Friday, February 19, 2010

ကောင်းကင်မရှိတဲ့ ငှက်တစ်ကောင်အတွက် အရိပ်


ငါ့ကိုငါ တားဆီးခဲ့တယ် ...
အကြိမ်ကြိမ်ပါပဲ ....။

လမိုက်ညလို ဘဝထဲကို
ပျိုးမကြဲပါနဲ့လို့ (မင်းကို)
ငြင်းဆန်ခဲ့တာလည်း တစ်ခါမက။

ဒီပန်းကို မလိုချင်လို့
မော့မကြည့်တာ မဟုတ်ပါဘူး
လမ်းတွေက ဆူးအပြည့်နဲ့မို့
ခေါင်းမမော့မိတာကို ကြာပါပြီ။

ကောင်းကင်ရဲ့ မိုးရေစက်တွေက
အေးမြမယ်မှန်း သိရက်နဲ့
ခဏခဏ မိုးခိုနေတဲ့ကောင်ပါ။

ငါ့ရဲ့ ဆန့်ကျင်ဘက်လေးရေ ....။

ငါဟာ ကျောက်ရုပ်မဟုတ်ဘူးကွဲ့
မင်းအတွက် အလံဖြူတွေကို
ရင်ခွင်နဲ့ အပြည့် သိမ်းထားသူပါ။

တစ်နေ့တော့ ...
နှင်းဆီအနီတွေကို
မင်းအိပ်မက် လိပ်စာတပ်ပြီး
အရောက်ပို့လိုက်ပါ့မယ်။ ။

34 comments:

ဇောင်း said...

ကိုလင်္ကာရဲ့ ဆန့်ကျင်ဘက်လေးက နှင်းဆီနီတွေကို မျှော်နေမှာသေချာတယ်၊ :)
ŽãųʼnĢ

ကြည်ဖြူပိုင် said...

ကောင်းလိုက်တဲ့ကဗျာလေး
သတိထားမိသလောက်ကတော့
ကဗျာရေးတာ ရှယ်တော်တယ်
ကဗျာဆိုတာခံစားမှုတစ်ခုကိုအထိရောက်ဆုံးဖော်ပြနိုင်တဲ့စာစုလို့သတ်မှတ်ထားလို့ ကဗျာရေးကောင်းသူတွေကိုလေးစားမိပါတယ်

win latt said...

ငါ့ရဲ့ ဆန့်ကျင်ဘက်လေးရေ...
မင်းအတွက် အလံဖြူတွေကို
ရင်ခွင်ထဲသိမ်းထားလို့...တဲ့
သွေးအတွက်ရေးလက်စ ပန်းချီကား
သေဒဏ် ချမှတ်သွားတယ်
သစ္စာဖေါက်တို့အတွက် အမိန့်ဆိုပဲ....။
(ကျွန်တော်နားလည်သလို နားလည်လိုက်တာပါ။)

chocothazin said...

ကဗျာကောင်းလေးတစ်ပုဒ်တော့ဖတ်ရပြန်ပါပြီ။
ဆန့် ကျင်ဘက်လေးကတော့ နှင်းဆီနီတွေရရင် ပျော်နေတတော့မှာပဲ။

မိုင်:ခိုဝ်: said...

အားပါး....ကဗျာလေးက လေးနက်လွန်းလို့ ဘာပြောလို့ပြောမှန်းကိုမသိခဲ့ဘူး..။
ဆန့်ကျင်ဘက်က နှင်းဆီလားဟင်? :D

နောက်တာ..ကောင်းပါတယ်၊ အားပေးနေပါတယ်ဗျာ။

Jalata

ကိုအောင် said...

ဆန့်ကျင်ဘက်တွေက နှင်းဆီနီကို မျှော်နေတာလား။

maylay said...

ကဗျာလေးကောင်းလိုက်တာ။ ငါ့ရဲ့ဆန့်ကျင်ဘက်လေးဆီ နှင်းဆီနီ ပို့ဖြစ်ပြီလား။ အေးမြမယ်ဆို အဲဒီမိုးကို မခိုခဲ့ရင် လိပ်စာလည်း ရှာစရာလိုခဲ့မှာ မဟုတ်ဘူးနော်။ တွေးချင်သလိုတွေးသွားတာပါ။ ကဗျာလေးကို နက်နက်ရှိုင်းရှိုင်းလေး ခံစားဖြစ်သွားပါတယ် ။ ကျန်းမာပျော်၇ွှင်ပါစေ

သိင်္ဂါကျော် said...

“ဒီပန်းကို မလိုချင်လို့
မော့မကြည့်တာ မဟုတ်ပါဘူး
လမ်းတွေက ဆူးအပြည့်နဲ့မို့
ခေါင်းမမော့မိတာကို ကြာပါပြီ။”
တဲ့လား.. ဆန့်ကျင်ဘက်လေးလည်း သိမှာပါ။

ကဗျာလေးက တကယ်ကောင်းတယ်..။

မြစ်ကျိုးအင်း said...

