Tuesday, September 29, 2009

ဆရာတော်နဲ့ ပြောဖြစ်တဲ့ ပရဟိတ


ကြယ်ကလေး အကူအညီ တောင်းလို့ ဒီတစ်ခေါက် ရွာပြန်တော့ အုန်းပေါက်ရွာကို ရောက်ဖြစ်ပါတယ်။ သူက အုန်းပေါက်ရွာ ဘုန်းတော်ကြီးသင် ပရဟိတ ကျောင်းကို အလှူငွေ လှူချင်ပါတယ် ဆိုလို့ ကြားကနေ ကူညီပေးဖို့ သွားဖြစ်တာပါ။ လှူတဲ့သူတွေ သံသယ မရှိအောင် ကြားက အလှူခံမပေးပဲနဲ့ ဘုန်းကြီးနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လှူတာ ပိုကောင်းမှာမို့ သွားပေးဖြစ်တာပါ။
ကျနော် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ရွာက ပရဟိတလုပ်ဖူးတဲ့ သူငယ်ချင်း သုံးယောက်လောက်နဲ့ သွားဖြစ်တာပါ။ အုန်းပေါက်ရောက်တော့ ကျောင်းအုပ်ဆရာတော် ဦးသီလာနန္ဒနဲ့ တွေ့ပြီး အကြောင်းစုံ ပြောပြတော့ ဘုန်းဘုန်းက တော်တော် ၀မ်းသာသွားပါတယ်။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အဲဒီရွာက ရွာခံ သူငယ်ချင်းတွေနဲ့လည်း တွေ့ရပါတယ်။ အဲဒီမှာ ဘုန်းဘုန်းက သူစိမ်းမဟုတ်ပဲ ရွာကသူငယ်ချင်းတွေနဲ့ ညီအစ်ကို ၀မ်းကွဲ တော်နေကြလို့ ကျနော်တို့ကို တော်တော် ခင်သွားပါတယ်။ ပြီးတော့ သူ့ကျောင်းမှာ ရှိတဲ့ အခက်အခဲတွေကို ပြောပြပါတယ်။
ကျနော်က ကျောင်းရဲ့ ကျောင်းသားစာရင်းနဲ့ ကြယ်ကလေး လုပ်ပေးမယ်ပြောတဲ့ ဆိုဒ် အတွက် ဆောင်းပါးလို ပုံစံမျိုးလေး ရေးပေးဖို့ တောင်းဆိုတော့ နောက်ရက်ကို ပြန်လာဖို့ ချိန်းလိုက်ပါတယ်။
နောက်ရက်သွားတော့ ဘုန်းဘုန်းနဲ့ ကျောင်းကိစ္စတွေအတွက် တော်တော် ဆွေးနွေးဖြစ်ပါတယ်။ ဆောင်းပါးတစ်ပုဒ်နဲ့ ကဗျာ နှစ်ပုဒ်ပေးလိုက်ပါတယ်။ သူကိုယ်တိုင် ရေးတာမဟုတ်ပဲ သူ့ကျောင်းက ဦးပဉ္ဖင်း ကျောင်းဆရာတွေနဲ့ လုပ်အားပေး ဆရာမတွေ ရေးတာ ဖြစ်ပေမယ့် အောက်က ကလောင်နာမည်ကို ဘယ်လို တပ်ရမလဲမေးတော့ အားလုံး ကျောင်းနာမည်ကိုပဲ တပ်ခိုင်းပါတယ်။
