Tuesday, December 16, 2008

စိတ်ကူးတွေရွာချတဲ့သစ်ပင်

ပန်းချီဆရာဟာ
သူ့စိတ်ကို
ကင်းဘတ်စပေါ် ကြဲချလိုက်တယ်။

ကဗျာဆရာဟာ
သူ့နှလုံးသားကို
ကလောင်သွားမှာ သွေးမြလိုက်တယ်။

အနုပညာဟာ
သူ့ရနံ့ကို
ပန်းတွေလို ပွင့်ပြလိုက်တယ်။

မှော်ဆရာဟာ
သူ့ဝိညာဉ်ကို
ဟင်းလင်းပြင်ထဲ လွှတ်တင်လိုက်တယ်။

အာဏာရှင်ဟာ
သူ့ရူးသွပ်မှုအတွက်
ပန်းချီဆရာကိုသတ်တယ်...
ကဗျာဆရာကိုသတ်တယ်...
ဒါပေမယ့်
အနုပညာကို သတ်လို့မရဘူး
မှော်ဆရာကို သတ်လို့မသေဘူး။

ကောင်းပြီ ... ငါ
သမိုင်းပေးတာဝန်အတွက်
မှော်ဆန်တဲ့ အနုပညာလက်နဲ့
အာဏာရှင်ကို သတ်မယ်။ ။

ကျွန်တော်သိသောအချစ်ဆိုသည်မှာ

ကိုရဲရင့်နီ tag လိုက်တဲ့ ခေါင်းစဉ်လေးကိုက ကျွန်တော်သိသောအချစ်ဆိုသည်မှာ တဲ့။ အဲဒီတော့ လွယ်ပါတယ်။ ကျွန်တော်သိသလောက်ပဲ ရေးရမှာပေါ့။ ကျွန်တော်ကလည်း အများကြီးမှ မသိတာ။
ဒီနေရာမှာ အချစ်ဆိုတာကို ၅၂၈ ဆိုတဲ့ အချစ်မေတ္တာကို ဖယ်ထားလိုက်ရအောင်။ ဘာလို့လဲဆို အဲဒီအကြောင်းက သပ်သပ်ပြောမှ ကောင်းမှာကိုး။ ၁၅၀၀ အချစ်နဲ့ ရောထွေးပြီး ပြောလို့ မကောင်းပါဘူး။ အဲဒါကြောင့် ဒီစာစုမှာပြောမယ့် အချစ်အကြောင်းဆိုတာ ဦးကျော်ဟိန်းတို့၊ ဦးချစ်ကောင်းတို့ ဆိုသလို အေးမြတဲ့ ၅၂၈ ချစ်မေတ္တာမဟုတ်ပဲ မီးလိုပူတဲ့ ၁၅၀၀ အချစ်ကို ပြောတာ ဖြစ်ပါတယ်။
ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် ရယူပိုင်ဆိုင်လိုခြင်းတစ်ခုပဲ ရှိတယ်လို့ ထင်ပါတယ်။ စွန့်လွှတ်ပေးဆပ်ခြင်းနဲ့ ချစ်တယ်ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး။ အဲဒီစကားလုံးက ပိုင်ဆိုင်ခွင့်မရှိတော့တဲ့နောက်မှ လှလှပပလေး ဖြေသိမ့်တဲ့ စကားလုံးလို့ပဲ ထင်ပါတယ်။ ချစ်ခြင်းရဲ့ Plan B ပေါ့ဗျာ၊ ဟဲ ဟဲ။
ချစ်မိပြီဆိုရင်တော့ ပထမဆုံး ရယူပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားကြမှာပါပဲ။ အခက်အခဲ အတားအဆီး တစ်ခုခု ရှိနေမှသာ အဲဒီစကားလုံး လှလှလေးကို သုံပြီး ကွဲသွားကြတာ။ သူတို့ရဲ့ အချစ်ခရီးလမ်းကြီးက ဖြောင့်ဖြူးနေမှတော့ အလကားနေရင်း စွန့်လွှတ်ပေးဆပ်ပြီးတော့ ချစ်မနေဘူး။ စာရေးဆရာလိုလို၊ ကဗျာဆရာလိုလို အရူး နှစ်ပိုင်းတစ်ပိုင်းတွေတော့ မသိဘူးပေါ့ဗျာ။
ရည်းစားများတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ လက်သုံးစကားလေး တစ်ခွန်းရှိတယ်။ ဘယ်ပညာရှိ ပြောခဲ့တာမှ မဟုတ်လောက်ပါဘူး။ သူ့ဟာသူ ထွင်ထားတာနေမှာ။ လူတစ်ယောက်မှာ အချစ်စစ် သုံးဆယ့်ခြောက်ခါ ပေါ်သတဲ့။ သူ့အတွက်တော့ ဟုတ်မှာပေါ့။ သုံးဆယ့်ခြောက်ခါမဟုတ်ပဲ သုံးရက်ခြောက်ခါ မဟုတ်ကံကောင်း။ အဲဒီလို အချစ်ကို ကစားစရာလို သဘောထားနေသူတွေအတွက်တော့ အချစ်ဆိုတဲ့ အဓိပ္ပါယ်က ပြောလို့ကို မရတော့တာ။
ရှိတ်စပီယားရဲ့ ရိုမီယို ဂျူးလိယက် လို အချစ်မျိုး၊ ဒဏ္ဍာရီထဲက ရှင်မွေ့နွန်း မင်းနန္ဒာ လို အချစ်မျိုး အပြင်မှာ တကယ်မရှိဘူးလို့တော့ မပြောရဲပါဘူး။ ရှိတော့ရှိမယ်၊ အင်မတန်ရှားလိမ့်မယ်။ များသောအားဖြင့်တော့ လူဆိုတာ ကိုယ့်ကိုကိုယ်သာ အချစ်ဆုံးပဲဗျ။
ဆရာမင်းခိုက်စိုးစန်ရဲ့ ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ ထဲကလိုပေါ့။ သူ အင်မတန်ချစ်ပါတယ်ဆိုတဲ့ ကောင်မလေး ရေနစ်နေတာကို ကယ်တယ်။ အဲဒီမှာ ကောင်မလေးက ကြောက်အားလန့်အားနဲ့ သူ့ကို အတင်းဖက်ထားတော့ ဘယ်လိုမှ ကူးလို့မရပဲ သူပါရောပြီး နစ်နေတာပေါ့။ ရေတွေအရမ်းမွန်းပြီး လေလေးနဲနဲမှ မရှူရရင် သူသေတော့မှာပါလားလို့ ထိတ်လန့်တကြား သိလိုက်တဲ့ အခိုက်အတန့်လေးမှာ ကောင်မလေးကိုလဲ သတိမရနိုင်တော့ဘူး။ တအားရုန်းထွက်ပြီး ရေပေါ်ကိုတက်၊ အသက်ကို တ၀ကြီးရှူပြီး ကြောက်တဲ့စိတ်ပြေမှ သူ့ကောင်မလေးကို သတိရလိုက်တဲ့အချိန်မှာ နောက်ကျသွားပြီ။ လူဆိုတာ သိစိတ်က ဘယ်လောက်ပဲချစ်ပါတယ်ပြောပြော၊ မသိစိတ်ထဲမှာ ကိုယ့်ကိုကိုယ် ချစ်တဲ့ အချစ်စိတ်လေး အမြဲတမ်းရှိနေတယ်ဆိုတဲ့အကြောင်း ပြောချင်တာပါ။ ကျွန်တော်ကတော့ ဆရာမင်းခိုက်စိုးစန်ကို အပြည့်အ၀ ထောက်ခံပါတယ်။
ကဲ ... ကိုရဲရင့်နီရေ...။ အချစ်ဆိုတာကို ကျွန်တော်သိသလောက် ဟိုရောက်ဒီရောက်နဲ့ ရေးလိုက်ပါပြီ။ ဘာပဲဖြစ်ဖြစ် အမုန်းတွေများတာထက်စာရင် အချစ်တွေများတာ ပိုမကောင်းဘူးလားဗျာ။ အဲဒီတော့ အားလုံးပဲ ချစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။ ။

Sunday, December 14, 2008

လူနှင့်အရုပ်ဆိုင်

(၁)
`ကျွန်တော့်သားအတွက် အရုပ်ဝယ်ချင်လို့ပါ။ ဘယ်လို အရုပ်တွေ ရှိလဲ ပြပါဦး´
သိပ်ပြီးမကြီးလှသော အရုပ်ဆိုင် တစ်ဆိုင်တွင် ဖြစ်သည်။ ဈေးဝယ်သူတစ်ယောက် ၀င်လာပြီး မေးသောအခါ ဆိုင်ရှင်က လှိုက်လှဲပျူငှာစွာ ဆီးကြို၍ ပြန်ပြောလိုက်သည်။
`အရုပ်တွေကတော့ အမျိုးမျိုး ရှိပါတယ် ခင်ဗျာ။ ဒီအရုပ်လေးတွေက ဓါတ်ခဲ ထည့်ရပါတယ်။ ခလုတ်ဖွင့်လိုက်ရင် ပြောတာနားထောင်ပြီး ခေါင်းငြိမ့်ပြတတ်တယ်၊ စာဖတ်စရာရှိရင် ဖတ်ပြတတ်ပါတယ်။´
`ဟုတ်လား ... ဘာအရုပ်လေးတွေလဲဗျ´
ဆိုင်ရှင်က မျက်မှန်တပ်ထားသော အရုပ်လေးများကို ထုတ်ပြရင်း ပြောလိုက်သည်။
`ညီလာခံ ကိုယ်စားလှယ်ရုပ်လို့ ခေါ်ပါတယ်´
ဈေးဝယ်သူသည် အရုပ်လေးများအား ကိုင်ကြည့်ပြီး ဈေးမေးလိုက်သည်။
`...... ...... ......´

(၂)
`ဈေးကြီးလိုက်တာဗျာ၊ ပြီးတော့ ဓါတ်ခဲဖိုးလည်း ရှိသေးတယ်။ တခြားအရုပ် ပြပါဦး´
`ဟုတ်ပါတယ်။ ဓါတ်ခဲထည့်ရတဲ့ အရုပ်တွေကတော့ ဈေးနဲနဲ ကြီးမယ်ဗျ။ ဒီသံပါတ်ပေးရတဲ့ အရုပ်လေးတွေ ကြည့်ပါဦး´
ဆိုင်ရှင်က သံပါတ်ပေးရသည့် စစ်သားရုပ်လေးများ ထုတ်ပြရင်း ပြောလိုက်သည်။
`ဒီစစ်သားရုပ်တွေက သံပါတ်သာ မှန်မှန်ပေး၊ ခိုင်းတာလုပ်တယ်။ မှန်အောင်ပစ်တယ်။ ဈေးလည်း သိပ်မကြီးဘူးဗျ။ ကြည့်ဦးမလား´

