Sunday, August 16, 2009

စာမေးပွဲ ကျတဲ့နေ့

အဲဒီနေ့က ...
သုညတွေ မွန်းကျပ်နေကြတယ် ...။

မျက်လုံးပေါင်းများစွာ ၀မ်းသာ ၀မ်းနည်း
ကြေကွဲ ဆွေးမြေ့ ပျော်ရွှင် ကြည်နူး
ငါ့အိပ်မက်တွေ ရေဖြစ်တဲ့နေ့ ...
ငါ့ကျိန်စာတွေ သီချင်းလုပ်ဆိုတဲ့နေ့ ...။

အမှိုက်အိတ်ကြီးလို ခံစားရတယ် ...
အသုံးမကျတဲ့ အရာတွေ အထည့်ခံရပြီး
နောက်ဆုံးကျ ကိုယ်တိုင် အမှိုက်ဖြစ်ရတာပဲလေ။

ငါက ဖိနပ်တစ်ဖက်လား? ဖျာတစ်ချပ်လား?
ဓါးတစ်ချောင်းလား? ဂစ်တာတစ်လက်လား?
မိုးတိမ်တစ်စလား? ကြယ်တစ်စင်းလား?
အဲဒီနေ့က ငါ့စိတ်တွေ မရေမရာနဲ့
ရေရေရာရာပဲ အောက်ဆုံးကို လွှင့်မျှောပြုတ်ကျ ...။

ငါဘာမှားလို့လဲလို့
ကိုယ့်ကိုကိုယ် ပြန်မေးလို့ မရလောက်အောင်
ကံကြမ္မာက ကျယ်လွန်းတယ်။

ဘုရားသခင်က ကြွေအံ မကစားပေမယ့်
အဲဒီနေ့က နတ်ဆိုးတွေ နိုင်သွားကြတာ သေချာပါတယ်။ ။

15 comments:

Yu Ya said...

“ငါဘာမှားလို့လဲလို့
ကိုယ့်ကိုကိုယ် ပြန်မေးလို့ မရလောက်အောင်
ကံကြမ္မာက ကျယ်လွန်းတယ်။”

အဲဒီ အဖွဲ့လေး သဘောကျတယ်ဗျာ။

yu ya

သုခုမလေဒီ said...

တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်ဘာမှားမှန်းမသိပဲ အမှားခံရတယ်လေ။ ကဗျာလေးခံစားသွားတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

kiki said...

တခါတလေ ကိုယ်ကမမှားပေမဲ့
ကျရှုံးရတာတွေလည်းရှိတတ်ပါတယ် ။
မှန်တိုင်း မကောင်းဘူးဆိုသလို
ရှုံးတိုင်းလည်း ကိုယ်ညံ့လို့မဟုတ်ပါဘူး ။

ရှုံးလည်း အရှုံးမပေးပါနဲ့ 
အားမလျှော့ဘဲ ဆက်လုပ် ။ အောင်မြင်မှုက ဆုံးရှုံးမှု နဲ့ ထရံ တခြပ်သာ ခြားတာပါ ။

(ပြောမဲ့ သာပြောရတယ် ။ မမှားဘဲ ပေးရတဲ့  အရှုံးက ကိုယ်တိုင်ခံစားရဖူးလို့  နားလည်ပါတယ် ။ ခံရ အတော်ခက်တာလေ )

ဧရာဝတီသား said...

အမှိုက်အိတ်ကြီးလို ခံစားရတယ် ...
အသုံးမကျတဲ့ အရာတွေ အထည့်ခံရပြီး
နောက်ဆုံးကျ ကိုယ်တိုင် အမှိုက်ဖြစ်ရတာပဲလေ

ကျွန်တော်လည်း အဲဒီလို့ ခံစားခဲ့ရဘူးတယ်ဗျာ။ ခံစားချက်တွေကို နားလည်ပါတယ်။
ခင်မင်လျက်

ဝက်ဝံလေး said...

တခါတလေ မမှားပေမယ့် ထောင်ကျတာလဲ ရှိတတ်ပါတယ် အခုတလော ခေတ်စားနေတဲ့ဟာလိုမျိုးပေါ့ အီးးးယားးးး မီး မပြောဘူးနော် ဟိဟိ

ငှက်ငယ်လေး said...