ကြယ်ကလေး လုပ်မယ့်ကိစ္စအတွက် ကူညီပေးးတာ ဖြစ်ပေမယ့် ကျနော်ကိုယ်တိုင်လည်း ဘုန်းဘုန်းကို တတ်နိုင်သမျှ ကူညီပေးမယ်လို့ ဂတိပေးခဲ့လို့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်။ အဲဒါကြောင့် ဘုန်းဘုန်းနဲ့ ပြောဖြစ်ပြီး ရေးထားတဲ့စာတွေထဲမှာ မပါတဲ့ အကြောင်းအရာတွေကို ပို့စ်လေးတစ်ခုအဖြစ် ရေးလိုက်ပါတယ်။
ကျေးလက်တောရွာတစ်ခုမှာ မိသားစု စားဝတ်နေရေးကိစ္စက အတော်လေးကို အခက်အခဲ ဖြစ်နေကြပါတယ်။ ဆင်းရဲသား လက်လုပ်လက်စား လူတန်းစားကို ပြောတာပါ။ အဲဒါဆို မပြောနဲ့တော့ ရွာတိုင်း အဲလိုတော့ ရှိကြမှာပဲလို့ ပြန်မပြောကြပါနဲ့။ ဟုတ်ပါတယ်။ ရွာတိုင်းရှိပါတယ်။ ဒါပေမယ့် ရွာတိုင်းတော့ ဦးသီလာနန္ဒတွေ မရှိပါဘူး။
ဒီပို့စ်လေးကို ဖတ်ဖြစ်တဲ့လူတွေက အဲလိုရွာသူငယ်ချင်းတွေကို ပြန်ပြောပြရင် ဒါမျိုးကျောင်းလေးတွေ ရှိလာဖို့ စိတ်ကူး ကြရင်ကို ကျနော်တို့အတွက် ကူညီရကြိုး နပ်ပါတယ်။
စားဝတ်နေရေးတောင် အနိုင်နိုင် ရုန်းကန်နေရတဲ့ မိသားစုတွေမှာ သားသမီးတွေအတွက် ပညာရေးဆိုတာ ဒုတိယ ဦးစားပေး အဆင့်မှာပဲ ရှိပါတယ်။ သူတို့ဟာ ပညာရဲ့ တန်ဖိုးကို မသိလို့ မဟုတ်ပါဘူး။ သားသမီးတွေကို ပညာတတ်အောင် သင်ပေးချင်တာ မိဘတိုင်းရဲ့ မေတ္တာတရားပါ။ ဒါပေမယ့်လည်း ဒီခေတ်ရဲ့ ပညာတန်ဖိုးကို သိလို့ပဲ သားသမီးတွေကို ပညာသင်မပေးနိုင်တဲ့ မိဘတွေ အများကြီး ရှိပါတယ်။ ရှုပ်သွားပြီလား။ ရှင်းပါ့မယ်။ အားလုံးသိကြတဲ့အတိုင်း ဒီခေတ်မှာ ကျောင်းဝင်ကြေး၊ စာရွက်စာတန်းကြေး၊ ဘာညာသာရကာတွေ အများကြီးရှိနေတော့ ဒီခေတ် ပညာရေးအတွက် တန်ဖိုးဟာ ကြီးသွားတော့တာပါပဲ။ မြို့နေလူတန်းစားကတော့ တွေးလိမ့်မယ်၊ ဒီလောက်များကွာလို့။ မထင်ပါနဲ့။ တောရွာမှာရှိတဲ့ ဆင်းရဲသား လူတန်းစားတွေအတွက်တော့ တစ်နေ့လုပ်မှ တစ်နေ့စားရမယ်။ ရာသီဥတုကြောင့် တစ်နေ့မလုပ်နိုင်ရင် တစ်နေ့ ငတ်ပါတယ်။အဲဒီလို အခြေအနေတွေမှာ သားသမီး ပညာရေးဆိုတာ အလှမ်းရခက်တဲ့ ခရီးကြမ်းတွေပါပဲ။ အဲဒီလို ပညာမသင်နိုင်တဲ့ ကလေးငယ်တွေအတွက် မြန်မာပြည်တ၀န်းမှာ ဘ.က လို့ ခေါ်တဲ့ ဘုန်းတော်ကြီးသင် ပညာပါရမီကျောင်း လေးတွေ ပေါ်ပေါက်လာတဲ့ အထဲမှာ ဆရာတော် ဦးသီလာနန္ဒရဲ့ ရေလည်ကျောင်းလေး အပါအ၀င်ပါပဲ။