(၃)
`ကျွန်တော့်သားက တော်တော်ငယ်သေးတယ်ဗျ။ သံပါတ်ပေးတတ်မှာ မဟုတ်သေးဘူး။´
ဈေးဝယ်သူက ပြောရင်း အရုပ်များကို လှည့်ပတ် ကြည့်နေလေသည်။
ထိုအခါ ဆိုင်ရှင်သည် ဗီရိုအောက်ဆုံးမှ အရုပ်လေးများအား ထုတ်ပြ၍...
`ဒါဆိုလည်း ဒီအရုပ်လေးတွေပဲ ၀ယ်သွားတော့ဗျို့။ ဓါတ်ခဲလည်း ထည့်စရာမလိုဘူး။ သံပါတ်လည်း ပေးစရာမလိုဘူး။ ဈေးလည်း သိပ်မရှိဘူး။ မျှော်လင့်ချက်လေး နဲနဲပေးလိုက်၊ အစာလေး နဲနဲခွံ့လိုက်လုပ်ပြီး ခိုင်းချင်တာ ခိုင်းလို့ရတယ်။´
ဈေးဝယ်သူက စိတ်တိုင်းကျသွားသောအခါ ထိုအရုပ်လေးများသာ ၀ယ်လိုက်သည်။
`ဒါနဲ့ .. ဒါက ဘာအရုပ်လေးတွေလဲဗျ´
ဆိုင်ရှင်က အရုပ်ဖိုးချေထားသော ငွေစက္ကူများကို ရေတွက်ရင်း ပြောလိုက်သည်။
`ကြံ့ဖွတ်ရုပ်နဲ့ စွမ်းအားရှင်ရုပ်လို့ ခေါ်တယ်ဗျ´။ ။

Wednesday, December 10, 2008

အရူးလက်ထဲမှာသေနတ်ရှိတယ်

သူ့မြင်းသူ စိုင်းနေတယ်ဆိုပေမယ့်
စစ်ကိုင်းမှ မဟုတ်ဘူး
ဘယ်ကိုမှလည်း မရောက်ဘူး
သူပြောတော့ တဟုန်ထိုးဆိုပဲ
အနားသိပ်မကပ်နဲ့
အရူးလက်ထဲမှာ သေနတ်ရှိတယ်။

ဆုပ်လည်းဆူး စားလည်းရူးမယ့်ဒုက္ခ
အတ္တနဲ့ အတောမသတ်နိုင်တဲ့ လောဘ
လောကပါလ အောချရပါတဲ့
အိုဘယ့်... မဟာဥမ္မ...။
ဇရာလည်းထောင်းပြီ
ခန္ဓာလည်းညောင်းပြီ
သတိနဲ့ယှဉ် အသိဝင်မှ
မရဏကို ဘ၀ကူးကောင်းမယ်။

စိတ်မဆိုးကြပါနဲ့
ဗြောင်လိမ်တာ မဟုတ်ပါဘူး
သူ့ကိုယ်သူကို မသိတော့တာ...။

စုန်းစုန်းမမြုပ်သရွေ့တော့
လှေကလှော်ကောင်းတုန်းပေါ့...
ပဲခူးပဲရောက်တော့မလိုလို
အမျိုးပဲမြင့်မြတ်သလိုလိုနဲ့
တန်ခိုးအာဏာတွေက
ကစားစရာကျနေတာပဲ။

ကိုလေးဖြူရေ... ယုံကြည်တာတွေကို
မြောင်းထဲလွှင့်ပစ်ဖို့လည်း မကြံဘူး
ယိုနေတာတွေကို
လက်ပိုက်ကြည့်နေတာလည်းမဟုတ်ဘူး
အဲဒီအရူးလက်ထဲမှာ သေနတ်ရှိတယ်။ ။

Monday, December 8, 2008

ငါ့သားများစစ်ထဲဝင်ရင်လေ

‘ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာ အမှန်သာလိုက်နာနိုင်ရင် တကယ့် ယောက်ျားမြတ် ဖြစ်စေနိုင်တဲ့ တရားတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့’

စစ်သည်တော်ဟောင်းတစ်ဦး
ဧည့်ခန်းမှာ ရွှေရောင်ဖောင်းကြွစာလုံးတွေနဲ့ ရေးသားချိတ်ဆွဲထားတဲ့ စာသားတွေကို မော့ဖတ်ရင်း စစ်သည်တော်ဟောင်းကြီး အမြဲ ဂုဏ်ယူနေကျပေါ့။ လူ့ဘ၀တုန်းက သူရေးခဲ့တဲ့ ဒီစာသားလေးတွေဟာ တမလွန်ဘုံက သူ့အိမ်အတွက် ဂုဏ်တက်စေတဲ့ အရာတစ်ခုလည်း ဖြစ်တယ်။
“စာ ဗျို့ ...စာ”
အိမ်ရှေ့ထွက်ပြီး စာပို့သမားဆီက စာကို ယူလိုက်တယ်။
“သြော်... လူ့ဘုံမှာ ရှိသေးတဲ့ ငါ့မြေးဆီက စာပါလား၊ ဒီကောင်က စာရေးရမှာ တကယ်ပျင်းတဲ့ကောင်ပါ၊ ခုမှ ဘာအရေးကြီးလို့ ရေးလိုက်လဲ မသိဘူး”
ဧည့်ခန်းက ထိုင်ခုံမှာထိုင်ရင်း စာအိတ်ကို ဖောက်လိုက်တယ်။
‘အဘိုး.....
ဒီစာကို စိတ်မကောင်းစွာနဲ့ပဲ ရေးလိုက်ပါတယ်။ အကြောင်းက အဘိုးရေးခဲ့တဲ့ စာသားတွေဟာ ကျွန်တော်တို့ခေတ်မှာ အပြည့်အ၀ မမှန်နိုင်တော့ပါဘူး။ အဲဒါကြောင့် အဘိုးမြေး ကျွန်တော်လည်း စစ်ထဲမ၀င်ဖြစ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့စစ်တပ်ဟာ အဘိုးတို့ ခေတ်က စစ်တပ်လို မဟုတ်တော့လို့ပါပဲ။ အဘိုးလို စစ်ထဲမ၀င်ခဲ့ပေမယ့် အဘိုးလို ဂန္တ၀င်မြောက်တဲ့ စာသားလေးကို ရေးပြီး အဘိုးခြေရာနင်းနိုင်အောင် ကျွန်တော် ကြိုးစားလိုက်ပါတယ်။ တစ်နည်းပြောရရင် အဘိုးရေးခဲ့တဲ့ စာသားကို မြေးက ခေတ်နဲ့ညီအောင် ပြုပြင်ပေးလိုက်ပါတယ်။ ဒီလိုလေ...
ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာ အာဏာရူးလူတစ်စုခိုင်းတိုင်း မစဉ်းစားမဆင်ခြင်ပဲ လိုက်လုပ်နေရင် တကယ့်ပြည်သူ့သစ္စာဖောက် ဖြစ်စေနိုင်တဲ့ မတရားမှုတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့။’
စာဖတ်ပြီး စစ်သည်တော်ဟောင်းကြီး တွေဝေသွားတယ်။ သူ့ဧည့်ခန်းက ရွှေရောင်စာသားတွေကို ဒီအတိုင်းထားလိုက်ရ ကောင်းမလား၊ သူ့မြေးပြောသလို ခေတ်နဲ့ညီအောင် ပြင်လိုက်ရ ကောင်းမလားလို့ စဉ်းစားရင်း။ ။

Wednesday, December 3, 2008

ဂျာနယ်တွေငုံထားရတဲ့ ပြက်လုံး

ဝေဖန်မယ် ... စောင်းမြောင်းမယ်
ကဲ့ရဲ့မယ် ... တခါတခါ
မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့
တည့်တည့်ပဲ စော်ကားမယ်။

မထည့်ရင် မထွက်ရ
ဆောင်းပါးအပုပ်တွေက
အရှက်မရှိဘူး ... လူရီတယ်။

ဒိုင်မရှိဘူး၊ စည်းမရှိဘူး
အဲဒီလက်ဝှေ့သမားက
တစ်ဖက်သတ်တော့ ဖိထိုးတာပဲ
ဒါပေမယ့် ...
ရှောင်စရာမလိုအောင်ကို လွဲပုံများ။

မောနေပြီလား ကိုယ့်လူ
စိတ်မကောင်းပါဘူး ...
ပိုပြီးဝမ်းနည်းစရာကောင်းတာက
ကြည့်မယ့်လူ မရှိဘူး။ ။

