Wednesday, January 27, 2010

စီတီဒဗလျူ

ဒီနေ့ ကျနော် ဆရာနတ်မှူး ရဲ့ သမိုင်းမဲ့ ကောင်းကင် ဝတ္တုတိုစု စာအုပ် ကို ဖတ်ဖြစ်ပါတယ်။ တော်တော် ကြိုက်သွားပါတယ်။ မိတ်ဆွေတွေကို မျှဝေခံစားပေးချင်စိတ် ပေါ်လာတာနဲ့ မျှဝေခြင်းဆိုတဲ့ ကဏ္ဍလေးတစ်ခု ဖွင့်လိုက်ပါတယ်။ ဆရာနတ်မှူးကို အရင်က မဖတ်ဖူးပါဘူး။ မဂ္ဂဇင်းတွေမှာ ပါပေမယ့် ကျနော် မဖတ်ဖြစ်ပါဘူး။ ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိပါတယ်။ ကျနော်ဟာ စာဖတ်တာ မဟုတ်ပဲ စာရေးဆရာ ဖတ်နေတာပဲ။ မဂ္ဂဇင်းတစ်အုပ် ကို မာတိကာ လှန်ကြည့်ပြီး ကိုယ်ကြိုက်တဲ့ စာရေးဆရာရဲ့ စာကိုသာ ဖတ်ဖြစ်ပါတယ်။ နောက်ဆို စာပဲ ဖတ်ဖို့ ကြိုးစားပါတော့မယ်။
ခု ဆရာနတ်မှူးရဲ့ ဝတ္တုတိုလေးကို ဖတ်ကြည့်စေချင်ပါတယ်။ နောက်ဆုံးမှာ စာရေးဆရာ ပေးချင်တဲ့ မက်ဆေ့ခ်ျ လေးက တော်တော် ကောင်းပါတယ်။ ဘာပဲ ဖြစ်ဖြစ် လက်ညောင်းအောင် ရိုက်ထားတဲ့ စာလေးကို အားနာပါးနာ ဖတ်သွားကြပါဗျာ။ ကျနော့်လိုပဲ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။


စီတီဒဗလျူ

“မင်္ဂလာပါရှင်၊ ဟာရိုးရော်ဘင် လေကြောင်းလိုင်းမှ ကြိုဆိုပါတယ်” ကျွန်တော်တို့ ခရီးသည်များ လေယာဉ်ပေါ်မှာ နေရာယူပြီးသည်နှင့် လေယာဉ်မယ် ချောချောလေးက အပြုံးနှင့် နှုတ်ဆက်သည်။ “ယခု ခရီးစဉ်က စီတီဒဗလျူခေါ်တဲ့ စာရေးဆရာမြို့တော်ကို ပျံသန်းမယ့် ခရီးစဉ် ဖြစ်ပါတယ်။

စီတီဒဗလျူနဲ့ ပတ်သက်ပြီး ကျွန်မ အနည်းငယ် ရှင်းပြချင်ပါတယ်။ ဒီမြို့တော်ရဲ့ ပထမဦးဆုံး မြို့တော်ဝန်က မစ္စတာ အာနိုး ဖြစ်ပါတယ်။ သူဟာ စာအလွန်ဖတ်ပြီး ကမ္ဘာ့စာပေ အရပ်ရပ်မှာ နှံ့စပ်သူ တစ်ဦး ဖြစ်တယ်။ နောက် စာရေးဆရာ၊ ကဗျာဆရာများကိုလည်း အင်မတန် လေးစား ချစ်ခင်သူ ဖြစ်တယ်။ တစ်နေ့တော့ အစည်းအဝေး တစ်ခုမှာ သူက ဒီလို တင်ပြ လာပါတယ်။ “ကမ္ဘာကြီးမှာ စာရေးဆရာ၊ ကဗျာဆရာ မရှိတဲ့ တိုင်းပြည်ရယ်လို့ မရှိဘူး။ သမိုင်းဆရာက အတိတ်က ဖြစ်ရပ်တွေကို မှတ်တမ်းတင်တယ်။ စာရေးဆရာ၊ ကဗျာဆရာများကတော့ လောလောဆယ် အခြေအနေတွေကို ရေးသား ဖော်ကျူးပြီး လူ့လောက တိုးတက်အောင် လုပ်ဆောင်နေသူများ ဖြစ်တယ်။ စာရေးဆရာ၊ ကဗျာဆရာတွေ ရှိနေသမျှ ကမ္ဘာကြီးဟာ မျှော်လင့်ချက် ပန်းပွင့်တွေနဲ့ ဝေဆာမွှေးပျံ့နေမယ်။ လူတွေ မေ့လျော့နေတဲ့ အချက်က သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုဖို့ပါပဲ။ စာပေ ချစ်သူ တစ်ယောက်အနေနဲ့ ကျွန်တော်က စာရေးဆရာ၊ ကဗျာဆရာတွေကို အထူးတလည် ဂုဏ်ပြုမယ့် အစီအစဉ်တစ်ရပ် ရေးဆွဲထားပါတယ်။” သူက ဆက်ပြီး “စာရေးဆရာ၊ ကဗျာဆရာတွေကို ဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့ မြို့ကို စီတီဒဗလျူ (City of Writers) စာရေးဆရာ မြို့တော် လို့ မှည့်ခေါ်ပါမယ်။ နောက် ကျွန်တော်တို့ မြို့ရဲ့ နေရာတွေ၊ လုပ်ငန်းတွေကိုလည်း စာရေးဆရာ၊ ကဗျာဆရာများရဲ့ နာမည်များ နှင်းအပ်သွားမှာ ဖြစ်ပါတယ်။ ဥပမာ တော်(လ)စတွိုင်း မြို့တော်ခန်းမ၊ ရှိတ်စပီးယား တက္ကသိုလ်၊ ချက်ကော့(ဗ) ဆေးရုံ၊ အာသာဟေလီလေဆိပ်၊ ဟာရိုးရော်ဘင် လေကြောင်းလိုင်း၊ ဂေါ်ကီလမ်းမ စသဖြင့်ပေါ့။ နောက် လုပ်ငန်း လုပ်ကိုင်လိုသူများ အနေဖြင့်လည်း ဂျက်လန်ဒန် ကားအရောင်းအဝယ်ကုမ္ပဏီ၊ မာယာကော့စကီ လျှပ်စစ်ပစ္စည်းဆိုင် စသဖြင့် မိမိနှစ်သက်ရာ စာရေးဆရာ၊ ကဗျာဆရာတို့ရဲ့ နာမည်များ မှည့်ခေါ်သွားရမှာ ဖြစ်ပါတယ်။ ဒီ အဆိုကို မြို့နေလူထုက ထောက်ခံမဲပေးရင် ကျွန်တော်တို့ မြို့တော်ဟာ ကမ္ဘာပေါ်မှာ စာရေးဆရာ၊ ကဗျာဆရာတွေကို ထူးထူးကဲကဲ ဂုဏ်ပြုတဲ့ ပထမဦးဆုံး စာရေးဆရာမြို့တော် စီတီဒဗလျူ ဖြစ်လာပါမယ်” လို့ ပြောပါတယ်။”

“မြို့နေလူထုကလည်း စာရေးဆရာ၊ ကဗျာဆရာတွေကို ချစ်ခင်လေးစားကြတော့ မြို့တော်ဝန်ရဲ့ အဆိုကို တစ်ခဲနက် ထောက်ခံကြတယ်။ ဒါနဲ့ မြို့တော်ဟာ စီတီဒဗလျူလို့ အမည်ရတဲ့ စာရေးဆရာမြို့တော် ဖြစ်လာပါတယ်။ မြို့တော်ရဲ့ နေရာ အသီးသီးမှာလည်း စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ အမည်တွေ ပလူပျံလာပါတယ်။ ဒီမြို့တော်ရဲ့ အဓိက ဝင်ငွေရတဲ့ စီးပွားရေးလုပ်ငန်းက ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းပါ။ ကမ္ဘာအရပ်ရပ်က စာပေချစ်သူတွေဟာ စီတီဒဗလျူကို နှစ်စဉ် အမြောက်အမြား လာရောက်ကြတယ်။ သူတို့ ချစ်တဲ့ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ နာမည်နဲ့ နေရာတွေကို လှည့်ပတ်ကြည့်ရှုကြတယ်။ ကိုယ်လေးစားတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုထားတာကို ကြည့်ပြီး စီတီဒဗလျူကို လာရောက်ကြတဲ့ ကမ္ဘာလှည့် ခရီးသည်တွေဟာ အတော် နှစ်ထောင်းအားရ ဖြစ်ကြတယ်။ ဒါကတော့ စီတီဒဗလျူရဲ့ သမိုင်းအကျဉ်း ဖြစ်ပါတယ်။ မကြာမီ ကျွန်မတို့ လေယာဉ်ကြီးဟာ စီတီဒဗလျူကို စတင် ပျံသန်းတော့မှာ ဖြစ်ပါတယ်။ စီတီဒဗလျူမှာ လူကြီးမင်းတို့ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ”

