတော့ မှတ်မိနေပါသည်။ ကျွန်တော် ထိုအရူးကို စချင်လာသောကြောင့် ပြောလိုက်သည်....
“ဟာ ဗိုလ်ကြီး ... သေနတ်တွေ ဘာတွေနဲ့ပါလား၊ ကျွန်တော် ခဏ ကိုင်ကြည့်ချင်လို့ ပေးစမ်းပါဦးဗျ”
အရူးသည် သေနတ်ကို ကျောနောက်သို့ ၀ှက်လိုက်ရင်း ကျန်လက်တစ်ဖက်ဖြင့် လက်ကာပြကာ ....
“နိုး နိုး ... လူကလေး ... ဒါတော့ မပေးနိုင်ဘူးကွ၊ ငါ့သေနတ်က နှယ်နှယ်ရရ မဟုတ်ဘူး၊ သန်းပေါင်းများစွာတန်တဲ့ ရွှေနဲ့လုပ်ထားတဲ့ သေနတ်ကွ”
ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေသော အရူးကို ကြည့်ကာ ကျွန်တော် ရယ်ချင်သွားပါသည်။
“ဟုတ်လား ... ဒါဆို ဗိုလ်ကြီးသေနတ်က သန်းရွှေသေနတ်ပေါ့”
“အေး ဟုတ်တယ်ကွ၊ သန်းပေါင်းများစွာတန်တဲ့ ရွှေနဲ့လုပ်ထားတဲ့ သေနတ်ဆိုတော့ မင်းပြောသလို သန်းရွှေသေနတ်လို့ပဲ အလွယ်ခေါ်ပေါ့ကွာ”
အရူးက အလာကြီးပဲ။ အလွယ်ခေါ်ပေါ့ကွာတဲ့။ ရုတ်တရက် အရူးက ပလက်ဖောင်းပေါ် မှောက်အိပ်ချကာ အော်လိုက်သောကြောင့် ကျွန်တော်ပင် ကြောင်ပြီး လန့်သွားပါသည်။
“လူကလေး ... ၀ပ် ၀ပ် ... ဟိုမှာ ရန်သူတွေလာပြီ ... ဒိုင်းညှောင့် ကဲကွာ ဒိုင်းညှောင့်”
လမ်းပေါ်မှ ဖြတ်သွားဖြတ်လာလူများကို ကြည့်ကာ မြင်မြင်ရာ လိုက်ပစ်နေပါတော့သည်။
“ဟာ ... ဗိုလ်ကြီးကလည်း အဲဒါ ရန်သူတွေမဟုတ်ပါဘူးဗျ၊ ပြည်သူတွေပါ”
“ပြည်သူလည်း ငါ့အတွက် ရန်သူပဲကွ၊ ဒိုင်းညှောင့် ဒိုင်းညှောင့်”
“ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ ... ရော့ရော့ မုန့်စားဦး ကျွန်တော်သွားလိုက်ဦးမယ်”
ကျွန်တော် စားလက်စ ဘီစကွတ်မုန့်ထုပ် အကျန်လေးကို ပေးပြီး ထိုအရူးနားမှ ထွက်လာခဲ့ပါတော့သည်။ ဘ၀ပေး ကုသိုလ်ကံ မကောင်းသောကြောင့် စိတ်မမှန်ပဲ ရူးသွပ်နေရှာသော ထိုစစ်ဗိုလ်ရူးအား ကျွန်တော် အလွန်သနားပါသည်။
မိတ်ဆွေတို့လည်း ကျွန်တော်တို့မြို့သို့ ရောက်ခဲ့လျင် သနားစရာ ထိုအရူးအား ဘီစကွတ်မုန့်ထုပ်လေးဖြစ်ဖြစ်၊ ခေါက်ဆွဲခြောက်ထုပ်လေးဖြစ်ဖြစ် ပေးခဲ့ကြစေချင်ပါသည်။ ။

