Tuesday, August 11, 2009

သူငယ်ချင်း ၀တ္တုတိုလေးများ


နိဒါန်း
သတိပေးချက် ။ ။ ဤအရာသည် ၀တ္တုတစ်ပုဒ် ဖြစ်ပါသည်။ ထို့ကြောင့် သင်တို့၏ သိပ္ပံနည်းကျ အတွေးအခေါ်များအား အပြင်ဘက်၌ ခတ္တခဏ ချွတ်ထားခဲ့ကြပါကုန်။

(၁)
ဆေးစက်ရောင်စုံ စွန်းထင်းနေတဲ့ ခပ်ညစ်ညစ် ပန်းချီကားလေးတစ်ချပ်နဲ့ အဖြူရောင်သက်သက် ရှင်းသန့် စင်ကြယ်တဲ့ ပန်းချီကားလေးတစ်ချပ်တို့ သူငယ်ချင်း ဖြစ်သွားကြတယ်။
“ငါနဲ့ ဝေးဝေးနေပါလားကွာ ... ခပ်ညစ်ညစ်ဆေးစက်တွေ နင်ရဲ့ အဖြူရောင်ထဲကို စွန်းပေသွားမှာ မကြောက်ဘူးလား ....”
“ဖြစ်နိုင်ရင် .... နင့်ရဲ့ ဆေးစက်တွေကိုတောင် ငါ ဝေမျှ ယူချင်ပါတယ် ....”

(၂)
ထိုကောင်လေးနှင့် ကောင်မလေးသည် သူငယ်ချင်းများ ဖြစ်ကြ၏။
ကောင်လေး ။ ။ “ဟိတ် ... နင်သိလား”
ကောင်မလေး ။ ။ “ဘာလဲ?”
ကောင်လေး ။ ။ “ပင်လယ်ကြီးနဲ့ ကောင်းကင်က သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေတဲ့ဟ”
ကောင်မလေး ။ ။ “ဟုတ်လား! ဘယ်တုန်းက သူငယ်ချင်း ဖြစ်သွားတာလဲ?”
ကောင်လေး ။ ။ “ကြာပြီဟ ... ကမ္ဘာဦးအစကတည်းကပဲ”
ကောင်မလေး ။ ။ “နင်က ဘယ်လို သိတာလဲ?”
ကောင်လေး ။ ။ “သူတို့က အင်္ကျီ ဆင်တူလည်းဝတ်တယ် ... ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် မျက်စိအောက်က အပျောက်မခံကြဘူးလေ ...”

(၃)
ထိုကောင်လေးနှင့် ကောင်မလေးသည် သူငယ်ချင်းများ ဖြစ်ကြ၏။
ကောင်လေး ။ ။ “ဟိတ် ... နင်သိလား”
ကောင်မလေး ။ ။ “ဘာလဲ?”
ကောင်လေး ။ ။ “နေ့အလင်းနဲ့ ညအမှောင်ကလည်း သိပ်ချစ်တဲ့ သူငယ်ချင်းတွေပဲတဲ့”
ကောင်မလေး ။ ။ “ ဟုတ်လို့လားဟာ ... နင်ကလည်း ... အလင်းနဲ့ အမှောင်က ဘယ်တုန်းကများ မျက်နှာချင်းဆိုင်လို့ ရလို့လဲ ...”
ကောင်လေး ။ ။ “ငါပြောတာက အလင်းနဲ့ အမှောင်မဟုတ်ဘူး ... နေ့ရဲ့ အလင်းနဲ့ ညရဲ့ အမှောင်ကို ပြောတာ ...”
ကောင်မလေး ။ ။ “ ထားပါတော့ ... ဘယ်တုန်းက ဖြစ်သွားတာလဲ?”
ကောင်လေး ။ ။ “အဲဒါလည်း ကမ္ဘာဦးအစကတည်းကပဲတဲ့ဟ”
ကောင်မလေး ။ ။ “လုပ်ပြန်ပြီ ... နင်က ဘယ်လို သိတာလဲ?”
ကောင်လေး ။ ။ “နင်ကြည့်ပါလား ... ညတစ်ခုကုန်လို့ နေ့တစ်နေ့ကို ရောက်တော့မယ်ဆိုရင် အလင်းရောင်က ၀ုန်းကနဲ ရောက်မလာဘူးလေ ... တဖြည်းဖြည်း မှောင်ရာကနေ လင်းလာတယ် ... အဲဒီလိုပဲ ညအမှောင်ကလည်း ညရောက်တော့မယ်ဆိုရင် တဖြည်းဖြည်းပဲ လင်းရာက မှောင်သွားတယ် မဟုတ်လား ...”
ကောင်မလေး ။ ။ “ ဟုတ်သားပဲ ... အဲဒါနဲ့ သူတို့က သူငယ်ချင်း ဖြစ်ရောလား ...”
ကောင်လေး ။ ။ “ ဒီလိုဟ ... သူတို့က သူငယ်ချင်းတွေဆိုပေမယ့် အတူယှဉ်တွဲပြီး နေလို့မရဘူးလေ ... တစ်ယောက်ရောက်လာရင် တစ်ယောက်က ထွက်သွားရမှာ မဟုတ်လား ... အဲဒါနဲ့ တစ်ယောက်ကို တစ်ယောက် ငဲ့ညှာပြီး နေ့အလင်း လာရင်လည်း ဖြည်းဖြည်းလေးလာတယ် ... အဲဒါမှ ညအမှောင်ကလည်း ဖြည်ဖြည်းလေး ထွက်သွားရမယ်လေ ... ညရောက်တော့မယ် ဆိုရင်လည်း ဒီလိုပဲလေ ... သူတို့ နှစ်ယောက်က အရမ်းခင်ကြတော့ အဲဒီလို မျက်နှာချင်း ဆိုင်လို့ရတုန်းလေးခဏမှာ စကားတွေ အများကြီး ပြောကြတယ်တဲ့ ...”

