Saturday, September 15, 2012

ကြေငြာလာနေတာ မဟုတ်ပါ





ကျွန်တော်၏ ဇာတ်လိုက် ကိုလေးဖြူသည် unplugged ရှိုးပွဲတစ်ခု သီဆိုဖျော်ဖြေရန် ဟိုတယ်တစ်ခုရှိ ခန်းမအတွင်းသို့ ဝင်ရောက်လာလေသည်။ သို့သော် စားပွဲအသီးသီးတွင် ထိုင်နေကြသော ဂျာနယ်လစ်များ၊ ပရိတ်သတ်များနှင့် ဘာမသိညာမသိလူအများကမူ တုပ်တုပ်မျှ မလှုပ်ကြချေ။ ထူးတော့ ထူးနေလေပြီ။ မြန်မာနိုင်ငံ၏ နာမည်အကြီးဆုံး အဆိုတော်ကြီး ဝင်လာသည်ကို မြင်နေသော်လည်း တုပ်တုပ်မျှ မလှုပ်ကြသည်မှာ ထူဆန်းလေသည်။ ပရိတ်သတ်များနှင့် ဘာမသိညာမသိလူအများက မလှုပ်သည်မှာ သိပ်မထူးဆန်းသော်လည်း ဂျာနယ်လစ်ဆိုသူများ မလှုပ်သည်မှာ တော်တော်ကြီးကို ထူးဆန်းနေလေသည်။

“ ဘယ်သူမှ မမှတ်မိကြပါလား ”

ထို့ကြောင့် ကိုလေးဖြူ သူ့ကိုယ်သူ ပြန်စစ်ရလေသည်။ ထိုအခါ … တွေ့ပါပြီ။ ကိုလေးဖြူသည် သူ၏မျက်နှာကို ပြန်စမ်းကြည့်သောအခါ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများ မရိတ်တာကြာ၍ တော်တော် ရှည်နေကြောင်း တွေ့ရလေသည်။ ထို့ကြောင့် ဘယ်သူမှ သူ့ကို မမှတ်မိခြင်း ဖြစ်ကြောင်း သိသွားသော ကိုလေးဖြူသည် ထို အမွှေးများကို ရိတ်ရန် အိမ်သို့  နောက်ကြောင်းပြန်လှည့်လိုက်သည်။

သို့သော်…
ဤဟိုတယ်တွင် သူ့အတွက် ပြဿနာ နည်းနည်းရှိသည်။ ဟိုတယ်တွင် အားအားယားယား ဘယ်သူကမှန်းမသိ မွေးထားသော ခွေးနှစ်ကောင်၏ ပြဿနာဖြစ်သည်။ သာမန်အားဖြင့် ခွေးနှစ်ကောင်မှာ လိမ္မာသည်ဟု ဆိုနိုင်သော်လည် ဘာကြောင့်မှန်းမသိ … ကိုလေးဖြူကိုတော့ မှတ်မိသည်။ ရိုးရိုးမှတ်မိတာမဟုတ်။ ဆံပင် ရှည်ရှည် အရပ် ကလန်ကလားနှင့် ကိုလေးဖြူ ဝင်လာတိုင်း အစဉ်အလာမပျက် ထွက်ဆွဲ တတ်လေသည်။ ကိုလေးဖြူ ဤဟိုတယ်ကိုလာတိုင်း ပြေးရတာ အမော။

အလာတုန်းကတော့ ကားပေါ်မှမဆင်းခင်ကပင် လုံခြုံရေးလေးကို ခေါ်ကာ သူ့အကာအကွယ်ဖြင့် လာခဲ့သောကြောင့် ထို ခွေးနှစ်ကောင်ကို အရိပ်ပင် မမြင်ခဲ့ရ။ ယခု ပြန်အထွက်မှာတော့ ဘာလုံခြုံရေးမှ မရှိတော့။

ထိုစဉ် … ကိုလေးဖြူ တစုံတစ်ရာကို သတိရလိုက်လေသည်။ ထို့ကြောင့် ရဲရဲဝင့်ဝင့်ပင် နောက်ကြောင်းပြန် လှည့်လိုက်သည်… ။

တစ်လှမ်း …
နှစ်လှမ်း …
သုံးလှမ်း ………။ ဝုတ် …. ဝုတ် ….။ ခွေးနှစ်ကောင် ထွက်ဆွဲလေပြီ။ ထုံးစံအတိုင်း ကိုလေးဖြူလည်း သူ့ကားဆီ အရောက် ပြေးရပြီ။

ဝုန်း …. ဂျိမ်း …။ ကားဆီအရောက် ကားပေါ်ပြေးတက်ကာ ကားတံခါး ဆွဲပိတ်လိုက်ပြီးသောအခါ ကိုလေးဇြူ ခွေးနှစ်ကောင်၏ အန္တရာယ်က လွတ်လေပြီ။

“ဟောဟဲ.. ဟောဟဲ … ဟဲ့ခွေး … တောက် … မင်းတို့ကတော့ ငါ့ကို မှတ်မိတယ်ပေါ့လေ … ကောင်းကွာ”

စိတ်ညစ်ညစ်နှင့်ပင် အိမ်သို့ မောင်းလာခဲ့ရာ လမ်းတွင် ကားတစ်စီးက လမ်းပိတ်ကာ တားပြီး လူနှစ်ယောက်ဆင်းလာကာ …

