Tuesday, December 16, 2008

စိတ်ကူးတွေရွာချတဲ့သစ်ပင်

ပန်းချီဆရာဟာ
သူ့စိတ်ကို
ကင်းဘတ်စပေါ် ကြဲချလိုက်တယ်။

ကဗျာဆရာဟာ
သူ့နှလုံးသားကို
ကလောင်သွားမှာ သွေးမြလိုက်တယ်။

အနုပညာဟာ
သူ့ရနံ့ကို
ပန်းတွေလို ပွင့်ပြလိုက်တယ်။

မှော်ဆရာဟာ
သူ့ဝိညာဉ်ကို
ဟင်းလင်းပြင်ထဲ လွှတ်တင်လိုက်တယ်။

အာဏာရှင်ဟာ
သူ့ရူးသွပ်မှုအတွက်
ပန်းချီဆရာကိုသတ်တယ်...
ကဗျာဆရာကိုသတ်တယ်...
ဒါပေမယ့်
အနုပညာကို သတ်လို့မရဘူး
မှော်ဆရာကို သတ်လို့မသေဘူး။

ကောင်းပြီ ... ငါ
သမိုင်းပေးတာဝန်အတွက်
မှော်ဆန်တဲ့ အနုပညာလက်နဲ့
အာဏာရှင်ကို သတ်မယ်။ ။