Monday, December 1, 2008

သေနတ်တစ်လက်အကြောင်း


ပြတိုက်တံခါးမကြီး သော့ခလောက်ဖွင့်သံနဲ့အတူ စူးရှရှနေရောင်အလင်းက တံခါးချပ်နှစ်ခုကြားကနေ တိုးဝင် ဖြန့်ကျက်လာတယ်။
Old Model သေနတ်အိုကြီးဟာ အရင်နေ့တွေအတိုင်းပဲ မာန်ကို အမြင့်ဆုံးတင်ပြီး သူ့ကိုယ်သူ ပြသအသုံးတော်ခံဖို့ ပြင်ဆင်လိုက်တယ်။
“လွတ်လပ်ရေးတိုက်ပွဲတွင် အသုံးပြုခဲ့သော မော်ကွန်းဝင်သေနတ်”
ထုံးစံအတိုင်း သူ့အောက်က စာတန်းကို ပြန်ငုံ့ဖတ်ရင်း ဂုဏ်ယူနေစဉ်မှာပဲ သူ့ကို လှမ်းပြီး နှုတ်ဆက်လိုက်တဲ့အသံ ကြားရတယ်။
“မင်္ဂလာပါခင်ဗျာ... တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်ကတော့ မနေ့ညကမှ ဒီကိုရောက်လာတာပါ ... အဘိုးရဲ့ လွတ်လပ်ရေးတိုက်ပွဲ အတွေ့အကြုံလေးတွေကို ပြန်ပြောပြနိုင်ရင် သိပါရစေခင်ဗျာ”
သေနတ်အိုကြီးဟာ သူ့ဘေးမှာ ခုမှရောက်လာတဲ့ သေနတ်ကို ပြန်ပြုံးပြရင်း သူ့အကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ပြောပြဖို့ ပြင်ဆင်လိုက်တယ်။ ဟုတ်တယ်လေ... အဲဒီအကြောင်းက သူအမြဲ ပြန်ပြောပြချင်နေတဲ့ အကြောင်းပဲလေ။ အခု မေးတဲ့သူရှိတဲ့အခါ တက်တက်ကြွကြွပဲ နောက်ကြောင်းပြန်တယ်။
“..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... .....”
(ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ တိုက်ပွဲဝင်သေနတ်တစ်လက်ရဲ့ ကျေနပ်စရာအကောင်းဆုံး ချိုမြိန်မှုကို မှီအောင်ရေးပြစရာ စကားလုံးမရှိလို့ပါ။ စာဖတ်သူကိုယ်တိုင်ပဲ တိုက်ပွဲဝင်သေနတ်နေရာကနေ ဝင်ပြီး စဉ်းစားတွေးတောကြည့်ကြပါ။-- စာရေးသူ)
စကားအဆုံးမှာ သေနတ်အိုကြီးဟာ ဟိုးနှစ်ပေါင်း ခြောက်ဆယ်လောက်ကနေ ပစ္စုပ္ပန်ကို ခုမှပြန်ရောက်လာရသလို မောလျစွာ ကျေနပ်နှစ်သိမ့်လို့။
ပြီးတော့မှ သူ့ကိုမေးတဲ့ သေနတ်အသစ်ကို ပြန်လှည့်ကြည့်ပြီး...
“ဒါနဲ့ နေပါဦး ... မင်းကရော ဘယ်လိုတာဝန်တွေများ ကျေနပ်လောက်စရာ ထမ်းဆောင်ခဲ့ပြီး ဒီကိုရောက်လာတာတုန်း။ ဒါပေမယ့် မင်းကိုကြည့်ရတာ အတော်ငယ်သေးတာပဲ... သုံးလို့မရတော့လို့ ရောက်လာတာတော့ မဟုတ်လောက်ပါဘူး... ပြောပါဦး”
သေနတ်အိုကြီးရဲ့ ပြန်မေးလိုက်တဲ့ မေးခွန်းဆုံးတော့ သေနတ်အသစ်ဟာ မသိမသာခေါင်းငုံ့သွားတယ်။ ပြီးမှ ပင့်သက်တစ်ချက်ရှိုက်လိုက်ရင်း သူ့အကြောင်းကို ပြောပြတယ်။
“ဟုတ်ပါတယ်... အခုချိန်ထိ ကျွန်တော်က သုံးလို့ရသေးတဲ့ သေနတ်ကောင်းတစ်လက်ပါပဲ။ သေနတ်တစ်လက်ရဲ့ တာဝန်ဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့ဆိုတာ အဘိုးလည်းသိပါတယ်။ ကျွန်တော်ဟာ အရင်တုန်းကတော့ ရန်သူအစစ်အမှန်ကို ရဲရဲဝံ့ဝံ့နဲ့ တိုက်ခဲ့တယ်။ အဲဒီတုန်းကတော့ ပြည်သူ့အတွက် တာဝန်ကျေအောင် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ အဘိုးလိုပဲ ကိုယ့်ကိုကိုယ် ဂုဏ်ယူခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ကျွန်တော်ဟာ ထင်မထားပဲ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့ရတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမယ့်အစား လက်နက်မဲ့တဲ့ပြည်သူကို ဖြိုခွင်းဖို့ အသုံးချခံခဲ့ရတယ်။ ကျွန်တော်ဟာ ပြည်သူ့ရဲ့သေနတ်မဟုတ်တော့ပဲ လူတစ်စုရဲ့သေနတ်ဖြစ်နေပြီလို့ သိလိုက်ရတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် သေနတ်မဖြစ်ချင်တော့လောက်အောင်ကို ဝမ်းနည်းနာကြည်းခဲ့ရတယ်။ အဲဒီနောက်တော့ ကျွန်တော့်ကိုယ်ထဲက နောက်ထပ် ကျည်ဆံထပ်ထွက်ခွင့် မပေးနိုင်တော့ဘူး။ အဲဒါနဲ့ပဲ ကျွန်တော့်ကို သုံးမရတော့ဘူးထင်ပြီး ဒီကို ပို့လိုက်ကြတာပါပဲ။”
တိတ်ဆိတ်သွားတယ်။ သေနတ်နှစ်လက်လုံးဆီက ဘာသံမှ ထွက်မလာပဲ တိတ်ဆိတ်သွားတယ်။ ပြီးမှ သေနတ်အသစ်က ကြေကွဲနေတဲ့အသံနဲ့ တိုးတိုးလေးဆက်ပြောလိုက်တယ် ...
“ကျွန်တော့်အောက်မှာ သူတို့ ဘယ်လိုစာတန်းများ ချိတ်ကြမလဲ မသိဘူးနော်...” ။ ။

Friday, November 28, 2008

အသံတစုံတရာ

ဆောင်းဦးညတွေဟာ
ဟိုအရင်နှစ်တွေအတိုင်းပဲ
အလွမ်းဖွဲ့သံစဉ်တွေကို
ရှိုက်ငိုသီဆိုရင်း
ပြတင်းပေါက်ကို လာခေါက်နေကြပြီ။
ကြားခွင့်မရှိတော့တဲ့
အသံတစုံတရာများ
နှင်းစက်တွေကြားမှာ ပုန်းခိုနေတာလား။
မဖြစ်နိုင်ပါဘူးလေ...
အသံတစုံတရာဟာ
ဘယ်တုန်းကများ ရှိုက်ငိုဖူးလို့လဲ ...
ငါသာ... အကြိမ်ကြိမ်အခါခါ
ကြေကွဲပြခဲ့ဖူးတာ ...
ငါပါ ......။
ဘာပဲဖြစ်ဖြစ်
ပြတင်းပေါက်ကိုဖွင့်လိုက်တယ်
ပြီးတော့ အလွမ်းတွေနဲ့အတူ
ငါ ကခုန်ပစ်လိုက်တယ်။
ဆောင်း ... ည .... တွေ
အရည်ဖျော်ပစ်တာတောင်
ပူလောင်ပြင်းပြတုန်း....။
အသံတစုံတရာရေ.....။
ဟယ်လို ... ကြားရလား
အသံတစုံတရာရေ.........။
ပြန်လာခဲ့ပါ
ဟိုး ......... အတိတ်တွေထဲကနေ
..... ပြန်လာခဲ့ပါ။
အရင်လို တိတ်ဆိတ်နေတဲ့အခါ...
ငါ့ သက်ပြင်းချသံ တိုးတိုးလေး
နင်ပြန်ကြားယောင်တဲ့အခါ...။ ။


Wednesday, November 26, 2008

Ten Things I Hate About Myself

အစ်မ ယမင်း က Tag ထားတော့လည်း ရေးရတော့မှာပေါ့လေ။ တော်ကြာ သွား... ခင်စရာလည်း မကောင်းဘူးဆိုပြီး အပေါင်းအသင်း မလုပ်တော့ရင် မိတ်ဆွေလျော့သွားဦးမယ်... နော။
Ten Things ဆိုပေမယ့် တကယ်စဉ်းစားကြည့်ရင် ကျွန်တော့်မှာ မကောင်းဘူးထင်ရတဲ့ အကျင့်က ဆယ်ခုမကဘူးဗျ။ ဒါပေမယ့် အခုတော့ စဉ်းစားရသမျှ ရေးကြည့်လိုက်ပါတယ်။
၁။နေ့နဲ့ညမှားနေတာ (မိုးလင်းခါနီးမှအိပ်ပြီး ၁၂၊ ၁ လောက်မှထတယ်)
၂။ဆရာကြီးလုပ်တတ်တာ(နားရွက်တော့ပါပါတယ်)
၃။မီးမလာရင် မနေတတ်တော့တာ
၎။ဂိမ်းဆော့ရင်၅နှစ်အရွယ်တူလေးကိုတောင်အရှုံးမပေးချင်တာ
၅။မူးရင်စကားတအားများတာ(ရှေ့နောက်မကြည့်ဘူး)
၆။ဖဲရိုက်ရင်ရှုံးမှာကြောက်ပြီးပုံမအောရဲတာ
၇။အတိတ်ကိုပြန်တမ်းတနေတတ်တာ
၈။လူစည်တဲ့နေရာတွေကိုရှောင်တာ (ပွဲလမ်းသဘင်မျိုးတွေ)
၉။ကိုယ့်ကိုကိုယ်အထင်ကြီးတာ(တကယ်က ဘာမှအသုံးမကျဘူး)
၁၀။အဆောင်ရှေ့ဂစ်တာတီးရင်တစ်ယောက်တည်းဆိုချင်တာ (အသံကဖြင့်မကောင်းပဲနဲ့)
အား... တကယ်တော့ စဉ်းစားရတာ အတော်ခက်တယ်။ ပြောပါတယ်... ကိုယ့်ကိုကိုယ် အထင်ကြီးပါတယ်လို့။ မကောင်းဘူးထင်ရပေမယ့် ကိုယ့်ကိုယ်ကို အပြစ်တင်နေရတာ တကယ်ခက်ပါတယ်။
လူဆိုတာ ကိုယ့်ကိုယ်ကို ပြန်မမြင်ဆုံးပဲလေ။ အဲဒီတော့ ကျွန်တော်လည်း ဒီလောက်ပဲရေးတတ်ပါတယ်...။