“ကိုလေးဖြူ …. ”

ခေါ်သံနှင့်အတူ လွယ်အိတ်ဘေးတစောင်း လွယ်ထားကြသော ပုဂ္ဂိုလ် နှစ်ယောက်။

“ကျနော်တို့နဲ့ ခဏ လိုက်ခဲ့ပါ … မေးစရာလေး နည်းနည်း ရှိလို့ပါ …”

ဘယ်လို အကြောင်းကိစ္စပဲဖြစ်ဖြစ် ကိုလေးဖြူမလိုက်ချင်ပါ။ ရှိုးပွဲက အရေးကြီးသည်။ ကတိပေးထားပြီးပြီ။ သွားကို သွားမှ ရမည်။ ဒီလူနှစ်ယောက်ကလည်း မရမက ခေါ်မည့်ပုံ ပေါက်နေသည်။

ထိုစဉ် … ကိုလေးဖြူ တစုံတစ်ရာကို သတိရလိုက်လေသည်။ ထို့ကြောင့် သူတို့ကို ပုံမှားရိုက်ရန် စဉ်းစား၍ ပြောလိုက်သည်။

“ခင်ဗျားတို့ လူမှားနေပြီထင်တယ်ဗျ … ကျနော် လေးဖြူမဟုတ်ပါဘူး …”

ထိုလူနှစ်ယောက် နည်းနည်းတော့ ကြောင်သွားသည်။ ကိုလေးဖြူကို သေချာ ထပ်ကြည့်ရင်း ပြောသည်။ ဒေါသလည်း အနည်းငယ် ထွက်လာပုံ ရသည်။

“မနောက်ပါနဲ့ဗျ။ ကျနော်တို့က တာဝန်အရပါ။ ခင်ဗျား လေးဖြူဆိုတာ သေချာပါတယ်။ ကျုပ်တို့ ခင်ဗျားကို မမှတ်မိစရာ ဘာအကြောင်းမှ မရှိဘူး။ အေးအေးဆေးဆေးသာ လိုက်ခဲ့ပါ။ ကျုပ်တို့ကို ဘာကောင်တွေ မှတ်နေလဲ …”

ထိုစဉ် … ကိုလေးဖြူ တစုံတစ်ရာကို သတိရလိုက်လေသည်။ ထို့ကြောင့် ကိုလေးဖြူက ခေါင်းတငြိမ့်ငြိမ့်နှင့် …

“မင်းတို့ကလည်း ငါ့ကို မှတ်မိတယ်ပေါ့လေ …။ အေးပါ .. မင်းတို့ ဘာကောင်တွေလည်းဆိုတာ ငါသိသွားပါပြီ”

ကြေငြာလာနေတာမဟုတ်ပါ။ ဤတွင် ကျွန်တော်၏၀တ္တု ပြီးပါပြီ။       ။


( ဤ၀တ္တုတွင် ကိုလေးဖြူ၏ အမည်ကို အသုံးပြုထားသော်လည်း ကာယကံရှင် ကိုလေးဖြူထံမှ ခွင့်ပြုချက် မတောင်းခံနိုင်ခဲ့ပါ။ ဤ၀တ္တုကြောင့် ကိုလေးဖြူ၏ ဂုဏ်သိက္ခာ တစုံတရာကို မထိခိုက်နိုင်ဟု ယုံကြည်မိသောကြောင့် ရေးမိ တင်မိပါသည်။ ကိုလေးဖြူကို ချစ်သောစိတ်ဖြင့် ဇာတ်လိုက်တင်ရေးမိခြင်းသာ ဖြစ်ပြီး အကြောင်းအရာမှာ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။)