Monday, January 12, 2009

ဖမ်းချုပ်လိုက်မယ်

လမ်းပြပုလိပ်တွေနဲ့ ပတ်သက်ပြီး နေပြည်တော်က ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ ရင်ဖွင့်သံလေးကို ပြန်ပြောပြချင်ပါတယ်။
ကျွန်တော့်သူငယ်ချင်းက အိမ်နဲ့ နှစ်ပြလောက်ပဲဝေးတဲ့ ဈေးကို ဆိုင်ကယ်နဲ့ ထွက်ခဲ့မိပါတယ်။ နီးနီးလေးလည်းဖြစ်ပြန်၊ ခဏပဲသွားမှာဆိုတော့ ယာဉ်မောင်းလိုင်စင် မပါတာကို သတိမထားမိပါဘူးတဲ့။ အကြောင်းကိစ္စကလည်း နေသိပ်မကောင်းလို့ ဆေးသွားဝယ်တာပါ။
အဲဒီမှာ လမ်းထိပ်အရောက်မှာပဲ ယာဉ်ထိန်းရဲက တားပြီး စစ်ပါလေရော။
“ယာဉ်မောင်းလိုင်စင်နဲ့ ဆိုင်ကယ်လိုင်စင်ပြပါ”
ကျွန်တော့်သူငယ်ချင်းက အေးရာအေးကြောင်းပြောပါတယ်။
“ဆိုင်ကယ်လိုင်စင်တော့ပါတယ်အစ်ကို၊ ယာဉ်မောင်းလိုင်စင်ကတော့ ဒီနားခဏဆိုပြီး မယူခဲ့မိဘူး။”
“သွားပြန်ယူချည်” ဆိုပြီး ဆိုင်ကယ်သော့ဖြုတ်ပြီး ထွက်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်းလည်း သွားပြန်ယူရင် အမှုမလုပ်လောက်ဘူးဆိုပြီး နေမကောင်းရက်နဲ့ အိမ်ကို ခြေကျင်ပြန်ပြေးရတာပေါ့ဗျာ။ မော်တော်ပီကယ်ကြီးက သဘောကောင်းသားပဲပေါ့။ ဟဲ ဟဲ။
ပြန်လာမှ အထင်နဲ့အမြင် တလွဲကြီးဖြစ်နေတော့တာပဲ။
“ယာဉ်မောင်းလိုင်စင် မပါဆိုပြီး ချလံရေးပေးလိုက်မယ် နောက်ရက် ဒဏ်ငွေသွားဆောင်ပါ” တဲ့။ နေမကောင်းရက်နဲ့ အိမ်ကို ပြေးလိုက်ရလို့ မောနေတဲ့ ကျွန်တော့်သူငယ်ချင်းလည်း ဒေါသနဲနဲ ထွက်သွားပါတယ်။
“အဲဒါများဗျာ၊ အစကတည်းက ပြောပေါ့ဗျာ၊ လိုင်စင်မပါလို့ ဖမ်းမယ်ဆိုရင်လည်း ဘာလို့ ပြန်သွားယူခိုင်းသေးလဲ”
“မင်းမှမဟုတ်ဘူး သူများတွေလည်း သွားပြန်ယူခိုင်းတာပဲ၊ မင်းကမှ အိမ်နဲ့နီးလို့၊ မနီးရင်လည်း ဆိုင်ကယ်ကယ်ရီတွေ ဘတ်စ်ကားတွေနဲ့ သွားပြန်ယူခိုင်းတာ”