Friday, November 21, 2008

ဧရာဝတီညများ

ကျွန်တော်ကြားဖူးတာပါ။ ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့ မမြင်ခဲ့ရပေမယ့် အစ်ကိုတော် နောင်တော်များ ပြောပြကြလို့ သိရတဲ့ အကြောင်းလေးပါ။
ရှစ်ဆယ့်ရှစ်တုန်းက ဆန္ဒပြကျောင်းသားတွေ ပြည်သူတွေကို စစ်တပ်က ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်ဖြိုခွင်းပြီး သေတဲ့အလောင်းတွေကို ညတွေမှာ ဧရာဝတီမြစ်ထဲ ပစ်ချမျှောခဲ့သတဲ့။
အဲဒီအချိန်က ငယ်သေးလို့ သေချာမသိခဲ့ပေမယ့် အခုချိန်မှာတော့ ကျွန်တော် ခံစားတတ်ပြီ။ နာကြည်းတတ်ပါပြီ။ စစ်အစိုးရရဲ့ ရက်စက်မှုကိုလည်း မျက်ဝါးထင်ထင် မြင်ခဲ့ဖူးပြီ။ ထားလိုက်ပါတော့...။
ကျွန်တော်ပြောချင်တာက ဆရာမြင့်မိုးအောင်ရေးပြီး ကိုလေးဖြူဆိုခဲ့တဲ့ ဧရာဝတီညများ သီချင်းအကြောင်းပါ။ ဇာတ်ဝင်သီချင်းမို့ ဇာတ်ကားနဲ့လိုက်ဖက်အောင် ရေးသားသီဆိုထားတယ်ဆိုပေမယ့် ကျွန်တော် နားထောင်လိုက်ရတဲ့ အချိန်မှာတော့ ဒီထက်မက ပိုခံစားမိပါတယ်။
ဧရာဝတီညများကို နားထောင်ရင်း အပေါ်မှာရေးခဲ့သလို ကျွန်တော်ကြားဖူးထားတဲ့ အကြောင်းတွေ မြင်ယောင်လာမိတယ်။ ကိုလေးဖြူရဲ့ နာနာကြည်းကြည်း ကြေကြေကွဲကွဲနဲ့ ဆိုလိုက်တဲ့ အသံတွေကိုက တကယ့်ဖြစ်ရပ်တွေကို ပြန်ပြောပြနေတဲ့ အတိုင်းပဲ။ ပြီးတော့ သီချင်းသံကြားက သေနတ်သံတွေ၊ ကိုလွင်မိုးရဲ့ ငိုသံတွေက ကျွန်တော့် ခံစားချက်ကို ပိုမြင့်သွားစေတယ်။
ဧရာဝတီဟာ တကယ်ပဲ နာကျင်စွာ ညည်းတွားခဲ့တာလား? ယုံကြည်မျှော်လင့်ခြင်း၊ အနာခံပေးဆပ်ခြင်း။ ကျွန်တော်တို့ရဲ့ နောင်တော် သူရဲကောင်းတွေ အနာခံ ပေးဆပ်ခဲ့ကြတယ်။ အတိတ်တွေ မပျောက်ကွယ်ပါ၊ အသက်ရှင် မြစ်ရေလိုစီး .... ။
ကဲ ... မိတ်ဆွေတို့ရော ... ကျွန်တော့လို ခံစားလို့ရသလား? သီချင်းလေးကို နားထောင်ကြည့်လိုက်ပါဦး။ ။


Discover undefined!


ဒီမှာလည်း download လုပ်လို့ရပါတယ်။RECO0001.MP3

Wednesday, November 19, 2008

ကလေးစစ်သားများရှိရခြင်းအကြောင်း

နအဖအစိုးရက မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးစစ်သားတွေ မရှိပါဘူးလို့ ဗြောင်လိမ်နေပေမယ့် တော်တော်များများ တွေ့နေမြင်နေကြရတာ အားလုံးအသိပါ။ လေ့ကျင့်ရေးတပ်တွေမှာ ပိုပြီးတွေ့နိုင်ပါတယ်။ ဒါပေမယ့် သူတို့လေးတွေကို ကြိုက်တဲ့အချိန်သွားမေးကြည့်၊ မင်းအသက်ဘယ်လောက်ရှိပြီလဲဆိုရင် (၁၈) နှစ်လို့ပဲ ဖြေလိမ့်မယ်။
ကြားဖူးတဲ့ စစ်ချီသီချင်းတစ်ပုဒ်ရှိတယ်။ ‘‘မင်းရဲကျော်စွာ တပင်ရွှေထီးပုံတည်’’ ဆိုတဲ့ သီချင်းပါ။ အင်းဝဘုရင်မင်းခေါင်ရဲ့ သားတော် မင်းရဲကျော်စွာဟာ ရခိုင်ကို စစ်ချီတုန်းက သက်တော် (၁၃)နှစ်ပဲ ရှိသေးတယ်။ မွန်ဘုရင် ရာဇဓိရာဇ်နဲ့တိုက်တော့ သက်တော်(၁၇)နှစ်ပဲ ရှိပါသေးတယ်။
အဲဒီလိုပဲ တပင်ရွှေထီးဟာလည်း သက်တော်(၁၇)နှစ် အရွယ်မှာ ရန်သူ့နယ်မြေဖြစ်တဲ့ ရွှေမော်ဓေါဘုရားပေါ်မှာ ရဲရဲဝံ့ဝံ့နဲ့ နားထွင်းတော်မူခဲ့တယ်။
ပြောရရင်တော့ စစ်ချီသီချင်းမှာပါတဲ့ မင်းရဲကျော်စွာနဲ့ တပင်ရွှေထီးတို့ဟာ အသက်(၁၈)နှစ် မပြည့်ခင်မှာပဲ သူတို့ရဲ့ စွမ်းရည်သတ္တိကို အပြည့်အ၀ တွေ့မြင်ကြရပါတယ်။
ကဲ ... နအဖစစ်တပ်မှာ ကလေးစစ်သားတွေရှိနေတာကို မပြောကြပါနဲ့။ တွေ့ခဲ့မြင်ခဲ့ရင်လည်း ‘‘မင်းရဲကျော်စွာ တပင်ရွှေထီးပုံတည် ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့သည်’’ ဆိုပြီး အကျယ်ကြီး သီချင်းအော်ဆိုလိုက်ကြပါတော့ခင်ဗျား။ ။

(ပုံလေးက Google Image Search ကနေ ရှာထားတာပါ။)

Monday, November 17, 2008

အကြောက်တရားအားငြင်းဆန်ခြင်း



မှောင်မည်းနေတဲ့ တောနက်ကြီးတစ်ခုထဲမှာ ခရီးသွားတစ်စု လမ်းပျောက်နေကြတယ်။ စမ်းတ၀ါးဝါးနဲ့ ဟိုဘက်သွားရမလို ဒီဘက်သွားရမလိုနဲ့ပဲ ညလည်းနက်ခဲ့ပြီ။
အဲဒီအချိန်မှာပဲ တောမှီရဟန်းတစ်ပါးနဲ့ တွေ့ဆုံကြတယ်။ ခရီးသွားတစ်စု လမ်းပျောက်နေမှန်းသိတဲ့ ရဟန်းက လမ်းညွှန်ပြတယ်။
"ဟိုးမှာ မြင်ရလား ... အလင်းရောင်ပျပျနဲ့ မြင်ရတဲ့မြို့ ဟာ ဒကာတို့သွားမယ့် လမ်းမှန်ရောက်တဲ့ မြို့ ပဲ"
ရဟန်းညွှန်ပြရာကို လှမ်းကြည့်လိုက်တော့ မြူနှင်းမြူခိုးတွေ ပိန်းပိတ်နေလို့ ဘာမှမမြင်ကြရဘူး။
"အရှင်ဘုရား ... မြူခိုးမြူနှင်းတွေနဲ့ ပိတ်နေလို့ အရှင်ဘုရားပြတဲ့ မြို့ ကို မမြင်ကြရပါဘူးဘုရား"
ခရီးသွားတစ်စုလျှောက်တော့ ရဟန်းက မိန့်တယ်.....
"ရဟန်းက အဲဒီပိန်းပိတ်နေတဲ့ မြူခိုးတွေကို ဖောက်ပြီးကြည့်လို့ အလင်းရောင်ရှိတဲ့မြို့ ကို ညွှန်ပြနိုင်တာပါ ... အဲဒီကို ဒကာတို့ရောက်ချင်ရင်တော့ ပိတ်ကာနေတဲ့ မြူခိုးမြူနှင်းတွေကို ရဲရဲဝံ့ဝံ့ ဖောက်ထွက်ကြရလိမ့်မယ် ... ကဲ .. အချိန်တွေလင့်တော့မယ် ... သွားကြပေတော့ ဒကာတို့ ...."
ခရီးသွားတစ်စုလည်း ရဟန်းညွှန်ပြတဲ့လမ်းအတိုင်း အလင်းရောင်ရှိတဲ့မြို့ ကိုရောက်ဖို့ မြူခိုးမြူနှင်းတွေကို ဖယ်ရှားတိုးဝင်ပြီး တရွေ့ ရွေ့  နဲ့ ခရီးဆက်နေကြလေရဲ့ ။
ပိတ်ကာနေတဲ့ မြူခိုးတွေကို ထွင်းဖောက်ကြည့်နိုင်သူတိုင်း အလင်းရောင်တောက်ပတဲ့ မြို့  ပြကို မြင်ကြရမှာပါပဲ။ ။

Friday, November 14, 2008

အားလုံးအတွက်ဆုတောင်း

အာရုံထဲက ရည်မှန်းကာ
ပေးဝေ မေတ္တာ ကရုဏာ
ရူးသွပ် လောဘ ဒေါသမီး
ကင်းဝေးပါစေ ကမ္ဘာမြေကြီး
သန်းပေါင်းများစွာ ရကြစေ
မျှော်လင့်တောင့်တ ငွေနဲ့ရွှေ
သေဆုံးနေတဲ့ အိပ်မက်ကမ္ဘာ
ပြန်ရှင်သန်ဖို့ ကြိုးစားပါ ...
စေလိုရာစေ အိပ်မက်များ
အမြန်ဆုံးနဲ့ ရောက်စေသား။ ။

(အားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်လို့ကောင်းအောင် ကလေးကဗျာတွေလို ကာရန်လေးနဲ့ ကြိုးစားရေးထားပါတယ်။ ကျိန်ဆဲချင်ရင်တော့ တစ်ကြောင်း ပြီး တစ်ကြောင်း အစ အဆုံး ဖတ်ကြည့်လိုက်ပါ။)

Monday, November 10, 2008

မာလိန်မှူး


ကန်လယ်မှာ လှေတစ်စင်း ရုန်းရင်းဆန်ခပ် ဖြစ်နေတယ် ...
ကလေးတွေ ကစားရင်း မာလိန်မှူး သူလုပ်မယ် ငါလုပ်မယ်နဲ့ ငြင်းခုံ ရန်ဖြစ်နေကြတာပါ...။
ကန်ကလည်းငယ်ပါတယ်၊ လှေကလည်း သေးပါတယ်။
လှေက ကလေးတွေနဲ့တင် ပြည့်ကျပ်နေပြီ။
အဲဒီအချိန်မှာ ရေကူးနေတဲ့ ကလေးစိတ်မကုန်သေးတဲ့ လူကြီးတစ်ယောက် လှေပေါ်တက်လာပါတယ်...။
“ကလေးတွေ ... လှော်တက်ငါ့ကိုပေး ၊ မင်းတို့ မာလိန်မှူး ရွေးလို့ပြီးရင် ပြန်ပေးမယ်... ”
ပြောပြောဆိုဆိုနဲ့ လှော်တက်ကိုအတင်းလုပြီး လှော်နေတော့တယ်။ လူကြီးဆိုတော့လည်း ဘာမှမပြောရဲကြဘူး။
လှေကလေးကဖြင့် သူတက်လိုက်လို့ ရေတွေစိမ့်ဝင်ပြီး တဖြည်းဖြည်းနဲ့ နစ်တော့မယ်။ လူကြီးကတော့ လှော်ကောင်းတုန်း။ ။