နွေဆူးလင်္ကာ

Friday, August 24, 2012

သူတို့ ငါ့ကို စ ညာနေကြပြီ



 
အပြုံးတ၀က် ဆိုပေမယ့် ...
ကျနော် ... ယုံပေးလိုက်ပါတယ် ...။

ဒီလိုပါပဲ ... လောကကြီးရယ် .....။

ကျနော်က ...
`ဗ´ထက်ချိုက်လောက်တောင်
ဟန်ဆောင် မကောင်းတဲ့ ကောင်ပါ ...။

ပြောင်းပြန် မြင်နေကြသူတွေကို
.... .... ပြောချင်တယ် ...။

ကျနော်က ... `၀´လုံးလေးဗျ ...။

(ခွင့်လွှတ်ကြပါ ...)
အဲဒါ ... ကျနော် `မဲ့´ လိုက်တာ ...။      ။


Friday, August 10, 2012

ကျွန်တော်နှင့် ထွေရာလေးပါးပြဇာတ်



ကျနော်နှင့် ၀ိညာဉ်ခေါ်သံ

ပျင်းပျင်းရှိတာနဲ့ အိမ်ခြံဝင်းတံခါးအပြင်ကို ထွက်ပြီး ကျနော် ခေါ်လိုက်ပါတယ် …။
ဝိညာဉ်တွေကိုပါ …။
ဘာရယ်မဟုတ်ဘူး။ စကားပြောဖော်မရှိလို့ ခေါ်မိတာ ..။
ရောက်လာပါတယ် …။
အလုံးအရင်းနဲ့ကို ရောက်လာတာ …။
သူတို့ကို ကြည့်ပြီး ကျနော် စိတ်ပျက်သွားတယ် …။
ဒါနဲ့ပဲ ကိုယ်ခေါ်ထားတဲ့ ၀ိညာဉ်တွေကို ကိုယ့်ဟာကိုယ် ပြန်နှင်ရတယ် …။
“ ဟာဗျာ … သွားတော့ သွားတော့ … ကျနော် စကားမပြောချင်တော့ဘူး ”
အဲဒီ ၀ိညာဉ်တွေကလည်း ကျနော့်ကို ပြန်စိတ်ပျက်သွားတယ်။
“ ဘာလဲဟ … ”
“ ဘယ်လိုကောင်ပါလိမ့် ... ”
“ ….. ….. ….. ”
အသံမျိုးစုံ ရေရွတ်ရင်း ၀ိညာဉ်တွေ အလုံးအရင်းနဲ့ပဲ ပြန်လှည့်ထွက်သွားတယ်။
ဝိညာဉ်အိုကြီး တစ်ယောက်/ တစ်ကောင်/ တစ်ခုကတော့ ပြန်မသွားသေးပဲ ကျနော့်ကို နားမလည်သလို ကြည့်ပြီး မေးတယ် …။
“ နေပါဦး … မင်းပဲ ငါတို့ကို ခေါ်တာလေ … ခုတော့ ဘာမှ မပြောပဲ ဘာလို့ ပြန်နှင်ထုတ်ရတာလဲ ”
ကျနော် စိတ်ပျက်လက်ပျက် / မပြောချင်ပြောချင်/ စိတ်မပါ့တပါ နဲ့ပဲ ရှင်းပြလိုက်ရတယ်။
“ ဟုတ်ပါတယ် … ကျနော် ခေါ်တာပါ … ဒါပေမယ့် ခင်ဗျားတို့ကို ကြည့်ပြီး ကျနော် စကားပြောချင်စိတ် မရှိတော့ဘူး ”
ဝိညာဉ်အိုကြီးက ပြန်မေးပါတယ် …။
“ အေး … အဲဒါ ဘာဖြစ်လို့လဲ ”
“ ခင်ဗျားတို့က နာမ်ချည်းပဲကိုး … ရုပ်မှ မပါတာ …”
ကျနော့်အဖြေကို ကြားတော့ ၀ိညာဉ်အိုကြီး မကျေမနပ် ဖြစ်သွားပါတယ်။
ပြီးတော့ ကတ်ကတ် မလန်တလန်နဲ့ ကျနော့်ကို ပြန်ရန်တွေ့ပါတယ် …။
“ အော် … ငါတို့ကလည်း မင်းလို ခေါင်းမရှိတဲ့ ကောင်နဲ့ စကား မပြောချင်ပါဘူး ”
ကျနော် ကြောင်သွားတယ်။ ကိုယ့်ခေါင်းကိုယ် ပြန်စမ်းရင်း သူ့ကို ပြရတယ် …။
“ ခေါင်း … ရှိပါတယ်ဗျ … ဒီမှာလေ … ကျနော့် ခေါင်း ”
“ ငါတော့ … မမြင်ဘူးကွ … ”
ဝိညာဉ်အိုကြီးက ခေါင်းခါရင်း ပြောပါတယ် …။ ( ဟင့် … ရုပ်ရှိတဲ့ ကျနော့် ခေါင်းကို မမြင်ပဲ ခါနေတဲ့ အဲဒီင်္ နာမ် ခေါင်းကြီးကို ကျနော် မြင်ရတယ် …။ မုန်းလိုက်တာ … )
“ မင်း … တော်တော် စားသလား ”
ဝိညာဉ်အိုကြီးက မေးတာပါ။ ကျနော် ထပ်ကြောင်သွားတယ် …။
“ ဟင် … ဘာ … ဘာလဲ ”
“ မင်း … တော်တော် စားသလားလို့ ”
ကျနော် သဘောပေါက်သလို ဖြစ်သွားပါတယ်။ သူမြင်သလား၊ မမြင်သလား မသိပေမယ့် ကျနော် ရှက်ပြုံးလေး ပြုံးရင်း ပြန်ပြောရတယ် …။
“ အဟဲ … ဟဲဟဲ … စား … စားပါတယ် ”
“ ဪ … ဪ … အဲဒါကြောင့်ကိုး … ”
ဝိညာဉ်အိုကြီးက သူ့နာမ်ခေါင်းကြီးကို တငြိမ့်ငြိမ့် လုပ်ရင်း ပြောပါတယ်။
ကျနော် သုံးခါမြောက် ထပ်ကြောင်ရပါတယ် …။
“ ဘာ … ဘာဖြစ်လို့လဲဟင် ”
“ မင်းက လူတော့ … လူပဲကွ … ”
“ ဟုတ် … ဟုတ်တယ်လေ … ”
“ ဒါပေမယ့် … စားလွန်းလို့ ခေါင်းမရှိတာလား … ခေါင်းမရှိလို့ စားတာလားတော့ မသိဘူးပေါ့ကွာ… ”
ကျနော် လေးခါမြောက်နဲ့ နောက်ဆုံးအကြိမ် ကြောင် သွားပါတယ်။ ကိုယ့် ခေါင်းကိုယ်လည်း မယုံမရဲနဲ့ ပြန်စမ်း ကြည့်ရတယ်။
ဝိညာဉ်အိုကြီးက နောက်ဆုံးစကား ပြောပါတယ် …။
“ မင်းကတော့ … ကိုယ့်ကိုကိုယ် မသိတာ နေမှာပါကွာ … အခု … မင်းက ဘဲဥကြီး ဖြစ်နေပြီကွ … ”