ကျွန်တော့်နံဘေး ထိုင်နေသူမှာ မိုးဝေခေတ်က နာမည်ကျော် စာရေးဆရာ မာန်မြင့် ဖြစ်သည်။ သူက အရပ်ထောင်ထောင်မောင်းမောင်းနှင့် ခံ့ညားသော ရုပ်ရည်ရှိပြီး ဥရောပဝတ်စုံဖြင့် အတော် သားနားနေသည်။ သူ၏ မြန်မာပြည်တွင်လုပ်သည်နှင့် အခြား ဝတ္တုတိုများ ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ထိုစာအုပ်ကို ဖတ်ပြီး စီတီဒဗလျူမှ ဟိုတယ်လုပ်ငန်းရှင်များက မာန်မြင့်ကို သဘော အကျကြီး ကျသွားကြသည်။ သို့နှင့် သူတို့၏ ပင်လယ်ကမ်းခြေ ဟိုတယ်တစ်ခုကို မာန်မြင့် ကမ်းခြေဟိုတယ် (Marn Myint Beach Resort) အဖြစ် မှည့်ခေါ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့နှင့် ထိုနာမည်ကျော် စာရေးဆရာကို ဟိုတယ် ဖွင့်ပွဲ တက်ရောက်ရန်အတွက် ဖိတ်ခေါ်လိုက်သည်။ ဒေါ်လာ တထောကြီး ပွသွားသော ထိုစာရေးဆရာက “မင်း လိုက်ခဲ့ဦးကွ” ဟု လက်တို လက်တောင်းခိုင်းရန် ကျွန်တော့်ကို အပါခေါ်သည်။

ကမ္ဘာကျော် စီတီဒဗလျူသို့ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ သွားရမည့် အခွင့်အရေးကို ဘယ်သူက လက်လွတ်ခံမည်နည်း။ သို့နှင့် ဆရာမာန်မြင့်နှင့်အတူ ကျွန်တော်က လေယာဉ်ပေါ်သို့ ရောက်ခဲ့ရသည်။ ဟာရိုးရော်ဘင် လေကြောင်းလိုင်းမှ လေယာဉ်မယ်လေးများမှာ လှပသလောက် အလွန် ဖော်ရွေသည်။ လေယာဉ်ပေါ် ကျွေးသော အစားအစာများမှာလဲ အရသာ ထူးကဲလှသည်။

ပင်ပန်းနွမ်းနယ်ခြင်းမရှိပဲ ဒေသစံတော်ချိန် ညနေခြောက်နာရီခန့်တွင် ကျွန်တော်တို့ လေယာဉ် စီတီဒဗလျူ၏ အာသာဟေလီလေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ လေဆိပ်တွင် ကျွန်တော်တို့ကို လာကြိုသူများ အဆင်သင့် ရောက်နှင့်နေသည်။ မြို့ထဲသို့ ကားဖြင့် လာခဲ့ကြရာ နာရီဝက်ခန့် အကြာတွင် ကျွန်တော်တို့ တည်းခိုရမည့် ရွှေဥဒေါင်း ဟိုတယ်သို့ ရောက်လာသည်။

ရွှေဥဒေါင်း ဟိုတယ်မှာ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်ကြီးတစ်ခု ဖြစ်သည်။ မြန်မာပြည်မှ နာမည်ကျော် စာရေးဆရာကြီး ရွှေဥဒေါင်းကို ဂုဏ်ပြုသောအားဖြင့် ရွှေဥဒေါင်း ဟိုတယ်ဟု မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ဟိုတယ် အဝင်ဝတွင် ဆေးတံသောက်နေသော ဆရာကြီး ရွှေဥဒေါင်း၏ ရုပ်ထုကြီးကို တွေ့လိုက်ရာ ကြည်နူးစိတ်ဖြင့် ကျွန်တော့်မှာ တုန်လှုပ်သွားသည်။ ဆရာကြီးသာ သက်ရှိထင်ရှား ရှိခဲ့လျှင် သူ့ကို ဂုဏ်ပြုမှည့်ခေါ်ထားသော ဤဟိုတယ်ကြီးကို ကြည့်၍ ဘယ်လောက်များ ဝမ်းသာအားရ ဖြစ်လိုက်မည်နည်း။

ထိုနေ့ညစာကို ဟိုတယ် လုပ်ငန်းရှင်များက ကျွန်တော်တို့အား ဤဟိုတယ်ရှိ သော်တာဆွေ ခန်းမမှာ တည်ခင်းဧည့်ခံသည်။ စာရေးဆရာကြီး သော်တာဆွေကို ဂုဏ်ပြုမှည့်ခေါ်ထားသော ခန်းမ ဖြစ်ပြီး ခန်းမ အလည်ကောင်က ရေပန်းများကြားတွင် ဆရာသော်တာဆွေ၏ ပုံတူ ရုပ်ထုကို တွေ့ရသည်။ သော်တာဆွေမှာ ဆရာကြီး ရွှေဥဒေါင်း၏ တပည့်ရင်း ဖြစ်သည်။ သူတို့ ဆရာတပည့်နှစ်ဦးကို ဟိုတယ်တစ်ခုအတွင်း ယှဉ်တွဲ တွေ့ရသည်မှာ စီတီဒဗလျူမှ လူကြီးများ၏ စိတ်ကူး ကောင်းမှုဟု ယူဆနိုင်သည်။ ဆရာသော်တာဆွေ၏ ရုပ်ထုရှိရာသို့ အရက်ခွက်ကို မြှောက်လိုက်ပြီး ဆရာ ကောင်းရာ သုဂတိ လားပါစေဟု ကျွန်တော် ဆုတောင်း နေမိသည်။ ထိုညက ဆရာမာန်မြင့်နှင့် ကျွန်တော်တို့ နှစ်ဦးစလုံး တော်တော်နှင့် အိပ်မပျော်။ ဆရာကြီး ရွှေဥဒေါင်းနှင့် ဆရာသော်တာဆွေတို့၏ စာများအကြောင်း ညဥ့်နက်သည်အထိ ပြောဖြစ်ခဲ့ကြသည်။

နောက်တစ်နေ့ မနက်စာကို မန္တလေးမုန့်တီဖြင့် ဧည့်ခံသည်။ မုန့်တီမှာ လျှာစွဲအောင် ကောင်းလှသည်။ ဆရာမာန်မြင့်မှာ အလွန်စပ်စုသူ ဖြစ်သည်။ “မန္တလေး မုန့်တီကို ဒီမှာ ဘယ်လို ခေါ်သလဲ မသိဘူးကွ၊ မေးကြည့်ရအောင်” ဆိုပြီး ဟိုတယ် စားပွဲထိုးကို မေးနေသည်။ စားပွဲထိုးကောင်လေးက “ချောအိမာန် မန္တလေး မုန့်တီလို့ ခေါ်ပါတယ် ခင်ဗျာ“ ဟု ပြန်ဖြေသည်။ ဆရာမာန်မြင့်က လက်မထောင်လိုက်ပြီး “တွေ့တယ်မဟုတ်လား၊ ငါတို့ မာန်တွေ စီတီဒဗလျူမှာ ကောင်းစားနေတယ်ကွ” ဟု ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလိုက်သည်။

