မသေကောင်း မပျောက်ကောင်း အဘရယ်
ကျနော့် မျက်စိရှေ့တင် လူတစ်ယောက် အက်ဆီးဒင့် ဖြစ်ပြီး ဆေးရုံရောက်သွားတယ်။ ကျနော့် ပယောဂလည်း မကင်းဘူးဆိုတော့ စိတ်မကောင်း ဖြစ်မိတာပေါ့။ ဖြစ်ပုံက ဒီလိုဗျ။
ကျုံးဘေး ၂၆လမ်း၊ အနောက်ကနေ အရှေ့ကို အသွား ၇၈လမ်းထောင့်ကျ မီးပွိုင့်မိလို့ ရပ်နေတုန်း ကျနော့်ဆိုင်ကယ်ဘေးမှာ ဆိုင်ကယ်တစ်စီး လာရပ်တယ်။ တောက အဘကြီးတစ်ယောက်ထင်ပါတယ်။
အဲဒီအချိန်မှာ တခြားဆိုင်ကယ်တွေ ကားတွေ ညာဘက် ၇၈လမ်းထဲကို ဝှီးကနဲ ဝှီးကနဲ ကွေ့မောင်း သွားကြတာပေါ့။ အဲဒီတော့ အဘကြီးက ...
“ဟ ... မီးနီနေတာတောင် ဒီကောင်တွေ မရပ်ပဲ ကွေ့သွားကြပါလား ...”
ကျနော်ကိုက မနေနိုင်မထိုင်နိုင် ဝင်ပြောမိတာပါ ...။
“အဲဒီလမ်းက မီးနီလည်း ကွေ့လို့ရတယ်လေ ... GIVE WAY ...”
“ဟေ ! ဟုတ်ဟ ... အဲဒါဆို ငါလည်း သွားပြီဟေ့ ...”
အံ့သြတကြီး ဝမ်းသာအားရနဲ့ ကွေ့သွားလေရဲ့။ ကျနော့်စိတ်ထဲ ထင့်ကနဲ ...။
အဲဒီနေ့ အဲဒီမီးပွိုင့်မှာပဲ အဲဒီအဘကြီးကို ပြန်တွေ့ရလေရဲ့။ ဒီတစ်ခါတော့ အရှေ့ကနေ အနောက်ကို မောင်းလာတာပါ။ ကျနော့်စိတ်ထဲ ထင့်ကနဲ ...။
ကျနော့်ဘေးကနေ အဲဒီအဘကြီး မီးနီဖြတ်မောင်ပြီး ၇၈လမ်းထဲ အကွေ့ ......
“ ဒုန်း ” ...... “ဟာ ! တိုက်ပြီဟေ့”
“ ရွှီ ” ..................
“မီးနီဖြတ်မောင်းတာ .... တိုက်ပြီဟေ့ ...”
လမ်းထဲက ထွက်လာတဲ့ ကားနဲ့ တိုက်ကြပါလေရော ....။
ကျနော် တကယ် စိတ်မကောင်းပါဘူး။ ကျနော်ကိုက မနေနိုင် မထိုင်နိုင် ဝင်ပြောမိတာကိုး ....။ ။