ကျနော်နှင့် ကဗျာဆရာ

လက်ဖက်ရည်ဆိုင်ထဲမှာ ကျနော် ထိုင်နေတုန်း နယ်က ကဗျာဆရာတစ်ယောက် ၀င်လာတယ် …။
ကျနော့်ဝိုင်းမှာ ၀င်ထိုင်ရင်း ဟိုအကြောင်း ဒီအကြောင်း ပြောဖြစ်ကြတယ်။
နာမည်တွေ အကြောင်း စကားစပ်မိရင်း သူက ပြောတယ် …။
“ ငါတို့မြို့မှာ ရှိတယ်ကွ … ညီအစ်ကို နှစ်ယောက် … နာမည်က အေးအောင်နဲ့ အောင်အေး တဲ့ကွာ … သူ့မိဘတွေက ဘယ်လို စိတ်ကူးနဲ့ ပေးခဲ့ကြတယ် မသိဘူး ”
ကျနော် နားလည်သလို အပြုံးနဲ့ သူ့ကို ပြန်ပြောရပါတယ် …။
“ ဪ … မင်းတို့ ပြောပြော နေသလိုပေါ့ကွာ … စကားလုံး ရှားပါးမှုဆိုတာ … ”
ကျနော့် သူငယ်ချင်း ကဗျာဆရာ ဘာမှ ပြန်မပြော နိုင်ပါဘူး။
( သူ့မှာကလည်း အာမေဋိတ်တွေ ရှားပါးနေလို့ ထင်ပါတယ်လေ။ )

ကျနော်နှင့် ပညာတတ် အသိုင်းအ၀ိုင်း

“ မင်း မယုံမရှိနဲ့ … ငါက ပညာတတ် အသိုင်းအ၀ိုင်း ကကွ … ”
လက်ဖက်ရည် ဆိုင်ထဲမှာပဲ ကျနော် ကြွားနေတာပါ။ ( ကိုယ့်အိမ်မှာ ကိုယ် ကြွားလို့လည်း ရတာမှ မဟုတ်တာ။ )
“ ငါ့အဖေက ဆယ့်နှစ်ကြိုး ဦးမိုး ”
“ ငါ့အမေက ကဝေပညာရှင် ရတနာခင် ”
“ ငါ့ဦးလေးက အောက်လမ်း တဆုံး မောင်ဖိုးလုံး ”
“ ….. ….. ….. ”
“ ….. ….. ….. ”
“ ကဲ … ငါမပြောဘူးလား … ငါက ပညာတတ် အသိုင်းအ၀ိုင်းကပါလို့ … လက်ဖက်ရည်ဖိုး မင်း ရှင်းလိုက်တော့ ”
ပြောပြီး ကျနော် ထ ပြန်ခဲ့လိုက်တယ်။ သူ ထ မရိုက်ခင်ပေါ့ …။

ကျနော်နှင့် စိတ်ကူးယဉ်ဝတ္တု

အခု ရေးပြီးတဲ့ ၀တ္တုကို IDEA မဂ္ဂဇင်းတိုက်ကို သွားပို့တော့ အစ်မ မနော်ဟရီနဲ့ တွေ့ပါတယ်။
မြို့ထဲရောက်ရင် သူ့ဆီကို ၀င်မယ်လို့ ပြောထားတာကို သတိတရနဲ့ …
“ အော် … ဆရာလေး မြို့ထဲရောက်လို့ ၀င်လာတာပေါ့လေ … ”
“ ဟုတ်တယ်ဗျ … ကျနော်လည်း ဒုတိယမြို့ထဲမှာပဲ ကျင်လည်နေတာ … ပထမမြို့ထဲကို အရောက်အပေါက် နည်းတယ် … ”
အစ်မ မနော်ဟရီ ကြောင်သွားပါတယ်။
“ ဘာလဲဟဲ့ … ဒုတိယမြို့ထဲ ဆိုတာ … ”
“ လှည်းတန်း တ၀ိုက်ကို ပြောတာပါ အစ်မရယ် … ”
သူ သဘောပေါက် သွားပါတယ်။ ( အေးလေ … သူလည်း ဂျာနယ်တွေ ဖတ်ထားမှာပေါ့ )
နောက်မှ သူက ဆက်ပြောပါတယ်။ ဒီတခါ ကျနော် ကြောင်ကလှည့်ပါ။
“ ဒါနဲ့ … နွေဆူးလင်္ကာ … နင်က နာမ်ချည်းပဲကိုး … ရုပ်က ဘယ်နား ထားခဲ့လို့လဲ …”
“ ဗျာ … အဲ ”
(၀တ္တုအစ က ၀ဋ် … ၀တ္တုအဆုံး မှာကို လည်တော့တာပဲ။)
ဖြစ်နိုင်ပါတယ် …။
ကျနော်ကလည်း စိတ်ကူးနဲ့ စာမူ သွားပို့နေတာကိုး … ။      