ထိုနေ့ တစ်နေ့လုံး စီတီဒဗလျူကို လည်ပတ်ရမည့် နေ့အဖြစ် သတ်မှတ်ပြီး ဟိုတယ် လုပ်ငန်းရှင်များက ကျွန်တော်တို့ကို ကားတစ်စီးနှင့် ဧည့်လမ်းညွှန်တစ်ယောက် ပေးထားသည်။ ကျွန်တော်တို့က မြန်မာ စာရေးဆရာနှင့် ကဗျာဆရာများ၏ နာမည်နှင့် နေရာများသို့ လိုက်ပို့ရန် ပြောလိုက်သည်။ သို့နှင့် ကျွန်တော်တို့ ကားသည် ပန်းခြံကြီးတစ်ခုထဲသို့ ရောက်လာသည်။

ပန်းခြံ၏ အဝင်ဝမှာ မှိုင်း ငြိမ်းချမ်းရေး ဗိမာန် ဟူသော ဆိုင်းဘုတ်ကြီး တွေ့ရသည်။ ကားထဲမှ ဆင်းလိုက်ကြရာ မွှေးပျံ့သော ပန်းရနံ့တို့က ဆီးကြိုနေသည်။ လှပသော ရောင်စုံပန်းများမှာ မနက်ခင်း နေခြည် နုနုအောက်တွင် အလှချင်း ပြိုင်နေကြသည်။ ပန်းခြံ၏ အလယ်တွင် သခင်ကိုယ်တော်မှိုင်း ရုပ်ထုကြီးကို တွေ့ရသည်။ ခေါင်းတွင် အုပ်ပေါင်းပေါင်းထားပြီး မြန်မာဆန်ဆန် တိုက်ပုံ၊ တောင်ရှည်ပုဆိုးတို့ကို ဝတ်ဆင်ထားသည်။ ညာလက်ကို ဘေးသို့ ဆန့်တန်းထားပြီး ထိုလက်ပေါ်တွင် ငြိမ်းချမ်းရေး ချိုးငှက်တစ်ကောင် နားနေဟန် ထုလုပ်ထားသည်။ ကွမ်းအစ်တစ်လုံး သျှောင်တစ်ထုံးနှင့်၊ ရင်ဖုံးအင်္ကျီ ဖျင်ပင်နီနှင့်၊ ယောထည်ပုဆိုး မင်ကြောင်ထိုးနှင့်၊ အဘိုးကဝိ ပညာရှိ ကို သတိရမိနေသည်။ အဘိုး မေတ္တာ စေတနာနှင့် သစ္စာဉာဏ်ရောင် နေနှယ်ပြောင်၍ ပြည်ထောင်တစ်လွှား ဝေးမြေခြားတိုင် ထင်ရှားကျော်စော ခဲ့လေပြီ။ ဆရာမာန်မြင့်နှင့် ကျွန်တော်တို့ နှစ်ဦးသား သမိုင်းတွင်သည့် မှိုင်းသခင်ကို ရိုကျိုးစွာ ကန်တော့လိုက်ကြသည်။

ထိုပန်းခြံနှင့် ကပ်လျက်တွင် မြသန်းတင့် သစ်ခွဥယျာဉ်ကြီး ရှိနေသည်။ ကမ္ဘာပေါ်ရှိ သစ်ခွပင် အမျိုးမျိုးကို စုဆောင်းပြသ ထားသည်။ သစ်ခွပန်းများမှာ ဖြူနီညိုပြာ ရောင်စုံဖြာလျက် အလှပေါ် အယဉ်ဆင့်ပြီး တင့်ချင်တိုင်း တင့်တယ်နေသည်။ ကျွန်တော်တို့ နှစ်ဦးသား ကွယ်လွန်သွားရှာပြီ ဖြစ်သော ဆရာမြကို သတိရနေမိသည်။ သူ့ကို ကျွန်တော် လူချင်း တစ်ခါမှ မတွေ့ဖူးခဲ့။ သို့သော် သူ့စာများမှာ ကျွန်တော်၏ ချစ်သူများ ဖြစ်သည်။ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် ပင်ကိုရေးဝတ္တုက ကျွန်တော့်ရင်ကို လှုပ်ခတ်ခဲ့သည်။ စစ်နှင့် ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ခန်းဆောင်နီအိပ်မက်၊ သုခမြို့တော်၊ အချစ်မိုးကောင်းကင် စသော ဘာသာပြန် ဝတ္တုများက ကျွန်တော့်ကို ကမ္ဘာစာပေလောကထဲ ဆွဲခေါ်သွားခဲ့သည်။ တကယ်တော့ သူသည် အစားထိုးမရသော စာပေ ဥယျာဉ်မှူးကြီး ဖြစ်သည်။

သူ၏ ကြိုးစားအားထုတ်မှုကို ကျွန်တော် အလွန် အံ့ဩသည်။ သူလို စာတွေအများကြီး ရေးဖို့ မဆိုထားနှင့်၊ သူရေးပြီးသော စာများကိုပင် ကျွန်တော် ကုန်အောင် မဖတ်နိုင်။ သူရေးခဲ့သော စာများသည် ဤသစ်ခွ ဥယျာဉ်ကြီးထက် ကြီးကျယ် ခမ်းနား၍ ဤသစ်ခွပင်များထက် အဆများစွာ လှပသည်။ အို ဥယျာဉ်မှူး၊ အသင်ကား ကမ္ဘာမြေ၏ လာခြင်းကောင်းသူ တစ်ဦးဖြစ်ပြီး သင်သေသွားတော့လည်း လူ့သမိုင်းအတွက် အဖိုးထိုက်တန် ပန်းပွင့်များကို ချန်ရစ်ထားခဲ့သူ အံ့ဖွယ် သူရဲကောင်းပါ တကား။

ဧည့်လမ်းညွှန်လေးက ကျွန်တော်တို့ကို ငါးထပ် အဆောက်အအုံကြီးတစ်ခုသို့ ခေါ်လာပါသည်။ “ဒါ လူထု စာကြည့်တိုက်” ဟု ပြောသည်။ စာကြည့်တိုက်ရှေ့တွင် လူထုဦးလှနှင့် ဒေါ်အမာ ယှဉ်တွဲ ရပ်နေပုံ ရုပ်ထုကြီးကို တွေ့ရသည်။ မြန်မာဆန်ဆန် အလွန် ကျက်သရေ ရှိလှသည်။ “သူတို့ ဇနီးမောင်နှံဟာ တစ်သက်လုံး စာပေအလုပ်ပဲ လုပ်သွားကြတယ်။ လူထုဆိုတဲ့ နာမည်နဲ့ လိုက်ဖက်အောင် လူထုဘက်က ရပ်တည်ခဲ့ကြတယ်။ သူတို့ စာတွေမှာ အမှန်တရား၊ ရိုးသားမှုနဲ့ စေတနာတွေကို ရှာဖွေတွေ့ရတယ်။ ဒါကြောင့်လည်း သူတို့ စာတွေဟာ ဘယ်ခေတ် ဘယ်အခါမှ ရိုးမသွားဘူး။ သမိုင်းတစ်လျှောက် အဖိုးတန် စိန်ပွင့်တွေလို လင်းလက်တောက်ပနေခဲ့တယ်” စာကြည့်တိုက်တွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ စာအုပ်အမျိုးမျိုး၊ ကွန်ပျူတာနှင့် စီဒီများစွာ တွေ့ရသည်။ လူများစွာ ဖတ်ရှုလေ့လာ နေကြသည်။ လူထုကား ယခုအချိန်အထိ လူများစွာ၏ နား မျက်စိကို ဖွင့်ပေးနေဆဲ ဖြစ်သည်။

နေ့လယ်စာ စားရန်အတွက် ဧည့်လမ်းညွှန်လေးက စားသောက်ဆိုင်ကြီး တစ်ခုသို့ ခေါ်လာသည်။ “ဒီဆိုင်က မြန်မာထမင်းဟင်း တော်တော် ကောင်းတယ်“ ဟု လည်း ပြောသည်။ ဆိုင်နာမည်က ထူးထူးဆန်းဆန်း MOE (G) ZAW MYANMAR FOOD CENTER တဲ့။ ဆိုင်နာမည်ကို ကြည့်ပြီး ကျွန်တော် အတော် ဝမ်းသာသွားသည်။ ဂဇော်ဆိုမှတော့ အရက် အမျိုးမျိုး ရနိုင်မည်။ အရက်ကောင်းကောင်း သောက်ရတော့မည် ဖြစ်၍ အူမြူးနေသည်။