ကျွန်တော်သိသောအချစ်ဆိုသည်မှာ

ကိုရဲရင့်နီ tag လိုက်တဲ့ ခေါင်းစဉ်လေးကိုက ကျွန်တော်သိသောအချစ်ဆိုသည်မှာ တဲ့။ အဲဒီတော့ လွယ်ပါတယ်။ ကျွန်တော်သိသလောက်ပဲ ရေးရမှာပေါ့။ ကျွန်တော်ကလည်း အများကြီးမှ မသိတာ။
ဒီနေရာမှာ အချစ်ဆိုတာကို ၅၂၈ ဆိုတဲ့ အချစ်မေတ္တာကို ဖယ်ထားလိုက်ရအောင်။ ဘာလို့လဲဆို အဲဒီအကြောင်းက သပ်သပ်ပြောမှ ကောင်းမှာကိုး။ ၁၅၀၀ အချစ်နဲ့ ရောထွေးပြီး ပြောလို့ မကောင်းပါဘူး။ အဲဒါကြောင့် ဒီစာစုမှာပြောမယ့် အချစ်အကြောင်းဆိုတာ ဦးကျော်ဟိန်းတို့၊ ဦးချစ်ကောင်းတို့ ဆိုသလို အေးမြတဲ့ ၅၂၈ ချစ်မေတ္တာမဟုတ်ပဲ မီးလိုပူတဲ့ ၁၅၀၀ အချစ်ကို ပြောတာ ဖြစ်ပါတယ်။
ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် ရယူပိုင်ဆိုင်လိုခြင်းတစ်ခုပဲ ရှိတယ်လို့ ထင်ပါတယ်။ စွန့်လွှတ်ပေးဆပ်ခြင်းနဲ့ ချစ်တယ်ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး။ အဲဒီစကားလုံးက ပိုင်ဆိုင်ခွင့်မရှိတော့တဲ့နောက်မှ လှလှပပလေး ဖြေသိမ့်တဲ့ စကားလုံးလို့ပဲ ထင်ပါတယ်။ ချစ်ခြင်းရဲ့ Plan B ပေါ့ဗျာ၊ ဟဲ ဟဲ။
ချစ်မိပြီဆိုရင်တော့ ပထမဆုံး ရယူပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားကြမှာပါပဲ။ အခက်အခဲ အတားအဆီး တစ်ခုခု ရှိနေမှသာ အဲဒီစကားလုံး လှလှလေးကို သုံပြီး ကွဲသွားကြတာ။ သူတို့ရဲ့ အချစ်ခရီးလမ်းကြီးက ဖြောင့်ဖြူးနေမှတော့ အလကားနေရင်း စွန့်လွှတ်ပေးဆပ်ပြီးတော့ ချစ်မနေဘူး။ စာရေးဆရာလိုလို၊ ကဗျာဆရာလိုလို အရူး နှစ်ပိုင်းတစ်ပိုင်းတွေတော့ မသိဘူးပေါ့ဗျာ။
ရည်းစားများတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ လက်သုံးစကားလေး တစ်ခွန်းရှိတယ်။ ဘယ်ပညာရှိ ပြောခဲ့တာမှ မဟုတ်လောက်ပါဘူး။ သူ့ဟာသူ ထွင်ထားတာနေမှာ။ လူတစ်ယောက်မှာ အချစ်စစ် သုံးဆယ့်ခြောက်ခါ ပေါ်သတဲ့။ သူ့အတွက်တော့ ဟုတ်မှာပေါ့။ သုံးဆယ့်ခြောက်ခါမဟုတ်ပဲ သုံးရက်ခြောက်ခါ မဟုတ်ကံကောင်း။ အဲဒီလို အချစ်ကို ကစားစရာလို သဘောထားနေသူတွေအတွက်တော့ အချစ်ဆိုတဲ့ အဓိပ္ပါယ်က ပြောလို့ကို မရတော့တာ။
ရှိတ်စပီယားရဲ့ ရိုမီယို ဂျူးလိယက် လို အချစ်မျိုး၊ ဒဏ္ဍာရီထဲက ရှင်မွေ့နွန်း မင်းနန္ဒာ လို အချစ်မျိုး အပြင်မှာ တကယ်မရှိဘူးလို့တော့ မပြောရဲပါဘူး။ ရှိတော့ရှိမယ်၊ အင်မတန်ရှားလိမ့်မယ်။ များသောအားဖြင့်တော့ လူဆိုတာ ကိုယ့်ကိုကိုယ်သာ အချစ်ဆုံးပဲဗျ။
ဆရာမင်းခိုက်စိုးစန်ရဲ့ ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ ထဲကလိုပေါ့။ သူ အင်မတန်ချစ်ပါတယ်ဆိုတဲ့ ကောင်မလေး ရေနစ်နေတာကို ကယ်တယ်။ အဲဒီမှာ ကောင်မလေးက ကြောက်အားလန့်အားနဲ့ သူ့ကို အတင်းဖက်ထားတော့ ဘယ်လိုမှ ကူးလို့မရပဲ သူပါရောပြီး နစ်နေတာပေါ့။ ရေတွေအရမ်းမွန်းပြီး လေလေးနဲနဲမှ မရှူရရင် သူသေတော့မှာပါလားလို့ ထိတ်လန့်တကြား သိလိုက်တဲ့ အခိုက်အတန့်လေးမှာ ကောင်မလေးကိုလဲ သတိမရနိုင်တော့ဘူး။ တအားရုန်းထွက်ပြီး ရေပေါ်ကိုတက်၊ အသက်ကို တ၀ကြီးရှူပြီး ကြောက်တဲ့စိတ်ပြေမှ သူ့ကောင်မလေးကို သတိရလိုက်တဲ့အချိန်မှာ နောက်ကျသွားပြီ။ လူဆိုတာ သိစိတ်က ဘယ်လောက်ပဲချစ်ပါတယ်ပြောပြော၊ မသိစိတ်ထဲမှာ ကိုယ့်ကိုကိုယ် ချစ်တဲ့ အချစ်စိတ်လေး အမြဲတမ်းရှိနေတယ်ဆိုတဲ့အကြောင်း ပြောချင်တာပါ။ ကျွန်တော်ကတော့ ဆရာမင်းခိုက်စိုးစန်ကို အပြည့်အ၀ ထောက်ခံပါတယ်။
ကဲ ... ကိုရဲရင့်နီရေ...။ အချစ်ဆိုတာကို ကျွန်တော်သိသလောက် ဟိုရောက်ဒီရောက်နဲ့ ရေးလိုက်ပါပြီ။ ဘာပဲဖြစ်ဖြစ် အမုန်းတွေများတာထက်စာရင် အချစ်တွေများတာ ပိုမကောင်းဘူးလားဗျာ။ အဲဒီတော့ အားလုံးပဲ ချစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ။ ။

