မိုးပျံပူဖောင်း
“ မိုးပျံပူဖောင်းလိုကောင် !”
ကျနော့်သူငယ်ချင်းက လူတစ်ယောက်ကို ဆဲချင်ရင် အဲဒီလို ဆဲတတ်ပါတယ်။
“ မင်းဟာကလဲကွာ ... အဲဒါ ဆဲတာလား ? မိုးပျံပူဖောင်းဆိုတာ မိုးပေါ်ကို မြင့်မြင့်တက်နေတဲ့ အရာလေကွာ ... မင်းဆဲတာက ချီးကျူးသလို ဖြစ်နေပြီ ...”
ကျနော် မေးမိတော့ သူငယ်ချင်းက ပြောတယ် ...
“ မင်းဘာသိလို့လဲ ... မိုးပျံပူဖောင်းဆိုတာ သူ့အစွမ်းသတ္တိနဲ့သူ မိုးပေါ်ကို တက်နေတာ မဟုတ်ဘူး ... အထဲမှာ လေထက်ပေါ့တဲ့ ဓါတ်ငွေ့တစ်ခုခု ထည့်ထားလို့ မဟုတ်လား ...”
“ အေးလေ ... အဲလောက်ကတော့ ကလေးတောင် သိတယ် ...”
“ အေး ... အဲဒါ မိုးပေါ်တက်နေတာ မဟုတ်ဘူးကွ ... လေပေါ် ပေါလောပေါ်နေတာ ... မင်းစဉ်းစားကြည့် ... လောကကြီးမှာ သူလိုကိုယ်လို လေထဲမှာ မနေနိုင်ပဲ လေပေါ်ပေါလောပေါ်နေရလောက်အောင် ပေါ့ရွှတ်နေတဲ့ကောင်က ဘယ်ကလာပြီး အသုံးကျတော့မှာလဲ ... ဒီကြားထဲ လေနှင်ရာ လွှင့်လွှင့် သွားတတ်သေးတယ် ... မဟုတ်ဘူးလား ...”
အင်း ... သူဆဲတာလဲ ဟုတ်သလိုလိုပဲနော် ...။ ။