ဆရာတော်က ဒီနှစ်မှ ကျောင်းလေး စတင်နို်င်တာပါ။ ၀ါးရိုးခေါင်တိုင်၊ ထရံကာ သက်ကယ်မိုးကျောင်းကလေးကို ပြရင်း အဲလို ကျောင်းဆောင်ကလေးဖြစ်ဖို့ ရွာသူရွာသားတွေ လုပ်အားပေးနေတဲ့ မှတ်တမ်းတင် ဓါတ်ပုံလေးတွေကို ကြည့်ခိုင်းနေတဲ့ ဘုန်းဘုန်းရဲ့ ပီတိဟာ ကျနော်တို့ သူငယ်ချင်းတစ်စုဆီ ကူးစက်လာပါတယ်။
ကျောင်းကလေး စမယ်ဆိုတော့ မတတ်နိုင်တဲ့ မိသားစုရဲ့ သားသမီးတွေကို စုတဲ့အချိန်မှာကို ရင်နာစရာ စကြုံရတာပါပဲ။ အစိုးရကျောင်းတွေမှာ နေလက်စ ကလေးတွေကို ဘ.က ကျောင်းပြောင်းဖို့အတွက် အစိုးရကျောင်းထွက်လက်မှတ် လိုပါတယ်။ အဲလို ထွက်ရင်လည်း ထွက်ချင်တိုင်း ထွက်လို့ မရပါဘူး။ ကျောင်းထွက်ကြေးဆိုတာမျိုး လိုပြန်ရော။ အဲဒီကလေးတွေမှာ အစကတည်းက မရှိပါဘူးဆို။ ကျောင်းထွက်ကြေးကို ဘယ်လို ပေးရမှန်း မသိပါဘူး။ အဲဒီအတွက် ဆရာတော်က အုန်းပေါက် အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးရဲ့ အကူအညီကိုယူပြီး တချို့အတွက် ဆရာတော်က ကျခံ၊ တချို့အတွက် ဆရာမကြီးက ကျခံ နဲ့ပဲ ကလေးတွေ ကျောင်းထွက်လက်မှတ် ရခဲ့ပါတယ်။
တချို့ကလေးတွေဆို ကြီးတဲ့အထိ ကျောင်းမနေဖူးပါဘူး။ အဲလို ကလေးတွေကိုလည်း ဆရာတော်က မိဘတွေကို မေတ္တာရပ်ခံပြီးတော့ ကျောင်းမှာ ပညာသင်ကြားစေခဲ့ပါတယ်။ အပေါ်ပုံထဲမှာ ပါတဲ့ အရပ်ရှည်ရှည်နဲ့ ကလေးဆို သူငယ်တန်းပါပဲ။ အရပ်ရှည်နေတာ မဟုတ်ပါဘူး။ အသက်လည်း ကြီးပါပြီ။ သူ့ခင်ဗျာ ဒီအသက်အရွယ်ရောက်မှ ဆရာတော်ရဲ့ ကျေးဇူးကြောင့် ပညာရေးဆိုတာ ဘာမှန်းသိရတဲ့ ကလေးပါ။
ကျနော်တို့အဖွဲ့လည်း ဆရာတော် လိုအပ်တာ ကူညီဖို့ ကတိပေးခဲ့ကြပါတယ်။ ငွေရေးကြေးရေးတော့လည်း အများကြီး မတတ်နိုင်ကြဘူးလေ။ အဲဒီအတွက် ဖြစ်နိုင်သမျှ အကြံဉာဏ် လှူခဲ့ကြပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို ကျောင်းအကြောင်း ပြောပြပြီး အလှူခံပေးဖို့အတွက် ပြောဖြစ်ခဲ့ပါတယ်။ ဆရာတော့်ဘက်ကလည်း လှူချင်တဲ့လူတွေ အတိအကျ လှူနိုင်အောင် ကျောင်းသားတစ်ယောက်အတွက် တစ်နှစ်စာ ကုန်ကျနိုင်မယ့် ပျမ်းမျှ အသုံးစားရိတ်၊ တစ်နှစ်စာ သို့မဟုတ် တစ်လစာ ကုန်ကျနိုင်မယ့် ဗလာစာအုပ် ခဲတံ အရေအတွက် အဲဒါတွေကို စာရင်းပြုစုထားဖို့ အကြံပေးခဲ့ကြပါတယ်။ ပြီးတော့ ဆရာတော်က ဗလာစာအုပ် လှူတဲ့လူတွေ ရှိကြောင်း၊ ရိုးရိုးဗလာစာအုပ်တွေချည်းပဲ လှူကြလို့ လေးကြောင်းမျဉ်း စာအုပ်တွေ လိုအပ်ကြောင်း မိန့်ပါတယ်။
ပြီးတော့ ဘေးကလှူမယ့် အလှူရှင်တွေကိုချည်း အားမကိုးပဲနဲ့ အမြဲတမ်း ကျောင်းရံပုံငွေ ရှိနေအောင် ကျောင်းကို စိတ်ဝင်စားတဲ့ တတ်နိုင်တဲ့ထဲက ရွာခံလူတွေ၊ မြို့ပေါ်ကလူတွေထဲကနေ တစ်အိမ်ထောင်ကို အများကြီးမဟုတ်ဘူး။ တစ်လကို တစ်ရာပဲ အလှူခံဦး အိမ်ထောင်စု တစ်ထောင်ဆို တစ်သိန်း လစဉ် အလှူငွေ ရနေမယ်ပေါ့။ အများအမြင်ရှင်းအောင် ကော်မတီလေး တစ်ခုလည်း ဖွဲ့ဖို့ လိုမယ့်အကြောင်း။ ရွာက လူကြီးတွေနဲ့ ဖွဲ့နိုင်ရင် ပိုကောင်းမယ့် အကြောင်း။ လစဉ် ၀င်ငွေ ထွက်ငွေ စာရင်းကိုလည်း အတိအကျလုပ်ပြီး အလှူရှင်တွေ ကော်မတီလူကြီးတွေကို တင်ပြနိုင်ရင် ပိုကောင်းမယ့် အကြောင်းတွေ ဆရာတော်ကို ဆရာ ပြန်လုပ်ခဲ့ကြပါတယ် ဟဲဟဲ။
ဆရာတော်ကလည်း ကျောင်းရံပုံငွေ ကိစ္စအတွက် ဒီနှစ်ကထိန်မှာ ဆိုင်ကယ် မဲဖောက်ပြီး ကံစမ်းမဲ ရောင်းဖို့ အစီအစဉ် ရှိကြောင်းကို ပြန်မိန့်ပါတယ်။ ကျနော်တို့ သူငယ်ချင်းတွေကလည်း အရမ်းကောင်းတဲ့ အကြံဖြစ်ကြောင်း၊ ကူရောင်းပေးမယ့် အကြာင်းတွေ ပြောခဲ့ကြပါတယ်။
ဆရာတော် မိန့်ခဲ့တဲ့အထဲက ကျနော် ပြန်ပြောချင်တာကတော့ ပရဟိတသမားဟာ နိုင်ငံရေးနဲ့ ကင်းရှင်းသင့်တယ် ဆိုတာပါပဲ။ တကယ် မှတ်သားသင့်တဲ့ စကားပါ။ ကျနော်ကတော့ ကိုယ့်အတွေးနဲ့ကိုယ် ရောမသွားဖို့ပဲလို့ မှတ်သားလိုက်ပါတယ်။
