Monday, July 13, 2009

The Voice Weekly ဂျာနယ်မှ ကောက်နှုတ်ဖော်ပြချက်

The Voice Weekly ဂျာနယ်တွင် ဖော်ပြခဲ့သော နိုင်ငံရေးဆောင်းပါးများနှင့် ပတ်သက်၍ စွပ်စွဲချက်ပေါင်းများစွာကို စာရေးသူတို့ ရရှိခဲ့ပါသည်။ “နိုင်ငံရေးဆိုတာ ပြည်သူလူထုမပါလို့ မရဘူး။ ပြည်သူလူထုမကြိုက်တဲ့ အယူအဆကို ပြောနေတဲ့ နိုင်ငံရေးဟာ ဘယ်မှ မရောက်ဘူး။”ဟု ပြောဆိုမှုများ ရှိပါသည်။
အမှန်အားဖြင့် The Voice Weekly တွင်ဖော်ပြနေသော နိုင်ငံရေးဆောင်းပါးအားလုံး၏ ပထမဦးစားပေးရည်ရွယ်ချက်မှာ Rule of the game ကို ရှင်းပြရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး ရေခံမြေခံ ပေးထားချက်ကို ကြည့်လျှင် Rule of the game ကို ပြည်သူလူထုက ပြဋ္ဌာန်းခြင်းမဟုတ်ပဲ Guardian ဖြစ်သူ တပ်မတော်က ပြဋ္ဌာန်းနေခြင်း ဖြစ်ပါသည်။ နိုင်ငံရေးတို့၏ထုံးစံအတိုင်း Game Plan ကို ရှင်းရှင်းလင်းလင်း မမြင်သာသည်ဖြစ်ရာ စာရေးသူတို့က မည်သို့သော Rule of the game ဖြစ်သည်၊ မည်သို့သော Game Plan ဖြစ်လိမ့်မည်ဟု ရှင်းလင်းတင်ပြနေခြင်း ဖြစ်ပါသည်။ လက်ရှိ Game Plan သည် ‘စနစ်ပြောင်း၊ အုပ်ချုပ်သူမပြောင်း’ ဖြစ်ကြောင်း ‘စာဖတ်သူများသို့’ ဟု အမည်ပေးထားသော ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါသည်။ (ရှင်းလင်းတင်ပြခွင့် ရနေသေးသည်ကိုပင် ကျေးဇူးတင်ပါသည်။)
ပို၍ရှင်းအောင်ပြောရလျှင် စာရေးသူတို့၏ရည်ရွယ်ချက်မှာ လက်ရှိဖြစ်ပေါ်လာသော အခြေအနေကို ပေးထားချက်အဖြစ် ကောက်ယူ၍ ပြည်သူများ ဤ Rule of the game အတိုင်း ကစားရလိမ့်မည်။ မည်သို့သော Game Plan ရှိနေသည် ဆိုသည်များကို အခြေအနေပေးသရွေ့ ရှင်းလင်းတင်ပြနေခြင်း ဖြစ်ပါသည်။ ဤ Rule of the game ကောင်း၏၊ ဆိုး၏၊ တရားဝင်၏၊ မ၀င်၏၊ ပြန်လည်၍ Review လုပ်သင့်၊ မလုပ်သင့် Justify(အဆုံးအဖြတ်ပေးနေခြင်း) လုပ်နေခြင်းမဟုတ်ပါ။
စာရေးသူတို့တွင် Justify လုပ်ရန် အခြေအနေမရှိသကဲ့သို့ လက်တွေ့ကျသည်ဟုလည်း မထင်မိပေ။ တစ်နည်းအားဖြင့် ပြောရလျှင် စာရေးသူတို့သည် ဘာသာပြန်ဆရာများသာ ဖြစ်ပြီး ဝေဖန်ရေးစာရေးဆရာနေရာကို ယူနေခြင်းမဟုတ်ပေ။ ဝေဖန်ရေးဆရာအချို့က စာရေးသူတို့ကို ဝေဖန်ရေးဆရာအမှတ်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်ပါသည်။
ပြည်သူလူထုမပါသော နိုင်ငံရေးဖြစ်သွားလျှင် ပဋိပက္ခများ နောက်ထပ် ဆယ်စုနှစ်တစ်ခုစာ ရှည်ကြာသွားနိုင်သောကြောင့် Rule of the game အကြောင်း ပြည်သူလူထုကို ရှင်းလင်းတင်ပြရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။ အမျိုးသားညီလာခံကိစ္စကို ဥပမာအဖြစ် စဉ်းစားလျှင် စာရေးသူတို့ နောက်ထပ် ဆယ်စုနှစ်တစ်ခုစာ နိုင်ငံရေးတည်ဆောက်ရေးအချိန်များကို ဖြုန်းပစ်လိုက်ရန် မသင့်တော်ကြောင်း သင်ခန်းစာ ယူသင့်ပါသည်။ ယခု အခြေခံဥပဒေကို စာရေးသူတို့ ၁၉၉၅ ခုနှစ်က ရရှိခဲ့လျှင် ယနေ့ Rule of the game သည် ယခုထက်ပို၍ စိတ်ဝင်စားစရာ ကောင်းပါလိမ့်မည်။

ယခုတစ်ပါတ် The Voice Weekly ဂျာနယ် Vol.5/No.36 ပါ ဆရာအောင်ထွဋ်ရေးသားသော ဘာသာပြန်ဆရာနှင့် ဝေဖန်ရေးဆရာ အမည်ရှိ ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြချက် ဖြစ်ပါတယ်။ ကျွန်တော် ဖတ်မိသမျှထဲက သူငယ်ချင်းတွေကို ဝေမျှပေးချင်တဲ့ စေတနာနဲ့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီအတွက် ဆရာအောင်ထွဋ်ကို အသိမပေးပဲနဲ့ (ဘယ်လို ဆက်သွယ် အသိပေးရမလဲ မသိတဲ့ အတွက်) ဆရာနားလည် ခွင့်လွတ်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အပြည့်အစုံ ဖတ်ချင်ရင်တော့ ဂျာနယ်ကို ရှာဖတ်စေချင်ပါတယ်။

0 comments: