Thursday, January 22, 2009

ရယ်သံများ

နေ့လည်ခင်းထဲမှာ ငါဟာ
မျက်လုံးဖွင့်ရက် အိပ်ပျော်နေခဲ့ ...။

အိုစမာဘင်လာဒင် ဆိုတာ
ကုလားမင်းသားသစ်လား ?
..... ငါမသိလို့ပါကွာ။

အယ်နီညို ပြန်လာပြီဆို
တံခါးဖွင့်ပေးလိုက်လေ ....
..... ငါမသိလို့ပါကွာ။

ယောက္ခမကား ၀င်ငွေ မနည်းဆိုပဲ
ဆိုက်ကားနင်းတဲ့ ငါ့ ယောက္ခမတော့ မွဲလိုက်တာချာလို့ ...
..... ငါမသိလို့ပါကွာ။

ပြင်သစ်တွေ ဒီတစ်ခါတော့ သိက္ခာကျပြီတဲ့
အီဖယ်မျှော်စင်ကြီး ပြိုကျလို့လား ?
..... ငါမသိလို့ပါကွာ။

ဒီလိုပါပဲ လူတွေနဲ့ ဝေးဝေးလာလိုက်တာ ...
ငါ အိပ်ပျော်နေတာ နေ့လည်ခင်းမှတ်လို့ ...
တကယ်တော့
မသိခြင်းတွေထဲမှာ ငါအိပ်ပျော်နေတာပဲ။

သိခြင်းတွေထဲမှာ အိပ်ချင်ယောင်ဆောင်ရင်းနဲ့
မသိခြင်းထဲမှာ ငါတကယ် အိပ်ပျော်သွားတာပါ။ ။

(၂၀၀၂ က ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ အခုချိန်မှာတော့ ဘာတွေရေးထားမှန်း မသိနိုင်တော့တဲ့ ကဗျာတစ်ပုဒ်ပေါ့။ ကျွန်တော့်ကဗျာတွေထဲမှာ သက်တမ်းအတိုဆုံး ကဗျာပေါ့။ အဲဒီတုန်းက လတ်တလော ခံစားချက်နဲ့ ရေးခဲ့ဖူးတဲ့ ကဗျာပါ။ ပြန်ဖတ်ပြီး စဉ်းစားကြည့်စေချင်ပါတယ်။ ဘာတွေရေးထားတယ် ဆိုတာကိုပေါ့။)

2 comments:

winlatt said...

ရုန်းမထွက်ချင်စမ်းပါနဲ့
၂၀၁၀ မှာ ကြည့်ကောင်းမဲ့ဇာတ်ကား တင်ဦးမှာ...။
ပုန်းမနေချင်စမ်းပါနဲ့
၆၅နှစ်ထက်ကျော် နှစ်တစ်ရာကျော်များ
ပျော်ပျော်ကြီး နွဲပျော်လိုက်ဦးမှာ....။
မေ့မနေစမ်းပါနဲ့
သေတဲ့သူသေသွား
ထောင်ကျသူကျသွား
ကောင်းစားသူကောင်းစား
ဒီမိုကရေစီသူရဲကောင်းများ
ကမ္ဘာတစ်လွှား မြန်မာသူရဲကောင်းများရှိတယ်ဆိုတာ..။
အိပ်ပျော်နေသလား...
မြန်မာ့အရေး ကုလသမဂ္ဂမှာ တံခါးပိတ်ဆွေးနွေး
ဂျာအေးသူ့အမေရိုက်နေတယ်ဆိုတာ....။

မောင်ရှင်းသန့် said...

တကယ်အိပ် ပျော်နေတယ်ဆိုရင် တော့် အိပ်ပါစေဗျာ။
မနှိုး လိုပါဘူး။

အဲ...... ဒါပေမယ့် အိပ်ချင်ယောင်ဆောင်ရင်တော့နှိုးရခက်တယ်။

ကျွန်တော်လည်း နေ့ခင်းကြောင်တောင်ကြီး အိပ်လို့ကောင်းဆဲ
( အိပ်ချင်ယောင်ဆောင်တာမဟုတ်ပါ) :)