Tuesday, July 31, 2012

တကယ်မရှိတဲ့ ကဗျာ




ချောင်းကို ပစ်ပြီး ...
မြစ်ကို ရှာတာ မဟုတ်ရပါဘူး ...။

မြေကြီးကို ပစ်ပြီး
ကောင်းကင်ကို ရှာမိတာပါ ...။

ပုံပြင်ထဲမှာ ....
... ကျန်ရစ်တယ် ....။

ပြန်ပြောလို့ မရမယ့် အတူတူ ....။

တကယ်တော့ ...
ကျနော်လည်း မရှိခဲ့ဘူး ....။

ဒီကဗျာလည်း ....
ရှိခဲ့မှာ မဟုတ်ဘူး ......။      ။

Friday, May 25, 2012

ဘော်လုံးကွင်း



ကိုယ့်ကိုကိုယ် တောင်နဲ့မြောက်လို့
ထင်နေမိခဲ့တာ ...
အရှေ့အနောက်လှဲလျောင်းနေတဲ့
ကန့်လန့်ကောင် ဖြစ်နေမှန်း
နောက်မှ သိရတယ် ...။

ဒါနဲ့ ... စောဒကတက်မိတော့
ကံကြမ္မာဒိုင်လူကြီးက
နောက်တစ်ဝါ ပြတယ် ...။

ခင်ဗျားတို့ ယုံချင်ယုံ မယုံချင်နေ ...။

ကျနော်က ...
ဘော်လုံးသမား နှစ်ဆယ့်နှစ်ယောက်ကို
ထားရစ်ပြီး ...
အနီကတ် အပြခံရတဲ့
ဘော်လုံးကွင်း တစ်ကွင်းပါပဲ ...။     ။

Thursday, March 8, 2012

ဘယ်သူမှ မဖတ်ချင်တဲ့ ကဗျာ




ကျနော်က ...
အုတ်အရောရော ကျောက်အရောရော
သီချင်းပါ ...။

လင်းခွင့်မရှိတဲ့အခါ
မှောင်ရမယ်လို့ ...
ဘယ်သူက ပြောလဲ ?

တေးသွားတွေ `က´မနေတဲ့
နံနက်ခင်းလေးတစ်ခုလို
စကား နည်းခဲ့ရတယ် ...။

ဘုရားသခင်က
တားမြစ်မထားပေမယ့်
မစားကောင်းတဲ့ သစ်သီးလေးတစ်လုံး
...... ရှိတယ်။

ဘယ်သူ့ကိုမှ မတွေ့ချင်တာ
မဟုတ်ရပါဘူး ...
ဘယ်သူကမှ
အတွေ့မခံတာပါ ...။ ။

Tuesday, December 27, 2011

နင့်အပြုံးတွေကို ငါ ကောက်သိမ်းထားတယ်


ဘာရယ်မဟုတ်ပါဘူးကွယ် ...
တခါတလေ
နင်ရယ်စရာပြောတဲ့အခါ
ဝင်ပြီး ရယ်မောပေးတတ်သူလိုမျိုးလေးပဲ
နင့်အတွက် အသုံးဝင်ရင် ...
ကျေနပ်ပါတယ် ...။

အချစ်ဆိုတာကို ...
ရယူပိုင်ဆိုင်ခြင်းလိုလို
စွန့်လွတ်ပေးဆပ်ခြင်းလိုလို
ငြင်းခုန်နေကြသူတွေကို ...
ငါ ... မုန်းတယ် ...။

တကယ်တော့ ...
ကောင်မလေးရယ် ...။

အချစ်ဆိုတာ ...။

ဖွင့်ပြောစရာ မလိုတော့လောက်အောင်
နင့်ကို ငေးကြည့်နေမိတဲ့အခါ ...
ကြယ်တာရာ အားလုံးကို ပိုင်ဆိုင်လိုက်သလိုမျိုး .......
.............. ..................။

ကျေးဇူးပြုပြီး ...
ငါ့ကို “အရူး”လို့ ခေါ်ပါကွယ် ...။     ။



Sunday, December 11, 2011

ရင်ကွဲ ပက်လက် ကဗျာ


ငါ့ကို ... ထားခဲ့လိုက်ပါ ...
ဧရာဝတီ .....။

လူသားအားလုံးအတွက်
အသက်ရှင်ခွင့် မရမှတော့ ...
သမိုင်းတစ်ခုလို
ကိုယ့်ကိုကိုယ် စာအုပ်လေးလို
ပိတ်နေလိုက်ပါတော့ ...။

အတ္တတွေ စီးဆင်းနေမယ့်
မြစ်ကြီးတစ်ခုကို
ငါတို့ ...
မမြင်ချင်တဲ့ အခါ ...။

သဘာဝတရားကို
ငါတို့ ...
ကယ်တင်ခွင့် မရတော့တဲ့ အခါ ...။

ထားလိုက်ပါ ... ဧရာဝတီရယ်
မျက်ရည်တွေနဲ့
ဆက် ... စီးဆင်းကြတာပေါ့ ...။ ။

၃၀ . ၉ . ၂၀၁၁

ထူးထူးဆန်းဆန်း စောစောစီးစီး နိုးနေတဲ့ ဒီမနက်က ရေးလိုက်တဲ့ ကဗျာပါ။ တိုက်တိုက်ဆိုင်ဆိုင် ထူးထူးဆန်းဆန်း ဖြစ်သွားတယ်။