အမှိုက်အိတ်ကြီးလို ခံစားရတယ် ...
အသုံးမကျတဲ့ အရာတွေ အထည့်ခံရပြီး
နောက်ဆုံးကျ ကိုယ်တိုင် အမှိုက်ဖြစ်ရတာပဲလေ

စာသားလေးက ထိတယ်နော်....အကိုနွေးဆူးရဲ့  အောင်မြင်မှုတွေကိုလည်းတွေ့ နေရတယ် အားကျပါတယ်း)

Angel Shaper said...

အမှိုက်အိတ်ကြီးလို ခံစားရတယ် ...
အသုံးမကျတဲ့ အရာတွေ အထည့်ခံရပြီး
နောက်ဆုံးကျ ကိုယ်တိုင် အမှိုက်ဖြစ်ရတာပဲလေ။

ငါဘာမှားလို့လဲလို့
ကိုယ့်ကိုကိုယ် ပြန်မေးလို့ မရလောက်အောင်
ကံကြမ္မာက ကျယ်လွန်းတယ်။

ကိုနွေရေ...ဒီအပိုဒ်လေးတွေကြိုက်တယ်။ သမီး အဲလို ခံစားဖူးတယ်။ ဒါပေမယ့်..ဘယ်လိုမှ တွေးလို့ မရတဲ့တွေးလေးတွေဗျာ။ ကြိုက်တယ် တကယ်။

ဆောင်းယွန်းလ said...

အမှိုက်အိတ်ကြီးလို ခံစားရတယ် ...
အသုံးမကျတဲ့ အရာတွေ အထည့်ခံရပြီး
နောက်ဆုံးကျ ကိုယ်တိုင် အမှိုက်ဖြစ်ရတာပဲလေ။

အတွေးလေးကောင်းတယ်ဗျာ..
သေသေချာချာဖတ်သွားပါတယ်

MANORHARY said...

ထုံးစံအတိုင်းပေါ့
သီလမြဲနေပါလျက်နဲ့
နတ်ဆိုးတွေက နိုင်နေကျအတိုင်းနိုင်တယ်
မှန်ထဲကြည့်မေးရင်းမေးရင်း
ပြန်ထွက်လာတဲ့ မေးခွန်းတွေက
ကိုယ့်ကိုမှန်တယ်
အဲဒီလူတစ်ယောက်ပေါ့...
အဲဒီမြားတွေနဲ့သေဆုံးခဲ့တာ.....

မြစ်ကျိုးအင်း said...

အမှိုက်အိတ်တလုံးရဲ့ခံစားချက်ကို ဖွဲ့ထားတာလေး တော်တော်ကြိုက်တယ်ဗျာ..။

သီဟသစ် said...

ကိုနွေဆူးရေ

ရင်ထဲထိတဲ့ ကဗျာလေးကို ဖတ်သွားပါတယ်

ခင်မင်စွာဖြင့်
သီဟသစ်

တေလေ said...

ကဗျာလေးမိုက်တယ်ဗျ..စာမေးပွဲကျတော့လည်း ပျော်ပျော်ကြီးပေါ့...........

ဆူးရင့် said...

လောကမှာ အမှားကို ဘယ်သူ
စ ထွင်ခဲ့သလဲတဲ့
သူငယ်ချင်းတစ်ယောက်က မေးဖူးတ.်။
သူငယ်ချင်းရေ
ကဗျာလေးက တကယ်ကောင်းလို့
တကယ် ကြိုက်သွားတယ်နော။

သူကြီးမင်း (တုံးဖလား) said...

ကဗျာလေးကြိုက်တယ်။ စာမေးပွဲကျတာ နတ်ဆိုးတွေ နိုင်သွားလို့ပေါ့။ ဟုတ်ပါ့ ဟုတ်ပါ့။

သားကြီး said...

ငှက်ကလေး(ဝက်ဝံလေး)ပြောတာကြည့်ပြီး လူတောင်လန့်သွားတယ်
တခါတလေ မမှားပေမယ့်ထောင်ကျတယ်တဲ့
အီးးးး :(
စာသားအလှလေးတွေ လာရောက်ခံစားသွားပါတယ်ခင်ဗျ