Monday, January 12, 2009

ဖမ်းချုပ်လိုက်မယ်

လမ်းပြပုလိပ်တွေနဲ့ ပတ်သက်ပြီး နေပြည်တော်က ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ ရင်ဖွင့်သံလေးကို ပြန်ပြောပြချင်ပါတယ်။
ကျွန်တော့်သူငယ်ချင်းက အိမ်နဲ့ နှစ်ပြလောက်ပဲဝေးတဲ့ ဈေးကို ဆိုင်ကယ်နဲ့ ထွက်ခဲ့မိပါတယ်။ နီးနီးလေးလည်းဖြစ်ပြန်၊ ခဏပဲသွားမှာဆိုတော့ ယာဉ်မောင်းလိုင်စင် မပါတာကို သတိမထားမိပါဘူးတဲ့။ အကြောင်းကိစ္စကလည်း နေသိပ်မကောင်းလို့ ဆေးသွားဝယ်တာပါ။
အဲဒီမှာ လမ်းထိပ်အရောက်မှာပဲ ယာဉ်ထိန်းရဲက တားပြီး စစ်ပါလေရော။
“ယာဉ်မောင်းလိုင်စင်နဲ့ ဆိုင်ကယ်လိုင်စင်ပြပါ”
ကျွန်တော့်သူငယ်ချင်းက အေးရာအေးကြောင်းပြောပါတယ်။
“ဆိုင်ကယ်လိုင်စင်တော့ပါတယ်အစ်ကို၊ ယာဉ်မောင်းလိုင်စင်ကတော့ ဒီနားခဏဆိုပြီး မယူခဲ့မိဘူး။”
“သွားပြန်ယူချည်” ဆိုပြီး ဆိုင်ကယ်သော့ဖြုတ်ပြီး ထွက်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်းလည်း သွားပြန်ယူရင် အမှုမလုပ်လောက်ဘူးဆိုပြီး နေမကောင်းရက်နဲ့ အိမ်ကို ခြေကျင်ပြန်ပြေးရတာပေါ့ဗျာ။ မော်တော်ပီကယ်ကြီးက သဘောကောင်းသားပဲပေါ့။ ဟဲ ဟဲ။
ပြန်လာမှ အထင်နဲ့အမြင် တလွဲကြီးဖြစ်နေတော့တာပဲ။
“ယာဉ်မောင်းလိုင်စင် မပါဆိုပြီး ချလံရေးပေးလိုက်မယ် နောက်ရက် ဒဏ်ငွေသွားဆောင်ပါ” တဲ့။ နေမကောင်းရက်နဲ့ အိမ်ကို ပြေးလိုက်ရလို့ မောနေတဲ့ ကျွန်တော့်သူငယ်ချင်းလည်း ဒေါသနဲနဲ ထွက်သွားပါတယ်။
“အဲဒါများဗျာ၊ အစကတည်းက ပြောပေါ့ဗျာ၊ လိုင်စင်မပါလို့ ဖမ်းမယ်ဆိုရင်လည်း ဘာလို့ ပြန်သွားယူခိုင်းသေးလဲ”
“မင်းမှမဟုတ်ဘူး သူများတွေလည်း သွားပြန်ယူခိုင်းတာပဲ၊ မင်းကမှ အိမ်နဲ့နီးလို့၊ မနီးရင်လည်း ဆိုင်ကယ်ကယ်ရီတွေ ဘတ်စ်ကားတွေနဲ့ သွားပြန်ယူခိုင်းတာ”
အဲဒါတော့ ဒီကောင်တွေတရားလွန်ပြီပေါ့ဗျာ။ သူတို့ခွင်ထဲရောက်တုန်း ပြည်သူကို နှိက်စက်သလို ဖြစ်နေပြီပေါ့။ ကျွန်တော့်သူငယ်ချင်းကလည်း ဒါမျိုးဆို နဲနဲလေးမှ မခံချင်တာနဲ့ တွေ့ကြတာပေါ့။
“အဲဒါတော့ မဟုတ်သေးဘူးထင်တယ်ဗျာ၊ မပါလို့ဖမ်းမယ် ဖမ်းပေါ့၊ ချလံရေးပေးလိုက်ရင် ပြီးပြီပေါ့၊ အဲလိုကြီး သွားပြန်ယူခိုင်းတော့ ခင်ဗျားတို့က ပါးစပ်ကလေးနဲ့ ပြောတယ်၊ ခံရတဲ့လူမှာတော့ စိတ်မောလူမောနဲ့ ပင်ပန်းတကြီး ပြန်ပြေးယူပေးရတယ်၊ ဘယ်လိုလဲဗျ၊ ကူညီပါရစေက အဲလိုကြီးနှိက်စက်တတ်သလား”
“ဟိတ်ကောင်! မင်းကဘာကောင်မို့လို့လဲ? ယာဉ်မောင်းလိုင်စင်မပါရင် ဆိုင်ကယ်သိမ်းလို့ ရတယ်ကွ၊ ဆိုင်ကယ်အသိမ်းခံနိုင်ရင်တော့ ပြန်မယူနဲ့လေ ရတယ်။ မင်းက ဘာလဲ၊ ပြဿနာရှာတာလား၊ ဖမ်းချုပ်လိုက်မယ်၊ ဘာမှတ်နေလဲ”
ကျွန်တော့်သူငယ်ချင်းက စည်းကမ်းကို တန်ဖိုးထားတတ်သူတစ်ယောက်ပါ။ သူလိုင်စင်မပါလို့ အရေးယူတာကို သူခံနိုင်ပါတယ်တဲ့။ သူ့ရဲ့ပေါ့ဆမှုပဲလေ။ ဒါပေမယ့် အဲလိုကြီး သက်သက်မဲ့ နှိပ်ကွပ်တာတော့ မခံနိုင်လို့ စိတ်မထိန်းနိုင်ပဲ ပြန်ပြောမိသွားတာပေါ့။ ကျွန်တော်လည်း ကိုယ်ချင်းစာပါတယ်။ ကျွန်တော်ဆိုရင်လည်း အဲလိုကြုံခဲ့ရင် တစ်ခုခုတော့ ပြန်ပြောမိမှာပါပဲ။
ပြီးတော့ ယာဉ်မောင်းလိုင်စင်မပါရင် ဆိုင်ကယ်သိမ်းလို့ရတယ်ဆိုတာ ဘယ်တုန်းကထုတ်လိုက်တဲ့ ဥပဒေလည်း မသိဘူး။ ဆိုင်ကယ်လိုင်စင် မပါလို့ လိုင်စင်မဲ့ဆိုင်ကယ်ထင်ပြီး သိမ်းတယ်ဆိုလည်း ဟုတ်သေး။
အဆိုးဆုံးကတော့ ဖမ်းချုပ်လိုက်မယ်ဆိုတဲ့စကားပဲ။ အာဏာရှင်နိုင်ငံမှာ အလွယ်တကူ ဖမ်းချုပ်တတ်လွန်းတော့ ရာထူးသေးသေး ကြီးကြီး အဲဒီစကားက လက်သုံးစကားတစ်ခွန်းလိုကို ဖြစ်နေပြီ။ ဖမ်းချုပ်ရတာကို ဘ၀ထင်နေကြတဲ့ လူမဆန်တဲ့ အာဏာရူးလူမိုက်တွေလေ။