Sunday, December 14, 2008

လူနှင့်အရုပ်ဆိုင်

(၁)
`ကျွန်တော့်သားအတွက် အရုပ်ဝယ်ချင်လို့ပါ။ ဘယ်လို အရုပ်တွေ ရှိလဲ ပြပါဦး´
သိပ်ပြီးမကြီးလှသော အရုပ်ဆိုင် တစ်ဆိုင်တွင် ဖြစ်သည်။ ဈေးဝယ်သူတစ်ယောက် ၀င်လာပြီး မေးသောအခါ ဆိုင်ရှင်က လှိုက်လှဲပျူငှာစွာ ဆီးကြို၍ ပြန်ပြောလိုက်သည်။
`အရုပ်တွေကတော့ အမျိုးမျိုး ရှိပါတယ် ခင်ဗျာ။ ဒီအရုပ်လေးတွေက ဓါတ်ခဲ ထည့်ရပါတယ်။ ခလုတ်ဖွင့်လိုက်ရင် ပြောတာနားထောင်ပြီး ခေါင်းငြိမ့်ပြတတ်တယ်၊ စာဖတ်စရာရှိရင် ဖတ်ပြတတ်ပါတယ်။´
`ဟုတ်လား ... ဘာအရုပ်လေးတွေလဲဗျ´
ဆိုင်ရှင်က မျက်မှန်တပ်ထားသော အရုပ်လေးများကို ထုတ်ပြရင်း ပြောလိုက်သည်။
`ညီလာခံ ကိုယ်စားလှယ်ရုပ်လို့ ခေါ်ပါတယ်´
ဈေးဝယ်သူသည် အရုပ်လေးများအား ကိုင်ကြည့်ပြီး ဈေးမေးလိုက်သည်။
`...... ...... ......´

(၂)
`ဈေးကြီးလိုက်တာဗျာ၊ ပြီးတော့ ဓါတ်ခဲဖိုးလည်း ရှိသေးတယ်။ တခြားအရုပ် ပြပါဦး´
`ဟုတ်ပါတယ်။ ဓါတ်ခဲထည့်ရတဲ့ အရုပ်တွေကတော့ ဈေးနဲနဲ ကြီးမယ်ဗျ။ ဒီသံပါတ်ပေးရတဲ့ အရုပ်လေးတွေ ကြည့်ပါဦး´
ဆိုင်ရှင်က သံပါတ်ပေးရသည့် စစ်သားရုပ်လေးများ ထုတ်ပြရင်း ပြောလိုက်သည်။
`ဒီစစ်သားရုပ်တွေက သံပါတ်သာ မှန်မှန်ပေး၊ ခိုင်းတာလုပ်တယ်။ မှန်အောင်ပစ်တယ်။ ဈေးလည်း သိပ်မကြီးဘူးဗျ။ ကြည့်ဦးမလား´

(၃)
`ကျွန်တော့်သားက တော်တော်ငယ်သေးတယ်ဗျ။ သံပါတ်ပေးတတ်မှာ မဟုတ်သေးဘူး။´
ဈေးဝယ်သူက ပြောရင်း အရုပ်များကို လှည့်ပတ် ကြည့်နေလေသည်။
ထိုအခါ ဆိုင်ရှင်သည် ဗီရိုအောက်ဆုံးမှ အရုပ်လေးများအား ထုတ်ပြ၍...
`ဒါဆိုလည်း ဒီအရုပ်လေးတွေပဲ ၀ယ်သွားတော့ဗျို့။ ဓါတ်ခဲလည်း ထည့်စရာမလိုဘူး။ သံပါတ်လည်း ပေးစရာမလိုဘူး။ ဈေးလည်း သိပ်မရှိဘူး။ မျှော်လင့်ချက်လေး နဲနဲပေးလိုက်၊ အစာလေး နဲနဲခွံ့လိုက်လုပ်ပြီး ခိုင်းချင်တာ ခိုင်းလို့ရတယ်။´
ဈေးဝယ်သူက စိတ်တိုင်းကျသွားသောအခါ ထိုအရုပ်လေးများသာ ၀ယ်လိုက်သည်။
`ဒါနဲ့ .. ဒါက ဘာအရုပ်လေးတွေလဲဗျ´
ဆိုင်ရှင်က အရုပ်ဖိုးချေထားသော ငွေစက္ကူများကို ရေတွက်ရင်း ပြောလိုက်သည်။
`ကြံ့ဖွတ်ရုပ်နဲ့ စွမ်းအားရှင်ရုပ်လို့ ခေါ်တယ်ဗျ´။ ။

Wednesday, December 10, 2008

အရူးလက်ထဲမှာသေနတ်ရှိတယ်

သူ့မြင်းသူ စိုင်းနေတယ်ဆိုပေမယ့်
စစ်ကိုင်းမှ မဟုတ်ဘူး
ဘယ်ကိုမှလည်း မရောက်ဘူး
သူပြောတော့ တဟုန်ထိုးဆိုပဲ
အနားသိပ်မကပ်နဲ့
အရူးလက်ထဲမှာ သေနတ်ရှိတယ်။