အဲဒါတော့ ဒီကောင်တွေတရားလွန်ပြီပေါ့ဗျာ။ သူတို့ခွင်ထဲရောက်တုန်း ပြည်သူကို နှိက်စက်သလို ဖြစ်နေပြီပေါ့။ ကျွန်တော့်သူငယ်ချင်းကလည်း ဒါမျိုးဆို နဲနဲလေးမှ မခံချင်တာနဲ့ တွေ့ကြတာပေါ့။
“အဲဒါတော့ မဟုတ်သေးဘူးထင်တယ်ဗျာ၊ မပါလို့ဖမ်းမယ် ဖမ်းပေါ့၊ ချလံရေးပေးလိုက်ရင် ပြီးပြီပေါ့၊ အဲလိုကြီး သွားပြန်ယူခိုင်းတော့ ခင်ဗျားတို့က ပါးစပ်ကလေးနဲ့ ပြောတယ်၊ ခံရတဲ့လူမှာတော့ စိတ်မောလူမောနဲ့ ပင်ပန်းတကြီး ပြန်ပြေးယူပေးရတယ်၊ ဘယ်လိုလဲဗျ၊ ကူညီပါရစေက အဲလိုကြီးနှိက်စက်တတ်သလား”
“ဟိတ်ကောင်! မင်းကဘာကောင်မို့လို့လဲ? ယာဉ်မောင်းလိုင်စင်မပါရင် ဆိုင်ကယ်သိမ်းလို့ ရတယ်ကွ၊ ဆိုင်ကယ်အသိမ်းခံနိုင်ရင်တော့ ပြန်မယူနဲ့လေ ရတယ်။ မင်းက ဘာလဲ၊ ပြဿနာရှာတာလား၊ ဖမ်းချုပ်လိုက်မယ်၊ ဘာမှတ်နေလဲ”
ကျွန်တော့်သူငယ်ချင်းက စည်းကမ်းကို တန်ဖိုးထားတတ်သူတစ်ယောက်ပါ။ သူလိုင်စင်မပါလို့ အရေးယူတာကို သူခံနိုင်ပါတယ်တဲ့။ သူ့ရဲ့ပေါ့ဆမှုပဲလေ။ ဒါပေမယ့် အဲလိုကြီး သက်သက်မဲ့ နှိပ်ကွပ်တာတော့ မခံနိုင်လို့ စိတ်မထိန်းနိုင်ပဲ ပြန်ပြောမိသွားတာပေါ့။ ကျွန်တော်လည်း ကိုယ်ချင်းစာပါတယ်။ ကျွန်တော်ဆိုရင်လည်း အဲလိုကြုံခဲ့ရင် တစ်ခုခုတော့ ပြန်ပြောမိမှာပါပဲ။
ပြီးတော့ ယာဉ်မောင်းလိုင်စင်မပါရင် ဆိုင်ကယ်သိမ်းလို့ရတယ်ဆိုတာ ဘယ်တုန်းကထုတ်လိုက်တဲ့ ဥပဒေလည်း မသိဘူး။ ဆိုင်ကယ်လိုင်စင် မပါလို့ လိုင်စင်မဲ့ဆိုင်ကယ်ထင်ပြီး သိမ်းတယ်ဆိုလည်း ဟုတ်သေး။
အဆိုးဆုံးကတော့ ဖမ်းချုပ်လိုက်မယ်ဆိုတဲ့စကားပဲ။ အာဏာရှင်နိုင်ငံမှာ အလွယ်တကူ ဖမ်းချုပ်တတ်လွန်းတော့ ရာထူးသေးသေး ကြီးကြီး အဲဒီစကားက လက်သုံးစကားတစ်ခွန်းလိုကို ဖြစ်နေပြီ။ ဖမ်းချုပ်ရတာကို ဘ၀ထင်နေကြတဲ့ လူမဆန်တဲ့ အာဏာရူးလူမိုက်တွေလေ။