6 comments:

said...

ဒီလ မော်တော်ယာဉ်မှု့ ဘယ်လောက်ရှိရမယ်ဆိုတဲ့ စီမှန်ချက်ထဲပါသွားပုံရတယ်။ တော်သေးတာပေါ့ ပါးစပ်နဲ့ဖြတ်ပိုင်းနဲ့တင်ပြီးသွားလို့ပဲ ။ နှမြှောသတ ပေါ့လေ။ ဗမာတွေကတော့ နမောသတ နည်းနည်းပဲလုပ်နှိင်ပေမယ့် နှမြှောသတ ကတော့အကြိမ်ကြိမ်ပါပဲလေ .....

poemflower said...

ကြားရတာစိတ်မကောင်းစရာပဲ ဆိုးဝါးနေပါလား လို့ပဲပြောတတ်တော့တယ်..

Unknown said...

ယုတ်မာတာလေ..
ဒဏ်ငွေဆောင်ဖို့ အပြင်မှာ ခဏထိုင်စောင့် ဆိုပြီး ရုံးခန်းထဲ တရေးအိပ်ပြီးမှ ထလာတဲ့ လက်မှတ်ရ သူတောင်းစားတွေ ကြုံဖူးတယ်...

မေ့သမီး said...

အစ်ကိုရေ သူတို့ခွင်ထဲရောက်လို့ကတော့ လာထားပဲ။ ခံရလွန်းလို့ မြန်မာပြည်သူပြည်သားတွေလည်း ခံနိုင်ရည်တွေပိုပိုမြင့်လာပြီထင်တယ်။

မိုးခါး said...

စိတ်ပျက်စရာပဲနော် ..း(

kiki said...

ဒါတောင်အောက်ဆုံးအဆင့် ပရုပ်လုံးဘဲ ရှိသေးတာ..
သခင်အားရ ကျွန်ပါးဝ နေကြတယ်..
ဒင်းတို့ တွေ ဘယ်ချိန်ထိအောင် မိုးကောင်းနေကြအုံးမလဲ...