Friday, November 7, 2008

မိုးကိုမျှော်တဲ့လူငယ်တွေ

လိမ်ဆင်ကြီးမှန်းသိရက်နဲ့တော့
ဘ၀ကိုပုံလောင်းရလောက်အောင်ထိ
ငါတို့တွေမိုက်ရူးရဲမဆန်ဘူး။

ဒီလိုနဲ့ပဲ ...
အချိန်တွေအကြာကြီး
ငါတို့တွေမှောင်ခဲ့ရဖူးပြီ။

တွင်းဆုံးကျနေတဲ့
ဘ၀တွေအားလုံးအတွက်
ထွက်ပေါက်တစ်ခုကို
ကူရှာပေးရုံလေးပါ။

မိုးခေါင်နေတာကို
လွန်ဆွဲနေရုံနဲ့တော့
မရွာနိုင်မှန်း သိခဲ့ကြပြီ။

ထောင်ချောက်တွေကြားမှာ
ကိုယ့်အမှန်တရားနဲ့ကိုယ်
ပျော်မွေ့ရှင်သန်နေကြတဲ့
လူငယ်တွေလေ ...
အားမတန်ပေမယ့်
ဘယ်တော့မှ မာန်မလျှော့ဘူး။ ။

Tuesday, November 4, 2008

မြစ်ကျိုးအင်း


ကျွန်တော်တစ်ယောက်တည်း ခရီးထွက်ခဲ့တုန်းက ကျွန်တော့်လိုပဲ အထီးကျန်လှတဲ့ မြစ်ကျိုးအင်းကြီး တစ်ခုနဲ့ တွေ့ခဲ့တယ်။ ကျွန်တော် စကားသွားပြော ကြည့်တော့ ကြေကြေကွဲကွဲနဲ့ ကျွန်တော့်ကို ရင်ဖွင့်နေလေရဲ့ .....
" ကွေ့ကောက်ကြတုန်းက အတူတူကွေ့ကောက်ခဲ့ကြပြီးတော့ အခုမှ သူတို့က ဖြောင့်ချင်ယောင်ဆောင်ပြီး ကျွန်တော့်ကို ထားသွားကြတယ်ဗျာ ...."
မြစ်ကျိုးအင်းကြီးခမျာ ငေးငေးမှိုင်မှိုင်နဲ့ သနားစရာကြီးကို ဖြစ်လို့။ ။

အကြီးအကျယ်သေဆုံးခြင်း


နှင်းဆီပင်တစ်ပင်မှာ ဖြစ်ခဲ့တဲ့အကြောင်းလေးပါ။
နှင်းဆီပွင့်တွေအပြိုင်းအရိုင်းပွင့်နေတဲ့အချိန်ပေါ့။ အဲဒီမှာ ဒီဝတ္တုရဲ့ ဇာတ်လိုက်နှင်းဆီပွင့်က တွေးတယ်....
" အင်း ... ငါဒီလို ပုံမှန်အတိုင်း ပွင့်နေလို့ကတော့ ဘာမှ ထူးခြားမှာ မဟုတ်ဘူး။ လူတွေ ဂရုစိုက်လာအောင် ငါ့ကိုယ်ငါ ကြီးကြီးကျယ်ကျယ်ကို ပွင့်ပစ်လိုက်စမ်းမယ်.... "
အတွေးအဆုံးမှာပဲ သူ့ကိုယ်သူ ၀ုန်းကနဲ ဖန်ဆင်းပစ်လိုက်တယ်....။
"!!! !!! !!!"
ရုတ်တရက် ကြီးမားလာတဲ့ နှင်းဆီပွင့်ရဲ့ အလေးချိန်ကို ပင်စည်က မခံနိုင်ဘူး။ တဖြည်းဖြည်း ကွေးညွှတ် အိ ကျ ...။
" ဟာ ... ဘယ်လိုဖြစ်တာလဲ? "
" သေကုန်တော့မှာပဲ လုပ်ပါဦး "
" ........ ....... ........ "
အဲဒီမှာ တခြားနှင်းဆီပွင့်တွေက (ထိတ်လန့်တကြား) ကြောက်လန့်တကြား အော်ဟစ်ကြ။ ဆူညံ ပွက်လောထသွားတယ်။
ပြီးတော့ အခြေအနေအရတဲ့ အပင်ကနေ ၀ိုင်းပြီး ဖြုတ်ချ ခြွေပစ်လိုက်ကြတယ်။
လောကကြီးမှာ ကြီးကြီးကျယ်ကျယ် ပွင့်ချင်တဲ့ ကျွန်တော့်ရဲ့ ဇာတ်လိုက်နှင်းဆီကြီးဟာ ခဏတာပဲ ကြီးကျယ်လိုက်ပြီး အကြီးအကျယ် သေဆုံးသွားရတော့တယ်။
တခြားနှင်းဆီပွင့်တွေကတော့ ပြန်လည်ထောင်မတ်လာတဲ့ ပင်စည်ကြီးမှာ ဝေေ၀ဆာဆာ ပြုံးပြုံးရွှင်ရွှင် ကြီးတွေနဲ့ပေါ့။ ။

Monday, October 27, 2008

မျက်လှည့်ဆရာ


ခပ်ညံ့ညံ့မြေခွေးတစ်ကောင်ဟာ စင်ပေါ်မှာ မျက်လှည့်ပြဖို့ ကြိုးစားနေတယ်။ သူ့ရဲ့ အဓိကလှုပ်ရှားမယ့်လက်ကို မသိမသာ ငြိမ်ထားပြီး ကျန်တဲ့လက်တစ်ဖက်ဆီ ပရိတ်သတ်တွေ အာရုံပြောင်းအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားနေတယ်။
ဒါပေမယ့် ပရိတ်သတ်ကတော့ အစကတည်းက မြေခွေးအကြောင်း သိပြီးသားပဲလေ။ ဘယ်သူကမှ သူ့ကို အယုံအကြည် မရှိဘူး။
မျက်လှည့်ဆရာ မြေခွေးကတော့ ပရိတ်သတ်ကို လှည့်စားပြီး ဒီဘက်အိတ်ကပ်ထဲကနေ ဟိုဘက်အိတ်ကပ်ထဲကို ပြောင်းဖို့ အတင်းကြိုးစားနေလေရဲ့။ ။

Sunday, October 26, 2008

ချီတက်ပွဲ

မြို့ပျက်ကြီးထဲမှာ
ဆာလောင်နေရုံနဲ့တော့
အောက်ဆီဂျင်ကုန်ခမ်းတဲ့အထိ
ပင်လယ်ဆီမရောက်နိုင်ဘူး။

ကျောက်ချထားတဲ့စိတ်တွေ
ရွက် .. လွှင့် .. လိုက် ..။

ညမီးခိုး တိမ်တိုက်တွေ
မောင်း .. ထုတ် .. လိုက် ..။

ကမ်းခြေအသစ် ...
ကောင်းကင်အသစ် ဆီသွားကြမယ်။

ဖြန့်ကျက်ထားတဲ့အတောင်ပံ
...... လေဆန်ကို ပျံဖို့ဖြစ်တယ်
...... လေဆန်ကို ပျံဖို့ဖြစ်တယ် ...။

ဒဏ်ရာတွေပေးတဲ့ ကမ္ဘာဖျက်မာရ်နတ်
အာဇာနည် ရဲ့ ဓါးအတွက်
လက်စားချေ တေးသံတွေ
ပြိုးပြက်တီးခတ်ဖို့
....... ငါတို့ လာနေပြီ
....... ငါတို့ လာနေပြီ .... ။ ။

Friday, October 24, 2008

ပစ္စုပ္ပန်အတု


ကျွန်တော့်ရဲ့ ပို့စ်အသစ်လေးတွေကိုဖတ်ပြီး ကိုthinker က ဝေဖန်ပါတယ်။
ကိုthinker ။ ။ "ခင်ဗျားကလည်း အတုတွေများလှပါလား"
ကျွန်ုပ်။ ။ "အတုတွေများမှာပေါ့ဗျာ။ ကျွန်တော်တို့နေတဲ့ နိုင်ငံမှာကိုက လူတွေတော်တော်များများ အတုတွေနဲ့ နေသားကျနေကြတာပဲ"
ကိုthinker ။ ။ "ဟ ဟေ့လူရ အဲလောက်တော့ မဟုတ်ဘူးထင်တယ် အစစ်အမှန်သုံးတဲ့သူလည်း တော်တော်များပါတယ်"
ကျွန်ုပ်။ ။ "ကျွန်တော် ပြောတာက အသုံးအဆောင် ပစ္စည်းအတုကို ပြောတာမဟုတ်ပါဘူး။ ဆန္ဒအတုကိုပြောတာ။ ပြည်သူလူထုက သူတို့ရဲ့ဆန္ဒ အစစ်အမှန်ကို ဖော်ထုတ်ပြတော့လည်း ဖမ်းတယ်၊ ဆီးတယ်၊ ရိုက်တယ်၊ ပစ်တယ်။ ပြည်သူအများစုဟာ စစ်အစိုးရကို အလိုမရှိတဲ့ ဆန္ဒအစစ်တွေကို ချိုးနှိမ်မြိုသိပ်ပြီး ဆန္ဒအတုတွေနဲ့ နေထိုင်နေကြရတာဗျ။ သေချာတာကတော့ ပြည်သူလူထုက ပစ္စုပ္ပန်ကို စိတ်ပျက်လက်ပျက်နဲ့ လက်ခံရှင်သန်နေကြရတာပါဗျာ"။
ပြောပြီး ကျွန်တော်သက်ပြင်းချမိပါတယ်။ ။

Thursday, October 23, 2008

ဇာတ်လမ်းအတု


အဝေးကြီးသွားပြောစမ်းပါ...
ဘေးရန်ဆီးကာ .. တဲ့
ကျုပ်တို့ကို ထိုးကျွေးပြီး
ခင်ဗျားက ကင်း လုပ်တယ်။