Friday, January 9, 2009

မြေပုံအတု

နယ်မြေသစ်ရှာဖို့ ခရီးထွက်လာတဲ့ ရွာသူရွာသားတွေဟာ ရှေ့မှာမြင်နေရတဲ့ သူတို့ရွာဟောင်းကို မင်သက်ပြီး ငေးကြည့်နေကြတယ်။ ရှည်လျားလှတဲ့ခရီးကို ဖြတ်သန်းမောပန်းပြီးတဲ့နောက် သူတို့ရဲ့ ခရီးဆုံးဟာ နဂို ရွာဟောင်းကြီးပဲ ဖြစ်နေခဲ့တယ်။ စိတ်ပျက်လက်ပျက်နဲ့ ဦးဆောင်သူ သူကြီးကိုပဲ ၀ိုင်းမေးကြတာပေါ့။
“သူကြီး ... ဘယ်လိုလဲဗျ ... နယ်မြေသစ်ရှာမယ်ဆိုပြီး ခုတော့ ကျုပ်တို့ထွက်ခဲ့တဲ့ ရွာဟောင်းကြီးပဲ ပြန်ရောက်နေပါလား”
သူကြီးက လက်ဆွဲတော် နှစ်လုံးပြူးကြီးကိုင်ပြီး စိတ်မရှည်တဲ့ လေသံနဲ့ ပြန်ပြောတယ်။
“ဟ... မင်းတို့ပဲ နယ်မြေသစ်ရှာချင်လှပါချည်ရဲ့ဆိုလို့ ငါပဲ လမ်းပြမြေပုံထုတ်ပြီး မင်းတို့နဲ့အတူ ခရီးထွက်ခဲ့တာပဲလေ... ဘယ်လိုဖြစ်ပြီး ရွာဟောင်းပြန်ရောက်လာသလဲတော့ ငါလည်းမသိဘူး ... ကဲပါလေ ခရီးလည်းပန်းနေကြပြီဆိုတော့ ဒီမှာပဲ ပြန်နေကြပေါ့ ... နောက်အေးအေးဆေးဆေးမှ ခရီးသစ်စတာပေါ့”
ပြောရင်းဆိုရင်း သူကြီးက သူ့အိမ်ဝင်းဟောင်းထဲ ၀င်သွားတယ်။
ရွာသူရွာသားတွေလည်း မကျေနပ်ပေမယ့် ခရီးကလည်းပန်း၊ သူကြီးရဲ့ နှစ်လုံးပြူးကိုလည်း ကြောက်ရတော့ ကိုယ့်ထင်မြင်ချက်လေးတွေကို တိုးတိုးပြောရင်း လေးလံတဲ့ ခြေလှမ်းတွေနဲ့ ရွာဟောင်းဆီ လျှောက်နေကြတယ်။
“သူကြီးတော့ လူလည်ကျ ပြီကွာ”
“ရွာသစ်မှာဆို သူ့အတွက် နေရာကောင်းရဖို့ မသေချာဘူးလေ၊ ဒီမှာတော့ သူ့ဝိုင်းထဲမှာ နှစ်ရှည်သီးပင်တွေရော၊ ရေထွက်ကောင်းတဲ့ ရေတွင်းရော၊ ဆောက်ထားတဲ့ အိမ်ကြီးကလည်း အကောင်းစားကြီး”
“သြော်... သူကြီးရဲ့ လမ်းပြမြေပုံဆိုတာ ရွာရှေ့ကထွက်ပြီး ရွာနောက်က ပြန်ဝင်တဲ့ စက်ဝိုင်းပုံ မြေပုံကြီး ပါလားနော်”
ရွာဟောင်းမှာ သူကြီးဟောင်းနဲ့ အိမ်မက်အဟောင်းကို ဆက်မက်နေကြလေရဲ့။ ။

Tuesday, December 16, 2008

စိတ်ကူးတွေရွာချတဲ့သစ်ပင်

ပန်းချီဆရာဟာ
သူ့စိတ်ကို
ကင်းဘတ်စပေါ် ကြဲချလိုက်တယ်။

ကဗျာဆရာဟာ
သူ့နှလုံးသားကို
ကလောင်သွားမှာ သွေးမြလိုက်တယ်။

အနုပညာဟာ
သူ့ရနံ့ကို
ပန်းတွေလို ပွင့်ပြလိုက်တယ်။

မှော်ဆရာဟာ
သူ့ဝိညာဉ်ကို
ဟင်းလင်းပြင်ထဲ လွှတ်တင်လိုက်တယ်။

အာဏာရှင်ဟာ
သူ့ရူးသွပ်မှုအတွက်
ပန်းချီဆရာကိုသတ်တယ်...
ကဗျာဆရာကိုသတ်တယ်...
ဒါပေမယ့်
အနုပညာကို သတ်လို့မရဘူး
မှော်ဆရာကို သတ်လို့မသေဘူး။