“ဒီဆိုင်ဖွင့်တာ မကြာသေးဘူး ခင်ဗျ၊ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ မြန်မာနိုင်ငံက နာမည်ကြီး ကဗျာဆရာတစ်ယောက် လာဖွင့်သွားတာ။ ဆံပင် ရှည်ရှည်နဲ့ ရုပ်က တော်တော်ဖြောင့်တယ်။ ရုပ်ရှင်မင်းသား အောက်မေ့ရတယ်။ ဒီစီတီဒဗလျူက ကောင်မလေးတွေဆို သူ့ကို မြင်တော့ သည်းသည်းကို လှုပ်နေတာပဲ“
ဧည့်လမ်းညွှန်၏စကားကြောင့် မိုးဂဇော်ဆိုသော ကဗျာဆရာကို စဉ်းစားနေမိသည်။ ဘယ်သူများပါလိမ့်ဟု တွေးရင်း ဆိုင်ထဲသို့ ဝင်လာရာ စပို့ရှပ်လက်တို၊ ဂျင်းဘောင်းဘီရှည် ဝတ်ဆင်ထားသော ကဗျာဆရာ မိုးဃ်းဇော်၏ ပုံတူရုပ်ထုကြီးက ပြုံး၍ နှုတ်ဆက်နေသည်။ “အရက်ရလား” ဟု မေးရာ “မရပါဘူးခင်ဗျာ” ဆိုသော အဖြေကြောင့် ထိုယစ်ကောင် ကဗျာဆရာကို ဒေါပွမိသည်။ သို့သော် မိုးဃ်းဇော်၏ ထမင်းနှင့် ဟင်းက အလွန်ကောင်းပါဘိ။ ကျွန်တော်တို့ ဗိုက်ကားအောင် စားလိုက်ကြသည်။

ထမင်းစားပြီး ကားဖြင့် လာခဲ့ကြရာ မြစ်ကူးတံတားတစ်ခုသို့ ရောက်လာသည်။ အဝင်ဝမှာ ရှိသော ဆိုင်းဘုတ်ကို ညွှန်ပြရင်း ဧည့်လမ်းညွှန်လေးက “ဒါ ဗန်းမော်တင်အောင် မြစ်ကူးတံတားလေ” ဟု ပြောပြနေသည်။ “လူတစ်ယောက်ရဲ့ သမိုင်းကို ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်ကို သူ ဘယ်လောက် ကျေပွန်အောင် ထမ်းဆောင်ခဲ့သလဲဆိုတဲ့ အချက်နဲ့ တိုင်းတာရမယ်” ဆိုသော ထိုစာရေးဆရာကို သတိရနေမိသည်။ လောကဓံ၏ အထုအထောင်းကို ခံရင်း သူက ခေတ်သစ်ကြီးတစ်ခုကို ထုဆစ်နေခဲ့သည်။ ယခုတော့ သူက တံတားကြီး တစ်စင်း။ ခေတ်ဟောင်းနှင့် ခေတ်သစ်ကို ပေါင်းကူးပေးချင်သော ထိုစာရေးဆရာက တကယ်လည်း တံတားကြီး တစ်စင်းပါ။ ဗန်းမော်တင်အောင် တံတားပေါ်ကို ဖြတ်သွားရင်း သွေးခြင်းခြင်းရဲ့နေသည့် သူ့ကျောပေါ်က ဒဏ်ရာဒဏ်ချက်များကို မြင်ယောင်နေမိသည်။ အို စာရေးဆရာ၊ သင့်သမိုင်းကား ဘယ်တော့မှ မသေ၊ ကမ္ဘာမြေနှင့်အမျှ ထာဝရ တည်တံ့နေပါမည်။

ညို့ညို့ဆိုင်းဆိုင်း တောအုပ်ကြီးတစ်ခုသို့ ကျွန်တော်တို့ ကားကလေး ရောက်လာသည်။ “အဲဒီ တောအုပ်ကြီးကို မင်းသုဝဏ် ဘေးမဲ့တောလို့ ခေါ်တယ်။ တောအုပ်ရဲ့ ဟိုးနောက်ဘက်က မှိုင်းပျပျ တောင်တန်းကြီးကို တွေ့တယ် မဟုတ်လား။ အဲဒါ ဇော်ဂျီတောင်တန်းပေါ့” ဧည့်လမ်းညွှန်လေးက ကျွန်တော်တို့ကို ပြောပြနေသည်။ တောအုပ်နှင့် တောင်တန်း၊ တောင်တန်းနှင့် တောအုပ်။ ခေတ်စမ်းညီနောင်က ဟိုအရင်ကလို အမြဲမခွဲ တတွဲတွဲ ရှိနေပါကလား။

ထလော့ မြန်မာ၊ မြန်မာ ထလော့

အားမလျော့နှင့်၊ မလျှော့လုံ့လ
သူက စ၍၊ ငါက အားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့။

ကျွန်တော်က ဆရာဇော်ဂျီ၏ ‘တို့တိုင်းပြည်’ ကဗျာမှ ကဗျာတစ်ပိုဒ်ကို ရွတ်ဆိုနေမိသည်။

သူ့ခေါင်းမှာတဲ့ သပြေညို

ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းရယ်က
လန်းလျက်ပါကို။

တစ်ဆက်တည်းပင် ဆရာမင်းသုဝဏ်၏ ‘သပြေညို’ ကဗျာလေးကို ရေရွတ်မိပြန်သည်။ တိုင်းပြည်အပေါ်မှာ ထားခဲ့သော ထိုဆရာနှစ်ဦး၏ စေတနာ မေတ္တာကား ဧရာဝတီမြစ်ကြီးလို ဘယ်တော့မှ ခန်းခြောက်လိမ့်မည် မဟုတ်။ သူတို့၏ စာပေ၊ ကဗျာတွေကလည်း သမိုင်းတစ်လျှောက် မြစ်ဧရာလို တသွင်သွင် စီးဆင်းနေမည် မုချ ဖြစ်သည်။

တောအုပ်အတွင်းသို့ ဝင်ခဲ့ကြရာ စမ်းချောင်းလေးတစ်ခု၏နံဘေးသို့ ရောက်လာသည်။ တငြိမ့်ငြိမ့် စီးဆင်းနေသော စမ်းရေမှာ အလွန်ကြည်လင်လှသည်။ ဟိုးဝေးဝေးမှာ စမ်းရေသောက်နေသော သမင်လေးများကို တွေ့ရသည်။

“ဒါ မောင်ချောနွယ် စမ်းချောင်းပေါ့။ ဟိုး ဇော်ဂျီ တောင်တန်းပေါ်က စတင်ပြီး ဒီ မင်းသုဝဏ်တောအုပ်ကို ဖြတ်စီးသွားတယ်” စမ်းချောင်းဘေးမှာ လာရောက် အပန်းဖြေသူများ ထိုင်ရန်အတွက် ကွန်ကရစ်ခုံရှည်ကြီးများ ဆောက်လုပ်ထားသည်။ နီးစပ်ရာ ခုံရှည်တစ်ခုကို ကြည့်လိုက်ရာ ခုံ၏ ကျောမှီပေါ်တွင် မောင်ချောနွယ် ၏ ကဗျာတစ်ပုဒ် အင်္ဂလိပ်လို ရေးသားထားသည်ကို တွေ့ရသည်။

Fish
I'd been finishing
Nearly my whole a single fish
Look!
What I'd caught was the universe.
As I pulled it up My fishing rod was bent.
And Turned to a rainbow.
I was fished.