(၄)
ထိုကောင်လေးနှင့် ကောင်မလေးသည် သူငယ်ချင်းများ ဖြစ်ကြ၏။
ကောင်လေး ။ ။ “ဟိတ် ...”
ကောင်မလေး ။ ။ “ဘာလဲ?”
ကောင်လေး ။ ။ “ဒီနေ့ နင့်မွေးနေ့မဟုတ်လား”
ကောင်မလေး ။ ။ “ဟုတ်တယ်လေ ...”
ကောင်လေး ။ ။ “ရော့ ... နင့်အတွက် မွေးနေ့လက်ဆောင်”
ကောင်မလေး ။ ။ “ ပေး .....”
ထိုကောင်မလေးသည် ကောင်လေးပေးသော မွေးနေ့လက်ဆောင်ကို ယူ၍ ဖွင့်ကြည့်လိုက်လေသည် .....။

(၅)
ကောင်မလေး မွေးနေ့အတွက် သူ့သူငယ်ချင်း ကောင်လေး ပေးသော မွေးနေ့လက်ဆောင်မှာ ..... ..... ..... ..... .....
သင်လည်း ဖတ်ပြီးပါပြီ။

နိဂုံး
ဤတွင် ၀တ္တုပြီး၏။ သင်တို့၏ သိပ္ပံနည်းကျ အတွေးအခေါ်များအား မမှားအောင် သေချာဂရုတစိုက်စီး၍ ပြန်ကြပါကုန်။ ။


29 comments:

kiki said...

ဘာလက်ဆောင်များပါလိမ့် ... ???

ဆေးရောင်စုံ နဲ့  ချယ်မှုန်းထားတဲ့  အလိုက်သိမှု ၊ယုံကြည်မှု ၊ပျော်ရွှင်မှု ပန်းချီကား လေး တချပ် ဖြစ်နေမလားးးးးး

ဝက်ဝံလေး said...

အိ ဖတ်ပီး ဘာမန့်ရမလဲ မသိဘူး ဂမှာ များက ပိန်းပါတယ် ဆိုမှ ဟွန်းးးးး

သီဟသစ် said...

မွေးနေ့လက်ဆောင်လေးက ဘာလေးလဲဗျ

ခင်မင်စွာဖြင့်
သီဟသစ်

သုခုမလေဒီ said...

နင့်ရဲ့ ဆေးစက်တွေကိုတောင် ငါဝေမျှယူချင်ပါတယ် ဆိုတော့...မွေးနေ့ လက်ဆောင်က သူ့ ရဲ့ ဆေးစက်တွေ ပေါ့။ ဟုတ်မလားတော့မသိဘူး။း) ၀တ္ထုတိုလေးကတော့
ဖတ်လို့ ကောင်းတယ်။ တွေးခိုင်းတာလေးလည်းပါတယ်။
အဆင်ပြေပျော်ရွှင်ပါစေ။

Younggun said...

