Tuesday, March 31, 2009

ရောဂါဆန်း

လည်ချောင်းထဲမှာ တစ်ခုခု နင်နေပုံရတဲ့ လူနာတစ်ယောက် ရောက်လာပါတယ် ...
“တစ်ခုခု နင်နေတာပဲ ... ဘာစားမိလို့လဲ?”
လူနာက စကားမပြောနိုင်ပါဘူး။ သူနဲ့ ပါလာတဲ့ အဖော်လူနာရှင်ကပဲ ပြန်ဖြေပါတယ် ...
“ဘာမှမစားပါဘူးခင်ဗျာ ... ဒီလိုထင်ပါရဲ့ ... ပါးစပ်နဲ့ မဆန့်တဲ့ စကားလုံးတွေ ပြောမိလို့ ထင်ပါတယ် ဒေါက်တာ ...”
“ဗျာ! ... ဘာ .. ဘာတွေများ ပြောမိလို့လဲ?”
အဲဒီလူနာရှင်ကပဲ ပြန်ဖြေပါတယ် ...

က .. ခ .. ဂ .. ဃ .. င .. တဲ့ ..... A .. B .. C .. တဲ့ ..... + .. - .. x .. တဲ့ ..... X .. Y .. Z .. တဲ့ ..... ဋ .. ဌ .. ဍ .. တဲ့ ..... အဲ ... တဲ့ .. အဲ့ အဲ့ .. အု .. ၀ု .. ”

ပြောရင်း ပြောရင်း နဲ့ အဲဒီလူလည်း လည်ချောင်းနင်သွားပါတော့တယ်။ ။

ဒီဝတ္တုတိုလေးနဲ့အတူ ၄.၉.၂၀၀၈ တုန်းက တင်ခဲ့တဲ့ ၀တ္တုတိုအဟောင်းလေးကို ပြန်တင်လိုက်ပါတယ်။

ပါးစပ်

“၀ုန်း !!!”
အရှိန်နဲ့ပြေးလာပြီး ကျွန်တော့်ကို အသားလွတ်ဝင်တိုက်တယ်။
သူရော ကျွန်တော်ပါ လဲကျ။ ဒေါသတကြီးနဲ့ ကျွန်တော်ဆဲမလို့ ကြည့်လိုက်တော့... ကျွန်တော်အံ့ဩသွားတယ်။ ကျွန်တော့်ကိုဝင်တိုက်တာ လူမဟုတ်ပဲ ပါးစပ်ကြီးတစ်ခု ဖြစ်နေတယ်။
“ဆောရီးဗျာ... နောက်က ကျွန်တော့်သခင်လိုက်လာလို့ ထွက်ပြေးနေတာပါ ...”
ကြည့်လိုက်တော့ ဟိုးခပ်ဝေးဝေးမှာ ဒီဘက်ကိုပြေးလာနေတဲ့ လူတစ်ယောက်ကိုတွေ့ရတယ်။ အဲ... ဟုတ်တယ်ဗျ ...သူ့မှာ ပါးစပ်မပါဘူး။
“နေပါဦး... မင်းကဘာလို့ လူပေါ်မှာမနေပဲ ထွက်ပြေးနေ ရတာလဲ ?”
ကျွန်တော်မနေနိုင်လို့ မေးမိတော့ ပါးစပ်ကြီးက ပြန်ဖြေပါတယ် ...
“အို... အဲဒီလူပေါ်မှာ မနေချင်တော့ပါဘူးဗျာ ... ဘယ့်နှယ် ... လူကဖြင့် အဖြစ်မရှိပဲနဲ့ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတာ.. ကြာတော့ သူမရှက်ပေမယ့်... ကျွန်တော်ရှက် လာပြီဗျ”
ပြောပြောဆိုဆိုနဲ့ပဲ ပါးစပ်ကြီး ထွက်ပြေးသွားတယ်။ ။

7 comments:

တောင်ပေါ်သား said...

ဖတ်ပြီးတော့ တွေးနေမိတယ် အော် ကိုယ့်ပါးစပ်ကို ပြန်ကြည့်ဦးမှ ဒီလို ဖြစ်နေလားလို့ တချိန်ချိန် ကောင်းတာတွေတော့ ပြောဖြစ်ပါစေလို့ ဆုတောင်းမိရဲ့


လေးစားလျက်
တောင်ပေါ်သာ

Anonymous said...

လူနဲ့ပါး စပ် ပါးစပ်နဲ့လူ အင်း....ကိုနွေဆူးဝတ္ထူဖတ်ပြီး ကိုယ့်ပါးစပ်ကို ယောင်ပြီးစမ်းမိပါရဲ့ ၊ တော်သေးတယ် ပါးစပ်ကရှိနေသေးလို့၊ အရေးအသားလေးကောင်းပါ့။

Han Thit Nyeim said...

ကောင်းတယ်ဗျို့... ဒီလိုမျိုး အရေးအသား မဖတ်ရတာ ကြာလှပေါ့...။

ဆန်းဝင်း said...

တကယ့်ကို လက်ရာပြောင်မြောက်ပါတယ်။

မိုးခါး said...

မိုးခါးပါးစပ်လည်း ထွက်မပြေးသေးဘူး .. :D

win latt said...

(၁) ကိုင်း...ကောင်းရော
ဟ..စိ...ဟ...စိ..ပဲကြားဘူးတာ...။
အခု..ဟ..မစိ...ဟ...မစိ..တော့ဘူးပေါ့...
ကောင်းတယ်...အလုံးနဲ့ ပါးစပ်နဲ့ မှ မမျှတာ...။

(၂) ကိုင်း...ကောင်းရော...
အတူတူတောင်မနေချင်တော့ဘူးတဲ့....။

Unknown said...

အဲဒီ ပါးစပ်ကြီးရဲ့ သခင်က 'ကျော်ဆန်း' လားဟင်??