Wednesday, February 10, 2010

အိပ်မက် (၂)


“မင်းက စကားအရမ်း များတာပဲ ...”

ကျနော့် အိပ်မက်က ကျနော့်ကို ပြောပါတယ်။

“ငါ့ ပါးစပ်နဲ့ ငါ ပြောတာ ... ဘာဖြစ်လဲကွာ ... ကိုယ့်နေရာကိုယ် နေစမ်း ... နေရာတကာ ဝင်မပါနဲ့ ...”

ကျနော် ပြန်ဟောက်လိုက်တော့ အိပ်မက် ငြိမ်သွားပါတယ်။

အိပ်မက်ထဲမှာ ကျနော် စကားတွေ အများကြီး ထပ်ပြောပစ်တယ်။

“.... ....... ........... ................ ..... ...........”

“သားရေ .. ဘယ်အချိန်ရှိပြီလဲ ထတော့လေ ..”

အမေလာနှိုးလို့ ကျနော့် အိပ်မက် ရပ်သွားတယ်။

“သွား ... မျက်နှာသစ် ... အောက်မှာ အမေ မနက်စာ ပြင်ထားတယ်”

အိပ်ရာနိုးစ ကြည်လင်တဲ့ အပြုံးနဲ့ အမေ့ကို ပြုံးပြပြီး ခေါင်းငြိမ့်ရင်း ကျနော် ပြန်ပြောလိုက်တယ် ....

“အား ဘား ဘား ... အာ ဘား ဘား ... အ ဘား ဘား ...”။ ။



ဒီဝတ္တုလေး ရေးပြီး ကျနော် စဉ်းစားမိတယ်။ မွေးရာပါ မျက်စိမမြင်တဲ့သူတွေ အိပ်မက် မက်ရင် ဘာတွေ မက်ကြသလဲ လို့လေ။ သူတို့ အိပ်မက်တွေကို ကျနော် မြင်ကြည့်ချင်လိုက်တာ။ ကံနည်းတဲ့ မွေးရာပါ အလင်းမဲ့လေးတွေကို အတွေးနဲ့တင် အရမ်းကိုယ်ချင်းစာမိပါတယ်။ ဘာတွေ မက်သလဲ ဆိုတာ သိတဲ့သူများရှိရင် ကျေးဇူးပြုပြီး ပြောပြပေးသွားကြပါ။

18 comments:

လသာည said...

မသိဘူး။ အစ်မတော့ ဖတ်ပြီး အမေ့ပဲ လွမ်းသွားတယ်.. "အိပ်ရာထတော့လေ ထမင်းပြင်ပြီးပြီ သမီးလို့ ပြောသံ ကြားယောင်မိလို့..." :'(

သော်ဇင်စိုး said...

အပြေးကလေးလာဖတ်သွားပါတယ် အကိုခင်ဗျား..
အမှောင်တွေထဲ.. အချိန်မရွေးကွဲရှနိုင်တဲ့ မရေမရာ အိပ်မက်တွေပဲ မက်မယ်ထင်ပါတယ် ခင်ဗျား...
လေးစားလျက်....

သွယ်လင်းဆက် said...

ဘယ်လိုမက်လဲတော့ မသိဘူးဗျ။ အရောင်တွေ မပါတာတော့သေချာတယ်။

Flower said...

တိုတိုလေးနဲ့ဝတ္ထုတစ်ပုဒ်ဖြစ်သွားပြန်ပြီ..
မနာလိုကိုဖြစ်လာမိတယ်..
ဘယ်လိုစိတ်ကူးကောင်းတွေရနေတယ်မသိ..
နည်းလမ်းလေးရှိရင်ပေးဦးနော်..


ပျော်ရွှင်ချမ်းမြေ့ပါစေရှင်..

Nge Naing said...

ပို့စ်လေးက သိပ်အဓိပ္ပာာ် ရှိပါတယ်။ မွေးကတည်းက ဘာမှ မတွေ့ဖူးဘူးဆိုတော့ ဘယ်လိုလုပ်ပြီး အိပ်မက်မှာလည်း အမြင်အာရုံနိုင်မလဲ။

Khyl said...

စကားချည်းပဲ ပြောနေရတဲ့သူတွေ ဆိုရင်ရော ဘာအိမ်မက် မက်မလဲ မသိဘူးနော်...
ပေါက်ပေါက်ရှာရှာတွေးမိတယ် ကိုနွေဆူးရေ...

မင်းနေဝေး said...

ထင်ထင်ရှားရှားရှိနေမယ့် အိပ်မက်မျိုးတော့ မမက်ဖူးဘူး .. အိပ်မက် ယောင်တွေပဲ ကာလာတွေ မသိဘူး .. ကျိန်းသေတာတစ်ခုပဲရှိတယ် အိပ်မက်ထဲမှာတော့ ပေါ့ပါးလွတ်လပ်နေတယ်

maylay said...