နံပါတ် ၁ နဲ့ ၃ ကတော့ တကယ်ဟတ်ထိသွားတယ်။ ကျန်တာတော့ သိပ်နားမလည်ဘူးခင်ဗျ။ ကျနော့်ကိုယ်ပိုင် အမြင်အရ နံပါတစ်ဟာ ခံစားမှုကို နူးညံ့လှပစွာ ဖော်ကျူးသွားတယ်။ ကျနော်ကြိုက်တယ်ဗျာ။

ballonlay said...

ဟုတ်ဘူး မွေးနေ့လက်ဆောင်လေးက ဒီဝတ္ထုတိုလေးများဆိုတဲ့ပိုစ့် လေ .. ဟုတ်တယ်မလားနွေဆူး နင်ပေးတဲ့လက်ဆောင်က.. ဒီဟာလေးမလား

ခြေလှမ်းသစ် said...

စာကိုတော့ ဖတ်ပြီးသွားပီ ကိုယ့်ခံစားချက်နဲ့ ကိုယ် ဘာသာပြန်ကာ မှတ်ယူသွားလိုက်တယ် ... နံပါတ် ၅ ရဲ့  အဖြေကတော့ .. ( ) အဟိ.... ပါပဲ...

ကောင်းကင်ပြာ said...

မွေးနေ့လက်ဆောင် ယူပြီး ပြန်သွားတယ်၊ ဘာလဲ အိမ်ရောက်မှ ကြည့်တော့မယ်၊ ခုတော့ သိဘူးး

Angel Shaper said...

ကိုနွေဆူး ယုတ်မာတယ်။
အီးးးး ဟီးးး ဟီးးးးးးးးး
ဘယ်သူမဆို တွေးမိမှာပဲ ဟွန်းးးးးးးးးးးး
မွေးနေ့ လက်ဆောင် ယူပြီးပြန်သွားပြီ။
ဘာလဲဆိုတာသိတယ်။
ကြည့်ရဲဘူး။ အိမ်ရောက်မှ ကြည့်မယ်။။။ ဟိဟိ
ပျော်ရွှင်ပါစေ.
စိတ်ကူးဆန်းလေးနဲ့ ၀တ္ထုတိုလေး ကောင်းတယ်။ အဟဲ

Unknown said...

ကိုနွေဆူးကြီး
လူကို အ' တယ်များထင်နေလား....။းp

Anonymous said...

Friendship and Love ပေါ့ကွယ်..

may16 said...

ဘာလက်ဆောင်လည်းမသိဘူး နော် သိချင်လိုက်တာ :)

နွေဆူးလင်္ကာ said...

ဟော်ဗျာ ... အဲလိုကြီးတွေးကြတာလား။ ballonlay ပြောတာ မှန်တယ်လေ။ မွေးနေ့လက်ဆောင်ကို သင်တို့လည်း ဖတ်ပြီးပြီ ဆိုမှတော့ ဒီဝတ္တုတိုလေးကိုက မွေးနေ့လက်ဆောင်ပေါ့။ ကျွန်တော် စာမရေးတတ်သေးဘူးထင်တယ်နော်။ အားလုံးစဉ်းစားပေးကြတာ ကျေးဇူးတင်ပါတယ်။ ရိုးရိုးလေးပါပဲ။ မွေးနေ့လက်ဆောင်က ဒီပို့စ်လေးပါပဲ။

win latt said...

အင်း...စဉ်းစားကြည့်တယ်
ကောင်လေးက ကောင်မလေးကို ပေးတဲ့ မွေးနေ့ လက်ဆောင်...
ဟုတ်ပါပြီ............အဲဒါက ကောင်မလေးအသုံးဝင်မှာ...
ဖြစ်နိုင်ပါတယ်...ဈေးသိပ်မကြီးဘာဘူး...နော်...။

Yu Ya said...

မွေးနေ့လက်ဆောင်က ဟိုဟာပဲ ဖြစ်ရမယ်။
ဟိုဟာ = ?
ကိုနွေဆူးလင်္ကာရဲ့ နှင်းဆီပန်း နီနီလေးကို ပြောတာပါခင်ဗျာ။

yu ya

ဖိုးဂျယ် said...

မွေးနေ့လက်ဆောင်က မျက်စိအောက်က အပျောက် မခံတာ
နားလည်မှုတွေ . . . . စတာတွေပေါ့နော်


ပျော်ရွှင်ပါစေ

ခင်မင်လျှက် ဖိုးဂျယ်

ကြည်ဖြူပိုင် said...

ဟေးးးး တို့အထင်နဲ့စာရေးသူတင်ပြချက်ကွက်တိပဲကွ။ မွေးနေ့လက်ဆောင်=ပို့စ်။။ဝေးပျော်တယ်ကွ (ဒုန်းဒုန်းဒုန်း..ပျော်လို့ခုန်သွားတဲ့မြည်သံစွဲအလင်္ကာ)

ဇော် said...

အားပါး ကောင်းလိုက်တာဗျာ။
ကျနော် ကူးပြီး အီးမေးလ်ကနေ ရှဲချင်လို့ ယူသွားလိုက်တယ်နော်။ ရတယ်ဟုတ်။ နောက်မှ ကူးခ လက်ဖက်ရည်တိုက်မယ်။ အကြွေးမှတ်ထား။ အဟဲ။ =)

subuueain said...

မွေးနေ့လက်ဆောင်ဘာလဲ မသိဘူး ပိန်းတယ်ဒီက

မိုးကောင်းသူ said...

မွေးနေ့လက်ဆောင်က ဘာလဲဟင်။ ဒီက ခပ်တုံးတုံးနဲ့ သိဘူးနော့်။

Unknown said...

ဟား ဟား ဟား တိထွားဘီကွ......
ပြောဘူးကွာ ဆိုင်းငံထားမယ်ဟေ့....

လင်းဒီပ said...

ရေးဟန်လေးက လန်းတယ်ဗျ...။

yangonthar said...

အဖြေက ဘာများလဲဗျာ ကြင်နာခြင်းလား နားလည် ခြင်းလား အချစ်လား ..... တစ်ခု ခု ဖြစ်မှာပေါ့နော် ....... ဘာလဲတော့ မသိဘူး ...... :D
ရွှင်လန်းချမ်းမြေ့ပါစေ ......

မြစ်ကျိုးအင်း said...

ကိုဆူးရဲ့သူငယ်ချင်းအတွက်မွေးနေ့အမှတ်တရ ရေးတယ်လို့ထင်မိတယ်...။လက်ဆောင်လေးက ကောင်းတယ်ဗျ ကျွန်တော်တို့လည်း ခံစားခွင့်ရလို့

အကြိုက်ဆုံးကတော့ လောကကိုမြင်တဲ့ ရှုထောင့်လေးပါပဲ...။လေးစားသွားရတယ်...။

MANORHARY said...

နေ့ရဲ့အလင်းနဲ့ ညရဲ့အမှောင်
ကောင်းကင်နဲ့ပင်လယ်
အဖြူရောင်နဲ့ ရောင်စုံသက်တံ..
သူငယ်ချင်းကလေးကျန်းမာရေးကောင်းပါစေ
တချို့ဝတ္ထုလေးတွေက ဝတ္ထုအတိုင်းပဲလှပနေလေ့
ရှိပါတယ်။ဒီဝတ္ထုလေးလိုပေါ့....

Beauty Studio USA Branded Store said...

ကိုနွေဆူး
သိပ္ပံနည်းကျအတွေးအခေါ်တွေကိုစီပြီး ပေးလိုက်တဲ့လက်ဆောငိကိုတော့ ဒီအတိုင်းလေးသယ်သွားတယ်။အိမ်ရောက်ရင် ပြန်နွေးမလို့ ၊ဘာသာဘာဝအတွေးအခေါ်တွေက မနဲပါလားဗျာ။

zox.netmaze said...

အဲဒီလက်ဆောက်ဟာ ဘာလက်ဆောင်ဆိုတာ မသိပေမယ့် အစ်ကို ပေးလိုက်တဲ့ လက်ဆောင်လေးကတော့ ပီတိတွေကို ဖြစ်စေပါတယ်။

ကိုကြီး(tgi:) said...

good

ကိုကြီး(tgi:) said...

good