ဆုပ်လည်းဆူး စားလည်းရူးမယ့်ဒုက္ခ
အတ္တနဲ့ အတောမသတ်နိုင်တဲ့ လောဘ
လောကပါလ အောချရပါတဲ့
အိုဘယ့်... မဟာဥမ္မ...။
ဇရာလည်းထောင်းပြီ
ခန္ဓာလည်းညောင်းပြီ
သတိနဲ့ယှဉ် အသိဝင်မှ
မရဏကို ဘ၀ကူးကောင်းမယ်။

စိတ်မဆိုးကြပါနဲ့
ဗြောင်လိမ်တာ မဟုတ်ပါဘူး
သူ့ကိုယ်သူကို မသိတော့တာ...။

စုန်းစုန်းမမြုပ်သရွေ့တော့
လှေကလှော်ကောင်းတုန်းပေါ့...
ပဲခူးပဲရောက်တော့မလိုလို
အမျိုးပဲမြင့်မြတ်သလိုလိုနဲ့
တန်ခိုးအာဏာတွေက
ကစားစရာကျနေတာပဲ။

ကိုလေးဖြူရေ... ယုံကြည်တာတွေကို
မြောင်းထဲလွှင့်ပစ်ဖို့လည်း မကြံဘူး
ယိုနေတာတွေကို
လက်ပိုက်ကြည့်နေတာလည်းမဟုတ်ဘူး
အဲဒီအရူးလက်ထဲမှာ သေနတ်ရှိတယ်။ ။

Monday, December 8, 2008

ငါ့သားများစစ်ထဲဝင်ရင်လေ

‘ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာ အမှန်သာလိုက်နာနိုင်ရင် တကယ့် ယောက်ျားမြတ် ဖြစ်စေနိုင်တဲ့ တရားတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့’

စစ်သည်တော်ဟောင်းတစ်ဦး
ဧည့်ခန်းမှာ ရွှေရောင်ဖောင်းကြွစာလုံးတွေနဲ့ ရေးသားချိတ်ဆွဲထားတဲ့ စာသားတွေကို မော့ဖတ်ရင်း စစ်သည်တော်ဟောင်းကြီး အမြဲ ဂုဏ်ယူနေကျပေါ့။ လူ့ဘ၀တုန်းက သူရေးခဲ့တဲ့ ဒီစာသားလေးတွေဟာ တမလွန်ဘုံက သူ့အိမ်အတွက် ဂုဏ်တက်စေတဲ့ အရာတစ်ခုလည်း ဖြစ်တယ်။
“စာ ဗျို့ ...စာ”
အိမ်ရှေ့ထွက်ပြီး စာပို့သမားဆီက စာကို ယူလိုက်တယ်။
“သြော်... လူ့ဘုံမှာ ရှိသေးတဲ့ ငါ့မြေးဆီက စာပါလား၊ ဒီကောင်က စာရေးရမှာ တကယ်ပျင်းတဲ့ကောင်ပါ၊ ခုမှ ဘာအရေးကြီးလို့ ရေးလိုက်လဲ မသိဘူး”
ဧည့်ခန်းက ထိုင်ခုံမှာထိုင်ရင်း စာအိတ်ကို ဖောက်လိုက်တယ်။
‘အဘိုး.....
ဒီစာကို စိတ်မကောင်းစွာနဲ့ပဲ ရေးလိုက်ပါတယ်။ အကြောင်းက အဘိုးရေးခဲ့တဲ့ စာသားတွေဟာ ကျွန်တော်တို့ခေတ်မှာ အပြည့်အ၀ မမှန်နိုင်တော့ပါဘူး။ အဲဒါကြောင့် အဘိုးမြေး ကျွန်တော်လည်း စစ်ထဲမ၀င်ဖြစ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့စစ်တပ်ဟာ အဘိုးတို့ ခေတ်က စစ်တပ်လို မဟုတ်တော့လို့ပါပဲ။ အဘိုးလို စစ်ထဲမ၀င်ခဲ့ပေမယ့် အဘိုးလို ဂန္တ၀င်မြောက်တဲ့ စာသားလေးကို ရေးပြီး အဘိုးခြေရာနင်းနိုင်အောင် ကျွန်တော် ကြိုးစားလိုက်ပါတယ်။ တစ်နည်းပြောရရင် အဘိုးရေးခဲ့တဲ့ စာသားကို မြေးက ခေတ်နဲ့ညီအောင် ပြုပြင်ပေးလိုက်ပါတယ်။ ဒီလိုလေ...
ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာ အာဏာရူးလူတစ်စုခိုင်းတိုင်း မစဉ်းစားမဆင်ခြင်ပဲ လိုက်လုပ်နေရင် တကယ့်ပြည်သူ့သစ္စာဖောက် ဖြစ်စေနိုင်တဲ့ မတရားမှုတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့။’
စာဖတ်ပြီး စစ်သည်တော်ဟောင်းကြီး တွေဝေသွားတယ်။ သူ့ဧည့်ခန်းက ရွှေရောင်စာသားတွေကို ဒီအတိုင်းထားလိုက်ရ ကောင်းမလား၊ သူ့မြေးပြောသလို ခေတ်နဲ့ညီအောင် ပြင်လိုက်ရ ကောင်းမလားလို့ စဉ်းစားရင်း။ ။