ကောင်းပြီ ... ငါ
သမိုင်းပေးတာဝန်အတွက်
မှော်ဆန်တဲ့ အနုပညာလက်နဲ့
အာဏာရှင်ကို သတ်မယ်။ ။

ကျွန်တော်သိသောအချစ်ဆိုသည်မှာ

ကိုရဲရင့်နီ tag လိုက်တဲ့ ခေါင်းစဉ်လေးကိုက ကျွန်တော်သိသောအချစ်ဆိုသည်မှာ တဲ့။ အဲဒီတော့ လွယ်ပါတယ်။ ကျွန်တော်သိသလောက်ပဲ ရေးရမှာပေါ့။ ကျွန်တော်ကလည်း အများကြီးမှ မသိတာ။
ဒီနေရာမှာ အချစ်ဆိုတာကို ၅၂၈ ဆိုတဲ့ အချစ်မေတ္တာကို ဖယ်ထားလိုက်ရအောင်။ ဘာလို့လဲဆို အဲဒီအကြောင်းက သပ်သပ်ပြောမှ ကောင်းမှာကိုး။ ၁၅၀၀ အချစ်နဲ့ ရောထွေးပြီး ပြောလို့ မကောင်းပါဘူး။ အဲဒါကြောင့် ဒီစာစုမှာပြောမယ့် အချစ်အကြောင်းဆိုတာ ဦးကျော်ဟိန်းတို့၊ ဦးချစ်ကောင်းတို့ ဆိုသလို အေးမြတဲ့ ၅၂၈ ချစ်မေတ္တာမဟုတ်ပဲ မီးလိုပူတဲ့ ၁၅၀၀ အချစ်ကို ပြောတာ ဖြစ်ပါတယ်။
ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် ရယူပိုင်ဆိုင်လိုခြင်းတစ်ခုပဲ ရှိတယ်လို့ ထင်ပါတယ်။ စွန့်လွှတ်ပေးဆပ်ခြင်းနဲ့ ချစ်တယ်ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး။ အဲဒီစကားလုံးက ပိုင်ဆိုင်ခွင့်မရှိတော့တဲ့နောက်မှ လှလှပပလေး ဖြေသိမ့်တဲ့ စကားလုံးလို့ပဲ ထင်ပါတယ်။ ချစ်ခြင်းရဲ့ Plan B ပေါ့ဗျာ၊ ဟဲ ဟဲ။
ချစ်မိပြီဆိုရင်တော့ ပထမဆုံး ရယူပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားကြမှာပါပဲ။ အခက်အခဲ အတားအဆီး တစ်ခုခု ရှိနေမှသာ အဲဒီစကားလုံး လှလှလေးကို သုံပြီး ကွဲသွားကြတာ။ သူတို့ရဲ့ အချစ်ခရီးလမ်းကြီးက ဖြောင့်ဖြူးနေမှတော့ အလကားနေရင်း စွန့်လွှတ်ပေးဆပ်ပြီးတော့ ချစ်မနေဘူး။ စာရေးဆရာလိုလို၊ ကဗျာဆရာလိုလို အရူး နှစ်ပိုင်းတစ်ပိုင်းတွေတော့ မသိဘူးပေါ့ဗျာ။