အိုင်ဒီယာအလန်းလေးနဲ့ စာတွေ ရေးကောင်းသလို ကဗျာရေးတော့လည်း ကောင်းလွန်းတာပါပဲ။

Flower said...

ဒီကဗျာလေးကို တော်တော်လေး
နှစ်သက်မိတယ် ကိုနွေဆူး..
နှင်းဆီနီကို ပို့ရမဲ့ လိပ်စာရှင်
အမြန်ဆုံးတွေ့ပါစေ..
ကဗျာလေးကိုချီးကျူးဖို့ စကားလုံး
ရှာမရဘူး.. သိပ်ကောင်းလွန်းနေလို့
ရင်ထဲတော့ တော်တော်ထိသွားတယ်..

desertraindrops said...

နှင်းဆီနီတွေ တပွေ့တပိုက်နဲ့ လှမ်းလာသူကို မျှော်နေပါ့မယ်တဲ့။ :)
ကဗျာလေး ကောင်းတယ်။

အဖြူရောင်နတ်သမီး said...

“တစ်နေ့တော့ ...
နှင်းဆီအနီတွေကို
မင်းအိပ်မက် လိပ်စာတပ်ပြီး
အရောက်ပို့လိုက်ပါ့မယ်။ ”......တဲ့
အဲဒီလိပ်စာက ရေအောက်ထဲကနေရာမလား..
နဂါးမလေးဆီကိုပို့မယ့် ပန်းကလည်း နှင်းဆီနီဆိုတော့...သေခြာတယ်...စနေမ လေးပဲဖြစ်ရမယ်...

ဇော် said...

လှလိုက်တာဗျာ ..
ဖတ်ရတာ သိပ်ကို အရသာရှိတယ် ..
ဥပမာတစ်ခုပေးရမယ်ဗျနော် ..
ကျနော်တို့ ကော်ဖီသောက်ရင်း မိုးစက်လေးတွေကို ထိုင်ခံစားကြသလိုပေါ့.. =)

~ဏီလင်းညို~ said...

ကိုနွေဆူးရေ...
ကဗျာလေးကိုခံစားရင်း....
“ကောင်းကင်ရဲ့ မိုးရေစက်တွေက
အေးမြမယ်မှန်း သိရက်နဲ့
ခဏခဏ မိုးခိုနေတဲ့ကောင်ပါ။”...ဆိုတဲ့နေရာလေးမှာ ထိသွားတယ်....။ တစ်ကယ်ဗျာ....း((
(စကားမစပ် မွေးနေ့ဆုတောင်းပေးတာ တစ်ကယ်ကျေးဇူးတင်တယ်ဗျ....း))
ခင်မင်တဲ့
ဏီလင်းညို

ပန်းခင်းလေး said...

ဆန့် ကျင်ဘက်လေးဆီကို
နှင်းဆီနီတွေ အမြန်ဆုံး ပို့ ပေးနိုင်ပါစေ


ခင်မင်စွာနဲ့ 

ပန်းခင်းလေး

သဒ္ဓါလှိုင်း said...

ကဗျာကောင်းလေးတွေဖတ်ရတဲ့အတွက်ကျေးဇူးပါ။
အရေးအသားကောင်းတာကိုး...။ မျက်လုံးထဲမှာနှင်းဆီနီတွေကိုပြေးမြင်လိုက်မိတယ်။
ဆန့်ကျင်ဘက်လေးဆီမြန်မြန်ပို့နိုင်ပါစေနော်။
ခင်တဲ့
သဒ္ဓါ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ကိုနွေဆူး ..

မိုးရေစက်တွေ အေးမြမယ်မှန်း သိရက်နဲ့ ခဏခဏ မိုးခိုမိသူပါတဲ့..
တကယ့်ကို အတွေးထွေ ထပ်ခါထပ်ခါ တွေးမိ ခံစားမိစေတဲ့ အရေးအသားတွေ နဲ့မို့ အရေးအသား အဖွဲ့အနွဲ့ စကားလုံး ရွေးချယ်တင်ပြမှု အားလုံး ပြည့်စုံ ကောင်းမွန်တဲ့ ကဗျာကောင်း တစ်ပုဒ်ပါ ကိုနွေဆူးရေ... အမြဲအားပေးနေတယ်။

ခင်မင်စွာဖြင့်
ကိုမျိုး

Anonymous said...

ကဗျာလေးရဲ့ အဖွဲ့ထဲ ထိရှစွာ စီးဝင်မျောသွားရင်း..
ကဗျာကောင်းလေးတွေ ဖတ်ရတာ အစားကောင်းစားရတာထက် စိတ်အဆာပြေလှတယ်

ဂျစ်တူး ( မုံရွာ ) said...