ဘာမှပြန်မပြောချင်တော့ ...။
ခေါင်းမရှိတဲ့ လူဟာ
နားရှိဖို့လည်း မသေချာဘူးလေ...။

ဒါနဲ့ လူကော ဟုတ်ရဲ့လား?
အဲဒါလည်း မသေချာဘူး
သူ့မှာ နှလုံးသားမှ မရှိတာ...။

ဘာမှ မစဉ်းစားတတ်တဲ့
ခင်ဗျားအတွက်တော့ လွယ်တယ်
ကျုပ်တို့မှာသာ ...
နာရီတွေထဲ .. ကျွမ်းထိုးမှောက်ခုံ။ ။

Wednesday, October 22, 2008

မာရ်နတ်ရဲ့နွား



မာရ်နတ်ဟာ ကမ္ဘာကိုဖျက်တဲ့နေရာမှာ အသုံးပြုခိုင်းစေရအောင် နွားတချို့မွေးပြီး နဖားကြိုးထိုးတယ်။ တချို့နွားတွေက သူတို့ရဲ့သခင်ဟာ ကမ္ဘာဖျက်မယ့်မာရ်နတ်ဆိုတာ မသိရှာပဲ ဘုမသိဘမသိနဲ့ ကြိုးဆွဲရာ ကကြရှာတယ်။ တချို့နွားတွေကတော့ သိရက်နဲ့အလိုတူအလိုပါ။
မာရ်နတ်က ဒါနဲ့အားမရသေးတော့ တချို့နွားတွေကို သူ့ရဲ့မိတ်ဆွေတွေဆီပို့ပြီး ကမ္ဘာဖျက်နည်းတွေသင်ခိုင်းတယ်။ မာရ်နတ်ရဲ့မိတ်ဆွေတွေက အဲဒီနွားတွေကို လည်ပတ်ပါ ပတ်ပေးလိုက်တယ်။ အဲဒီနွားတွေက ပိုပြီးသနားစရာကောင်းတယ်၊ နဖားကြိုးအပြင် လည်ပတ်ပါ ပါတော့ မာရ်နတ်က ပိုခိုင်းလို့ကောင်းတာပေါ့။ ဒီလိုနဲ့ပဲ ကမ္ဘာဖျက်မာရ်နတ်ရဲ့ နွားတွေ... နွားတွေ... များလာ။ ကမ္ဘာကြီးလည်း ပျက်သထက် ပိုပိုပျက်လာတော့တာပဲ။ သြော် ... အနိစ္စ .. ဒုက္ခ .. အနတ္တ ...။ ။

Friday, October 17, 2008

“တပည့်မကောင်းဆရာ့ခေါင်း”နှင့် ပတ်သက်၍

အမှားကို ထောက်ပြပေးသူတွေကိုရော၊ ဝေဖန်အကြံပြုပေးသူတွေရော၊ မေတ္တာပို့ကြသူတွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဟုတ်ကဲ့ ... ကျွန်တော်ကတော့ဘာမှပြန်ပြောမှာမဟုတ်ပါဘူး။ ပြောကြသလို နာမည်ကြီးချင်လို့လည်းမဟုတ်ဘူး။ ဘယ်သူ့ကိုမှမထိခိုက်စေချင်ပါဘူး။ ကံချွန်လို ကြားဖူးနားဝ ဟာသပုံပြင်လေးပြောကြည့်တာပါ။ သိကြသူတွေ သိသလိုတွေးပြီး သိကြပါစေ။ မသိသူတွေ မသိသလိုနေကြမှာပါ။ သိရက်နဲ့မသိချင်ယောင်ဆောင်နေသူတွေကိုတော့ ဘာမှမပြောချင်ပါဘူး။ ကျေးဇူးတင်ပါတယ်။

Monday, October 13, 2008

သရုပ်ဆောင်

"ကဲမင်းအလှည့်ရောက်ပြီ... ဝင်တော့"
ဇာတ်ဆရာရဲ့အော်သံအဆုံးမှာ ကျွန်တော်ဇာတ်စင်ပေါ်ကိုအလိုလိုရောက်သွားခဲ့တယ်။ ဒီအချိန်မှာ အလှည့်ရောက်တာအကောင်းဆုံးပဲ ကျွန်တော့်ရင်ထဲမှာ စကားလုံးတွေအပြည့်အသိပ်နဲ့ ပေါက်ကွဲထွက်လာတဲ့ ခံစားချက်တွေနဲ့ ကျွန်တော်ပြောချလိုက်တယ်။
".... ...... ..... ....... ...."
ထူးဆန်းစွာနဲ့ပဲကျွန်တော့်ပါးစပ်က ဘာအသံမှထွက်မလာခဲ့ဘူး။ ကျွန်တော် အံ့ဩသွားတယ်။ ချက်ချင်းပဲ ဇာတ်ဆရာကို လှည့်ကြည့်ပြီးကျွန်တော်သိလိုက်ပါရဲ့။ ကျွန်တော်သရုပ်ဆောင်နေရတာက အ အ ခန်းလေ။ မွန်းကျပ်မှုတွေနဲ့ ကျွန်တော်မောလာတယ်။
"နောက်တစ်ခန်းအတွက်အသင့်ပြင်ထား" ဆိုတဲ့ ဇာတ်ဆရာရဲ့အသံနဲ့အတူ ကျွန်တော် ဇာတ်စင်နောက်ကို ရောက်ခဲ့တယ်။ နာကျည်းလိုက်တာ။ နောက်အခန်းတွေဘယ်လောက်များများ ကျွန်တော် အ ချင်ယောင်ဆောင်နေရဦးမှာလဲ???။ ။

Sunday, October 12, 2008

တပည့်မကောင်းဆရာ့ခေါင်း

တဆင့်စကားတဆင့်နားနဲ့ ကြားသိရတဲ့ဖြစ်ရပ်မှန်လေးပါ။
တခါက မန္တလေးနည်းပညာတက္ကသိုလ်က ၀ါရင့်ဆရာကြီးတစ်ယောက် DSTA လို့ခေါ်တဲ့ တပ်မတော်နည်းပညာတက္ကသိုလ်ကို တာဝန်ကျလို့ပြောင်းသွားရသတဲ့။ ဒီလိုနဲ့သင်ရင်းပြရင်း စာမေးပွဲတွေပြီးရောဆိုပါတော့။ အဲဒီမှာ ဆရာကြီးစစ်ရတဲ့အဖြေလွှာတွေက အောင်မှတ်ရတာ တစ်ယောက်မှမရှိဘူးဆိုပဲ။ ဆရာကြီးကလည်းဝါရင့်ဆိုတော့ ဘာရမလဲ အကုန်ချပစ်တာပေါ့။ တော်လိုက်တဲ့ DSTA ကျောင်းသားတွေနော်။
အဲဒီအကြောင်း ကျောင်းအုပ်ကြီးကြားသွားတော့ ဆရာ့ကိုခေါ်ပြောသတဲ့။ ကျောင်းသားတွေစာမေးပွဲကျတဲ့ ကိစ္စမှာ အကြောင်းရင်းနှစ်ခုရှိတယ်တဲ့၊ တစ်ခုက ကျောင်းသားတွေညံ့လို့၊ နောက်တစ်ခုက သင်တဲ့ဆရာညံ့လို့၊ DSTA ကျောင်းသားတွေကတော့ selection ရွေးထားလို့ ညံ့စရာအကြောင်းမရှိဘူးဆိုပဲ။ ဒါနဲ့ ၀ါရင့်ဆရာကြီးလည်း စိတ်ညစ်ညစ်နဲ့ ကျောင်းက ထွက်စာတင်ခဲ့သတဲ့ဗျာ။
တော်လိုက်တဲ့ DSTA ကျောင်းသားတွေနော်။ MTU က တကယ့် ၀ါရင့်ဆရာကြီး စိတ်ညစ်သွားအောင်ကို တော်ကြပုံများပြောပါတယ် .... တကယ်။ ။

ပြောင်းပြန်ဇောက်ထိုး

ကျွန်တော့်သူငယ်ချင်းတစ်ယောက်လုပ်ပုံကြည့်ဦး ...
"ဟေ့ကောင် မင်းသတင်းစာက ဇောက်ထိုးကြီးဖြစ်နေတယ်လေ ... ဘယ်လိုလုပ်ဖတ်လို့ရမှာလဲ?"
သူငယ်ချင်းကပြန်ပြောတယ်...
"မင်းဘာသိလို့လဲ? ငါဖတ်နေတာ အစိုးရသတင်းစာဟ .. ဇောက်ထိုးဖတ်မှ အမှန်အတိုင်းတွေသိရတာ"
နောက်တစ်ယောက်လည်းကြည့် ... ခုံပေါ်မှာဇောက်ထိုးကြီး TV ကြည့်နေတယ်။ သူကလည်းပြောတယ် ...
"တပ်မတော်နေ့ဂုဏ်ပြုဇာတ်ကားကြည့်နေတာကွ" တဲ့ ... ကောင်းရော။ ။

Thursday, October 9, 2008

သန်းခေါင်ယံ

ကပြောင်းကပြန်အိပ်မက်နဲ့
လမ်းမရှိတဲ့လမ်းကို
မြေပုံညွှန်းအတိုင်းတဲ့ ...
သွားနေကြ.... ။

ဘယ်တော့မှ ... ရောက် .. မှာ .. လဲ?