Wednesday, December 3, 2008

ဂျာနယ်တွေငုံထားရတဲ့ ပြက်လုံး

ဝေဖန်မယ် ... စောင်းမြောင်းမယ်
ကဲ့ရဲ့မယ် ... တခါတခါ
မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့
တည့်တည့်ပဲ စော်ကားမယ်။

မထည့်ရင် မထွက်ရ
ဆောင်းပါးအပုပ်တွေက
အရှက်မရှိဘူး ... လူရီတယ်။

ဒိုင်မရှိဘူး၊ စည်းမရှိဘူး
အဲဒီလက်ဝှေ့သမားက
တစ်ဖက်သတ်တော့ ဖိထိုးတာပဲ
ဒါပေမယ့် ...
ရှောင်စရာမလိုအောင်ကို လွဲပုံများ။

မောနေပြီလား ကိုယ့်လူ
စိတ်မကောင်းပါဘူး ...
ပိုပြီးဝမ်းနည်းစရာကောင်းတာက
ကြည့်မယ့်လူ မရှိဘူး။ ။

Monday, December 1, 2008

သေနတ်တစ်လက်အကြောင်း


ပြတိုက်တံခါးမကြီး သော့ခလောက်ဖွင့်သံနဲ့အတူ စူးရှရှနေရောင်အလင်းက တံခါးချပ်နှစ်ခုကြားကနေ တိုးဝင် ဖြန့်ကျက်လာတယ်။
Old Model သေနတ်အိုကြီးဟာ အရင်နေ့တွေအတိုင်းပဲ မာန်ကို အမြင့်ဆုံးတင်ပြီး သူ့ကိုယ်သူ ပြသအသုံးတော်ခံဖို့ ပြင်ဆင်လိုက်တယ်။
“လွတ်လပ်ရေးတိုက်ပွဲတွင် အသုံးပြုခဲ့သော မော်ကွန်းဝင်သေနတ်”
ထုံးစံအတိုင်း သူ့အောက်က စာတန်းကို ပြန်ငုံ့ဖတ်ရင်း ဂုဏ်ယူနေစဉ်မှာပဲ သူ့ကို လှမ်းပြီး နှုတ်ဆက်လိုက်တဲ့အသံ ကြားရတယ်။
“မင်္ဂလာပါခင်ဗျာ... တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်ကတော့ မနေ့ညကမှ ဒီကိုရောက်လာတာပါ ... အဘိုးရဲ့ လွတ်လပ်ရေးတိုက်ပွဲ အတွေ့အကြုံလေးတွေကို ပြန်ပြောပြနိုင်ရင် သိပါရစေခင်ဗျာ”
သေနတ်အိုကြီးဟာ သူ့ဘေးမှာ ခုမှရောက်လာတဲ့ သေနတ်ကို ပြန်ပြုံးပြရင်း သူ့အကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ပြောပြဖို့ ပြင်ဆင်လိုက်တယ်။ ဟုတ်တယ်လေ... အဲဒီအကြောင်းက သူအမြဲ ပြန်ပြောပြချင်နေတဲ့ အကြောင်းပဲလေ။ အခု မေးတဲ့သူရှိတဲ့အခါ တက်တက်ကြွကြွပဲ နောက်ကြောင်းပြန်တယ်။
“..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... .....”
(ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ တိုက်ပွဲဝင်သေနတ်တစ်လက်ရဲ့ ကျေနပ်စရာအကောင်းဆုံး ချိုမြိန်မှုကို မှီအောင်ရေးပြစရာ စကားလုံးမရှိလို့ပါ။ စာဖတ်သူကိုယ်တိုင်ပဲ တိုက်ပွဲဝင်သေနတ်နေရာကနေ ဝင်ပြီး စဉ်းစားတွေးတောကြည့်ကြပါ။-- စာရေးသူ)