ဟာ ! ! !
အံ့ဋ္ဌသခြင်းများစွာနဲ့ နွေဆူးလင်္ကာ ရဲ့ ကဗျာကလေးကို
ဖတ်တယ်-ဖတ်ပြီးရင်းဖတ်တယ်-ရင်ထဲကနေဖတ်တယ်
နှလုံးသားစစ်စစ်နဲ့ ဖတ်တယ်-ငါ့နှလုံးသားတွေအရမ်း
နာလောက်တဲ့အထိဖတ်မိတယ်-နောက်ဆိုရင်- - - -
ဆူးတွေခင်းထားတဲ့လမ်းဟာပန်းခင်းလမ်းဖြစ်နိုင်သလို-
မိုးစက်ကလေးတွေအောက်မှာပန်းကလေးတွေလန်းနိုင်ခွင့်
ရှိပြီးနှင်းဆီပန်းတွေအရောက်ဆက်သနိုင်ပါစေလို့- - -

Unknown said...

နှင်းဆီနီလေးအမြန်ပို့နိုင်ပါစေ

bravo said...

အေးဗျာ
လမိုက်ညကလည်း ခင်ဗျားရင်ထဲကို
ပျိုးကြဲနေသကိုး.........

ဇာဏီ

ညလင်းအိမ် said...

ကောင်းကင်ရဲ့ မိုးရေစက်တွေက
အေးမြမယ်မှန်း သိရက်နဲ့
ခဏခဏ မိုးခိုနေတဲ့ကောင်ပါ။....

အဲဒီစာသားလေးမိုက်တယ်..ကိုနွေဆူးရဲ့ ကဗျာလေးက အရမ်းလှတယ်..

မီးမီးဂျူး ( မေခင် ) said...

နှင်းဆီနီလေး အမြန်ပေးလိုက်နော်

ဂျစ်တူး ( မုံရွာ ) said...

အနာခံပြီး
လာဖတ်သွားပြန်ပြီဗျာ-

သော်ဇင်စိုး said...

အကိုရာ ကောင်းလိုက်တဲ့ ကဗျာ ဗျာ.....
တကယ်ပါပဲ အားကျတယ်ဗျာ...

k2tmaung said...

ကဗျာလေးက ကောင်းလွန်းတော့...
အင်း...
heart ထိသွားတယ်...
အားပေးလျှက်... :)

ကဗျာဦး said...

နှင်းဆီနီတွေ ပို့ပေးလိုက်ပါ

ဂျစ်တူး ( မုံရွာ ) said...

နွေဆူးရေ - - -
လိုင်းပေါ်မှာလည်းမတွေ့ ဘူး - - -
ဘယ်တွေသွားပြီးဘာတွေလုပ်နေလဲဗျ - - -
ဒီကဗျာကလေးလည်းကြာလှပြီနော် - - -
အဆင်ပြေပါစေဗျာ - -
ထပ်ပြီးခံစားသွားပြန်ပြီဗျာ - - -

အနှိုင်းမဲ့ said...

ကောင်းလိုက်တဲ့..ကဗျာလေးနော်
အခုမှရောက်ဖြစ်ပေမယ့်..
နောက်လဲ ကဗျာတွေလာအားပေးအုံးမယ်နော်။

Nwai Hninn said...

ကြိုက်၏

Younggun said...

ငါ့ရဲ့ ဆန့်ကျင်ဘက်လေးရေ ဆိုတဲ့ ခေါ်သံလေး အကြိုက်ဆုံးဗျာ

Unknown said...

တကယ်တော့ဆုမြတ်မွန်မွန်စာအုပ်ရှာရင်းဒီဆိုက်ကိုရောက်လာတာပါ .. ကဗျာတွေ့တော့မဖတ်ဘဲမနေနိုင်ဘူးလေ .. ဖတ်ပြီးသွားတော့ဒီမှာတင်မရပ်လိုက်ချင်ဘူး .. ခြေရာခံဖို့သဲလွန်စလေးပေးပါလား ။ ကိုယ်လဲကဗျာတွေနဲ့ရှင်သန်နေတဲ့သူပါ ။
ခင်တဲ့
ကောင်မလေး 13

နွေဆူးလင်္ကာ said...

ကောင်မလေး 13 ရေ ... ဘယ်လိုပဲ ရောက်လာ ရောက်လာ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ။

ဇော် said...

အကို.. ဒီကဗျာတစ်ပုဒ်လုံး ကျနော်ကူးလိုက်မိပါတယ်.. ဖတ်ဖူးသမျှကဗျာတွေထဲမှာ တစ်သသနဲ့ ပြန်ဖတ်ချင်စရာကောင်းလွန်းတဲ့ကဗျာလေးမို့ .. ကျနော် သိမ်းလိုက်မိတယ်ဗျာ... =)