Wednesday, August 5, 2009

တာရာမင်းဝေ =

သူဟာ လမ်းပြသူသက်သက်မဟုတ်ဘူး
..... ..... လမ်းဖောက်သူဖြစ်တယ် .....။
သူဟာ နောက်လိုက်တစ်ယောက်မဟုတ်ဘူး
..... ..... ဦးဆောင်သူဖြစ်တယ် .....။

ပလေတိုရဲ့ မှန်ကွဲစတွေပေါ်
နင်းကျော် ဖြတ်လျှောက်ရင်း
ရှေ့ဆုံးက သွားနှင့်သူ .....
ကြယ်မြင် လမြင် လောကဓံကို
ဟားတိုက်ရယ်မောရင်း
ကျောက်သားပေါ် ထွင်းထုခဲ့တဲ့
လူငယ်တစ်ယောက်ရဲ့ ရာဇ၀င် .....။

သူဟာ ပန်းတစ်ပွင့်မဟုတ်လို့
နောက်တစ်ကြိမ် ပြန်ပွင့်ခွင့် မရပေမယ့်
ထာဝရ မွှေးပျံ့နေမယ့် ရနံ့တွေကို
ကမ္ဘာမြေအတွက် ချန်သွားခဲ့သူ .....။

သူပြောခဲ့တဲ့ စကားအတိုင်း
သူဟာ အနုပညာသမား မဟုတ်
သူကိုယ်တိုင်က အနုပညာ ဖြစ်တယ် ....။

တာရာမင်းဝေ = အနုပညာ
အနုပညာ = ထာဝရ ရှင်သန်ခြင်း
တာရာမင်းဝေ = ထာဝရ ရှင်သန်ခြင်း ။ ။

(ဆရာတာရာမင်းဝေ ကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အမှတ်တရ)

ဒီကဗျာလေးနဲ့အတူ ဟိုးတုန်းက ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ အလွမ်းပြေ တင်ပေးလိုက်ပါတယ်။ အဲဒီကဗျာလေးကတော့ ကိုအောင်ဒင် စီစဉ်တဲ့ တာရာမင်းဝေ အမှတ်တရ စာစုများ စာအုပ်ထဲမှာ ပါတဲ့ ကဗျာလေးပါ။

ထာဝရလင်းမယ့် တာရာသို့

ဆိုင်းသံဗုံသံမပါပဲနဲ့
ခင်ဗျားထွက်သွားတဲ့နေ့က
မိုးတွေညို့နေလိုက်တာ...။

တာဝန်ကျေခဲ့ပါတယ်ဆိုတာထက်
ပိုပြီးတန်ဖိုးရှိအောင်
ခင်ဗျားနေထိုင်ခဲ့တာပါ။

လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေ
မိုးလိုခေါင်နေတဲ့ခေတ်မှာ
ခင်ဗျားတီးပြခဲ့တဲ့ဗုံသံတွေက
အားမာန်အစစ်ဖြစ်စေခဲ့တယ်။

အလံမထူခဲ့တဲ့လက်တွေနဲ့
ဘယ်လက်ထဲမှာဝှက်ထားတဲ့ပုံပြင်တွေကို
မပြောနိုင်တော့ပေမယ့်
မနက်ဖြန်မှာထားခဲ့တဲ့
ခင်ဗျားရဲ့မျက်နှာကို
အဆုံးမရှိအနာဂတ်များစွာတိုင်
လူနံပါတ် ၁၃ အဖြစ်နဲ့
မြင်ယောင်နေကြဦးမှာပါ...။

ခင်ဗျားရေးခဲ့တဲ့
သံသရာတေးသွားထဲကလို
ယမမင်းဆီမှာ နီကိုရဲနဲ့တွေ့ရဲ့လား?
ဒါပေမယ့်သေချာပါတယ်
ခင်ဗျားက ဘယ်သူ့ရဲ့ထိုင်ခုံကိုမှ
အတင်းအဓ္ဓမ မလုခဲ့ဘူးဆိုတော့
ကောင်းရာမွန်ရာကိုပဲရောက်ရမှာပေါ့...။