အလို ... ‘ငါး’ ကဗျာလေးပါလား။ ကျွန်တော်က ကဗျာကို မြန်မာလို ရေရွတ်နေမိသည်။

တစ်ဘဝလုံးလိုလို မျှားနေခဲ့။

ငါးရယ်လို့ တစ်ကောင်တလေမှ မမိ
ကြည့်စမ်း။
မိမယ့်မိတော့ စကြဝဠာကြီး
အပေါ်ကို ဆွဲတင်လိုက်တော့
ငါ့ ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး
သက်တံ ဖြစ်သွား၊ ငါ့ကို ပြန်မျှားခဲ့ပေါ့။

ကျွန်တော်က ချီလီကဗျာဆရာ ဘလိုနီရူဒါ၏ “သစ်ခုတ်သမား နိုးကြားလော့” ကဗျာကို သတိရလာပြန်သည်။ လာမည့် ဆည်းဆာချိန်များအတွက် ငြိမ်းချမ်းရေး၊ ဝိုင်အရက်များအတွက် ငြိမ်းချမ်းရေး၊ ပေါင်မုန့်နိုးကြားချိန်ဖြစ်တဲ့ မြို့လည်ကောင် မနက်ခင်းအတွက် ငြိမ်းချမ်းရေး၊ လယ်ကွင်းတွေက မွေးဖွားလာတော့မယ့် ကောက်နှံတွေ အားလုံးအတွက် ငြိမ်းချမ်းရေး၊ မုန်တိုင်းမိနေတဲ့ ငှက်ငယ်တွေရဲ့ ငြိမ်းချမ်းရေး၊ မိခင်ရဲ့ ပါးပြင်ထက်က မျက်ရည်စက်အတွက် ငြိမ်းချမ်းရေး၊ လေကောင်းလေသန့်နဲ့ တူတဲ့ စာအုပ်တွေရဲ့ ငြိမ်းချမ်းရေး၊ ငါ့ညီငယ်ရဲ့ ရှပ်အင်္ကျီအတွက် ငြိမ်းချမ်းရေး၊ သေသူတို့ရဲ့ ပြာမှုန့်တွေအတွက် ငြိမ်းချမ်းရေး၊ အသက်ရှင်နေသူ အားလုံးအတွက် ငြိမ်းချမ်းရေး။ အို စမ်းချောင်း ကဗျာဆရာ၊ ငြိမ်းချမ်းရေး အားလုံးအတွက် တေးဆို၍ စီးဆင်းပါလော့။

ထိုညက ဘားနက်ရှော ပြဇာတ်ရုံမှ ပြဇာတ်တစ်ပုဒ် ကြည့်ရသည်။ ပြဇာတ်က ပွတ်ရှကင်၏ ပစ္စတို ပစ်ချက် (PISTOL SHOT)။ ကျွန်တော် ဖတ်ဖူးပြီးသား ဝတ္တုဖြစ်သော်လည်း ပြဇာတ်အနေနှင့် ကြည့်ရသောအခါ အလွန် သရုပ်ပါပြီး အရသာ ရှိလှသည်။ လူငယ်နှစ်ဦး ရည်းစားလုရာမှ ရန်ဖြစ်ပြီး အလှည့်ကျ သေနတ် ပစ်ရသည်။ ပထမ ပစ်ရသောလူက ဒုတိယလူကို မှန်အောင် မပစ်နိုင်ခဲ့။ ဒုတိယလူက သူပစ်ရမည့် တစ်ချက်ကို အကြွေးအဖြစ် သတ်မှတ်လိုက်သည်။ အကြောင်းမှာ ပထမလူက သေရမှာကို မကြောက်၊ သေခြင်းကို မထီမဲ့မြင် ပြုနေသည်။ ချက်ကောင်းကို စောင့်နေရာ ထိုလူ မသေချင်သည့် ပူပူနွေးနွေး မိန်းမရခါစ အချိန်သို့ ရောက်လာသည်။ ပျားရည်ဆမ်းခရီး ထွက်လာသော နေရာသို့ ဒုတိယလူက အကြွေးတစ်ချက် လာတောင်းသော ဇာတ်လမ်းဖြစ်သည်။ ဒုတိယလူက ပထမလူကို ငဲ့ညှာသောအားဖြင့် သေနတ်တစ်ချက် ထပ်မံ ပေးပစ်ပြန်သည်။ သို့သော် ပထမတစ်ချက်နည်းတူ လွဲချော်ခဲ့သည်။ သူက စိတ်လှုပ်ရှားနေတာကိုး။ ဒုတိယလူ ပစ်ရမည့် အလှည့်။ ထိုသူက မှန်အောင် ပစ်နိုင်သော်လည်း တမင် လွဲချော်ပစ်သွားခဲ့သည်။ ရန်သူတစ်ယောက်အပေါ်မှာ အကောင်းဆုံး ကလဲ့စားချေနည်းမှာ ခွင့်လွတ်ခြင်း မဟုတ်ပါလား။ ကမ္ဘာပေါ်မှာ ဒုတိယလူလို လူတွေများများ ရှိပါစေဟု ကျွန်တော် ဆုတောင်း နေမိသည်။

နောက်တစ်နေ့ မနက် ဆရာမာန်မြင့် ဖွင့်ပွဲ လုပ်ရမည့် ကမ်းခြေဟိုတယ်သို့ ကားနှင့် လာခဲ့ကြသည်။ ကြယ်ငါးပွင့် အဆင့်ရှိ ထိုဟိုတယ်ကြီးမှာ ကြီးကျယ်ခမ်းနားလှသည်။ ဖွင့်ပွဲမှာ အထူးစည်ကားပြီး ပင်လယ်ကမ်းခြေမှ ဒေသခံ ပြည်သူများက ဆရာမာန်မြင့်ကို တစ်ခဲနက် လက်ခုပ်ဩဘာ ပေးကြသည်။ ဟိုတယ်လုပ်ငန်းရှင်များက ဆရာမာန်မြင့်ကို လက်ဆောင်ပစ္စည်းများဖြင့် ဂုဏ်ပြုသည်။ ထိုမာန်မြင့် ကမ်းခြေဟိုတယ်မှာ ကျွန်တော်တို့ကို နေ့လယ်စာဖြင့် ဧည့်ခံသည့် ပင်လယ်အစားအစာများမှာ အလွန်စားကောင်းလှသည်။ နေ့လယ်စာစားပြီး နောက် ဟိုတယ်လုပ်ငန်းရှင်များကို နှုတ်ဆက်ပြီး ကျွန်တော်တို့ တည်းခိုရာ ရွှေဥဒေါင်း ဟိုတယ်သို့ ပြန်ခဲ့ကြသည်။

ဟိုတယ်ဧည့်ခမ်းတွင် လူတစ်ယောက်က ကျွန်တော်တို့ကို စောင့်ကြိုနေသည်။ သူ့ကိုယ်သူ ဒေးဗစ်ဘက်ခမ်းဟု မိတ်ဆက်သည်။ ဘော်လုံးစတား ဒေးဗစ်ဘက်ခမ်းနှင့် နာမည်တူသော်လည်း သူ့ပုံစံမှာ ညှင်းသိုးသိုးနှင့် ညှိုးညှိုးနွမ်းနွမ်း ဖြစ်သည်။ သူက ကျွန်တော့်ကို “လူကြီးမင်းကကော ဒီကနေ့ ဖွင့်ပွဲလုပ်တဲ့ ဒီက မစ္စတာ မာန်မြင့်လို စာရေးဆရာ ဟုတ်ပါသလား” ဟု မေးလိုက်သည်။ ကျွန်တော်က “စာရေးဆရာ ဟုတ်ပါတယ်၊ ဒါပေမယ့် အရေးမပါတဲ့ ဝေလေလေ စာရေးဆရာပါ” ဟု ပြန်ဖြေသည်။ ကျွန်တော့်အဖြေကို ကြားသောအခါ သူ့မျက်နှာ ဝင်းလက်သွားသည်။

“ဝေလေလေ စာရေးဆရာလည်း ဖြစ်ပါတယ်။ လူကြီးမင်း ကျွန်တော့်ကို ကူညီပါ”

“ကျွန်တော် ဘာများ ကူညီရမလဲ”

“ဒီလိုပါ၊ ကျွန်တော် အလုပ်လုပ်တဲ့ နေရာလေးကို နာမည် ပေးချင်လို့ပါ။ လူကြီးမင်းက စာရေးဆရာဆိုတော့ လူကြီးမင်းရဲ့ နာမည်လေးကို အသုံးပြုချင်ပါတယ်”