Friday, December 2, 2011

အရောင် မရှိတဲ့ ကဗျာ


ငါဟာ... ပွင့်စရာ အပင်မရှိတဲ့
ဂျစ်ပစီ ပန်းတစ်ပွင့်ရယ်ပါ ...။

ငါ စိုက်ပျိုးချင်တဲ့
အိပ်မက်သစ်ပင်လေးက
ရာသီဥတုနဲ့ မကိုက်ညီခဲ့ဘူး ...။

ကောင်မလေးရေ ...။

လူတွေကိုက
မသိချင်ယောင် ဆောင်နေတာပါကွယ် ...။

နာမ၀ိသေသန မရှိတဲ့ ကောင်ကလည်း
သူလို ကိုယ်လိုလောက်တော့
မွှေးပြနိုင်ပါတယ် ...။ ။


Friday, November 25, 2011

အတ္ထုပတ္တိ


ဗီလိန်မပါတဲ့
ပြုံ့ပင်တစ်ပုဒ်လောက်
ပြောပြကြစမ်းပါ ....

အဲဒီထဲမှာ
လူစွမ်းကောင်းလုပ်ချင်လို့ ...။ ။



(ကျနော် ပထမဆုံး မြင်ဖူးတဲ့ ကျနော်ရဲ့ ပုံနှိပ်ကဗျာလေး ဖြစ်ပါတယ် ....
အဲဒီအတွက် အစ်မ မနော်ဟရီကို ကျေးဇူးအများကြီး တင်ပါတယ် ...)

Sunday, April 10, 2011

ဒီထက်ပိုပြီး ဘာမှ မျှော်လင့်မထားတဲ့ ကဗျာ

ဟန်ဆောင်ပြုံးနေရတဲ့
ပင်လယ်တစ်ကောင်လို
ငါ့ကိုငါ မုန်းနေတယ် ...။

ဒဏ်ရာတွေကို
အနက်ရှိုင်းဆုံးမှာ သိုဝှက်ရင်း
တည်ငြိမ်ချင်ယောင် ဆောင်နေခဲ့ရ ...။

မုန်တိုင်းမလေးရေ .......။

ငါ့ရင်ခွင်မှာတော့
နင်ဟာ ....
ဝုန်းဒိုင်းကြဲ နတ်သမီးပေါ့ ...။

လှိုင်းတွေ ခါတဲ့အထိ
နာကျင်ရတာတောင်
ငါ .....
နင့်ကို ချစ်သွားခဲ့မိတယ် ။ ။

Thursday, March 24, 2011

မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်

ဟိုတလောက ELEVEN ဂျာနယ်မှာ ဆောင်းပါးလေး တစ်ပုဒ်ဖတ်မိပြီး စဉ်းစားမိတာလေး ပြောပါရစေ။

ဒီလိုဗျ ...။

၂၀၁၁ နိုဝင်ဘာလမှာ SEA Games ဆိုတဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး လာတော့မယ်လေ။ ၂၀၀၀ ခုနှစ်နောက်ပိုင်း အိမ်ရှင်နိုင်ငံတွေဟာ အိုလံပစ်အားကစားနည်းတွေ မဟုတ်တဲ့ ရိုးရာအားကစားနည်းတွေကို ထည့်သွင်းပြီး ရွှေတံဆိပ်တွေ ယူကြတယ်တဲ့ဗျ။ ပြီးတော့ သူတို့ဆုမရနိုင်တဲ့ အိုလံပစ်အားကစားနည်းတွေကိုလည်း ဖြုတ်ထားတတ်တယ်တဲ့ဗျ။ ဒီလိုနည်းနဲ့ အိမ်ရှင်နိုင်ငံတွေက နိုင်ငံအလိုက် ရပ်တည်မှုထိပ်ဆုံးနေရာကို ယူတတ်ကြတယ်တဲ့။

ထားပါတော့ ....။ ကျနော်ပြောချင်တာက ၂၀၁၁ မဟုတ်ပါဘူး။ ၂၀၁၃ SEA Games ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာလေ။ အဲဒီအခါ ကျနော်တို့လည်း ရွှေတံဆိပ်တွေ ကြံဖန်ယူဖို့ လိုလာပြီ မဟုတ်လား။ အဲဒါကြောင့် ရိုးရာအားကစားနည်းဖြစ်မယ်ထင်တဲ့ ဟာလေးတွေကို ဉာဏ်မှီသလောက် စဉ်းစားကြည့်မိတယ်ဗျ။

၁။ ခေါင်းအုံးရိုက်ပြိုင်ပွဲ
(ဝါးလုံးတန်းပေါ် တက်ပြီး တစ်ယောက်နဲ့တစ်ယောက် ခေါင်းအုံးနဲ့ ရိုက်ရတာလေ။ အောက်ကျသူအရှုံး ...)

၂။ ချောတိုင်တက်ပြိုင်ပွဲ
(ဒါတော့ မြင်ဖူးကြမှာပါ ...)

၃။ပုဆိုးကွင်းစွပ် အပြေးပြိုင်ပွဲ
(နှစ်ယောက်တွဲ ပြိုင်ပွဲပေါ့ ... ဒါလဲ မြင်တယ်မဟုတ်လား ...)