ပြောရင်းနဲ့ ဆရာမ တစ်ယောက်ပြန်ပြောတာကို သတိရမိလို့ ပြောပါဦးမယ်။ တစ်ခါကဆို ကျောင်းသားလေးတွေ ထမင်းစားကျောင်းဆင်းလို့ စားဖို့ ထမင်းထုပ်လေးဖွင့်လိုက်တော့ ထမင်းတွေက သိုးနေပါသတဲ့။ အဲဒါ ဘယ်နှစ်ရက်အဲလိုပဲ စားနေလဲ မသိဘူး။ အဲဒီနေ့ကမှ ဆရာမက ယူကြည့်မိတော့ ထမင်းသိုးတွေ မစားရဘူးလို့ ပြောပြီး ကျောင်းမှာရှိတဲ့ ထမင်း ကျွေးလိုက်ရပါသတဲ့။ ဖြစ်နိုင်တာကတော့ သူ့မိဘတွေက မနက်အစောကြီး အလုပ်သွားရမှာမို့ အဲဒီထမင်းတွေကို ညကတည်းက ဒါမှမဟုတ် မနက်အစောကြီးထပြီး ချက်ထားတာ ဖြစ်ပါလိမ့်မယ်။ အညာနေဆိုတာလည်း သိတဲ့အတိုင်း ခဏနဲ့ ထမင်းတွေ ဟင်းတွေ သိုးကုန်လောက်အောင် ပူတာလေ။ အဲလိုကို ကလေးတွေရဲ့ မိသားစုအခြေအနေက တော်တော်လေးကို ဆိုးနေတာပါ။ ဆရာတော်သာ အလင်းမပေးနိုင်ရင် အဲဒီကလေးတွေရဲ့ အနာဂတ်ဟာ အမှောင်ထဲကကို ထွက်နိုင်မှာ မဟုတ်ပါဘူး။
ရေးကောင်းကောင်းနဲ့ ရေးလိုက်တာ တော်တော်တောင် ရှည်သွားပြီ။ ဒါတောင် သတိရသမျှပဲ ရေးထားသေးတာ။ နောက်သတိရတာတွေရှိရင် သတိရသလို ရေးပါဦးမယ်။
ပညာပါရမီ အုန်းပေါက်ရွာ ရေလည်ဘုန်းတော်ကြီးသင် မူလတန်းကျောင်းကို လှူချင်တဲ့လူများရှိရင် အုန်းပေါက်ရွာက ကံစောထွန်း ၀၉ ၂၀၃၄၆၈၉ ကနေတစ်ဆင့် ဆရာတော့်ကို တိုက်ရိုက်ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။ ကျနော်ကနေ တဆင့် လှူချင်တယ်ဆိုလည်း စိတ်ရောကိုယ်ပါ ကူညီဖို့အသင့်ပါ။ ဒါမှမဟုတ် ကြယ်ကလေးနဲ့လည်း ဆက်သွယ်ပြီး လှူလို့ ရပါလိမ့်မယ်။
ပြည်ပက လှူချင်သူများအတွက်တော့ နောက် ရက်အနည်းငယ်မှ ဆရာတော်ရဲ့ ဂျီမေးလ်နဲ့ ဆရာတော့်ရဲ့ ဘဏ်အကောင့်ကို ပြောပါ့မယ်။ ကျနော်နဲ့လည်း ဆရာတော်က အွန်လိုင်းမှာ မတွေ့ဖြစ်သေးပါဘူး။ ဆရာတော်က ရွာမှာဆိုတော့ မန္တလေး ရောက်မှ အွန်လိုင်း တက်ဖြစ်လို့ပါ။
ဒီပို့စ်လေးနဲ့ ကျနော် ကုသိုလ် ယူလိုက်ပါတယ်။ ဒီဘ၀မှာ ကျနော်ဟာ ပညာပါရမီ နည်းခဲ့တဲ့အတွက် ငွေရေးကြေးရေး မတတ်နိုင်ပေမယ့် တတ်စွမ်းသမျှလေးနဲ့ ပညာပါရမီ ဖြည့်လိုက်ပါတယ်။ အားလုံးကိုလည်း မွန်မြတ်တဲ့ ပရဟိတ စိတ်ထား ကုသိုလ်ပွားများကြဖို့ နိဗ္ဗာန်အကျိုးမျှော် နိုးဆော်လိုက်ရပါတယ် ခင်ဗျား။ ။