ခင်ဗျားထားခဲ့တဲ့
ကျနော်တို့နေတဲ့နိုင်ငံက
ခင်ဗျားမမြင်လိုက်ရတဲ့
ရွှေဝါရောင်တော်လှန်ရေးအကြောင်း
ခင်ဗျားကိုပြောပြချင်လိုက်တာ။

အာဏာရူးဖက်ဆစ်လက်သစ်တွေရဲ့
ရက်စက်မှုတွေ ... ရိုင်းပျမှုတွေ ...
အို...အစ်ကိုရွှေဘုန်းလူ
ကြုံတဲ့အခါခင်ဗျားရဲ့အိပ်မက်တွေနဲ့
မြင်းစီးထွက်ပြီးကြည့်လှည့်ပါဦး။ ။

(ဆရာ တာရာမင်းဝေ သို့ အမှတ်တရ)



14 comments:

ဇော် said...

ကျွန်တော် ဘာပြောရမယ်မှန်းမသိတော့ဘူးဗျာ။
ခုပဲ ကဗျာပြပွဲက ပြန်လာတာ။
ကျနော့်စိတ်ထဲမှာ လွန်ခဲ့တဲ့ နှစ်နှစ်တာ ကာလတုန်းက သတင်းစာကို ကိုင်ပြီး ငိုခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ကို သွားမြင်ယောင်တယ်။
ခု .. ကျွန်တော် ၀မ်းနည်းနေပြန်ပြီ။

ကောင်းကင်ပြာ said...

တို့ တာရာမင်းဝေ သိပ်ကြိုက်တယ်၊ နှမြောတယ်

လင်းဒီပ said...

မင်္ဂလာပါဗျာ ကိုအောင်ဒင်စာအုပ်ကဗျာလေးကတော့ မနေ့ကရလို့ ဖတ်ပြီးပါပြီ..အခုနောက်ထပ်ရေးထားတဲ့ကဗျာလေးလည်း ကောင်းတယ်။

သားကြီး said...

ကျနော်တာရာမင်းဝေရဲ့အမာခံပရိတ်သတ်ပါ
ငှက်ကလေးဆီကနေ တာရာမင်းဝေပုံနဲ့စာကိုတွေ့လို့
ရောက်လာတာပါ
တာရာမင်းဝေရဲ့ကဗျာတစ်ပိုင်းတစ်စကိုတောင်
ကျနော့်g-talkမှာအမြဲတင်ထားတယ်
“ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ”
ဆိုတဲ့ကျောင်းသားကဗျာလေ....
ဆရာ့စာတွေ၊ကဗျာတွေကိုခုထိ ဖတ်တုန်း မှတ်တုန်း လေ့လာသင်ယူနေတုန်းပါပဲဗျာ
ဆရာတာရာမင်းဝေ(ခ)ရွှေဘုန်းလူ ကောင်းရာသုဂတိလားပါစေ။

အဖြူရောင်နတ်သမီး said...

ဆရာ တာရာမင်းဝေ ....ကပြောတယ်...
တာရာမင်းဝေ = အနုပညာ
အနုပညာ = ထာဝရ ရှင်သန်ခြင်း
တာရာမင်းဝေ = ထာဝရ ရှင်သန်ခြင်း ။....တဲ့.......။
ဆရာဦးသုခ ကပြောပြန်တယ်......
အနုပညာ=လိမ်ညာခြင်းအတတ်ပညာ...
အနုပညာ=မဟုတ်တာကို အဟုတ်ဖြစ်အောင် လုပ်ယူရတဲ့ အတတ်ပညာ....တဲ့....။

ဝက်ဝံလေး said...

ဆရာတာရာမင်းဝေ ကောင်းရာသုဂတိလား ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွယ်

မေ့သမီး said...