ရည်းစားများတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ လက်သုံးစကားလေး တစ်ခွန်းရှိတယ်။ ဘယ်ပညာရှိ ပြောခဲ့တာမှ မဟုတ်လောက်ပါဘူး။ သူ့ဟာသူ ထွင်ထားတာနေမှာ။ လူတစ်ယောက်မှာ အချစ်စစ် သုံးဆယ့်ခြောက်ခါ ပေါ်သတဲ့။ သူ့အတွက်တော့ ဟုတ်မှာပေါ့။ သုံးဆယ့်ခြောက်ခါမဟုတ်ပဲ သုံးရက်ခြောက်ခါ မဟုတ်ကံကောင်း။ အဲဒီလို အချစ်ကို ကစားစရာလို သဘောထားနေသူတွေအတွက်တော့ အချစ်ဆိုတဲ့ အဓိပ္ပါယ်က ပြောလို့ကို မရတော့တာ။
ရှိတ်စပီယားရဲ့ ရိုမီယို ဂျူးလိယက် လို အချစ်မျိုး၊ ဒဏ္ဍာရီထဲက ရှင်မွေ့နွန်း မင်းနန္ဒာ လို အချစ်မျိုး အပြင်မှာ တကယ်မရှိဘူးလို့တော့ မပြောရဲပါဘူး။ ရှိတော့ရှိမယ်၊ အင်မတန်ရှားလိမ့်မယ်။ များသောအားဖြင့်တော့ လူဆိုတာ ကိုယ့်ကိုကိုယ်သာ အချစ်ဆုံးပဲဗျ။
ဆရာမင်းခိုက်စိုးစန်ရဲ့ ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ ထဲကလိုပေါ့။ သူ အင်မတန်ချစ်ပါတယ်ဆိုတဲ့ ကောင်မလေး ရေနစ်နေတာကို ကယ်တယ်။ အဲဒီမှာ ကောင်မလေးက ကြောက်အားလန့်အားနဲ့ သူ့ကို အတင်းဖက်ထားတော့ ဘယ်လိုမှ ကူးလို့မရပဲ သူပါရောပြီး နစ်နေတာပေါ့။ ရေတွေအရမ်းမွန်းပြီး လေလေးနဲနဲမှ မရှူရရင် သူသေတော့မှာပါလားလို့ ထိတ်လန့်တကြား သိလိုက်တဲ့ အခိုက်အတန့်လေးမှာ ကောင်မလေးကိုလဲ သတိမရနိုင်တော့ဘူး။ တအားရုန်းထွက်ပြီး ရေပေါ်ကိုတက်၊ အသက်ကို တ၀ကြီးရှူပြီး ကြောက်တဲ့စိတ်ပြေမှ သူ့ကောင်မလေးကို သတိရလိုက်တဲ့အချိန်မှာ နောက်ကျသွားပြီ။ လူဆိုတာ သိစိတ်က ဘယ်လောက်ပဲချစ်ပါတယ်ပြောပြော၊ မသိစိတ်ထဲမှာ ကိုယ့်ကိုကိုယ် ချစ်တဲ့ အချစ်စိတ်လေး အမြဲတမ်းရှိနေတယ်ဆိုတဲ့အကြောင်း ပြောချင်တာပါ။ ကျွန်တော်ကတော့ ဆရာမင်းခိုက်စိုးစန်ကို အပြည့်အ၀ ထောက်ခံပါတယ်။
ကဲ ... ကိုရဲရင့်နီရေ...။ အချစ်ဆိုတာကို ကျွန်တော်သိသလောက် ဟိုရောက်ဒီရောက်နဲ့ ရေးလိုက်ပါပြီ။ ဘာပဲဖြစ်ဖြစ် အမုန်းတွေများတာထက်စာရင် အချစ်တွေများတာ ပိုမကောင်းဘူးလားဗျာ။ အဲဒီတော့ အားလုံးပဲ ချစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။ ။