“မစ္စတာ ဘက်ခမ်း ဘာအလုပ်လုပ်တယ်ဆိုတာ သိပါရစေ”

သူက အိုးတိုးအမ်းတမ်းဖြင့် -

“ကျွန်တော်က သုဘရာဇာ လုပ်ပါတယ်”

မျက်လုံးပြူးသွားပြီး ကျွန်တော်က -

“ဒါဆို ခင်ဗျား အလုပ်လုပ်တဲ့ နေရာက သုသာန်ပေါ့၊ ဟုတ်လား”

“ဟုတ်ပါတယ် ခင်ဗျာ”

“ဟေ့လူ ခင်ဗျား လာနောက်နေတာလား”

“မနောက်ပါဘူး ခင်ဗျာ၊ တကယ် ပြောတာပါ။ လူကြီးမင်းတို့ မြန်မာပြည်က သုသာန်တွေမှာ နာမည် ရှိတယ် မဟုတ်လား”

“အင်း ရှိပါတယ်၊ ရေဝေးသုသာန်၊ ကြာနီကန်သုသာန် စသဖြင့်ပေါ့”

“ဒီမှာတော့ သုသာန်နာမည်ကို ကြုံသလို မှည့်လို့် မရဘူးခင်ဗျ၊ စာရေးဆရာ တစ်ယောက်ရဲ့ နာမည်မှည့်မှ ဖြစ်နေတယ်”

“မမှည့်ဘဲ နေပါလားဗျာ”

“ကိုယ် အလုပ်လုပ်တဲ့ နေရာလေးတော့လည်း သူများနည်းတူ နာမည်လေးတစ်ခု ပေးချင်တာပေါ့ဗျာ။ လူသေလို့ အသုဘချတောင်မှ ဘယ်သုသာန်မှာ သဂြုင်္ီဟ်မှာလဲဆိုရင် နာမည်မရှိတော့ လိုက်ပို့ရတဲ့ လူတွေ တောင်သွားရမလို မြောက်သွားရမလို ခွကျတာပေါ့။ အဲဒါ စာရေးဆရာရဲ့ နာမည်လေး ကျွန်တော်တို့ သုသာန်အတွက် ချီးမြှင့်စေချင်ပါတယ်”

မျက်နှာကြီး နီနေသော ကျွန်တော့်ကို ဆရာမာန်မြင့်က ပြုံးပြုံးကြီး ကြည့်နေသည်။ “ကိုယ့်လူတော့ ထီပေါက်ပြီ၊ ပွတာပဲ။ လက်လွတ်မခံနဲ့” ဟု ပြောပြီး ပစ္စည်းများ သိမ်းဆည်းရန် ဟိုတယ်ခန်းဆီိသို့ ထွက်သွားလေသည်။
ကျွန်တော်က ဒေးဗစ်ဘက်ခမ်းကို ခေါင်းယမ်းပြလိုက်ပြီး -

“ဝမ်းနည်းပါတယ်ခင်ဗျာ၊ ကျွန်တော့်အနေနဲ့ သုသာန်ကို မင်္ဂလာမရှိတဲ့ အမင်္ဂလာနေရာတစ်ခုလို့ ယူဆပါတယ်။ ဒီလို အမင်္ဂလာ နေရာမျိုးမှာ ကျွန်တော့် နာမည်ကို အတပ်မခံနိုင်ပါဘူး။ လူကြီးမင်း ပြန်ပါတော့”

မျက်နှာငယ်လေးနှင့် သူက -

“စဉ်းစားပါဦး စာရေးဆရာရယ်၊ တကယ်တော့ သုသာန်က အမင်္ဂလာ နေရာ မဟုတ်ပါဘူး။ အလွန် မင်္ဂလာရှိတဲ့ နေရာတစ်ခုပါ”

“ဘာဗျ … သုသာန်က အလွန် မင်္ဂလာရှိတဲ့ နေရာ ဟုတ်လား”

“ဟုတ်ပါတယ်ခင်ဗျာ၊ သုသာန်ဆိုတာ တစ်ချိန်ချိန်မှာ လူတိုင်းသွားရမယ့် နေရာပါ။ အမေရိကန်လည်း သွားရမယ်။ မြန်မာလည်း သွားရမယ်။ ဂျပန်လည်း သွားရမယ်။ ခရစ်ယာန်လည်း သွားရမယ်။ မွတ်စလင်လည်း သွားရမယ်။ ဗုဒ္ဓဘာသာလည်း သွားရမယ်။ မွေးကင်းစကလေးလည်း သွားရမယ်။ သက်ကြီးရွယ်အိုတွေလည်း သွားရမယ်။ ယောက်ျားလည်း သွားရမယ်။ မိန်းမလည်း သွားရမယ်။ လူမည်းလည်း သွားရမယ်။ လူဖြူလည်း သွားရမယ်။ ကျိကျိတက် ချမ်းသာတဲ့ ဘီလျံနာတွေလည်း သွားရမယ်။ ကုန်းကောက်စရာ မရှိတဲ့ လူမွဲတွေလည်း သွားရမယ်။ အမေရိကန်နဲ့ အင်္ဂလိပ်လို မိတ်ဆွေတွေလည်း သွားရမယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းလို ရန်သူတွေလည်း သွားရမယ်။ ဆရာတို့လို ပညာတတ်တဲ့ မဟာကဝိတွေလည်း သွားရမယ်။ ကျွန်တော်တို့လို နကန်းတစ်လုံး မသိတဲ့ ပညာမဲ့တွေလည်း သွားရမယ်”

“ဒီလို လူတိုင်း သွားရုံနဲ့ မင်္ဂလာ ရှိရောလားဗျ”

“စာရေးဆရာ စဉ်းစားပါ ခင်ဗျာ။ ဒီကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်အနိုင်ကျင့်မှုတွေ၊ ရက်စက်ယုတ်မာမှုတွေ၊ လူမျိုးအသားအရောင် အဆင့်အတန်း ခွဲခြားမှုတွေကို တွေ့နေရပါတယ်။ မနက်တိုင်း သတင်းစာ လှန်လိုက်ရင် ဒီအဖြစ်အပျက်တွေ အမြဲတစေ ပါနေတယ်ဆိုတာ လူကြီးမင်း တွေ့ပါလိမ့်မယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ၊ ယောက်ျားပေါင်းစုံ၊ မိန်းမပေါင်းစုံ၊ လူဖြူလူမည်းပေါင်းစုံ၊ ချမ်းသာဆင်းရဲ ပေါင်းစုံ၊ မိတ်ဆွေရန်သူ ပေါင်းစုံ၊ ပညာရှိ ပညာမဲ့ ပေါင်းစုံ ဘာပဋိပက္ခ ဘာစစ်ပွဲမှ မရှိပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်တဲ့ နေရာတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ သုသာန်ပါ”

“သုသာန် ဟုတ်လား”

“ဟုတ်ပါတယ်၊ အသက်ရှင်ရတာ ဒုက္ခများသလောက် သေခြင်းတရားက ငြိမ်းချမ်းပါတယ်။ ဒါကြောင့် သုသာန်ဟာ အလွန် မင်္ဂလာရှိတဲ့ နေရာလို့ ကျွန်တော် ပြောတာပေါ့။ နောက် လူကြီးမင်းလည်း သိတဲ့ အတိုင်း မြင့်မြတ်တဲ့ ဘဝတစ်ပါးကို ကူးပြောင်းဖို့အတွက် ဒီသုသာန်ဆိုတဲ့ နေရာကို မဖြတ်ဘဲ မဖြစ်နိုင်ပါဘူး။ ဒီတော့ သုသာန်ဆိုတာ အမင်္ဂလာဆိုတဲ့ ရှေးရိုးအယူစွဲကို ဖျောက်ပြီး ကျွန်တော်တို့ရဲ့ မင်္ဂလာရှိတဲ့ သုသာန်လေးအတွက် လူကြီးမင်းရဲ့ နာမည်ကို ချီးမြှင့်ပေးဖို့ မေတ္တာရပ်ခံပါတယ်”