ကဗျာလေးဖတ်ပြီး ပိုခံစားသွားရပါတယ်။ ဆရာဟာ လူငယ်ပေမယ့် တကယ်တန်ဖိုးရှိခဲ့တဲ့အနုပညာ ကြယ်တပွင့်ပါ။

lovelessguiter said...

ကောင်းလိုက်တာဗျာ.. ကျွန်တော်လည်း တာရာမင်းဝေရဲ့ ပရိတ်သတ်တစ်ယောက်ပါပဲ... ထာဝစဉ်လေးစားခဲ့ရသူလဲ ဖြစ်တယ်ဗျ... ဆရာတာရာမင်းဝေ ကောင်းရာသုဂတိလားပါစေဗျာ..။

Anonymous said...

ကဗျာရူးဖြစ်တဲ့ ညီမအတွက်ကတော့
ပြောလို့ တောင်မတက်တော့ပါဘူး။
လူ့ လောကထဲမှာ ဆရာမရှိတော့
ပေမဲ့ စာဖတ်သူများရဲ့ နှလုံးသားထဲမှာတော့
တာရာမင်းဝေ ဆိုတာ ကဗျာတွေစာတွေ
နဲ့ အတူထာဝရရှင်သန်နေမှာပါ။
ခင်မင်လျှက်....ခင်မာလာအောင်..

ဆောင်းယွန်းလ said...

ကဗျာကောင်းလေးနှစ်ပုဒ်စလုံးကို လေးလေးနက်နက်ဖတ်သွားခဲ့ပါတယ်ဗျာ

win latt said...

“ သူဟာ လမ်းပြသူသက်သက်မဟုတ်ဘူး
..... ..... လမ်းဖောက်သူဖြစ်တယ် .....။
သူဟာ နောက်လိုက်တစ်ယောက်မဟုတ်ဘူး
..... ..... ဦးဆောင်သူဖြစ်တယ် .....။...”
.........................
“ တာဝန်ကျေခဲ့ပါတယ်ဆိုတာထက်
ပိုပြီးတန်ဖိုးရှိအောင်
ခင်ဗျားနေထိုင်ခဲ့တာပါ။ ....”

ကောင်းလိုက်တဲ့ စကားလုံးအသုံးအနှုန်းတွေပါပဲ...။

လူဖြစ်တုန်းမှာ
လူ့တန်ဘိုး
လူသားတွေအကျိုး
လူပီသစွာ လုပ်ခဲ့ကြမယ်ဆိုရင်
ဗုဒ္ဓ အလိုကျ ရှင်သန်ခဲ့သူဖြစ်ပါတယ်...။
သုခီအတ္တာနံ ပရိဟရန္တု...

မြစ်ကျိုးအင်း said...

အကိုတာရာမင်းဝေရဲ့ ပရိတ်သတ်တယောက်အနေနဲ့
ကျွန်တော်လည်း သတိရ နေရဆဲပါပဲ...။
တန်ဖိုးရှိတဲ့လူသားတယောက်အဖြစ် လမ်းတခုကို ဖောက်ပြသွားခဲ့သူပါ...။

ကိုလူထွေး said...

အရှေ့မြို့ရိုးမှာ မိုးတွေရွာတဲ့တနေ့...
ဗမာပြည်ကြီးကို မြင်ခွာသံတွေက အောင်နိုင်သွားတဲ့တနေ့...
ဒေါင်းအလံကို လူတိုင်းပန်ခွင့်ရသွားတဲ့တနေ့...

ကောင်းကင်မှာ ကြယ်တွေအားလုံး ပြိုင်တူသာလိမ့်မယ်...

အဲဒီထဲမှာ အဲဒီ "တာရာ" တစင်းက အထွန်းတောက်ဆုံး သာပြလိမ့်မယ်...

Beauty Studio USA Branded Store said...

နှစ်ဝါနှစ်လီပြောင်းသွားပေမယ့် အခုထိတိုင် သူ့ခြေရာတွေ ရှင်သန်နေဆဲ လတ်ဆတ်နေဆဲ ပါဗျာ။