Sunday, December 14, 2008

လူနှင့်အရုပ်ဆိုင်

(၁)
`ကျွန်တော့်သားအတွက် အရုပ်ဝယ်ချင်လို့ပါ။ ဘယ်လို အရုပ်တွေ ရှိလဲ ပြပါဦး´
သိပ်ပြီးမကြီးလှသော အရုပ်ဆိုင် တစ်ဆိုင်တွင် ဖြစ်သည်။ ဈေးဝယ်သူတစ်ယောက် ၀င်လာပြီး မေးသောအခါ ဆိုင်ရှင်က လှိုက်လှဲပျူငှာစွာ ဆီးကြို၍ ပြန်ပြောလိုက်သည်။
`အရုပ်တွေကတော့ အမျိုးမျိုး ရှိပါတယ် ခင်ဗျာ။ ဒီအရုပ်လေးတွေက ဓါတ်ခဲ ထည့်ရပါတယ်။ ခလုတ်ဖွင့်လိုက်ရင် ပြောတာနားထောင်ပြီး ခေါင်းငြိမ့်ပြတတ်တယ်၊ စာဖတ်စရာရှိရင် ဖတ်ပြတတ်ပါတယ်။´
`ဟုတ်လား ... ဘာအရုပ်လေးတွေလဲဗျ´
ဆိုင်ရှင်က မျက်မှန်တပ်ထားသော အရုပ်လေးများကို ထုတ်ပြရင်း ပြောလိုက်သည်။
`ညီလာခံ ကိုယ်စားလှယ်ရုပ်လို့ ခေါ်ပါတယ်´
ဈေးဝယ်သူသည် အရုပ်လေးများအား ကိုင်ကြည့်ပြီး ဈေးမေးလိုက်သည်။
`...... ...... ......´

(၂)
`ဈေးကြီးလိုက်တာဗျာ၊ ပြီးတော့ ဓါတ်ခဲဖိုးလည်း ရှိသေးတယ်။ တခြားအရုပ် ပြပါဦး´
`ဟုတ်ပါတယ်။ ဓါတ်ခဲထည့်ရတဲ့ အရုပ်တွေကတော့ ဈေးနဲနဲ ကြီးမယ်ဗျ။ ဒီသံပါတ်ပေးရတဲ့ အရုပ်လေးတွေ ကြည့်ပါဦး´
ဆိုင်ရှင်က သံပါတ်ပေးရသည့် စစ်သားရုပ်လေးများ ထုတ်ပြရင်း ပြောလိုက်သည်။
`ဒီစစ်သားရုပ်တွေက သံပါတ်သာ မှန်မှန်ပေး၊ ခိုင်းတာလုပ်တယ်။ မှန်အောင်ပစ်တယ်။ ဈေးလည်း သိပ်မကြီးဘူးဗျ။ ကြည့်ဦးမလား´

(၃)
`ကျွန်တော့်သားက တော်တော်ငယ်သေးတယ်ဗျ။ သံပါတ်ပေးတတ်မှာ မဟုတ်သေးဘူး။´
ဈေးဝယ်သူက ပြောရင်း အရုပ်များကို လှည့်ပတ် ကြည့်နေလေသည်။
ထိုအခါ ဆိုင်ရှင်သည် ဗီရိုအောက်ဆုံးမှ အရုပ်လေးများအား ထုတ်ပြ၍...
`ဒါဆိုလည်း ဒီအရုပ်လေးတွေပဲ ၀ယ်သွားတော့ဗျို့။ ဓါတ်ခဲလည်း ထည့်စရာမလိုဘူး။ သံပါတ်လည်း ပေးစရာမလိုဘူး။ ဈေးလည်း သိပ်မရှိဘူး။ မျှော်လင့်ချက်လေး နဲနဲပေးလိုက်၊ အစာလေး နဲနဲခွံ့လိုက်လုပ်ပြီး ခိုင်းချင်တာ ခိုင်းလို့ရတယ်။´
ဈေးဝယ်သူက စိတ်တိုင်းကျသွားသောအခါ ထိုအရုပ်လေးများသာ ၀ယ်လိုက်သည်။
`ဒါနဲ့ .. ဒါက ဘာအရုပ်လေးတွေလဲဗျ´
ဆိုင်ရှင်က အရုပ်ဖိုးချေထားသော ငွေစက္ကူများကို ရေတွက်ရင်း ပြောလိုက်သည်။
`ကြံ့ဖွတ်ရုပ်နဲ့ စွမ်းအားရှင်ရုပ်လို့ ခေါ်တယ်ဗျ´။ ။