၎။ ထုပ်ဆီးတိုး ပြိုင်ပွဲ
( အသင်းလိုက် အားကစားနည်းပေါ့ဗျာ ...)

၅။ ဇယ်ခုံပြိုင်ပွဲ
(လက်တောက်ခုံပေါ့ဗျာ ... စနူကာနဲ့ ဘိလိယက်ပြိုင်ပွဲကို ဖြုတ်မယ်ဗျာ ... အမယ် .. ခုနောက်ပိုင်း လက်တောက်ခုံတွေကလည်း pool table တွေလို ကျင်းခြောက်ကျင်း ဖြစ်နေပြီဗျ ..)

၆။ ကျားထိုးပြိုင်ပွဲ
(ဒါလည်း အတူတူပဲလေ ... စစ်တုရင်ပြိုင်ပွဲကို ဖြုတ်မယ် ...)

ပြီးတော့ ...
မြန်မာတွေ ဆုမရနိုင်မယ့် အားကစားနည်းတွေကိုလည်း အရှက်မရှိ ဖြုတ်ဖို့ လိုမယ်ဗျ။ ခု လာမယ့် အင်ဒိုနီရှား SEA Games မှာ သူတို့ ဆုမရနိုင်တဲ့ အမျိုးသမီး ဘော်လုံးပြိုင်ပွဲကို ဖြုတ်သလို ကျနော်တို့လည်း အမျိုးသားဘော်လုံးပြိုင်ပွဲကို ဖြုတ်ထားဖို့ လိုမယ် :-)

ဒါပါပဲဗျာ...
ကျနော့် စာကို ဖတ်မိတဲ့ သူတွေကလည်း စဉ်းစားမိသမျှ ရိုးရားအားကစားနည်းလေးတွေကို ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ် ...။ ။

Thursday, March 17, 2011

အတ္တမျက်ရည်

နွေဦးရာသီ တဲ့ ...
အာရပ်ကမ္ဘာမှာ
အာဏာရှင်တွေကို
ဆန္ဒပြလှုပ်ရှားမှုတွေနဲ့
ဖြုတ်ချနေသလိုများလား ...?

သူ့ကို ချုပ်ကိုင် အုပ်စိုးချင်တဲ့
လူသတ္တဝါတွေကို
ကမ္ဘာကြီးက ဆန္ဒပြနေတယ် ...။

ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း၊
သေဆုံးခြင်း၊ ....ခြင်း၊ ... ခြင်း ...
မျက်ရည်တွေ ... မျက်ရည်တွေ ...
လူတွေ ငိုနေတယ် ...။
ဟုတ်တယ် ...
ကမ္ဘာကြီးလည်း ငို ... နေ ... တယ် ...။

ကျနော်တို့ “လူသား”တွေ
အတ္တစိတ်တွေ လျှော့ကြရမယ် ...။

ကမ္ဘာကြီး
ပြန် ...
စိမ်း .. လန်း .. ပါ .. စေ ...။ ။

(ဂျပန် ငလျင် ... သို့ ...)

Friday, March 11, 2011

အရည်မရ အဖတ်မရများ

၁။ လတ်တလော ကျနော့် နေ့စဉ်အလုပ်

မနက်တိုင်း သတင်းစာဖတ်၍ ရယ်မောခြင်း
(ရယ်သောသူ အသက်ရှည်၏တဲ့ ... လိုက်လုပ်ကြည့်ပါလား ....။)


၂။ လွှတ်တော် အစည်းအဝေးဆိုသည်မှာ

(က) လတ်တလောတွင် စာပေစိစစ်ရေးလုပ်ငန်းသည် ၎င်းအစည်းအဝေးသို့ ရောက်ရှိနေခြင်း

(ခ) လိမ်ထားသည်များကို ထပ်မံအတည်ပြုခြင်း

(ဂ) အစီအစဉ် ရှိမရှိဟူသော အဆိုများကို နောင်လာမည့် အစိုးရသစ်ဝန်ကြီးများကမဟုတ်ပဲ မကြာခင် နှုတ်ထွက်ရတော့မည့် လက်ရှိအစိုးရ ဝန်ကြီးအဟောင်းများက ပြန်လည်ရှင်းလင်း၍ ကတိများပေးနေခြင်းကြောင့် ဟာသလွှတ်တော် ဖြစ်နေခြင်း


၃။ မျှဝေခြင်း

(၁၁.၃.၂၀၁၁ ထုတ် မြန်မာ့အလင်း သတင်းစာမှ ခေါင်းကြီး ...)

သတင်းစာစောင်ရေ နေ့စဉ် သုံးသိန်းကျော်၊ တစ်လလျှင် ကိုးသန်းကျော်နှင့် တစ်နှစ်လျှင် စောင်ရေ တစ်သန်းကျော် ဖြုန်းတီးလျက်ရှိ

မြန်မာ ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ၊ အသိဗဟုသုတများ၊ ဖျော်ဖြေမှုများကို ကမ္ဘာ့ပြည်သူများနည်းတူ မပြည့်မဝ ရရှိခံစားနိုင်
(ကျနော်က မျက်လုံးမကောင်းဘူး ...။)


၎။ ချင်းအမျိုးသားလွှတ်တော်

(သိဘူးလေ ... လောလောဆယ်တော့ ချင်းတွေပဲ တောင်းနေတာပဲ ... တခြားပြည်နယ်၊ တိုင်းတွေမှာ လိုလေသေးမရှိ ပြည့်စုံနေလို့ ဖြစ်မှာပေါ့ ...။)

Tuesday, March 8, 2011

ဘာမှမသိလိုက်ရတဲ့ ဂျာနယ်လစ်

သိကြားမင်းက မြန်မာ့အလင်းဖတ်ပြီး ခေါင်းခါတယ်။ ပြီးတော့ သူ့ရှေ့မှာ ရှိနေတဲ့ တာဝတိံသာ သတင်းထောက်ကို ပြောတယ် ...