ကိုယ်ကျိုးစွန့်ထားသတဲ့
ကိုယ်ကျင့်တရားတွေပုပ်အဲ့
စမ်းတ၀ါးဝါးနဲ့
အဲဒီမျက်ကန်းတွေက
တစ္ဆေတော့ကြောက်တယ်...။

အယောင်ဆောင်မျက်နှာဖုံးနဲ့
ကျိန်စာအတုတွေရွတ်ဆို...
အဲဒီလိုနဲ့
ငါတို့ကမ္ဘာကြီး
ခရီးတစ်ပိုင်းတစ်စ
သုညက စဖို့တောင်
အမှောင်မှာ အိပ်ပျော်ကြတုန်းပေါ့။ ။

လင်္ကာကြီးချော

မိတ်ဆွေကသူ၏ ကိုယ်တိုင်ရေး ဆိုသော လင်္ကာတစ်ပုဒ်လာပြ၏။
"........ ........ ........"
"ဟင် ... ခင်ဗျားဟာကလည်း တချို့အချက်တွေက မဖြစ်နိုင်ဘူးထင်တယ်ဗျ..."
ကျွန်တော်က စိတ်ထဲရှိသည့်အတိုင်းဝေဖန်မိသောအခါ ထိုမိတ်ဆွေကပြန်ပြောသည်။
"ဟဲ ဟဲ.. ဒီလောက်တော့ရှိမှာပေါ့ဗျာမုသား မပါလင်္ကာမချောတဲ့ဗျ..."
"ဪ ဒီလိုလား ... အင်း အင်း ဟုတ်ပြီ"
နောက်တစ်နေ့ကျ ကျွန်တော်၏ကိုယ်တိုင်ရေးလင်္ကာကို သူ့အားပြလိုက်သည်...။
"... ..... .... ..... ...."
ထိုမိတ်ဆွေကဒေါသတကြီးနှင့် ...
"ဘာတွေလဲဗျာ ခင်ဗျားဟာက မဖြစ်နိုင်တာတွေချည်းပဲ...."
"ဟင်... ခင်ဗျားပဲမုသားမပါလင်္ကာမချောဆိုဗျ ... အဲဒါကြောင့် အချောတကာ့အချောဆုံးလင်္ကာကြီး ဖြစ်သွားအောင် မုသား တွေချည်းရေးထည့်လိုက်တာပေါ့ဗျ.. ဟဲ... ဟဲ"
ရှူးသိုးသိုးနှင့် ထိုမိတ်ဆွေလှည့်ပြန်သွားသောအခါသူကြားအောင် ကျွန်တော်အော်ပြောလိုက်သည်...
"ကျွန်တော် စကားပုံကို ပြင်ထားတယ်ဗျ မုသားချည်းပါလင်္ကာကြီးချော လို့မကောင်းဘူးလား"။ ။

Thursday, September 4, 2008

ရွာထဲက ထန်းရည်ဝိုင်း

စစ်ပွဲတွေကြားထဲက
အနာဂတ်ကမ္ဘာဟာ
စိုးရိမ်စရာအခြေအနေနဲ့
ရစရာမရှိအောင်ကိုမှောင်တယ်။
အနိုင်အရှုံးဆိုတာကို
လိုချင်သလိုရနေသူတွေနဲ့
မသေချင်ပဲသေနေရသူတွေ
ရှိနေကြဦးမှာပဲလေ။
သန်းခေါင်ကျော်လာရင်တော့
ရွှေရောင်လွှမ်းတဲ့မနက်ခင်းတစ်ခုကို
အရောက်သွားနိုင်ကြလိမ့်မယ်လို့
ရူးကြောင်မူးကြောင်နဲ့ပြောနေကြလေရဲ့။
မောင်တို့ရွာထန်းရည်ဝိုင်းမှာ
အေးအေးလူလူဆူဆူညံညံနဲ့ပဲ
ငမိုက်သားကာလသားတစ်စု
မူးနေတာတောင်မိုက်ကောင်းတုန်း။
ဒီလိုညနေမျိုးဆို
မိုနိုသံစဉ်ကျေးလက်သီချင်းတွေ
ကဒေါင်ကဒင်တီးပြတတ်တဲ့
ရေဘင်အတုနဲ့မယ်ဒလင်သမားကဇာတ်လိုက်။
စီကနဲဆိုချက်ကြီးပါတယ်
ရထားတဲ့လူမိုက်ဘွဲ့နဲ့
ရှိနေတဲ့အရည်အချင်းကအံကိုက်
ရေးထားတဲ့အကြွေးစာရင်းကိုဂရုမစိုက်။
ဒို့ရွာထန်းတောမှာလူစုံရင်
အရည်မရအဖတ်မရတွေပြောရင်း
ရေးကြီးခွင်ကျယ်ကမ္ဘာနဲ့ကိုချီလို့။ ။

(ဆရာစောဝေကိုလေးစားလို့ သူ့လိုကြိုးစားရေးကြည့်တာပါ
ဆရာအမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။)
(ကဗျာလေးကိုဖတ်ပြီးရင် အစဆုံး စာလုံးလေးတွေချည်း
တစ်ခေါက်ပြန်ဖတ်လိုက်ပါဦး)

ရေနဲ့မီး

"အရာအားလုံးကိုလောင်ကျွမ်းပြာကျစေခဲ့တဲ့မီးဟာလောကမှာသူသာဘုရင်ဆိုပြီး မာန်တွေတက်နေတာပေါ...အဲဒီအချိန်မှာရေကိုသူတွေ့လိုက်တယ်.. ဒေါသတကြီးနဲ့မီးဟာရေကို ပြာကျသွားအောင်ဆိုပြီး ဟုန်းဟုန်းတောက်လောင်ကျွမ်းပစ်တာပေါ့... ဒါပေမယ့် မီးဟာ နောက်ဆုံး ရေကိုတော့ အရှူံးပေးလိုက် ရတော့တာပါပဲကွယ်"
ကျွန်တော့်ပုံပြင်အဆုံးမှာ ငြိမ်သက်နားထောင်နေတဲ့သား ကမေးပါတယ်...
"မီးက ရေကျ ဘာလို့မနိုင်တာလဲဟင် ဖေဖေ?"
"မီးကဒေါသကြီးပြီးပူပြင်းတယ်... ရေက တည်ငြိမ်အေးချမ်းတယ်..မှတ်ထားသား ... လောကမှာ ပူပြင်းတောက်လောင်မှုတွေက ဘယ်လောက်ပဲအနိုင်ရနေပါစေ.... နောက်ဆုံးကျရင်တော့ အေးချမ်းငြိမ်သက်နေသူကို အရှုံးပေးသွားရမှာပါ..."
စကားအဆုံးမှာ ကျွန်တော်မောသွားတယ်။ သားကတော့ ဘာအပူအပင်မှမရှိတဲ့မျက်နှာနဲ့ အိပ်ပျော်သွားလေရဲ့။ ။

ပြိုင်ပွဲ

မြေခွေးတစ်ကောင်နဲ့ စီးချင်းထိုးပွဲမှာပါ...
ကျွန်တော်အနိုင်ရလုဆဲဆဲ.. ကျွန်တော့်နောက်ကျောကိုဓါးတစ်လက်စိုက်ဝင်သွားတယ်။ နှလုံးသားတည့်တည့် ကိုထိုးစိုက် ချလိုက်တဲ့ဓါး...။
နတ်ဆိုးတွေရဲ့ ရယ်မောသံနဲ့အတူ ကျွန်တော့်ရဲ့ ရန်သူ မြေခွေးက ကောက်ကျစ်စွာပြုံးလို့ ...။
ကျွန်တော် အသိနောက်ကျစွာပဲ လဲကျ သေဆုံး ။
ဒီပွဲကိုထိုင်ကြည့်နေတဲ့ တစ်ယောက်တည်းသောပရိတ်သတ်ကဖြေးညင်းလေးသွဲ့စွာ ခေါင်းငိုက်စိုက်နဲ့ ထွက်ခွာသွားလေရဲ့။ သူ့နှုတ်က ခပ်တိုးတိုးပြောသွားတယ် ...
"လူကောင်းကလေးရယ်...မင်းဘယ်လောက်ပဲတော်နေပါစေ...အစကတည်းကကောက်ကျစ်ယုတ်မာ တတ်တဲ့မြေခွေးဘက်မှာ နတ်ဆိုးတွေကူညီနေတော့ မင်းပဲရှုံးမှာပေါ့ကွယ်...ငါလည်းလူကောင်းတွေအတွက် ဘာမှမတတ်နိုင်ခဲ့တာအတော်ကြာခဲ့ပြီလေ..."
ခေါင်းရမ်းရင်း ခပ်တိုးတိုးညည်းတွားတဲ့အဖိုးအိုကတော့ အမှန်တရားပဲဖြစ်ပါတယ်။ ။

ပါးစပ်

"၀ုန်း !!!"
အရှိန်နဲ့ပြေးလာပြီး ကျွန်တော့်ကို အသားလွတ်ဝင်တိုက်တယ်။
သူရောကျွန်တော်ပါလဲကျ။ ဒေါသတကြီးနဲ့ ကျွန်တော်ဆဲမလို့ ကြည့်လိုက်တော့... ကျွန်တော်အံ့ဩသွားတယ်။ ကျွန်တော့်ကိုဝင်တိုက်တာ လူမဟုတ်ပဲ ပါးစပ်ကြီးတစ်ခု ဖြစ်နေတယ်။
"ဆောရီးဗျာ... နောက်ကကျွန်တော့်သခင်လိုက်လာလို့ ထွက်ပြေးနေတာပါ ..."
ကြည့်လိုက်တော့ဟိုးခပ်ဝေးဝေးမှာ ဒီဘက်ကိုပြေးလာနေတဲ့ လူတစ်ယောက်ကိုတွေ့ရတယ်။ အဲ... ဟုတ်တယ်ဗျ ...သူ့မှာ ပါးစပ်မပါဘူး။
"နေပါဦး... မင်းကဘာလို့လူပေါ်မှာမနေပဲထွက်ပြေးနေ ရတာလဲ ?"
ကျွန်တော်မနေနိုင်လို့ မေးမိတော့ ပါးစပ်ကြီးက ပြန်ဖြေပါတယ် ...
"အို... အဲဒီလူပေါ်မှာမနေချင်တော့ပါဘူးဗျာ ... ဘယ့်နှယ် ...
လူကဖြင့်အဖြစ်မရှိပဲနဲ့ ကြီးကြီးကျယ်ကျယ်တွေလျှောက်ပြောနေတာ..ကြာတော့သူမရှက်ပေမယ့်... ကျွန်တော်ရှက် လာပြီဗျ"
ပြောပြောဆိုဆိုနဲ့ပဲပါးစပ်ကြီးထွက်ပြေးသွားတယ်။ ။

ထာဝရလင်းမယ့်တာရာသို့


ဆိုင်းသံဗုံသံမပါပဲနဲ့
ခင်ဗျားထွက်သွားတဲ့နေ့က
မိုးတွေညှို့နေလိုက်တာ...။

တာဝန်ကျေခဲ့ပါတယ်ဆိုတာထက်
ပိုပြီးတန်ဖိုးရှိအောင်
ခင်ဗျားနေထိုင်ခဲ့တာပါ။

လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေ
မိုးလိုခေါင်နေတဲ့ခေတ်မှာ
ခင်ဗျားတီးပြခဲ့တဲ့ဗုံသံတွေက
အားမာန်အစစ်ဖြစ်စေခဲ့တယ်။

အလံမထူခဲ့တဲ့လက်တွေနဲ့
ဘယ်လက်ထဲမှာဝှက်ထားတဲ့ပုံပြင်တွေကို
မပြောနိုင်တော့ပေမယ့်
မနက်ဖြန်မှာထားခဲ့တဲ့
ခင်ဗျားရဲ့မျက်နှာကို
အဆုံးမရှိအနာဂတ်များစွာတိုင်
လူနံပါတ် ၁၃ အဖြစ်နဲ့
မြင်ယောင်နေကြဦးမှာပါ...။

ခင်ဗျားရေးခဲ့တဲ့
သံသရာတေးသွားထဲကလို
ယမမင်းဆီမှာ နီကိုရဲနဲ့တွေ့ရဲ့လား?
ဒါပေမယ့်သေချာပါတယ်
ခင်ဗျားက ဘယ်သူ့ရဲ့ထိုင်ခုံကိုမှ
အတင်းအဓ္ဓမ မလုခဲ့ဘူးဆိုတော့
ကောင်းရာမွန်ရာကိုပဲရောက်ရမှာပေါ့...။

ခင်ဗျားထားခဲ့တဲ့
ကျွန်တော်တို့နေတဲ့နိုင်ငံက
ခင်ဗျားမမြင်လိုက်ရတဲ့
ရွှေဝါရောင်တော်လှန်ရေးအကြောင်း
ခင်ဗျားကိုပြောပြချင်လိုက်တာ။

အာဏာရူးဖက်ဆစ်လက်သစ်တွေရဲ့
ရက်စက်မှုတွေ ... ရိုင်းပျမှုတွေ ...
အို...အစ်ကိုရွှေဘုန်းလူ
ကြုံတဲ့အခါခင်ဗျားရဲ့အိပ်မက်တွေနဲ့
မြင်းစီးထွက်ပြီးကြည့်လှည့်ပါဦး။ ။

(ဆရာ တာရာမင်းဝေ သို့ အမှတ်တရ)

ကိုယ်ကျိုး

ကယ်တင်ချင်ယောင်ဆောင်ထားသောမာရ်နတ်ကပြောလိုက်သည်...
"ခင်ဗျားတို့မြို့ကိုအလင်းရောင်တွေပေးဖို့ ကျွန်တော်လာခဲ့တာ..."
မြို့သူမြို့သားများကလည်း အထင်တကြီးနှင့် ယုံကြည်ကိုး ကွယ်မိကြလေသည်။
မာရ်နတ်က မီးပုံကြီးတစ်ခု ဖန်ဆင်းလိုက်၏။
" ဟုန်း !!!"
လင်းတော့လင်းပါသည်။ သို့သော် မာရ်နတ်နှင့် ပတ်ဝန်းကျင်အနည်းငယ်သာအလင်းရောင်ရကြ၍ ကျန်သောမြို့သူမြို့သားများမှာ အလင်းစအနည်းအကျဉ်းနှင့် မှုန်ပျပျမျှသာ။ ။

မျိုးဆက်သစ်အတွက် တူညီတဲ့ဆန္ဒ

ဖက်ဆစ်လက်သစ် နာဇီဝါဒနဲ့
စစ်အစိုးရ ရဲ့အောက်မှာ
(ငါတို့မျိုးဆက်ရဲ့)အနာဂတ်တွေ
ရေစုန်မျှောရတော့မှာလား?

တရားကိုနတ်စောင့်ပါတယ်...။
အဓမ္မကောင်တွေကို
အမှန်တရားက ဒဏ်ခတ်တော့မယ်။

စစ်အစိုးရကိုမုန်းတဲ့
ပြည်သူတွေ ရင်ထဲက အမုန်းမီးဟာ
ရတနာပုံဈေး မီးထက်ပို ပူပြင်းတယ်။

စစ်အစိုးရအပေါ်ထားတဲ့
ပြည်သူတွေရင်ထဲကဒေါသမုန်တိုင်းဟာ
နာဂစ်မုန်တိုင်းထက်ပိုပြင်းထန်တယ်။

ငါတို့နိုင်ငံမှာ ...
ဘယ်လောက်ပဲ ဖမ်းဆီးချုပ်နှောင်ထားပါစေ
ဘယ်တော့မှ စိတ်ဓါတ်ကျ မသွားတဲ့
ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ရှိတယ်။

ငါတို့နိုင်ငံမှာ ...
ဘယ်လောက်ပဲ ဖမ်းဆီးနှိပ်စက်နေပါစေ
ဘယ်တော့မှ ယုံကြည်ချက် ပျက်စီးမသွားတဲ့
၈၈ မျိုးဆက် ကျောင်းသားတွေရှိတယ်။

ငါတို့နိုင်ငံမှာ ...
အာဏာရူးစစ်အုပ်စုရဲ့
ရက်စက်တဲ့သေနတ်ပြောင်းဝရှေ့မှာ
ရဲရဲရင့်ရင့်ဆန္ဒပြရဲတဲ့
ရဲရဲတောက်ပြည်သူလူထုရှိတယ်။

ဖက်ဆစ်လက်သစ် နာဇီဝါဒနဲ့
စစ်အစိုးရ .....
ငါတို့ခေတ်မှာကျဆုံးစေရမယ်။

မျိုးဆက်သစ်တွေရေ .....။

အာဏာရှင်ရဲ့ သေနတ်ပြောင်းကို
ငါတို့လက်နဲ့ ရိုက်ချိုးပြီး
စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတစ်ခု
မင်းတို့ကို လက်ဆင့်ကမ်းနိုင်ဖို့
ငါတို့တော်လှန်ရေး ရဲဘော်တွေက
တူညီစွာ ဆန္ဒပြုပါတယ်လေ။ ။

အသုံးမ၀င်သောပြောင်းလဲမှု

ကင်းမြီးကောက်ထောင်နေသောလူတစ်ယောက်ကိုမြင်၍ ကျွန်တော်မေးမိသည်...
"ခင်ဗျား ဘာလုပ်နေတာလဲ?"
ထိုလူက ကင်းမြီးကောက်ထောင်လျက်နှင့်ပင် ပြန်ဖြေ သည်...
"အမြဲတမ်းခေါင်းပေါ်မှာရှိနေတဲ့ ကောင်းကင်ကြီးကိုမကျေနပ်လို့ဗျ... ခုတော့ ဒင်းဘာတတ်နိုင်သေးလဲ ...ကျွန်တော့် ခြေထောက်အောက်မှာ ရောက်နေပြီလေ.."
"..... ..... ..... ....."
ကျွန်တော်ထိုလူ့ထံမှလှည့်မထွက်ခင်ပြောလိုက်သည်
"အင်း ... ဟုတ်တော့ဟုတ်ပါတယ်... ဒါပေမယ့် ခင်ဗျားဟာကဇောက်ထိုးကြီးဗျာ"။ ။

အနာဂတ်မှာပြောမယ့်ကျုပ်တို့သမိုင်း

ဆရာတော်ဘုရားပြောသလိုပဲ
နိုင်ငံလည်း ... အထက်ကပြာပုံ
အောက်ကအမှိုက်ပုံဖြစ်နေပြီ။

သန်းရွှေကဘုရင်ရူး ရူးတယ်
မောင်အေးကအမြဲတမ်းမူးတယ်...
အရူးနဲ့အမူးဖျက်ဆီးလို့
စိတ်ဓါတ်တွေလည်းပျက်စီးကုန်ပြီ။

ပေါင်မုန့်မရှိရင်ကိတ်မုန့်စားလို့ပြောတဲ့
မေရီအင်တွိုင်းနက် ကတောင်
တိုင်းသူပြည်သားတွေကို
စားစေချင်တဲ့စေတနာရှိသေးတယ်...
ကျုပ်တို့မိဖုရားကြီးကြိုင်ကြိုင်ကို
အဲဒီလိုသွားပြောကြည့်
'ငတ်ကြပလေ့စေ' လို့ပြောမှာ။

ဈေးကွက်စီးပွားရေးစနစ်ဆိုတာ
ဗိုလ်ချုပ်ကြီးမိသားစုဝင်တွေနဲ့
သူတို့ရဲ့ပါတနာတွေ
ဝေစုခွဲယူတဲ့စနစ်ကိုပြောတာ။

အဆင့်မရှိတဲ့ခပ်ညံ့ညံ့ပီအိတ်ခ်ျဒီတွေကို
ကျောင်းအုပ်တွေပါမောက္ခတွေခန့်ပြီး
ကျောင်းသားတွေကိုစိတ်ဓါတ်ကင်ဆာဖြစ်စေတဲ့
ပညာရေးစနစ်လည်းရှိတယ်။

လက်ညောင်းခံပြီးလက်ညှိုးထိုးမနေနဲ့
ဘယ်သူတွေတရားခံလဲဆိုတာ
တစ်ကမ္ဘာလုံးကသိတယ်။

ကိုအငဲရဲ့ သီချင်းထဲကလို
အချိန်တိုင်းလူ့သမိုင်းများရေးမှာပဲ...
ကျုပ်တို့ခေတ်သမိုင်းမှ
ရာဇ၀င်ရိုင်းရတော့မှာလား?
အနာဂတ်မှာရေးမယ့်ကျုပ်တို့သမိုင်းကို
ဘယ်လိုအက္ခရာတွေတင်စေချင်လဲ?

ကဲ... ရဲဘော်တို့
ပြောတာ ဖောတာလေးတွေ နဲနဲလျှော့
စစ်မှန်တဲ့ဒီမိုကရေစီပန်းတိုင်ကို
တကယ့်လက်တွေ့ဘ၀ထဲကနေ
ရဲရင့်စွာတိုက်ပွဲဝင်ကြပါစို့။ ။

ဗဟို


စက်ဝိုင်းတစ်ခုရှိတယ်။
အဲဒီမှာ ဗဟို ဆိုတဲ့ကောင် ဒီစက်ဝိုင်းကြီးကို သူတည်ဆောက်လိုက်တာဆိုပြီး မာန်ဟုန်တွေဝင့်လို့။ စက်ဝိုင်းအလည်ခေါင်တည့်တည့်မှာ မိန့်မိန့်ကြီးပြုံးနေတယ်။

ကျွန်တော်ကတော့ သူ့ကိုသနားလိုက်တာ။
ဗဟို ဆိုတဲ့ကောင်က အငြိမ်မနေပဲ ခြေဆော့လက်ဆော့နဲ့ စက်ဝိုင်းတစ်ခုဆွဲလိုက်တော့ သူ့ကိုယ်သူပြန်ပြီး အကျဉ်းချထားသလိုကြီး ဖြစ်နေတော့တာပေါ့။ ဘယ်မှလည်းထွက်သွားလို့မရအောင်ပတ်ပတ်လည်စည်းတားခံ ထားရသေးတယ်။

သူ့ကိုယ်သူတော့ဘဝင်တွေမြင့်နေတာပေါ့။
ကျွန်တော့်မှာတော့ သူ့ကိုကြည့်ပြီး သနားလိုက်တာ။ ။