ပြောပြောဆိုဆို သူက အိတ်ကပ်ထဲမှ ငွေစက္ကူအချို့ကို ထုတ်ယူလိုက်သည်။ ကျွန်တော့်ကို လက်ကမ်းလိုက်ပြီး -

“များတော့ မများဘူးပေါ့ခင်ဗျာ၊ ကျွန်တော်နဲ့ ကျွန်တော့်ငယ်သားတွေ တစ်လစာရတဲ့ ကျင်းတူးခပါ။ လူကြီးမင်းရဲ့ နာမည်အသုံးပြုခအတွက် ပူဇော်တယ်လို့ သဘောထားလိုက်ပါ”

ကျွန်တော် ခါးခါးသီးသီး လက်ကာလိုက်ပြီး -

“ဝမ်းနည်းပါတယ် မစ္စတာ ဘက်ခမ်း၊ ခင်ဗျားပြောသလို သုသာန်ဟာ မင်္ဂလာရှိတဲ့ နေရာ ဖြစ်ဦးတော့ ကျွန်တော့်နာမည်ကို အဲဒီနေရာအတွက် လုံးဝ အသုံး မခံနိုင်ပါဘူး”

“သုသာန်အတွက် နာမည်တစ်ခု ပေးလိုက်ရတာ ရှက်စရာ မဟုတ်ပါဘူး ခင်ဗျာ။ လူ့ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်တဲ့ အလုပ်ကသာ ရှက်စရာပါ။ သုသာန်အတွက် နာမည်ပေးလိုက်ခြင်းဟာ အလွန်ရဲဝံ့တဲ့ အလုပ်ဖြစ်ပြီး တွေးကြည့်ရင် ဂုဏ်ယူစရာတောင် ကောင်းပါတယ်။”

“ကျွန်တော် ဂုဏ်ယူချင်ပေမယ့် ကျွန်တော့်မိန်းမကတော့ ဂုဏ်ယူနိုင်မှာ မဟုတ်ဘူး ခင်ဗျ။ ကျွန်တော့်နာမည်ကို သုသာန်တစ်ခုအတွက် ပေးခဲ့တယ်ဆိုတဲ့ သတင်း သူ ကြားရင် မိုးမီးလောင်လိမ့်မယ်။ ကဲကဲ ခင်ဗျာ ပြန်ပါတော့”

ဒေးဗစ်ဘက်ခမ်းက စိတ်ပျက်လက်ပျက် ပြန်ရန်ပြင်သည်။ မပြန်ခင် သူက “စာရေးဆရာ၊ ကဗျာဆရာတွေကို ကျွန်တော် အထင်လည်း ကြီးတယ်၊ လေးလည်း လေးစားတယ်။ စာရေးဆရာ ကဗျာဆရာ အများကြီးကို ကျွန်တော်တို့ သုသာန်အတွက် နာမည်ပေးဖို့ ကမ်းလှမ်းခဲ့ဖူးတယ်။ သူတို့လည်း ခင်ဗျားလိုပဲ ကြောက်လန့်တကြား ငြင်းပယ်ခဲ့ကြတယ်။ ဘယ်လောက် အမြင်ကျယ်တဲ့ စာရေးဆရာ၊ ကဗျာဆရာပဲ ဖြစ်ဖြစ် သုသာန်လို့ ပြောလိုက်ရင် တီကောင်ကို ဆားနဲ့တို့သလို တွန့်သွားကြတယ်။ အမှန်တရားအတွက် ရဲရင့်ပါတယ်ဆိုတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေဟာ သုသာန်တစ်ခုအတွက်တော့ လုံးလုံးကြီး သတ္တိမရှိကြဘူး။ ပညာရှိကြီး ဆိုခရက်တီးလို အမှန်တရားအတွက် အဆိပ်သောက်ရဲတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေဟာ သုသာန်တစ်ခုအတွက်တော့ သူတို့ နာမည်လေးကို အပွန်းအပဲ့ အထိအရှ မခံနိုင်ကြဘူး။ သုသာန်ဆိုတာ အ မင်္ဂလာပါကွာ ဆိုတဲ့ ဥခွံထဲက ရုန်းထွက်နိုင်တဲ့ သူရဲကောင်းတစ်ယောက် ပေါ်လာနိုးနိုးနဲ့ ကျွန်တော် မျှော်လင့်မိသေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေဟာ အကြိမ်ကြိမ် သဲထဲ ရေသွန် ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်ဟာ စီတီဒဗလျူ မြို့သားတစ်ယောက်ပါ။ စာရေးဆရာ၊ ကဗျာဆရာတွေကို ချစ်ဆဲ၊ လေးစားဆဲပဲ၊ တစ်နေ့နေ့မှာ ကျွန်တော်တို့ သုသာန်လေးအတွက် နာမည်တစ်လုံး စွန့်လွှတ် အနစ်နာခံမယ့် စာရေးဆရာ တစ်ယောက်ယောက် ရှိနေလိမ့်မယ်လို့ ယုံကြည်နေတုန်းပဲ”

သူက သက်ပြင်းတစ်ချက် ချလိုက်သည်။ ပြီးမှ -

“အခုချိန်မှာ ကျွန်တော်စဉ်းစားနေတာက ဆရာသာ ကျွန်တော်တို့ အမည်မဲ့ သုသာန်လေးအတွက် ဂုဏ်ယူစရာ သူရဲကောင်း ဖြစ်ခဲ့ရင် ဂုဏ်ယူစရာ သူရဲကောင်းဖြစ်ခဲ့ရင် ဘယ်လောက် ကောင်းမလဲဆိုတဲ့ အချက်ပါပဲ။ ကျွန်တော့်ကို ငဲ့ညှာသောအားဖြင့် နောက်ဆုံး အနေနဲ့ ဆရာ စဉ်းစားပေးပါဦး။”

သူက အားကိုးတကြီး ကျွန်တော့်ကို ကြည့်နေပြန်သည်။
ကျွန်တော်က ခေါင်းယမ်းလိုက်ပြီး -

“ခင်ဗျား လုပ်ငန်းက စာအုပ်အဟောင်း ရောင်းတဲ့ ဆိုင်ကလေး ဖြစ်ခဲ့ရင်တောင် ကျွန်တော့်နာမည်ကို အသုံးပြုဖို့ ဝန်မလေးပါဘူး။ ဒါပေမယ့် အခုဟာက သုသာန်တစ်ခု ဖြစ်နေတယ်။ ခင်ဗျားပြောသလို ခင်ဗျားတို့ သုသာန်ကို ကျွန်တော့်နာမည် ပေးလိုက်ပါပြီတဲ့။ မြန်မာနိုင်ငံက ကျွန်တော့်မိတ်ဆွေတွေ စာရေးဆရာတွေ စီတီဒဗလျူကို လာလည်ကြမယ်ဗျာ။ မြို့တော်လမ်းညွှန်စာအုပ်မှာ သူတို့က ကျွန်တော့်နာမည်နဲ့ သုသာန်ကို တွေ့သွားကြမယ်။ “စီတီဒဗလျူ မှာ ခင်များနာမည်နဲ့ နေရာကို တွေ့ခဲ့ရတယ်ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ သွားမလည်ခဲ့ဘူး။ ဒီလို နေရာမျိုးကလည်း လည်ဖို့ပတ်ဖို့ထက် တစ်သက်မှာ တစ်ခါပဲ သွားဖို့ ကောင်းတာကိုးဗျ” လို့ ပြုံးစိစိနဲ့ ကျွန်တော့်ကို ဝိုင်းနောက်တဲ့ ဒဏ်ကို ကျွန်တော် ခံနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်က မည်ကာမတ္တ စာရေးဆရာ တစ်ယောက်ဆိုတာ ပြောခဲ့ပြီးပါပြီ။ နောက် ခင်ဗျား မျှော်လင့်သလို ဂုဏ်ယူစရာကောင်းတဲ့ သူရဲကောင်း စာရေးဆရာ တစ်ယောက် မဟုတ်တာ ဝမ်းနည်းပါတယ်”

ဒေးဗစ်ဘက်ခမ်းက နီးစပ်ရာ ခုံတစ်ခုပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။