“ဟဲ့ ... မြန်မာပြည်မှာ လွှတ်တော်အစည်းအဝေးက တစ်ရက်ကို ခဏလေးလုပ်လုပ်ပြီး ရက်တွေ ကြာလှပါလားဟဲ့ ... အဲဒါ ဘာကြောင့်လဲဆိုတာ မင်းနဲနဲ သွားစုံစမ်းစမ်း ...”

“Yes , Boss”

တာဝတိံသာသတင်းထောက်လည်း Harry Potter ဇာတ်ကားထဲကလို ဖောက်ကနဲ ပျောက်ပြီး ချက်ချင်းပဲ လွှတ်တော်ခန်းမထဲက ကျိုင်းကြီးရှေ့မှာ ဘွားကနဲ ပေါ်လာတယ် ...

“ဟဲ့ .. ပလုတ်တုတ်”

စာရွက်ထဲက စာသားကို အပီအပြင် ဖတ်ပြဖို့ပြင်နေတဲ့ လွှတ်တော်နာယကကြီး လန့်အော်တယ် ...

“ဟင်” “ဟာ”

လွှတ်တော်အမတ်တွေထဲကလည်း ကျွတ်စီကျွတ်စီနဲ့ အသံတွေ ထွက်လာတယ်။ အိပ်ငိုက်နေတဲ့ အမတ်တွေလည်း မျက်လုံးပွတ်ပြီး အံ့ဩသွားကြတယ်။ နောက်မှ လွှတ်တော်နာယကကြီးက သတိဝင်လာပြီး ...

“ဟဲ့ .. လွှတ်တော်ထဲကို ဘယ်သတင်းထောက်မှ ပေးမဝင်ပါနဲ့ဆိုတာ မင်းက ဘယ်လိုရောက်လာတာတုန်း ... လုံခြုံရေးတွေ ဘာလုပ်နေတာလဲ”

“ငှဲ ငှဲ ငှဲ ... ကျုပ်ကို ဘယ်လုံခြုံရေးကမှ တားလို့မရဘူးဗျ ... ကျုပ်က သာမန်လူ့ပြည်က ဂျာနယ်လစ်မဟုတ်ဘူး .. တာဝတိံသာသတင်းထောက်ဗျ .. သိကြားမင်းက မြန်မာပြည်မှာ လွှတ်တော်အစည်းအဝေး ဘာကြောင့်ကြာနေရလဲဆိုတာ မေးခိုင်းလို့ လာမေးတာ .. ကဲ .. လွှတ်တော်နာယကကြီး ရှင်းစမ်းပါဦးဗျ ...”

လွှတ်တော်နာယကကြီး တွေဝေသွားတယ် …။ ပြီးမှ မျက်မှန်ကိုချွတ် ခေါင်းရမ်းရင်း ...

“ကျုပ်လည်းမသိဘူးဗျ ... နေဦး .. ပြည်သူ့လွှတ်တော် ဥက္ကဌကြီးများ သိမလားမသိဘူး ... သွားမေးကြည့်ပါလား ...”

အဲဒီတော့ တာဝတိံသာသတင်းထောက်လည်း ရှာမေးရတော့တာပေါ့ ...

“.........?”

“ဘာတွေ လာမေးနေတာလဲ .. သမ္မတမလုပ်ရလို့ တင်းနေတယ်နော် .. ကျုပ်လည်းမသိဘူး .. သွားဗျာ ... သိချင်ရင် သမ္မတကြီးကိုသာ သွားမေးပေတော့ ...”

တာဝတိံသာသတင်းထောက်လည်း မိန့်မိန့်ကြီး အိပ်ငိုက်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း၊ ဘာဟောင်း ညာဟောင်း လက်ရှိသမ္မတ အသစ်ချပ်ချွတ်ကြီးကို သွားမေးရတယ် ...

သူကတော့ ပြတ်တယ်။ တစ်လုံးတည်း ဖြေတယ် ...

“မသိဘူး”

ပြတ်ကရော ...။




အဲဒါနဲ့ တာဝတိံသာသတင်းထောက်လည်း ခေါင်းခြောက်ပြီး ဘာလုပ်ရမှန်းမသိတာနဲ့ သိကြားမင်းကို အစီရင်ခံစာ တင်လိုက်တယ် ...
“သိကြားမင်းကြီးခင်ဗျား .. မြန်မာပြည်က လွှတ်တော်အစည်းအဝေး ဘာကြောင့် ကြာနေရသလဲဆိုတာ မြန်မာနိုင်ငံ သမ္မတကြီးတောင် မသိရတဲ့အတွက် သိကြားမင်းကြီးလည်း မသိချင်ပါနဲ့တော့လို့ အစီရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား ...”

ပြတ်ကရော ... ။ ။