Sunday, December 14, 2008

လူနှင့်အရုပ်ဆိုင်

(၁)
`ကျွန်တော့်သားအတွက် အရုပ်ဝယ်ချင်လို့ပါ။ ဘယ်လို အရုပ်တွေ ရှိလဲ ပြပါဦး´
သိပ်ပြီးမကြီးလှသော အရုပ်ဆိုင် တစ်ဆိုင်တွင် ဖြစ်သည်။ ဈေးဝယ်သူတစ်ယောက် ၀င်လာပြီး မေးသောအခါ ဆိုင်ရှင်က လှိုက်လှဲပျူငှာစွာ ဆီးကြို၍ ပြန်ပြောလိုက်သည်။
`အရုပ်တွေကတော့ အမျိုးမျိုး ရှိပါတယ် ခင်ဗျာ။ ဒီအရုပ်လေးတွေက ဓါတ်ခဲ ထည့်ရပါတယ်။ ခလုတ်ဖွင့်လိုက်ရင် ပြောတာနားထောင်ပြီး ခေါင်းငြိမ့်ပြတတ်တယ်၊ စာဖတ်စရာရှိရင် ဖတ်ပြတတ်ပါတယ်။´
`ဟုတ်လား ... ဘာအရုပ်လေးတွေလဲဗျ´
ဆိုင်ရှင်က မျက်မှန်တပ်ထားသော အရုပ်လေးများကို ထုတ်ပြရင်း ပြောလိုက်သည်။
`ညီလာခံ ကိုယ်စားလှယ်ရုပ်လို့ ခေါ်ပါတယ်´
ဈေးဝယ်သူသည် အရုပ်လေးများအား ကိုင်ကြည့်ပြီး ဈေးမေးလိုက်သည်။
`...... ...... ......´

(၂)
`ဈေးကြီးလိုက်တာဗျာ၊ ပြီးတော့ ဓါတ်ခဲဖိုးလည်း ရှိသေးတယ်။ တခြားအရုပ် ပြပါဦး´
`ဟုတ်ပါတယ်။ ဓါတ်ခဲထည့်ရတဲ့ အရုပ်တွေကတော့ ဈေးနဲနဲ ကြီးမယ်ဗျ။ ဒီသံပါတ်ပေးရတဲ့ အရုပ်လေးတွေ ကြည့်ပါဦး´
ဆိုင်ရှင်က သံပါတ်ပေးရသည့် စစ်သားရုပ်လေးများ ထုတ်ပြရင်း ပြောလိုက်သည်။
`ဒီစစ်သားရုပ်တွေက သံပါတ်သာ မှန်မှန်ပေး၊ ခိုင်းတာလုပ်တယ်။ မှန်အောင်ပစ်တယ်။ ဈေးလည်း သိပ်မကြီးဘူးဗျ။ ကြည့်ဦးမလား´

(၃)
`ကျွန်တော့်သားက တော်တော်ငယ်သေးတယ်ဗျ။ သံပါတ်ပေးတတ်မှာ မဟုတ်သေးဘူး။´
ဈေးဝယ်သူက ပြောရင်း အရုပ်များကို လှည့်ပတ် ကြည့်နေလေသည်။
ထိုအခါ ဆိုင်ရှင်သည် ဗီရိုအောက်ဆုံးမှ အရုပ်လေးများအား ထုတ်ပြ၍...
`ဒါဆိုလည်း ဒီအရုပ်လေးတွေပဲ ၀ယ်သွားတော့ဗျို့။ ဓါတ်ခဲလည်း ထည့်စရာမလိုဘူး။ သံပါတ်လည်း ပေးစရာမလိုဘူး။ ဈေးလည်း သိပ်မရှိဘူး။ မျှော်လင့်ချက်လေး နဲနဲပေးလိုက်၊ အစာလေး နဲနဲခွံ့လိုက်လုပ်ပြီး ခိုင်းချင်တာ ခိုင်းလို့ရတယ်။´
ဈေးဝယ်သူက စိတ်တိုင်းကျသွားသောအခါ ထိုအရုပ်လေးများသာ ၀ယ်လိုက်သည်။
`ဒါနဲ့ .. ဒါက ဘာအရုပ်လေးတွေလဲဗျ´
ဆိုင်ရှင်က အရုပ်ဖိုးချေထားသော ငွေစက္ကူများကို ရေတွက်ရင်း ပြောလိုက်သည်။
`ကြံ့ဖွတ်ရုပ်နဲ့ စွမ်းအားရှင်ရုပ်လို့ ခေါ်တယ်ဗျ´။ ။

8 comments:

Welcome said...

best ..........................

http://winzaw-mdy.blogspot.com

မဆုမွန် said...

အရုပ်လေးတွေ...
ကောင်းလိုက်တဲ့ အတွေး
အရေးအသား တော်ောတ်ကောင်းတယ်
များများရေးပါ အားပေးနေမယ်နော်

အရုပ်ကလေး said...

အရုပ်ဆိုလို့ ရင်ခုန်သွားတယ်
ဒီက အရုပ်ကလေးကိုများလားလို့
တော်သေး .. သူတို့ ကယ်သွားလို့
စာ အသွားအလာလေးတွေ ကောင်းတယ်
ဆက်လက် ရေးဖွဲ့နိုင်ပါစေ

Unknown said...

ဟား..ဟား.ဟား..ရေးတက်လိုက်တာဗျာ
ကြိုက်တယ်ဗျို့
ဆော်သာဆော်

mgtharlwian said...

တယ်ဟုတ်ပါလား။

htoojune said...

good :D
go head

Anonymous said...

ဟီ.... မိုက်တယ်ဗျာ။ အဲဒါလေးတွေ ဘယ်မှာဝယ်လို့ ရလဲဗျ လမ်းညွှန်ပါဦး

htoojune said...

ကိုနွေဆူ:အလက်ာ
ကော်ပီကူ:သွား ပါတယ်