စကားအဆုံးမှာ သေနတ်အိုကြီးဟာ ဟိုးနှစ်ပေါင်း ခြောက်ဆယ်လောက်ကနေ ပစ္စုပ္ပန်ကို ခုမှပြန်ရောက်လာရသလို မောလျစွာ ကျေနပ်နှစ်သိမ့်လို့။
ပြီးတော့မှ သူ့ကိုမေးတဲ့ သေနတ်အသစ်ကို ပြန်လှည့်ကြည့်ပြီး...
“ဒါနဲ့ နေပါဦး ... မင်းကရော ဘယ်လိုတာဝန်တွေများ ကျေနပ်လောက်စရာ ထမ်းဆောင်ခဲ့ပြီး ဒီကိုရောက်လာတာတုန်း။ ဒါပေမယ့် မင်းကိုကြည့်ရတာ အတော်ငယ်သေးတာပဲ... သုံးလို့မရတော့လို့ ရောက်လာတာတော့ မဟုတ်လောက်ပါဘူး... ပြောပါဦး”
သေနတ်အိုကြီးရဲ့ ပြန်မေးလိုက်တဲ့ မေးခွန်းဆုံးတော့ သေနတ်အသစ်ဟာ မသိမသာခေါင်းငုံ့သွားတယ်။ ပြီးမှ ပင့်သက်တစ်ချက်ရှိုက်လိုက်ရင်း သူ့အကြောင်းကို ပြောပြတယ်။
“ဟုတ်ပါတယ်... အခုချိန်ထိ ကျွန်တော်က သုံးလို့ရသေးတဲ့ သေနတ်ကောင်းတစ်လက်ပါပဲ။ သေနတ်တစ်လက်ရဲ့ တာဝန်ဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့ဆိုတာ အဘိုးလည်းသိပါတယ်။ ကျွန်တော်ဟာ အရင်တုန်းကတော့ ရန်သူအစစ်အမှန်ကို ရဲရဲဝံ့ဝံ့နဲ့ တိုက်ခဲ့တယ်။ အဲဒီတုန်းကတော့ ပြည်သူ့အတွက် တာဝန်ကျေအောင် ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ အဘိုးလိုပဲ ကိုယ့်ကိုကိုယ် ဂုဏ်ယူခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ကျွန်တော်ဟာ ထင်မထားပဲ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့ရတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမယ့်အစား လက်နက်မဲ့တဲ့ပြည်သူကို ဖြိုခွင်းဖို့ အသုံးချခံခဲ့ရတယ်။ ကျွန်တော်ဟာ ပြည်သူ့ရဲ့သေနတ်မဟုတ်တော့ပဲ လူတစ်စုရဲ့သေနတ်ဖြစ်နေပြီလို့ သိလိုက်ရတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် သေနတ်မဖြစ်ချင်တော့လောက်အောင်ကို ဝမ်းနည်းနာကြည်းခဲ့ရတယ်။ အဲဒီနောက်တော့ ကျွန်တော့်ကိုယ်ထဲက နောက်ထပ် ကျည်ဆံထပ်ထွက်ခွင့် မပေးနိုင်တော့ဘူး။ အဲဒါနဲ့ပဲ ကျွန်တော့်ကို သုံးမရတော့ဘူးထင်ပြီး ဒီကို ပို့လိုက်ကြတာပါပဲ။”
တိတ်ဆိတ်သွားတယ်။ သေနတ်နှစ်လက်လုံးဆီက ဘာသံမှ ထွက်မလာပဲ တိတ်ဆိတ်သွားတယ်။ ပြီးမှ သေနတ်အသစ်က ကြေကွဲနေတဲ့အသံနဲ့ တိုးတိုးလေးဆက်ပြောလိုက်တယ် ...
“ကျွန်တော့်အောက်မှာ သူတို့ ဘယ်လိုစာတန်းများ ချိတ်ကြမလဲ မသိဘူးနော်...” ။ ။