16 comments:

mikozan said...

ကျေးဇူးအရမ်းတင်ပါတယ်အကို

မကြာခင် ဒီကျောင်းလေး အတွက် web site ပြီးပါတော့မယ်

သာဓု သာဓု သာဓု ပါနော်

(အိမ်ထောင်ကျ ကလေးရရင်

ဦးနှောက်ကြီးကြီး မျက်လုံး တောက်တောက် နဲ့ကလေးလှလှရပါစေ)

yaewoori said...

သေ ဟဲ့ အရပ်ကတို့ ရဲ့

ပိုက်ဆံမရှိလို့ကျောင်းထွက်ပါတယ် ဆို

ကျောင်းထွက်ကျေး တဲ့

အသေသာသတ်လိုက်ပါတော့

ကဲအလှူရှင်ရေ ကျောင်းထွက်ကျေးလေး မမေ့နဲ့နော်

ဘုန်းဘုန်း ရဲ့ အခမဲ့ကျောင်းကိုတက်ဖို့

ကျောင်းထွက်ကျေးလေး သွားပေးရအုံးမယ်

ဘဝ ဘဝ

သူရိန်မင်း said...

သာဓုအကြိမ်ကြိမ် ခေါ်မိပါသည်။ ၀မ်းသာလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူးဗျာ။ အားလုံးပါဝင် ကူညီနိုင်ပါစေ။

kiki said...

ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်ပါကြောင်း ..

ကျောင်းဝင်ကြေးသာကြားဖူးပါတယ်
ခုတော့ ကျောင်းထွက်ကြေးဆိုတာလည်း ရှိနေတာ အံ့ရော...

HRmyanmar said...

လေးစားတယ်ခင်ဗျာ လေ့လာမှတ်သား သွားပါသည်..
နိဗ္ဗာန်ဆော်အကျိုး လျင်မြန်စွာခံစားရပါစေခင်ဗျာ

ပုံ့မေ said...

ဒါက စုပေါင်းလုပ်ရင် ပိုအကျိုးများပါတယ်...

အစ်ကိုရေ ကျေးဇူးပါ

Angel Shaper said...

ကိုနွေရေ... သာဓုခေါ်ပါတယ်ဗျာ....

may16 said...

သာဓုပါရှင် ကိုနွေဆူးလင်္ကာ

သူကြီးမင်း (တုံးဖလား) said...

စိတ်ကူးကောင်းပါတယ်။ အများအကျိုးအတွက် ရေးသားတဲ့ ပို့စ်လေးဖြစ်လို့ သာဓုခေါ်ပါတယ်ဗျာ။

အားလုံးအဆင်ပြေပါစေ။

လင်းဦး(စိတ်ပညာ) said...

သာဓု ခေါ်ဆိုပါတယ်ခင်ဗျာ

Nge Naing said...

သာဓု သာဓု သာဓု ခေါ်သွားပါတယ်။

Beauty Studio USA Branded Store said...

ပရဟိတပိုလ့်ကောင်းလေးတစ်ပုဒ်ပါ အကိုရေ။သာဓုလဲခေါ်ပါတယ်။ ကျောင်းထွက်ကြေးဆိုတာကြီးကတော့ ဘဝင်မကျစရာပဲဗျာ။

မေ့သမီး said...

အကို အိမ်ပြန်သွားသေးတာပေါ့။ ကောင်းတယ်။ အမေနဲ့ တွေ့ခဲ့ရမှာပေါ့။ ဒီရွာကဘယ်တိုင်းထဲမှာရှိတာလဲဟင်။

Dream said...

မွန်မြတ်တဲ့ စိတ်ထားလေးအတွက် သာဓု ခေါ်မိပါတယ်။

Waing said...

မိမိတတ်နိုင်သလောက် ပါဝင်အားဖြည့်ကူညီနိုင်ကြပါစေ။ လိုအပ်နေတဲ့ ကလေးငယ်တွေအတွက် ပရဟိတ အလှူလေးဟာ သူတို့တွေအတွက်တော့ ၀မ်းသာအားရ ပီတိဆေးတစ်ခွက်ပါပဲ။ ပို့စ်လေးဖတ်လိုက်ရတာ စိတ်ထဲတောင်မကောင်းဘူး အဘက်ဘက်က ရွာလေးအတွက် ကူညီပေးခဲ့တဲ့သူတွေအားလုံးအတွက် ၀မ်းသာမိရပါတယ်။ ဘ၀မှာ ချမ်းမြေ့သာယာမှုတွေကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေ....

မိုးစက်ပွင့်လေး said...

ကျောင်းထွက်ကြေးဆိုတာကြီးကဘယ်လိုကြီးလဲနော်..အဲလိုလဲရှိတယ်..ဆိုးတယ်နော်..
အခုလို မှတ်သားခွင့်ရတဲ့အတွက် ကျေးဇူးပါ..