“ဘုရား … ဘုရား အမှန်တရားကို မြတ်နိုးပြီး လောကကောင်းကျိုးကို ဆောင်ရွက်မယ် ဆိုတဲ့ စာရေးဆရာတွေက နာမည် တစ်လုံးကျ တော်တော် နှမြောပါလား။ လောကကြီးအတွက် တော်တော် စိတ်မကောင်းစရာပဲ” မျက်နှာကို လက်ဝါးနှင့် အုပ်ရင်းက တတွတ်တွတ် ရေရွတ်နေသည်။ ထို့နောက် မတ်တတ်ရပ်လိုက်ပြီး လေးကန်သော ခြေလှမ်းများနှင့် တရွေ့ရွေ့ ကျောခိုင်း ထွက်ခွာသွားလေသည်။


နတ်မှူး
သမိုင်းမဲ့ ကောင်းကင် ဝတ္တုတိုစု စာအုပ်မှ


နောက်လည်း ဆရာနတ်မှူးရဲ့ ခုလို အတွေးဆန်းဆန်း ဝတ္တုတိုလေးတွေ ဖတ်ချင်ရင် အော်ပြီး တောင်းဆိုနိုင်ပါတယ်။ အားမနာပါနဲ့ လက်ညောင်းရင်လည်း ကျနော် ကျေနပ်ပါတယ်။ ဒီဝတ္တုတိုထဲမှာ ပါတဲ့ ဆရာမာန်မြင့်ရဲ့ မြန်မာပြည်မှာ လုပ်သည်နှင့် အခြား ဝတ္တုတိုများ စာအုပ်က ရွာမှာကျန်ခဲ့လို့ပါ။ သူ့ရဲ့ ပလေတိုး၏ဂန္တဝင် သာလိကာ ဆိုတဲ့ ဝတ္တုတိုလေးလဲ မျှဝေ ပေးချင်ပါတယ်။

11 comments:

win latt said...

“လူတစ်ယောက်ရဲ့ သမိုင်းကို ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်ကို သူ ဘယ်လောက် ကျေပွန်အောင် ထမ်းဆောင်ခဲ့သလဲဆိုတဲ့ အချက်နဲ့ တိုင်းတာရမယ်”
ဗန်းမော်တင်အောင်.....
ကြိုက်တယ်....လေးစားပါတယ်။

Notes on Web of My Pieces said...

ကျေးဇူး.။ နတ်မှူးက ဘာသာပြန်တွေများတော့ တခုတ်တရ မဖတ်ဖြစ်ဘူး...။ ခုမှပဲ..။ အပေါ်ဆုံးမှာ အစီရင်ခံထားသလို အားနာနာနဲ့ ဖတ်လိုက်မိတယ်...။အတွေးဆန်းတယ်ဗျ.။
ဦးဝင်းငြိမ်းကိုယ်တိုင် ဖော်ပြထားတဲ့ စာမူဆိုတော့ မစောကျော ချင်တော့ဘူး..။ ဟိး..

ဒါပေမယ့် ဆရာ နတ်မှူးက အစပိုင်းက ဆွဲခေါ်ခဲ့ပြီးမှ နောက်ဆုံးကျ သူ(စာရေးသူ) ပြောချင်တာတွေပဲ အတင်းကြီး လုပ်ပြောသွားတယ်....။ “ကျွန်တော် ”ဇာတ်ကောင် ပျောက်သွားတယ်...အရေးမကြီးဘူး သဘောထားပြီး စာရေးဆရာ အာဘော်သက်သက်ကို ပြောသွား၊ သရော်သွားချင်တာလား မသိဘူး..။ နောက်ဆုံးကျမှ သံဝေဂလိုလိုနဲ့ ငြီးငြူပြီး သိမ်းပစ်ထားတယ်...။ ဖတ်လို့ ကောင်းပါတယ်....။း) ကျေးဇူးတင်ပါတယ်..ကိုနွေဆူးလင်္ကာ.

ကိုအောင် said...

စာကောင်းပေကောင်းတွေ ဝေမျှပေးတာ ကျေးဇူး။

သူကြီးမင်း (တုံးဖလား) said...

တော်တော်ကြီးဖတ်လိုက်ရတယ်။
စာရေးဆရာလဲ သုဿာန်ကိုတော့ ကြောက်ကြသားဘဲနော်။

ဒါလဲ စဉ်းစားစရာတစ်ခုပေါ့လေ။
မိန်းခလေးတွေပြောနေကြစကားလုံးအရဆိုရင်တော့ အရှက်ကို အသက်နဲ့ လဲပစ်မယ် ဆိုသလိုပေါ့။

အခု ဆရာနတ်မှူးရဲ့  စီဒဗလျူက စာရေးဆရာတွေလဲ အသက်ကို မနှမြောပေမဲ့ အရှက်အတွက်တော့ အခက်တွေ့နေကြပြီထင်ပါ့။

ခြေလှမ်းသစ် said...

စာလေးက .... ပညာပေးပါတဲ့ ဆိုတဲ့ စာရေးဆရာ တွေတောင် ... နောက်ဆုံးမှာ မရင်းနှီးရဲတာတွေကို တွေ့နေရတယ်နော်... ကိုယ်တွေလည်း ဒီလိုပဲ ဖြစ်မှာပါ မဟုတ်တဲ့ နေရာမှာ ဂုဏ်တို့ နာမည်တို့ အတွက်ကို ထည့်သွင်းစဉ်စားနေကြလို့လေ .... No man is perfect ပေါ့ဗျာ ...

Flower said...

လက်ညောင်းခံရကျိုးနပ်မှာပါကိုနွေဆူးရယ်.. ရှည်ပေမဲ့လို့ ဖတ်ရတာ အတော်ကိုကောင်းပါတယ်.. တစ်ကြောင်းချင်းကို စိတ်ဝင်တစားနဲ့ ဖတ်ဖို့ ကောင်းပါတယ်.. ပြုံးရယ်ချင်စရာလဲ ကောင်းပါရဲ့..
ကိုယ့်ဟာကိုယ်ဆို ဖတ်ဖြစ်မယ်မထင်ဘူး... မြန်မာစာအုပ်တွေနဲ့ ဝေးနေလို့လေ.. ကျေးဇူးပါ...

Sonata Cantata said...

ကျေးဇူးပါ...
ကိုယ့်ကိုကိုယ်လည်း မလုံမလည် ဖြစ်သွားပါတယ်...
(ဒီဝတ္တုလေး ဖတ်နေသခိုက်တော့ ကိုယ့်ကိုကိုယ် ဝေလေလေ စာရေးဆရာအဖြစ် စိတ်ကူးယဉ်ခွင့်ပြုပါ။)

မသီတာ

may16 said...

တော်တော်ကောင်းတဲ့ ၀တ္တုတိုလေးပါ အစအဆုံးဖတ်လိုက်ရတာ အရသာရှိလိုက်တာ..

Eaindra said...

အခုမှရောက်ဖြစ်တာပါ..။
အရောက်နောက်ကျလေခြင်းလို့ ကိုယ့်ကိုယ်ကို အပြစ်တင်သွားမိပါတယ်.။

နောက်လည်း အမြဲရောက်ဖြစ်တော့မှာပါ

ကျေးဇူးတင်ပါတယ်

အိန္ဒြာ

ချစ်ကြည်အေး said...

ကိုနွေဆူးရေ...ချစ်ကြည်အေး သုဿန် လို့သာ နာမည်ပေးလိုက်ပါဗျာ....အစဉ် ဂုဏ်ယူနေပါမည်...စာကောင်းလေးအတွက် ကျေးဇူးနော်....:))

Unknown said...

ဘယ်လိုကျေးဇူးတင်မှန်းကိုမသိဘူး။ အခုလိုမျိုးရိုက်ပေးမယ့် လူရှိမှပဲ ဖတ်ရတာ။ မဂ္ဂဇင်းလည်းမရှိ၊ စာအုပ်လည်းမရှိ။ ဘယ်သူတွေဘာတွေရေးလို့ ဘာစာအုပ်တွေထွက်နေမှန်းလည်းမသိရ။ စာဖတ်သမားစာအုပ်ပြတ်တာ။ ဘိန်းစား ဘိန်းပြတ်တာထက်ဆိုးတယ်..တကယ်