မွေးရာပါမဟုတ်တဲ့ မေလေးလို့ အမြင်အာရုံအားနည်းသူတောင် အိပ်မက်ကို မက်ရမှာ ကြောက်တယ်။ သိပ်မပီပြင်လို့လေ။ သူတို့လို မွေးရာပါတွေ အိပ်မက်မက်ရင် အရောင်တွေ ပါချင်မှ ပါမယ်ထင်တယ်။ သူတို့တွေ အပြင်မှာရော၊ သူတို့ပဲပိုင်တဲ့ အိပ်မက်ထဲမှာတောင် အမှောင်ထဲပဲနေရတယ်။

ကိုလူထွေး said...

အမြင်တွေကို သိမ်းထားတဲ့ ဦးနှောက်ရဲ့ အပိုင်းမှာ ဗလာ ဖြစ်နေမှာဆိုတော့ အိပ်မက်မက်ရင် အသံတွေ အနံ့တွေနဲ့ပဲ ပြန်မက်မယ် ထင်တယ်...

ဒါနဲ့ ကဗျာဆရာကရော နိုးနေလျှက် ဘယ်လို အိပ်မက်မျိုး မက်ပါသလဲ ခင်ဗျာ...

းဝ)

Unknown said...

အိပ်မက်အကြောင်း
အင်းးးးးးးးးးးးးးးး

ဂျစ်တူး ( မုံရွာ ) said...

အင်း----
ဒို့ ရွာဦးကျောင်းကအုန်းမောင်းခေါက်သံမကြားရတာကြာ
လှပြီဗျာ-အမေ့ နိုးသံမဋ္ဌကားရခင်မှာ-ဘုန်းဋ္ဌကီးကျောင်းက
အုန်းမောင်းခေါက်သံကြားရတာနဲ့ အိပ်ယာထရတော့တဲ့ 
အဖြစ်ကလေးကို နွေဆူး ရဲ့  အိမ်မက် ကလေးဋ္ဌေကာင့်
သတိတွေရသွားလိုက်တာတသီတတန်းကြီးပါခင်ဗျာ-
အိမ်မက်ကလေးကလင်္ကာမြောက်သွားတာပေါ့ဗျာ-

ဂျစ်တူး ( မုံရွာ ) said...

မွေးရာပါမျက်စေ့မမြင်တဲ့သူတယောက်ကိုလိုက်ရှာရမလို
ဖြစ်နေပြီ-နွေဆူး သိချင်နေတဲ့မေးခွန်းကလေးကိုမေးချင်
လိုပါ-ဟုတ်တယ်နော်-နွေဆူးမှာတကယ့်ကိုခံစားတတ်တာ
ဘဲ-လေးစားလျက်ပါခင်ဗျာ

သူကြီးမင်း (တုံးဖလား) said...

ပျားစားလက်ရေဆေးသည့်နှယ်၊ ပြေးလိမ့်ပျောက်စင်...
ဘာဆိုလဲ မသိတော့ဘူး။ ကဗျာတစ်ပုဒ်ရဖူးတာ။ အဲဒီထဲမှာ .. လူအအိပ်မက်မြင်.. ဆိုတာ ပါတယ်။
သတိရသွားလို့။

ရေးတတ်တော့ ၀တ္ထုဖြစ်တာပေါ့လေ။ ဆရာကြီးအဆင့် ။းဝ(။

အိုင်လွယ်ပန် said...

အတွေးလေး လှတယ် ...။

desertraindrops said...

မငုံလဲ သိဘူး။ အိပ်ပုတ်ကြီးလို့ အိပ်ရာက ထပါတော့လို့ ဆယ်ခါလောက် ခေါ်မှ နိုးမှ နိုးတတ်တဲ့ မငုံ အခုတော့ မထချင်လဲထ မအိပ်ချင်လဲ စောစောအိပ်နဲ့ အိမ်ကို လွမ်းနေရပြီ။

k2tmaung said...

မည်းမည်းကြီးတွေပဲ မက်မယ်ထင်တယ်... :P
နောက်တာ...
ကိုယ်တိုင်လည်း အမြင်အာရုံချို့တဲ့သူမို့ အမြင်အာရုံချို့ယွင်းချက်ရှိတဲ့သူတိုင်းကို အရမ်း(အရမ်း) ကိုယ်ချင်းစာပါတယ်...
လူတိုင်းကို အလင်းထဲမှာပဲ နေစေ့ချင်ပါတယ်... :)
လေးစားအားပေးလျှက်...

ရွှေပြည်သူ (ShwePyiThu) said...
This comment has been removed by the author.
ရွှေပြည်သူ (ShwePyiThu) said...

“မွေးရာပါ မျက်စိမမြင်တဲ့သူတွေ အိပ်မက် မက်ရင် ဘာတွေ မက်ကြသလဲ”

ဟုတ်တယ်နော်... ထူးထူးခြားခြား အတွေးပါပဲ။ သူတို့လည်း သူတို့ရဲ့ အမှောင်ကမ္ဘာထဲမှာ သူ့နည်းသူ့ဟန်နဲ့ ပုံဖော်ထားတာတွေ ရှိပြီး အဲဒါတွေကိုပဲ အိပ်မက်အဖြစ် မက်မလားပဲ...။ တွေးကြည့်မိတာပါ...